Tuesday, August 1, 2017

မုံရွာမြို့တွင် တိုက်ဟောင်းဖြိုစဉ် အုတ်ပုံကြားမှ အင်္ဂလိပ်စတင်းဟောင်းနှင့်အတူ စတင်းကျည်ကတ်လွတ်၊ ရိုင်ဖယ်ကျည်နှင့် ၃၆ ခွင်း ဗုံးတစ်လုံးတွေ့ရှိ

No automatic alt text available.
မုံရွာ ဇူလိုင် ၃၁
မုံရွာမြို့မြောက်ဘက် အလုံစစ်ပင် ရပ်ကွက်၌ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြိုထားသော တိုက်ဟောင်း၏ အုတ်ခဲများစုသယ်စဉ် အုတ်ခဲပုံကြား၌ အင်္ဂလိပ်စတင်း ဟောင်းတစ်လက်နှင့်အတူ စတင်း ကျည်ကတ်လွတ်၊ ရိုင်ဖယ်ကျည်နှင့် ဗုံးတစ်လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အလုံစစ်ပင်ရပ်ကွက် အမှတ်(၃၉) သစ်စက်ဟောင်းဝင်း ကိုတင်ဝင်းထွန်း ကုမ္ပဏီက စစ်ပင်ရပ်ကွက်အတွက် စာသင်ကျောင်းနှင့် ကျန်းမာရေး ဆေးပေးခန်း ဆောက်လုပ်ပေးရန် အတွက် တိုက်အဟောင်းကို ဘက်ဟိုး ယာဉ်ဖြင့်ဖြိုချပြီး လုပ်အားဒါနပြုနေသူ များက အုတ်ခဲများကို စုသယ်နေစဉ် တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
အုတ်ခဲများကို စုသယ်နေစဉ် အသက်(၁၉)နှစ်အရွယ် ဖိုးလုံးက အုတ်ခဲပုံများအကြားတွင် ဆွေးမြည့် နေသော အင်္ဂလိပ်စတင်းဟောင်း တစ်လက်ကို တွေ့ရှိသည့်အတွက် အလုံရဲကင်းသို့ အကြောင်းကြားရာ အလုံရဲကင်းမှူး ဦးစီးသည့်အဖွဲ့သည် တွေ့ရှိနေရာ အနီးဝန်းကျင်သို့ ဆက်လက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ အနီးဝန်းကျင်မှ စတင်းကျည်ကတ်အလွတ် လေးခု၊ ရိုင်ဖယ်ကျည် ၁ဝ၃ တောင့်၊ ၃၆ ခွင်း ဗုံးတစ်လုံးတို့ကိုတွေ့ရှိရာ အမှတ် (၇၄၇)မှ ဒုအရာခံဗိုလ်ထံ အပ်နှံထား ကြောင်း အလုံရဲကင်း တာဝန်ရှိသူထံ မှ သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment