Saturday, March 31, 2018

အမေရိကန် သံတမန်များအား ရုရှားပြည်နှင်မှု ပြန်လည်လက်တုံ့ပြန်မည်ဟု အိမ်ဖြူတော် သတိပေး

Image may contain: 3 people, outdoor
ဝါရှင်တန် မတ် ၃ဝ
အမေရိကန် သံတမန်များအား ရုရှားနိုင်ငံက ပြည်နှင်ခြင်း သည် မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးတွင် ထပ်မံဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း၊ ရုရှား၏ လုပ်ရပ်အတွက် မိမိတို့ ပြန်လည်လက်စားချေမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က သတိပေးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၃ဝ ရက်တွင် သတင်းထုတ်ပြန် သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မတ် ၂၉ ရက်က ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျွန်မယ်ဒီ ဟန့်မန်းအား ခေါ်ယူတွေ့ဆုံခဲ့ပြီး အမေရိကန် သံတမန် ဆိုင်ရာ ဝန်ထမ်း ၆ဝ ပြန်လည်ထွက်ခွာစေရန်နှင့် စိန့်ပီတာ စဘတ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်သိမ်း ရန် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးတွင် တန်းတူ ညီမျှရေးမူဝါဒအရ အမေရိကန် သံတမန် ၆ဝ ကို ဧပြီ ၅ ရက် နောက်ဆုံးထား၍ ရုရှားနိုင်ငံမှ ထွက်ခွာ ပေးရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြသည်။
စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန်ကောင်စစ် ဝန်ချုပ်ရုံး ဖွင့်လှစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းပြီး ဝန်ထမ်း အားလုံး မတ် ၃၁ ရက် နောက်ဆုံးထား၍ ထွက်ခွာ စေရန် ရုရှားအစိုးရအဖွဲ့က တောင်းဆိုခဲ့သည်။
ရုရှားဆန့်ကျင်ရေး လှုပ်ရှားမှုများအား ထောက်ပံ့ အားပေးမှုများကို အမေရိကန်က လုပ်ဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေ နိုင်သော အပြုအမူများ ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် လေးနက်စွာ စဉ်းစားသင့်ကြောင်း၊ အမေရိကန်က မိမိတို့ သံတမန်များအား ရန်မူသည့် ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ပါက ရုရှားနိုင်ငံကလည်း တုံ့ပြန်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ရုရှားသတင်းအချက်အလက် စုဆောင်းသူဟောင်းနှင့် ၎င်း၏ သမီးတို့ ဗြိတိန်နိုင်ငံတွင် အဆိပ်သင့်လုပ်ကြံခြင်းမှ အစပြုကာ နှစ်နိုင်ငံတင်းမာမှုကြောင့် မတ် ၁၄ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်က ရုရှားသံတမန် ၂၃ ဦးကို ပြန်လည် ထွက်ခွာစေခဲ့သည်။ မတ် ၁၇ ရက်က ရုရှားနိုင်ငံက ဗြိတိန်သံတမန် ၂၃ ဦးကို ထွက်ခွာစေခြင်းဖြင့် တုံ့ပြန်ခဲ့ သည်။ မတ် ၂၆ ရက်တွင် ဥရောပသမဂ္ဂ အီးယူအဖွဲ့ဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အမေရိကန်၊ ကနေဒါနှင့် ယူကရိန်းစသည့် နိုင်ငံတို့က ၎င်းတို့နိုင်ငံအသီးသီးရှိ ရုရှားသံတမန်ပေါင်း ၁ဝဝ ကျော်ကို ပြန်လည်ထွက်ခွာ စေခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment