Saturday, March 31, 2018

ရခိုင်ပြည်နယ် ကျေးလက်ဒေသများမှ ပြည်သူများအတွက် အိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိ

Image may contain: plant and outdoor
စစ်တွေ မတ် ၃ဝ
ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသည့် ကျေးရွာများ၊ ရေကြီးကမ်းပြိုဖြစ်ပွားသည့် ကျေးရွာများနှင့် ဆင်းရဲ ချို့တဲ့ပြီး အိမ်မဲ့ယာမဲ့ ပြည်သူများအတွက် ကျေးလက်အိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
''ကျေးလက်အိမ်ရာတွေကို အဓိက သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့ ကျေးရွာတွေ၊ ရေကြီးကမ်းပြိုဖြစ်ပွားတဲ့ ကျေးရွာတွေ၊ ဆင်းရဲချို့တဲ့ပြီး အိမ်မဲ့ယာမဲ့ဖြစ်နေတဲ့ ပြည်သူတွေအတွက် ဦးစားပေးဆောက်လုပ်ပေးနေပါတယ်''ဟု ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဆွေက ပြောသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ ကျေးရွာ ၁၄ ရွာ၌ ကျေးလက်အိမ်ရာ အလုံး ၂ဝဝ တည်ဆောက်ပေးနေမှုမှာ ယခုအခါ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရန်ပုံငွေကျပ် ၁ဝ၂၉ သန်း၊ နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၃၇၁ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၄ဝဝ နဲ့ မောင်တောမြို့နယ်က ကျေးရွာနှစ်ရွာမှာ အိမ်ရာ ၄၇ လုံး၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာတစ်ရွာမှာ အိမ်ရာ ၂၇ လုံး၊ မင်းပြားမြို့နယ်က ကျေးရွာသုံးရွာမှာ အိမ်ရာ ၂၂ လုံး၊ တောင်ကုတ်မြို့နယ်က ကျေးရွာငါးရွာမှာ အိမ်ရာ ၇၈ လုံးနဲ့ ဂွမြို့နယ်က ကျေးရွာသုံးရွာမှာ အိမ်ရာ ၂၆ လုံး စုစုပေါင်း အိမ်ရာအလုံး ၂ဝဝ ကို တင်ဒါစနစ်နဲ့ ဒေသခံကုမ္ပဏီတွေ ဆောက်လုပ်နေတာ အခုဆိုရင် ၉၅ ရာခိုင်နှုန်းကျော်ပြီးစီးနေ ပါပြီ''ဟု ဦးညီညီဆွေက ပြောသည်။
ဆက်လက်၍ ၎င်းက''ပြီးခဲ့တဲ့နှစ် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်မှာလည်း မောင်တော၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာ လေးရွာမှာ အိမ်ရာ အလုံး ၆ဝ နဲ့ တောင်ကုတ်မြို့နယ်ရှိ တာရဲ ကျေးရွာမှာ အိမ်ရာ အလုံး ၄ဝ စုစုပေါင်း အိမ်ရာ အလုံး ၁ဝဝ ကို ကျွန်တော်တို့ဌာနက ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၃၅ဝ နဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ် ရန်ပုံငွေက ကျပ်သန်း ၁၅ဝ စုစုပေါင်း ကျပ်သန်း ၅ဝဝ နဲ့ တည်ဆောက်ပေးခဲ့ ပါတယ်''ဟု ပြောသည်။
ကျေးလက်အိမ်ရာများဆောက်လုပ်ရာတွင် ယခင်နှစ်က အိမ်တစ်လုံးတန်ဖိုး ငွေကျပ် သိန်း ၅ဝ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အိမ်တစ်လုံး ကျပ်သိန်း ၇ဝ ထိ တိုးမြှင့်ချထားပေးပြီး ဆောက်လုပ်နေကြောင်းလည်း သိရသည်။
အဆိုပါအိမ်ရာများမှာ တစ်ထပ်အုတ်တိုက် steel structure သွပ်မိုးဖြစ်ပြီး ဧရိယာ ၄၆၈ စတုရန်းပေရှိသည်။ ဖွဲ့စည်းပုံမှာ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့် ဝရန်တာပါဝင်ကြောင်း သိရသည်။ အိမ်အပြင် ဘက်တွင် ယင်လုံအိမ်သာပါဝင်ပြီး မိသားစုတစ်စုအဆင့်အတန်းမီ နေနိုင်ရန် ဆောက်လုပ်ထားကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း အိမ်ရာ အလုံး ၃ဝဝ ဆောက်လုပ်ရန် လျာထားပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ခံစားရသည့် ကျေးရွာများ၊ ဆင်းရဲချို့တဲ့သည့်ကျေးရွာများကို ဦးစားပေးအလိုက် ရွေးချယ်၍ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးမှ သိရသည်။
သတင်း- ကျော်သူထက်၊ ဓာတ်ပုံ- ဟန်လင်းနိုင်

No comments:

Post a Comment