Tuesday, August 1, 2017

မောင်တောဒေသတွင် သားငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရေချိုငါးမွေးမြူရေးကန် ၈ဝ ကျော် တူးဖော်မည်

Image may contain: 1 person
မောင်တော ဇူလိုင် ၃၁

မောင်တောဒေသ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်တောခရိုင်တွင် တိုင်းရင်းသားကျေးရွာ ၉၅ ရွာ ရှိသည့်အနက် တောင်ပေါ်ဒေသတွင်တည်ရှိသည့် ကျေးရွာ ၁၃ ရွာမှအပ ကျန်ရှိသည့်ကျေးရွာ ၈၂ ရွာတွင် ရေချိုငါး မွေးမြူရေးကန် တစ်ကန်စီကို ပြည်နယ်အစိုးရရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

''မောင်တောဒေသဖွံ့ဖြိုးရေးအတွက် အထူးအစီ အစဉ်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေနဲ့ အခု လောလောဆယ် မောင်တောမြို့နယ်ထဲက ခရေမြိုင်၊ မောရဝတီ၊ ရွှေဗဟို၊ ဖားဝပ်ချောင်း၊ အောင်ဇေယျ တိုင်းရင်းသားကျေးရွာတွေမှာ ရေချိုငါးမွေးမြူရေးကန် ငါးကန်တူးဖော်ပေးထားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာန အနေနဲ့ နည်းပညာ၊ ငါးသားပေါက်တွေ ပံ့ပိုးပေးခဲ့ပါတယ်'' ဟု ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းက ပြောကြား သည်။

ယခုတူးဖော်ပေးထားသည့် ငါးမွေးမြူရေးကန် တစ်ကန်လျှင် အကြမ်းအားဖြင့် ငွေကျပ်သိန်း ၆ဝ ကုန်ကျ ကြောင်း၊ ဤဒေသတွင် လူဦးရေနှင့်ဈေးကွက်တည်ရှိသည့် အတွက် နောက်ပိုင်းတွင် ပုဂ္ဂလိကတစ်ပိုင်တစ်နိုင် ငါး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည် ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မောင်တောဒေသတွင် ယခင်က ရေချိုငါးမွေးမြူမှုအလွန်နည်းပါးခဲ့ပြီး နတ်မြစ်ကမ်းဘေးတွင် ရေငန်ပုစွန် မွေးမြူမှုကိုသာ အဓိကထားလုပ်ကိုင်ခဲ့သည်။ ရေငန်ပုစွန် မွေးမြူဧက ၁၅၃ဝဝ ကျော်ရှိသည်။ မွေးမြူရေးနည်းစနစ်မှာ လည်း သဘာဝနည်းသာဖြစ်သည်။ ပင်လယ်ဒီရေနှင့်အတူ ပါလာသည့် ပုစွန်သားပေါက်များကို ကန်လုပ်၍ မွေးမြူ ခြင်းဖြစ်ပြီး အစာကျွေးခြင်းမရှိပေ။ ရေချိုငါးသားပေါက် ထုတ်ပေးမည့် စခန်းလည်း မရှိခဲ့ပေ။ ယခုအခါ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေချိုငါးမွေးမြူရေးအတွက် ငါးသားပေါက်စခန်းများဖွင့်လှစ်ပြီး ငါးသားပေါက်များနှင့် နည်းပညာများကို ပံ့ပိုးကူညီပေးလျက်ရှိသည်။

''မောင်တောဒေသဟာ တခြားဒေသတွေထက် ပုစွန် ပိုပေါပါတယ်။ ကျွန်တော့်အမြင်ပြောရရင် မောင်တော ဒေသဟာ ဘင်္ဂလားပင်လယ်အော်၊ ရခိုင်ကမ်းရိုးတမ်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ တည်ရှိနေတာဖြစ်သလို ပုစွန်ဆိုတာက ပင်လယ်မှာပဲ သားပေါက်လို့ရတယ်။ ပုစွန် ကန်မှာ သားပေါက်လို့မရပါဘူး။ အဲဒီတော့ ပင်လယ်မှာ ရှိတဲ့ ပုစွန်သားပေါက်တွေဟာ အနောက်တောင်မုတ်သုံ လေနဲ့ ရေစီး၊ လေစီးအတိုင်း ပုတ်တင်လိုက်တဲ့အခါ နတ်မြစ်ထဲကို အစုလိုက်အပြုံလိုက် ဝင်ရောက်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် ဒီမှာရှိတဲ့ ပုစွန်ကန်တွေဟာ အထွက် နှုန်း ဘယ်တော့မှ ကျလေ့မရှိပါဘူး''ဟု ဦးတင်ထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မောင်တော ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက် ပစ္စည်းတန်ချိန် ၃၉၂၂ ဒသမ ဝ၃၁ တင်ပို့နိုင်ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃ဝ၄၁၂၃ ဒသမ ၉၆ ဒေါ်လာ ရရှိခဲ့သည်။ ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ရေထွက်ပစ္စည်းတန်ချိန် ၁၄၇၃ ဒသမ ၃၇၆ တင်ပို့နိုင်ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂၄၃၇၉၃၄ ဒသမ ၉၄ ရှိကြောင်း ခရိုင်ငါး လုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ -အေ၀မ်းစိုး ၊ မျိုးသူဟိန်း

No comments:

Post a Comment