Tuesday, August 1, 2017

ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင်တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် ဇူလိုင် ၃၁
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၃ဝ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၅၇၄ စီး၊ သွင်းကုန် ၅၉၂ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၆ စီး၊ သွင်းကုန် ၁၈၄ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများ ကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃ဝ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ၁ဝ မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂ ဒသမ ၇၉၆ သန်းခန့်)သိမ်းဆည်းရမိခဲ့ပြီး ထူးခြားဖမ်းဆီးမှုအနေဖြင့် ဇူလိုင် ၃ဝ ရက်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၁ မိုင် ၇ ဖာလုံ၊ ပန်ဖက်ရွာအနီး၌ ခရီးသည်တင်ယာဉ် နှစ်စီးနှင့် Hiace ယာဉ် တစ်စီးတို့ မသင်္ကာဖွယ်ရပ်တန့်ထားကြောင်း သတင်းရရှိ၍ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်ထုသစ် ၁၂၁ ချောင်း (၃ ဒသမ ၇၄၆၈ တန်)၊ တမလန်းဓားရွေသစ် အချောင်း ၂ဝ (သုည ဒသမ ၈၉၄၈ တန်)၊ ပိတောက်ဓားရွေသစ် လေးချောင်း (သုည ဒသမ ၄ဝ၈၈ တန်)နှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ် သုံးစီး(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅ ဒသမ ၁၅၁ သန်းခန့်)ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

မှောင်ခိုကုန်သွယ်မှု တိုက်ဖျက်နှိမ်နင်းရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်

တိုင်းပြည်၏   ပြဿနာရပ်တို့ကို ကိုင်တွယ်ဖြေရှင်းရာ၌ ပကတိ အခြေ အနေမှန်ကို သိရှိရေးသည် ကနဦး အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ပကတိ အခြေအနေမှန်ကိုသိရှိမှသာ  လက်တွေ့ကိုင်တွယ်ဆောင်ရွက်နိုင်မည့်  အဖြေမှန်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်   ကျဆုံးခဲ့ရခြင်းနှင့် စနစ်၏ ဖွဲ့စည်းတည်ဆောက်ပုံအရ  ပကတိ အခြေအနေမှန်ကို  မသိရှိနိုင်ခြင်းသည် ဤစနစ်ကျဆုံးခဲ့ရခြင်း၏ အခြေခံ အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။
ဤအတိတ်သမိုင်းသင်ခန်းစာကိုအခြေခံ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာ၌ ပကတိအခြေအနေမှန်ကို ထင်ဟပ်သည့် ဖြေရှင်း ချက်များ ချမှတ်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်က နိုင်ငံတော်အစိုးရထံ အကြံပြုချက်များ ထိထိရောက်ရောက်တင်ပြနိုင်ရေးအတွက် အသေးစား၊ အလတ်စား  စီးပွားရေးလုပ်ငန်းများ  မဟာဗျူဟာဆိုင်ရာ    ဆွေးနွေးပွဲ (SME Development Strategy ''Issues & Solutions'' Forum)ကို ကျင်းပလျက်ရှိပါသည်။ ဤဆွေးနွေးပွဲ၌ တင်ပြသည့် တရားမဝင်ကုန်သွယ်မှုဆိုင်ရာ  အချက်အလက်တို့သည်  အလေးအနက် ထား သုံးသပ်သင့်သည့် အချက်အလက်များဖြစ်သည်ဟု ယူဆပါသည်။
ကုန်သည်စက်မှုအသင်းချုပ်၏     တာဝန်ရှိပုဂ္ဂိုလ်က    တရားမဝင် ကုန်သွယ်မှုဆိုင်ရာ  အချက်အလက်တို့ကိုတင်ပြရာ၌     နိုင်ငံတော်က ထုတ်ပြန်သော တရားဝင်ကုန်သွယ်မှု အချက်အလက်တို့နှင့် ကုန်သွယ်ဖက် နိုင်ငံတို့မှထုတ်ပြန်သော ကုန်သွယ်မှု အချက်အလက်တို့ကြား ကွာဟမှု တို့အပေါ်  အခြေခံ၍  တင်ပြထားခြင်းဖြစ်ပါသည်။ အဆိုပါတရားမဝင် ကုန်သွယ်မှုတို့သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ကုန်သွယ်မှု၌ တွေ့ရ သကဲ့သို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှု၌လည်း တွေ့ရပါ သည်။ ဤသည်မှာလည်း မြန်မာနိုင်ငံ၏ နယ်စပ်ဒေသကုန်သွယ်မှုအများစု ကို တရုတ်နိုင်ငံအပါအဝင်    ထိုင်းနိုင်ငံနှင့်   ပြုလုပ်နေသောကြောင့် ဖြစ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်၏   တင်ပြချက်အရ    နိုင်ငံတော်၏ တရားဝင်ကုန်သွယ်မှု  စာရင်းဇယား၌မပါရှိသော    မှောင်ခိုသွင်းကုန် ပမာဏသည်  အမေရိကန်ဒေါ်လာ ၅၃၃၉ သန်း ရှိပါသည်။ တစ်ဖန် နိုင်ငံတော်၏တရားဝင်ကုန်သွယ်မှု  စာရင်းဇယား၌မပါရှိသော  မှောင်ခို ပို့ကုန်ပမာဏသည်     အမေရိကန်ဒေါ်လာ   ၁ဝ၉၇၅ သန်းရှိပါသည်။   ကုန်သွယ်စက်မှုအသင်းချုပ် တာဝန်ရှိပုဂ္ဂိုလ်တို့၏ ခန့်မှန်းတွက်ချက်မှုအရ မှောင်ခိုကုန်သွယ်မှုအပေါ် အခွန်အကောက်ဆုံးရှုံးမှု တစ်ခုတည်းအရပင် နိုင်ငံတော်၏ဆုံးရှုံးမှုသည်  အမေရိကန်ဒေါ်လာတစ်ဘီလီယံကျော်ခန့်ရှိ ပါသည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်၏ တရားဝင်ကုန်သွယ်မှု လိုငွေ ပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်နှင့် နှိုင်းယှဉ်ကြည့်ပါက အမေရိကန်ဒေါ်လာ  တစ်ဘီလီယံကျော်ဟူသော  ငွေကြေးပမာဏ၏ အတိမ်အနက်ကို မှန်းဆနိုင်မည်ဖြစ်ပါသည်။
အမှန်မှာမူ မှောင်ခိုကုန်သွယ်မှုကြောင့် နိုင်ငံတော်၏ ဆုံးရှုံးမှုသည် အဆိုပါငွေကြေးပမာဏထက် ပိုမိုကျယ်ပြန့် များပြားပါသည်။ မှောင်ခို ကုန်သွယ်မှုကြောင့် တရားဝင် မှန်မှန်ကန်ကန်လုပ်ကိုင်သော လုပ်ငန်းရှင် တို့၏ ဆုံးရှုံးနစ်နာမှုနှင့် အကျင့်ပျက်လာဘ်စားမှုကိစ္စတို့ကို ထည့်သွင်း တွက်ချက်ပါက  ပိုမိုကျယ်ပြန့်များပြားသော  ဆုံးရှုံးမှုတို့ရှိနေသည်မှာ ပေါ်လွင် ထင်ရှားလာမည် ဖြစ်ပါသည်။ တိုင်းပြည်၌ အမြစ်တွယ်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည့်   မှောင်ခိုကုန်သွယ်မှုတို့ကို  နှိမ်နင်း ကိုင်တွယ်ဖြေရှင်းရာ၌ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ အချိန်ယူကိုင်တွယ် ဖြေရှင်းရမည်ဖြစ်ပါသည်။   ကုန်သွယ်မှုနှင့်    ဆက်စပ်လျက်ရှိသည့် နိုင်ငံတော်၏ ယန္တရားအားလုံး ပူးပေါင်းပါဝင်မည့် မဟာဗျူဟာတစ်ရပ်ကို ကုန်သည်စက်မှုအသင်းချုပ်၏   အကြံပြုချက်များအပေါ်   အခြေခံ၍ နိုင်ငံတော်ကချမှတ်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။         ။

ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား

Image may contain: 1 person, car and outdoor
ရန်ကုန် ဇူလိုင် ၃၁
ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်း ရွှေဂုံတိုင် ခုံးကျော်တံတားပေါ်တွင် ယနေ့ နံနက် ၁ဝ နာရီက ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း နှင်းဆီကုန်းဘိုးဘွား ရိပ်သာဘက်မှ မောင်းနှင်လာသော Mazda Demio အမျိုးအစားTaxi 9E /---- ယာဉ်သည် ခုံးပေါ်တွင် ဂငယ်ကွေ့ကွေ့လိုက်ရာ တစ်ဖက်ယာဉ်ကြောမှ တက်လာသောYBS(36)5N----- ယာဉ်နှင့် တိုက်မိပြီး တက္ကစီယာဉ်မောင်း (စိုးရိမ်ရ)အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်းမြို့နယ် ယာဉ်မှုစစ်ဌာနမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)

မုံရွာမြို့တွင် တိုက်ဟောင်းဖြိုစဉ် အုတ်ပုံကြားမှ အင်္ဂလိပ်စတင်းဟောင်းနှင့်အတူ စတင်းကျည်ကတ်လွတ်၊ ရိုင်ဖယ်ကျည်နှင့် ၃၆ ခွင်း ဗုံးတစ်လုံးတွေ့ရှိ

No automatic alt text available.
မုံရွာ ဇူလိုင် ၃၁
မုံရွာမြို့မြောက်ဘက် အလုံစစ်ပင် ရပ်ကွက်၌ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြိုထားသော တိုက်ဟောင်း၏ အုတ်ခဲများစုသယ်စဉ် အုတ်ခဲပုံကြား၌ အင်္ဂလိပ်စတင်း ဟောင်းတစ်လက်နှင့်အတူ စတင်း ကျည်ကတ်လွတ်၊ ရိုင်ဖယ်ကျည်နှင့် ဗုံးတစ်လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အလုံစစ်ပင်ရပ်ကွက် အမှတ်(၃၉) သစ်စက်ဟောင်းဝင်း ကိုတင်ဝင်းထွန်း ကုမ္ပဏီက စစ်ပင်ရပ်ကွက်အတွက် စာသင်ကျောင်းနှင့် ကျန်းမာရေး ဆေးပေးခန်း ဆောက်လုပ်ပေးရန် အတွက် တိုက်အဟောင်းကို ဘက်ဟိုး ယာဉ်ဖြင့်ဖြိုချပြီး လုပ်အားဒါနပြုနေသူ များက အုတ်ခဲများကို စုသယ်နေစဉ် တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
အုတ်ခဲများကို စုသယ်နေစဉ် အသက်(၁၉)နှစ်အရွယ် ဖိုးလုံးက အုတ်ခဲပုံများအကြားတွင် ဆွေးမြည့် နေသော အင်္ဂလိပ်စတင်းဟောင်း တစ်လက်ကို တွေ့ရှိသည့်အတွက် အလုံရဲကင်းသို့ အကြောင်းကြားရာ အလုံရဲကင်းမှူး ဦးစီးသည့်အဖွဲ့သည် တွေ့ရှိနေရာ အနီးဝန်းကျင်သို့ ဆက်လက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ အနီးဝန်းကျင်မှ စတင်းကျည်ကတ်အလွတ် လေးခု၊ ရိုင်ဖယ်ကျည် ၁ဝ၃ တောင့်၊ ၃၆ ခွင်း ဗုံးတစ်လုံးတို့ကိုတွေ့ရှိရာ အမှတ် (၇၄၇)မှ ဒုအရာခံဗိုလ်ထံ အပ်နှံထား ကြောင်း အလုံရဲကင်း တာဝန်ရှိသူထံ မှ သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

မောင်တောဒေသတွင် သားငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရေချိုငါးမွေးမြူရေးကန် ၈ဝ ကျော် တူးဖော်မည်

Image may contain: 1 person
မောင်တော ဇူလိုင် ၃၁

မောင်တောဒေသ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်တောခရိုင်တွင် တိုင်းရင်းသားကျေးရွာ ၉၅ ရွာ ရှိသည့်အနက် တောင်ပေါ်ဒေသတွင်တည်ရှိသည့် ကျေးရွာ ၁၃ ရွာမှအပ ကျန်ရှိသည့်ကျေးရွာ ၈၂ ရွာတွင် ရေချိုငါး မွေးမြူရေးကန် တစ်ကန်စီကို ပြည်နယ်အစိုးရရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

''မောင်တောဒေသဖွံ့ဖြိုးရေးအတွက် အထူးအစီ အစဉ်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေနဲ့ အခု လောလောဆယ် မောင်တောမြို့နယ်ထဲက ခရေမြိုင်၊ မောရဝတီ၊ ရွှေဗဟို၊ ဖားဝပ်ချောင်း၊ အောင်ဇေယျ တိုင်းရင်းသားကျေးရွာတွေမှာ ရေချိုငါးမွေးမြူရေးကန် ငါးကန်တူးဖော်ပေးထားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာန အနေနဲ့ နည်းပညာ၊ ငါးသားပေါက်တွေ ပံ့ပိုးပေးခဲ့ပါတယ်'' ဟု ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းက ပြောကြား သည်။

ယခုတူးဖော်ပေးထားသည့် ငါးမွေးမြူရေးကန် တစ်ကန်လျှင် အကြမ်းအားဖြင့် ငွေကျပ်သိန်း ၆ဝ ကုန်ကျ ကြောင်း၊ ဤဒေသတွင် လူဦးရေနှင့်ဈေးကွက်တည်ရှိသည့် အတွက် နောက်ပိုင်းတွင် ပုဂ္ဂလိကတစ်ပိုင်တစ်နိုင် ငါး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည် ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မောင်တောဒေသတွင် ယခင်က ရေချိုငါးမွေးမြူမှုအလွန်နည်းပါးခဲ့ပြီး နတ်မြစ်ကမ်းဘေးတွင် ရေငန်ပုစွန် မွေးမြူမှုကိုသာ အဓိကထားလုပ်ကိုင်ခဲ့သည်။ ရေငန်ပုစွန် မွေးမြူဧက ၁၅၃ဝဝ ကျော်ရှိသည်။ မွေးမြူရေးနည်းစနစ်မှာ လည်း သဘာဝနည်းသာဖြစ်သည်။ ပင်လယ်ဒီရေနှင့်အတူ ပါလာသည့် ပုစွန်သားပေါက်များကို ကန်လုပ်၍ မွေးမြူ ခြင်းဖြစ်ပြီး အစာကျွေးခြင်းမရှိပေ။ ရေချိုငါးသားပေါက် ထုတ်ပေးမည့် စခန်းလည်း မရှိခဲ့ပေ။ ယခုအခါ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေချိုငါးမွေးမြူရေးအတွက် ငါးသားပေါက်စခန်းများဖွင့်လှစ်ပြီး ငါးသားပေါက်များနှင့် နည်းပညာများကို ပံ့ပိုးကူညီပေးလျက်ရှိသည်။

''မောင်တောဒေသဟာ တခြားဒေသတွေထက် ပုစွန် ပိုပေါပါတယ်။ ကျွန်တော့်အမြင်ပြောရရင် မောင်တော ဒေသဟာ ဘင်္ဂလားပင်လယ်အော်၊ ရခိုင်ကမ်းရိုးတမ်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ တည်ရှိနေတာဖြစ်သလို ပုစွန်ဆိုတာက ပင်လယ်မှာပဲ သားပေါက်လို့ရတယ်။ ပုစွန် ကန်မှာ သားပေါက်လို့မရပါဘူး။ အဲဒီတော့ ပင်လယ်မှာ ရှိတဲ့ ပုစွန်သားပေါက်တွေဟာ အနောက်တောင်မုတ်သုံ လေနဲ့ ရေစီး၊ လေစီးအတိုင်း ပုတ်တင်လိုက်တဲ့အခါ နတ်မြစ်ထဲကို အစုလိုက်အပြုံလိုက် ဝင်ရောက်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် ဒီမှာရှိတဲ့ ပုစွန်ကန်တွေဟာ အထွက် နှုန်း ဘယ်တော့မှ ကျလေ့မရှိပါဘူး''ဟု ဦးတင်ထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မောင်တော ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက် ပစ္စည်းတန်ချိန် ၃၉၂၂ ဒသမ ဝ၃၁ တင်ပို့နိုင်ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃ဝ၄၁၂၃ ဒသမ ၉၆ ဒေါ်လာ ရရှိခဲ့သည်။ ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ရေထွက်ပစ္စည်းတန်ချိန် ၁၄၇၃ ဒသမ ၃၇၆ တင်ပို့နိုင်ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂၄၃၇၉၃၄ ဒသမ ၉၄ ရှိကြောင်း ခရိုင်ငါး လုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ -အေ၀မ်းစိုး ၊ မျိုးသူဟိန်း

မိုးညှင်းရဲစခန်းတွင် အချုပ်သားများပြားမှုကြောင့် မိုးညှင်းအကျဉ်းထောင်သို့ပို့ဆောင်

Image may contain: 7 people, people standing, tree and outdoor
မိုးညှင်း ဇူလိုင် ၃၁
မိုးညှင်းမြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်းလူဦးရေများပြား နေမှုကြောင့် အချုပ်သားများအား ဆယ်မိုင်ရွာသစ်ကျေးရွာ အနီးရှိ မိုးညှင်းအကျဉ်းထောင်သို့ ဇူလိုင် ၃ဝ ရက် နံနက် ၇ နာရီခန့်က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအချုပ်ခန်းတွင် တရားဝင်သတ်မှတ်ထားသော အချုပ်သားဦးရေ ၁၇ဝ သတ်မှတ်ထားသော်လည်း ၃၄ဝ ဝန်းကျင်ရှိနေသဖြင့် အချုပ်ကျခံနေရသူများအပြင် ရဲတပ်ဖွဲ့ဝင်များပါ အခက်အခဲဖြစ်နေသောကြောင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်အရ ဇူလိုင်၂၈ ရက်မှစတင်ကာ မိုးညှင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။
''အခုလို မိုးညှင်းအကျဉ်းထောင်ကို ပြောင်းရွှေ့ပေးခွင့် ရရှိတာဟာ အချုပ်သားတွေအနေနဲ့ အဆင်ပြေသလို လုံခြုံရေးအနေနဲ့လည်း အဆင်ပြေသွားပါတယ်။ လုံခြုံရေး အတွက် လှည့်ကင်းတွေကို အရင်ကထက် ပိုပြီးဆောင်ရွက် နိုင်တော့မှာပါ'' ဟု မိုးညှင်းမြို့မ ရဲစခန်းမှူးက ပြော သည်။
မိုးညှင်းမြို့မရဲစခန်းအတွင်း အချုပ်ခန်း ခြောက်ခန်းရှိ အချုပ်သားများအနက် မိုးညှင်းမြို့နယ်နှင့် ခရိုင် တရားရုံးစစ် အမျိုးသား ၂၉၁ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၂၉၃ ဦးတို့ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ပေးလျက်ရှိဖြစ်ပြီး မိုးညှင်းရဲစခန်း ရဲတပ်ဖွဲ့မှ စစ်ဆေးနေဆဲ အချုပ်သားများကို ခေတ္တချုပ်နှောင်သွားမည်ဖြစ်ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။
(မင်းမင်းဦး)

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

Image may contain: 1 person, sitting
အောင်လံ ဇူလိုင် ၃၁
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ် သင်တန်းဆင်းပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီက အောင်လံမြို့နယ် ပြလို့ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ယင်းသင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိုးကြည်က မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသော စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲမှုလျော့ကျစေ ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့ အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြား တတ်မြောက်ထားသော စက်ချုပ်ပညာရပ်များကို လက်တွေ့ စီးပွားရေးနယ်ပယ်တွင်အသုံးချ၍ ဆက်လက်တိုးတက်အောင်လေ့လာသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ထူးချွန်သင်တန်းသား သုံးဦးအား ဆုများ ချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်း ဆရာများအား ဥာဏ်ပူဇော်ခများပေးအပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ ယင်းနောက် သင်တန်းသား များကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းတွင် ပြသထားသော သင်တန်းသားများ၏ စက်ချုပ်ထည် လက်ရာများကို ကြည့်ရှုခဲ့ကြသည်။
ယင်းသင်တန်းသို့ ပြလို့၊ ပြလို့မြင့်၊ ပြင်းပေါက်၊ နံဇူပင် ကျေးရွာများမှ သင်တန်းသားတစ်ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၂၅ ဦးတို့ဖြင့် ဇူလိုင် ၁ ရက်မှ စတင်ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ ကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)