Saturday, February 29, 2020

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ရလဒ်ကောင်းများဆောင်ကြဉ်း

အယ်ဒီတာ့ အာဘော်
=============
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ရလဒ်ကောင်းများဆောင်ကြဉ်း
Image may contain: text that says 'The Mirror Daily Established in 1957'
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ အင်အားကြီး နိုင်ငံကြီး နှစ်နိုင်ငံ အကြားတွင် တည်ရှိနေသည်။ ယင်းသည် ထူးခြားချက်ပင်ဖြစ်သည်။ ရေမြေ သဘာဝနှင့် ယဉ်ကျေးမှုအစဉ်အလာများမှာ ရှေးအစဉ်အဆက်မှ ယနေ့ အထိတိုင် ပေါင်းစည်းယှက်နွှယ်ဆက်သွယ်နေသဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မိသားစုသဖွယ် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ရင်းနှီးမှုများ တိုးပွားနေသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ယဉ်ကျေးမှု၊ သမိုင်းကြောင်း အစဉ်အလာနှင့် ထိတွေ့ဆက်ဆံမှုများမှာ ရှေးပဝေသဏီအစဉ်အဆက်မှ စ၍ တစ်သားတည်းဖြစ်ခဲ့သလို နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုများတွင်လည်း အတူလက်တွဲဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွင် နှစ်နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ အစဉ်အလာမပျက် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ တိုးတက်ဖြစ်ထွန်းခဲ့သည်။
မျက်မှောက်ကာလတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ထိန်းသိမ်းနိုင်ခဲ့သည်။ အနီးစပ်ဆုံး အားဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ အိန္ဒိယ နိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့်ဇနီးတို့ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို ဦးဆောင်သောအဖွဲ့ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည်။
အိန္ဒိယနိုင်ငံသမ္မတ မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ချစ်ကြည်ရေးလာရောက်စဉ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ထင်သာမြင်သာရှိသော ရလဒ် ကောင်းများ ပေါ်ထွက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူ ဒုက္ခသည် များ ပြန်လည်လက်ခံရေးတွင် ဆက်လက်ကူညီမည်ဖြစ်ကြောင်း အိန္ဒိယ သမ္မတက အာမခံထားသည်။ မြန်မာနိုင်ငံ၏ ပြင်းပြသောဆန္ဒများပြည့်ဝဖို့ အိန္ဒိယနိုင်ငံက ကူညီဖြည့်ဆည်းပေးဖို့ အမြဲအဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီနှင့်တွေ့ဆုံစဉ် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပေါင်းစည်းဆက်နွှယ်မှု၊ ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ အပြန်အလှန် လဲလှယ် ပေးအပ်ခဲ့ကြသည်။
နှစ်နိုင်ငံသဘောတူညီချက်များတွင် တရားမဝင်သစ်ကူးသန်းရောင်း ဝယ်မှုတိုက်ဖျက်ရေး၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး တို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ရေနံထွက် ပစ္စည်းများနှင့် လူကုန်ကူးမှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးခဲ့သည်။ မြောက်ဦးမြို့နယ်ရှိ ဆေးရုံတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ပြန်လည်ထုတ်ယူနိုင်သည့် စက်ရုံတည်ဆောက်ရေး၊ ဂွမြို့နယ်တွင် မျိုးစေ့သိုလှောင်ရုံများနှင့် ရေပေးဝေရေးစနစ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်း၊ ရခိုင်ပြည်နယ် မြို့နယ် ငါးမြို့နယ်၌ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာစီမံကိန်း၊ ဘူးသီးတောင်မြို့နယ် အတွင်း ကျေးရွာလမ်းခင်းခြင်းစီမံကိန်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် မူလတန်းကြိုကျောင်းများ ဆောက်လုပ်ရေးစီမံကိန်း များကို သဘောတူညီခဲ့ကြသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်နိုင်ငံပြည်သူများအကြားတွင် အစဉ်အလာမပျက် ဆက်လက်ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယသမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်ကောင်းများကို ထပ်မံဆောင်ကြဉ်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။

Friday, February 28, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၉) ရွေးကောက်ပွဲနှင့် မဟာဗျူဟာစီမံကိန်း


Image may contain: one or more people

မောင်စာဂ
လုပ်ငန်းတစ်ခုအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုလျှင် လုပ်ငန်းအစီအစဉ် တွေ ချမှတ်ရသည်။ စီမံချက်တွေ ရေးဆွဲရသည်။ ကြီးမားလှသော လုပ်ငန်း ကြီးများကို ဆောက်ရွက်ရသည့်အခါမှာတော့ သာမန်စီမံချက်များ ရေးဆွဲ ချမှတ်ရုံလောက်နှင့် မပြည့်စုံနိုင်။ စီမံကိန်းများ ရေးဆွဲရသည်။ ၂၀၂၀ ပြည့်နှစ် အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးသည် တစ်နိုင်ငံလုံးအတိုင်း အတာနှင့် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအားလုံးတွင် ကျင်းပသွား မည်။ ကြီးမားလှသော လုပ်ငန်းစဉ်ကြီးဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဟာဗျူဟာစီမံကိန်းကို ရေးဆွဲချမှတ်ထားရှိ သည်။ အနှစ်ချုပ်မျှဝေပါရစေ။
မဟာဗျူဟာစီမံကိန်း (၂၀၁၄ - ၂၀၁၈ )
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၄ ခုနှစ်ကစ၍ ရွေးကောက်ပွဲများ ချောမောအောင်မြင်စွာ ကျင်းပနိုင်ရန် မဟာဗျူဟာစီမံကိန်း (၂၀၁၄ - ၂၀၁၈)ကို ရေးဆွဲချမှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဟာဗျူဟာ စီမံကိန်း (၂၀၁၄ - ၂၀၁၈) ပါ ရည်မှန်းချက်ပန်းတိုင်များအတိုင်း လိုက်နာ ကျင့်သုံးဆောင်ရွက်ခဲ့ရာ စီမံကိန်းတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်းခန့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၂ )
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို မျှော်မှန်းလျက် ၂၀၁၉ ခုနှစ်မှစ၍ ဆောင်ရွက်ရန်ရှိသည်များ နှင့် ရွေးကောက်ပွဲအပြီး ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမည့်ကာလ ၂၀၂၂ ခုနှစ်အထိ လေးနှစ်တာ မဟာဗျူဟာ စီမံကိန်း (၂၀၁၉ - ၂၀၂၂ ) ကို ရေးဆွဲခဲ့သည်။
မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များ
မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များ ၁၁ ချက်ရှိသည်။ အောက်ပါအတိုင်း ဖြစ်သည်-
မဟာဗျူဟာစီမံကိန်း(၁)။ ဥပဒေရေးရာမူဘောင်နှင့် လွှတ်တော် ဆက်ဆံရေး၊
မဟာဗျူဟာစီမံကိန်း(၂)။ ဝန်ထမ်းများ၏ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင် ရေး၊
မဟာဗျူဟာစီမံကိန်း(၃)။ ပြည့်စုံမှန်ကန်သော မဲစာရင်းပြုစုခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
မဟာဗျူဟာစီမံကိန်း(၄)။ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊
မဟာဗျူဟာစီမံကိန်း(၅)။ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေး ခြင်း၊
မဟာဗျူဟာစီမံကိန်း(၆)။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် တွင် ပေါ်ပေါက်လာနိုင်သည့် အငြင်းပွားမှု များ၊ တိုင်ကြားမှုများနှင့် ကန့်ကွက်မှုများ
ဖြေရှင်းခြင်း၊
မဟာဗျူဟာစီမံကိန်း(၇)။ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့်ဆက်ဆံခြင်း၊
မဟာဗျူဟာစီမံကိန်း(၈)။ အားလုံးပါဝင်ဆောင်ရွက်မှု မြှင့်တင်ခြင်း၊
မဟာဗျူဟာစီမံကိန်း(၉)။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း နှင့် မဲဆွယ်စည်းရုံးရေးအသုံးစရိတ်၊
မဟာဗျူဟာစီမံကိန်း(၁၀)။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း၊
မဟာဗျူဟာစီမံကိန်း(၁၁)။ စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်ခြင်း၊ စိစစ်သုံးသပ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်း။
ရွေးကောက်ပွဲစက်ဝန်း
ရွေးကောက်ပွဲစက်ဝန်းဟူသည် ရွေးကောက်ပွဲကာလများဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်း
ပိုင်းကာလများတွင် ရွေးကောက်ပွဲကာလအလိုက် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များကို အလွယ်တကူသိရှိနိုင်ရန် စက်ဝန်းပုံသဏ္ဌာန်ဖြင့် ပုံဖော်
ရေးဆွဲပြသထားခြင်းဖြစ်သည်။ မဟာဗျူဟာစီမံကိန်း ၁၁ ချက်လုံးသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကာလအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အချက်များ ဖြစ်သည်။
မဟာဗျူဟာမျှော်မှန်းချက်၊ တာဝန်နှင့် လိုက်နာဆောင်ရွက်မည့် အခြေခံမူများ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်မဟာဗျူဟာစီမံကိန်းပါဆောင်ရွက်ရန်ရှိသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မျှော်မှန်းချက်၊ တာဝန်နှင့် လိုက်နာရမည့်အခြေခံမူများ ချမှတ်ထားရှိကြောင်း ဤသို့လေ့လာသိရှိရသည်-
မျှော်မှန်းချက်နှင့်စပ်လျဉ်း၍ စစ်မှန်ခိုင်မာသော ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတပြီး တူညီသောအခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးခြင်းဖြင့် အများယုံကြည်လက်ခံလာစေရန် မျှော်မှန်းချက်ထား ရှိသည်။
တာဝန်ပိုင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်ထားသော အခွင့်အာဏာအရ လွတ်လပ်၍တရားမျှတသော ဘက်မလိုက်သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အဖွဲ့ဝင်များ၏စွမ်းဆောင်မှုအရည်အသွေး မြှင့်တင်ပေးခြင်း၊ ပြည့်စုံမှန်ကန်သောမဲစာရင်းများပြုစုခြင်း၊ မဲဆန္ဒရှင်များအားပညာပေးခြင်း၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းဆောင် ရွက်ကာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်မည်။ လွတ်လပ်၍ တရားမျှတသောရွေးကောက် ပွဲများကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်မည်။
လိုက်နာဆောင်ရွက်မည့်အခြေခံမူများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံဆောင်ရွက်ရာ တွင် ပြင်ပလွှမ်းမိုးမှုမရှိစေဘဲ လွတ်လပ်၍ အမှီအခိုကင်းစွာဖြင့် စီမံဆောင် ရွက်မည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခု၏ လွှမ်းမိုးမှုမရှိဘဲ ဆောင်ရွက်မည်။ မည်သည့်ပါတီ၊ လူပုဂ္ဂိုလ်တစ်ဦးဦးကိုမျှ ဘက်လိုက်ခြင်းမရှိဘဲ ဥပဒေနှင့် အညီ တရားမျှတခြင်းကို ဦးတည်ကြီးကြပ်ဆောင်ရွက်မည်။ ရွေးကောက်ပွဲ ဆိုင်ရာမူဝါဒများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်မည်။
ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ဆောင်ရွက်မည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အစဉ်အမြဲ ခိုင်မာရှင်သန်စေရန်၊ တိုးတက်နေသော ခေတ်မီနည်းပညာများကိုအသုံးပြု၍ တီထွင်ကြံဆတွေးခေါ်ဆောင်ရွက်မည်။ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲ လုပ်ငန်းများအပေါ် ပြည်သူများ၏ယုံကြည်ကိုးစားမှုမြင့်မားစေရန် ဥပဒေ များနှင့်အညီ စီမံဆောင်ရွက်မည်။ ပြည်သူအား ဥပဒေနှင့်အညီ ဆောင်ရွက် နေကြောင်း အသိပေးမည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက်တွင် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် လွတ်လပ်၍ တရားမျှတသော၊ သိက္ခာရှိသော ရွေးကောက်ပွဲများကို ကျင်းပပေးခြင်းဖြင့် ဒီမိုကရေစီအဆောက် အဦများ ဖွံ့ဖြိုးတိုးတက်ခိုင်မာလာစေရေး ဆောင်ရွက်မည်။
ရွေးကောက်ပွဲနှင့်အတူ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ် ၁၁ ချက်သည် လွှတ်တော်နှင့်သက်ဆိုင်သည့်အပိုင်း၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်သည့်အပိုင်း၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲလေ့လာသူများစသည့် ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများနှင့် သက်ဆိုင်သည့်အပိုင်းများ အသီးသီးပါရှိသည်။
စီမံကိန်းလုပ်ငန်းစဉ် ၁၁ ချက်လုံး အောင်မြင်ရေးအတွက် ကဏ္ဍစုံမှပါဝင် ပတ်သက်သူများနှင့် ဆက်ဆံခြင်းကဏ္ဍ၊ အားလုံးပါဝင်ဆောင်ရွက်မှု
မြှင့်တင်ခြင်းကဏ္ဍနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်းကဏ္ဍများ ပိုမိုတိုးတက် ကောင်းမွန်မှုရှိစေဖို့ အလေးထားဆောင်ရွက်ရန်လိုအပ်ပါမည်။ ထိုသို့ ဆောင် ရွက်ခြင်းဖြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များ မျှော်မှန်း ထားသည့်အတိုင်း အပြည့်အဝအောင်မြင်ဖြစ်ထွန်းလိမ့်မည်ဟု ယုံကြည်မိ ပါကြောင်း။ မဟာဗျူဟာစီမံကိန်း၏ မျှော်မှန်းချက်နှင့်အညီ-
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီးဖြစ်ပါစေ၊
တူညီသောအခွင့်အရေးဖြင့် ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲကြီး ဖြစ်ပါစေ၊
ရွေးကောက်ပွဲစက်ဝန်းပါလုပ်ငန်းစဉ်များ ချောမောအောင်မြင်ရေး အတွက် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် ကြပါစေ။ ။

စစ်မှန်သောလူ့အခွင့်အရေးအနှစ်သာရများ ပေါ်ထွန်းလာရေးပူးပေါင်းဆောင်ရွက်

Image may contain: text that says 'The Mirror Daily Established in 1957'


အယ်ဒီတာ့အာဘော်
=================

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေး၏အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့်နည်းတူ ပြည်တွင်း၌ဆောင်ရွက်နိုင်သည့် နည်းလမ်းများ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့်မူဝါဒအား ထောက်ခံအားပေးရမည်ဖြစ်ကြောင်း မီးမောင်း ထိုးပြခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်အရေးကိစ္စနှင့် ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်သည်ဟူသော အကြောင်းပြချက် အမျိုးမျိုးဖြင့် နိုင်ငံတကာက ဖိအားအမျိုးမျိုး၊ စွပ်စွဲမှုအဖုံဖုံတို့ကို ပြုလုပ်လာခဲ့ သည့်အပြင် ယခုနှစ်ဆန်းပိုင်းက အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုလျှောက်ထားခဲ့ပြီး၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ၂၃ ရက်နေ့က ကြားဖြတ်အစီအမံချမှတ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်း၏စိုးရိမ်ပူပန်မှုများကို အပြည့်အဝနားလည်ပြီး ရခိုင်ပြည်နယ် အရေးကိစ္စကိုဖြေရှင်းရန် ကတိကဝတ်များပြုခဲ့သည့်အပြင် လက်တွေ့ လည်း အကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက်ပေးနေသည်။ သိမ်မွေ့ နက်နဲပြီး ရှည်လျားသောနောက်ခံသမိုင်းကြောင်းရှိသည့် ရခိုင်ပြည်နယ် ပြဿနာကို အစိုးရအနေဖြင့် အစဉ်တစိုက်ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပြီး အာဆာအကြမ်းဖက်သမားများက၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားရေး၊ လူမှုသဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဖြင့် နိုင်ငံတကာဥပဒေများ၏ အခြေခံမူဝါဒများကို အခိုင်အမာလိုက်နာပြီး နေရပ်စွန့်ခွာသွားသူများ မိမိဆန္ဒအလျောက်လုံခြုံစွာဖြင့် သိက္ခာရှိရှိ ပြန်လည်ဝင်ရောက်နိုင်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်တိုက်အကောင်အထည်ဖော်လျက်ရှိသည်။ ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ဇာတ်ကြောင်းပြန် ပြောကြားမှုများကို အခြေမခံဘဲ မျက်မြင်သက်သေများနှင့် တွေ့ဆုံမေးမြန်းစိစစ်ရေးတို့ကို အလေးထားဆောင်ရွက်ပြီး ရလဒ်များအပေါ်မူတည်၍ လက်တွေ့ကျသော တုံ့ပြန်ဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိသည်။
လူသားချင်းစာနာထောက်ထားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်နေသော်လည်း ကုလသမဂ္ဂစင်မြင့်မှ အဆိုပါရခိုင်ပြည်နယ်အရေး ကို ကြီးကြီးပုံဖော်နေဆဲဖြစ်၍ နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးဆောင်ရွက်မှု နည်းလမ်းမပြီးဆုံးသေးဘဲ အခြားအရေးယူဆောင်ရွက်မှုများ မပြုလုပ် သင့်ကြောင်းကို နိုင်ငံအားလုံးသိနားလည်စေရန် လျော်ကန်သင့်မြတ်သည့် အမှန်တရားကို မီးမောင်းထိုးပြသရမည်ဖြစ်သည်။ လူ့အခွင့်အရေး ကောင်စီသည် လူ့အခွင့်အရေးကိစ္စအားလုံးကို တန်းတူညီမျှဆက်ဆံသည့် နေရာ၊ ဖွံ့ဖြိုးမှုကို ဦးစားပေးကိစ္စအဖြစ် မှတ်ယူသည့်နေရာ၊ နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလက်ကိုင်ထားပြီး လုပ်ဆောင်ချက်များတန်းတူညီမျှစွာလုပ်ဆောင်၍ စံနှစ်မျိုးကျင့်သုံးမှုအား ရှောင်ကြဉ်သည့်နေရာ၊ ဆင်ခြင်တုံတရားကင်းမဲ့စွာ တစ်ဖက်သတ်အာဏာသုံးမှုနှင့် လုပ်ပိုင်ခွင့်တို့ကို ခွင့်မပြုသည့်နေရာ၊ ဓနအင်အားကြွယ်ဝမှု အတိုင်းအတာနှင့်နိုင်ငံရေး လွှမ်းမိုးမှုတို့ဖြင့် တန်ဖိုးကိုမဆုံးဖြတ်သည့်နေရာဟူသည့် မျှော်လင့်ချက် တို့သည် အမှန်တရားနှင့် တရားမျှတမှုကိုလိုလားသည့် ကမ္ဘာ့လူသား အားလုံး၏ဆန္ဒဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ် ခွင့်များအား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့်နည်းတူ နိုင်ငံများ၏ ပြည်တွင်းရေးဆောင်ရွက်မှုနည်းလမ်းများကို ပြီးဆုံးအောင်စောင့်ကြည့်ပြီး မှသော်လည်းကောင်း၊ မပြီးဆုံးမီ ဖေးမကူညီခြင်းဖြင့်လည်းကောင်း စစ်မှန်သောလူ့အခွင့်အရေးအနှစ်သာရများ ပေါ်ထွန်းလာအောင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။

Thursday, February 27, 2020

(COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေးကျင်းပ




Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆



Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှု ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၄/၂၀၂၀) ကို ယနေ့ နံနက် ၈ နာရီက နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ခေတ်ကာလသည် လေကြောင်း ခရီးသွားလာမှုများ တိုးတက်များပြားသည့်အတွက် အိမ်နီးချင်းနိုင်ငံများ သာမက အလှမ်းဝေးကွာသည့် နိုင်ငံများသို့ပင် နေ့ချင်း ခရီးရောက်ရှိနိုင်သည့်အတွက် အလှမ်းဝေးနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုပုံသဏ္ဌာန်သည် မိမိတို့ မြန်မာနိုင်ငံသို့လည်း ထင်ဟပ်လာနိုင်သည့်အတွက် ၎င်းနိုင်ငံများ၌ ဖြစ်ပွားသည့် ရောဂါဖြစ်ပွားမှုအခြေအနေများအား အချိန်နှင့်တစ်ပြေးညီ သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ရောဂါစတင်ဖြစ်ပွားရာ ပင်ရင်းဗဟိုနေရာ ဝူဟန်မြို့အပြင် အခြား ရောဂါကူးစက် ပြန့်ပွားမှု ဆင့်ပွားဖြစ်ပွားမှုနေရာငယ်များလည်း အချိန် မရွေး ဖြစ်ပွားလာနိုင်သည့် အခြေအနေများကိုလည်း သုံးသပ်ပြီး မိမိတို့နိုင်ငံ၌ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ် ရမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါပိုးသည် ယခုအချိန် အထိ မျိုးရိုးဗီဇပြောင်းလဲခြင်းမရှိသေးသည်ကို တွေ့ရှိ ရသည်မှာ ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်ပါ ကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေ ဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် ရောဂါဖြစ်ပွားမှုများသော နိုင်ငံများ၏ သတင်းထုတ်ပြန်ချက်နှင့် ပြောကြားချက် များအား နေ့စဉ်နားထောင်ခြင်း၊ သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်း တို့ကို ပြုလုပ်ခြင်း၊ အပတ်စဉ် ကပ်ရောဂါဗေဒရှုထောင့်မှ အခြေအနေများအား တင်ပြအစီရင်ခံသွားရမည်ဖြစ် ကြောင်း။
ဒေသတွင်းနိုင်ငံများတွင် COVID-19 ရောဂါရှိသူ များအား အောင်မြင်စွာကုသခဲ့မှု ကုထုံးဆိုင်ရာ အတွေ့ အကြုံများနှင့် အခက်အခဲအချက်အလက်များကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက်၍ အမြန်ဆုံးသတင်းရယူ သွားရန်အရေးကြီးပါကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံတွင် ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါလူနာများတွေ့ရှိပါက ၎င်းတို့အား ကုသရာ၌ များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ အဓိကဆေးရုံများ နှင့် နယ်စပ်ဒေသတွင်ရှိသော မြို့နယ်ဆေးရုံများတွင် လက်ရှိအချိန်၌ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ များအား စာရင်းပုံစံဖြင့် ဆန်းစစ်ခြင်းကို ချက်ချင်း ဆောင်ရွက်၍ တွေ့ရှိချက်များအား ဝန်ကြီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန် လိုအပ်ပြီး လိုအပ်ချက်များကို ချက်ချင်းဖြည့်ဆည်းမည်ဖြစ်ပါကြောင်း။
COVID-19 ရောဂါနှင့်ပတ်သက်၍ ယခုအချိန်အခါ၌ နယ်စပ်မြို့များမှ လူများ ဝင်၊ ထွက်ရာနေရာများရှိ ဝန်ထမ်း များနှင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာ မည်မျှ ရှိနေသည်ကို ဆန်းစစ်ခြင်းဖြင့် မိမိတို့၏ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ ထိရောက်မှုအတိုင်း အတာကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်ပေါ် မူတည်၍ လိုအပ်လျှင် လိုအပ်သလို မဟာဗျူဟာ၊ နည်းဗျူဟာများကို ပြောင်းလဲ၍ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
လတ်တလော ရောဂါဖြစ်ပွားမှုများပြားနေသော ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့မှ ဝင်ရောက်သော ခရီးသည်များအား အပြည်ပြည် ဆိုင်ရာလေဆိပ်များ၌ ယခုထက်ပိုမို၍ ဂရုစိုက်စစ်ဆေးရန် လိုအပ်သည့်အပြင် ၎င်းတို့တည်းခိုမည့် ဟိုတယ်နှင့် တည်းခိုခန်းများသို့ ချက်ချင်းအကြောင်းကြားသည့် ကိစ္စသည် ယခုအချိန်အခါ၌ အထူးအရေးကြီးပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ တာဝန် ထမ်းဆောင်လျက်ရှိသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနများနှင့် မိမိတို့ လေဆိပ်ကျန်းမာရေးဌာနများသည် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် အပတ်စဉ် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး လိုအပ်လျှင် လိုအပ်သလို ပိုမိုတိကျစနစ်ကျစွာဖြင့် ချိန်ကိုက်ညီပူးပေါင်းဆောင်ရွက်ခြင်းကို လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသားများ လာရောက်နေထိုင်မှုများပြားသည့် ရပ်ကွက်များ၌လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ယခုထက် ပိုမို၍ စနစ်တကျ ဆောင်ရွက်စေလိုကြောင်းနှင့် အသိပညာပေးဟောပြောမှုများကို ဆက်လက်၍ ဆောင်ရွက်စေလိုပါကြောင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ရာတွင် အစိုးရိမ်လွန်ကဲခြင်းနှင့် လုံးဝ အလေးဂရုမပြုခြင်းတို့ကြားတွင် မျှတမှုရှိသော ကျန်းမာရေးအသိပေးမှုများကို ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ အများပြည်သူများ အသုံးပြုသည့် YBS ဘတ်စ်ကားများ၊ အဝေးပြေး express ကားများနှင့် သင်္ဘောများတွင် လက်ဆေးခြင်း၊ ချောင်းဆိုးခြင်းနှင့် ပတ်သက်သည့် (၂)မိနစ်ခန့်ကြာမည့် ကျန်းမာရေး အသိပေးနှိုးဆော်ချက်များကို ဖြစ်နိုင်ပါက လက်ကိုင်အသံ ချဲ့စက်ငယ်များ အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများကို အကြောင်းကြားရ မည်ဖြစ်ပါကြောင်း။
အပျော်စီးသင်္ဘောများ ပြည်တွင်းသို့ဝင်ရောက်မှုအား တတ်နိုင်သမျှ မလာစေချင်ပါကြောင်းနှင့် မတ် ၄ ရက်တွင် ဝင်ရောက်မည့် သင်္ဘောပါခရီးသည်များ၏ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားလာမှု ရာဇဝင်နှင့် မြန်မာနိုင်ငံ အတွင်း သွားရောက်မည့်ခရီးစဉ်၊ အသုံးပြုမည့်ယာဉ်၊ တည်းခိုမည့် ဟိုတယ်များအပါအဝင် အသေးစိတ်အချက် အလက်များ အတိအကျတောင်းခံ၍ ရောဂါစောင့်ကြပ် ကြည့်ရှုသွားရန် လိုအပ်ကြောင်း၊ ဤကိစ္စရပ်ကို အထူးတင်း ကျပ်စွာ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Free visa ပေးထားသည့် နိုင်ငံများနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်ပြီး သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးရန် လိုအပ် ပါကြောင်း၊ နိုင်ငံခြားခရီးသည်များ တည်းခိုနေထိုင်မည့် ဟိုတယ်များတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့် ညွှန်ကြားစာများရရှိခြင်း ရှိ၊ မရှိကို အမြန်ဆုံးဆန်းစစ်၍ လိုအပ်သလိုဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
ဤရောဂါနှင့်ပတ်သက်သည့် လှူဒါန်းရရှိထားသည့် ဆေးနှင့် ဆေးပစ္စည်းများကို လိုအပ်သော ဆေးရုံများ၏ လက်ကျန်စာရင်းအားစိစစ်၍ အမြန်ဆုံး ဖြန့်ဝေပို့ဆောင် ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထပ်မံရရှိမည့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေး ဝတ်စုံများသည် မိမိတို့ ဝန်ထမ်းများ သံသယလူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူခြင်းနှင့် ကုသမှုပေးခြင်းများ၌ အသုံးပြုရန်လိုအပ်သဖြင့် လုံးဝပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါအား ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ပြသပါက မဖြစ်မနေသတင်းပေးပို့ တိုင်ကြားရ မည့် ရောဂါအဖြစ် သတ်မှတ်၍ အမိန့်စာထုတ်ပြန်မည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးသဖြင့်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်များတွင် ပါဝင်ကူညီဆောင်ရွက်ပါက ပိုမိုထိရောက်နိုင်မည် ဖြစ်ပါ ကြောင်း၊ လိုအပ်ပါက COVID-19 ရောဂါသံသယနှင့် စောင့်ကြည့်လူနာအဓိပ္ပာယ် သတ်မှတ်ချက်တွင် ဖြစ်ပွားပျံ့နှံ့မှုများလျက်ရှိသည့် နိုင်ငံများ၌ အသုံးပြုသည့် ပုံစံကို သုံးသပ်ပြီး သင့်လျော်ပါက မိမိတို့နိုင်ငံ၌လည်း ပြင်ဆင် သတ်မှတ်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး ကြေညာချက်ကတ်တွင် ရောဂါဖြစ်ပွားသည့် နိုင်ငံများ အား ထပ်တိုးထည့်သွင်း သတ်မှတ်သွားခြင်းနှင့် လေယာဉ် မထွက်ခွာမီ ကျန်းမာရေးအသိပေးနှိုးဆော်ချက်ကို ပိုမို ရိုးရှင်းစေရန်အတွက် ပြန်လည်မွမ်းမံထားသည်ကို တွေ့ရှိ ရသည်မှာ ကောင်းမွန်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် နှီးနွှယ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအားလုံးအနေဖြင့် မိမိတို့တွင်ရှိသော လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေ၊ စက်ပစ္စည်းကိရိယာများဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် မှုများကို လုံးဝအရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက် ကြစေလိုပါကြောင်း မှာကြားသည်။
အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုနှင့် အခြေအနေများ၊ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့် နိုင်ငံများ၊ လေကြောင်း ဆက်သွယ်မှုအခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ် အတွင်းရှိ ဆေးရုံ/ ဆေးခန်းများမှ ထူးခြားဖြစ်စဉ်များ၏ အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းတွင် COVID-19 ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးသည့် အခြေအနေများနှင့် လက်ရှိ နေ့စဉ်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ် များတွင် ထပ်မံလိုအပ်နိုင်သည့် ဆေးနှင့်ဆေးပစ္စည်း အလျင်အမြန် ဖြည့်တင်းပေးနိုင်ရေးအတွက် ပြင်ဆင် ထားရှိသည့် အခြေအနေများ၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပဉ္စမအကြိမ်မြောက် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့မှု အခြေအနေများ၊ Cabin announcement တွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အချိန်တိုအတွင်း ပြောကြား နိုင်စေရန် မွမ်းမံပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ရောဂါ ဖြစ်ပွားမှုမြင့်မားသည့် နိုင်ငံများမှ ပြန်လာသော ကျောင်းသားများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်ရောက်ရန် တောင်းဆိုထားသော မြန်မာနိုင်ငံသားများ အတွက် လိုအပ်သည့် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိရေး တင်ပြ ခြင်း၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းစဉ်များနှင့် အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော လေဆိပ်နှင့် ဆိပ်ကမ်းများတွင် Pneumonia Surveillance ဆောင်ရွက် မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်း၊ ဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းများအား မီဒီယာများမှ အလေးထားရယူ၍ သတင်းများထုတ်ပြန်ရန် ညှိနှိုင်းခြင်းအတွက် Media Advocacy ဆောင်ရွက်ရန်ကိစ္စ၊ လူအများအား အသိပညာ ပေးရာတွင် ထိရောက်စေရန်အတွက် လက်ကိုင်အသံ ချဲ့စက်များဖြင့် အသုံးပြုနိုင်မည့် စက္ကန့် ၈၀ ခန့်ကြာမြင့် သည့် အသံဖိုင်အား ပြုလုပ်ထားရှိမှု စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝယ်/ဖြန့်)၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံ အုပ်ကြီး၊ ညွှန်ကြားရေးမှူး(ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)နှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ehealth စသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြု ခြင်းများ ဆောင်ရွက်ခဲ့သည်။ သတင်းစဉ်

(၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောကြား နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန် တာဝန်ရှိသည့်နည်းတူ ပြည်တွင်း၌ ဆောင်ရွက်နိုင်သည့်နည်းလမ်းများ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့် မူဝါဒအား ထောက်ခံအားပေးရမည်ဖြစ်




Image may contain: 1 person, standing, text that says 'Mr. Kyaw Tint Swe for the Office of the State Counsellor of My ar'
နေပြည်တော် ဖေဖော်ဝါရီ ၂၆



ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု အလေးအနက် ပြောကြား ခဲ့သည်။
ထို့ပြင် ဗီယင်နာကြေညာချက်နှင့် လုပ်ဆောင်ချက် အစီအစဉ်တို့ကို အတည်ပြုခဲ့သည့် (၂၇)နှစ်ပြည့်အထိမ်း အမှတ်ကို အမှတ်ရလျက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ များအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် တို့အား ကာကွယ်မြှင့်တင်ရန် တာဝန်ရှိသည့်နည်းတူ ပြည်တွင်း၌ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ မကုန် ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြု လုပ်သည့် မူဝါဒအား ထောက်ခံအားပေးရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး၏ အနှစ်သာရများ သည် ဆက်နွှယ်နေကြောင်း၊ ထို့ကြောင့် နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းပဋိပက္ခများခံစားခဲ့ရသည့် မြန်မာနိုင်ငံ အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးသည် အရေးအကြီးဆုံး ဦးစားပေးကိစ္စဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဆွေးနွေးပွဲသို့ ဖိတ်ခေါ်နိုင်ရေး အစိုးရ၏ ကြိုးပမ်းမှုများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမှုဆိုင်ရာ ရရှိမှုများနှင့် တိုးတက်မှုများကို အသိပေးပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို မကြာမီလများအတွင်း ကျင်းပ သွားရန်လျာထားကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ အသိုက်အဝန်းအားလုံးကို ထိခိုက် စေသည့် ရခိုင်ပြည်နယ်ပဋိပက္ခအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန် မှုများကို အပြည့်အဝ နားလည်ကြောင်းနှင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်း ရန် အစိုးရ၏ ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အာဆာ၏ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့မှုသည် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို အခက်အခဲဖြစ်စေသည်သာမက ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းမှုများအား အားလျော့ စေကြောင်း ထောက်ပြခဲ့သည်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ စိစစ် ပြီးသည့် နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် လုံခြုံစွာနှင့် သိက္ခာရှိရှိဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်နိုင်ရေး အမြန်ဆုံးစတင်နိုင်ရန်ဖြစ်ကြောင်း အလေးပေးပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအား နှစ်နိုင်ငံ လက်မှတ်ရေးထိုး ထားသည့် သဘောတူစာချုပ်များကို တိကျစွာလိုက်နာ၍ စစ်မှန်သောနိုင်ငံရေး ဆန္ဒ၊ ကတိကဝတ်ပြုထားမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြသရန် တိုက်တွန်းပြောကြားခဲ့သည်။
ထပ်လောင်းပြောကြား
တာဝန်ခံမှုနှင့် တာဝန်ယူမှုအပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံအစိုးရသည် နိုင်ငံတကာဥပဒေများ၏ အခြေခံမူဝါဒများကို အခိုင်အမာ လိုက်နာကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) နှင့် ဆက်စပ်၍ ပြည်ထောင်စုဝန်ကြီးက ဇာတ်ကြောင်းပြန် ပြောကြားမှုများကို အခြေမခံဘဲ မျက်မြင်သက်သေ ၁၅၀၀ နီးပါးတို့နှင့် တွေ့ဆုံမေးမြန်းမှုများကို အရင်းခံထားသည့် ICOE ၏ အပြီးသတ် အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ကြောင်း၊ သမ္မတရုံးမှ နောက်ထပ်စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူ မှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ညွှန်ကြား ထားကြောင်းနှင့် တပ်မတော်ကလည်း တပ်မတော်သားများက ပြစ်မှုတစ်စုံ တစ်ရာ ကျူးလွန်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံတွေ့ရှိပါက စစ်ဥပဒေချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာတရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားကြောင်း ပြောကြား ခဲ့သည်။
အကောင်းဆုံးယန္တရားဖြစ်
ထို့ပြင် ကုလသမဂ္ဂတည်ထောင်ခြင်း (၇၅) နှစ်ပြည့် ကျင်းပခြင်းနှင့်အတူ လူ့အခွင့်အရေးကော်မရှင်၏ အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် လူ့အခွင့်အရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံး ၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်(UPR)သည် တန်းတူအခြေအနေနှင့် တန်းတူပြောရေးဆိုခွင့်တို့ကို အခြေခံကာ လူ့အခွင့် အရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးယန္တရား ဖြစ်ကြောင်း၊ (၃၇) ကြိမ်မြောက် (UPR) လုပ်ငန်း အဖွဲ့၏ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကြိမ် (UPR) သုံးသပ်မှုကို ပြုလုပ်ရန်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်း ခဲ့သည့်အချိန်တွင် အဖွဲ့ဝင်နိုင်ငံများက မည်မျှမျှော်လင့်ချက်ကြီးကြီးထားရှိ ကြောင်းကို “မိမိတို့သည် လူ့အခွင့်အရေးကောင်စီကို လူ့အခွင့်အရေးကိစ္စ အားလုံးအား တန်းတူညီမျှဆက်ဆံသည့်နေရာ၊ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး ကိစ္စအဖြစ် မှတ်ယူသည့်နေရာ၊ နိုင်ငံများ၏ အချုပ်အခြာအာဏာကို လက်ကိုင် ထားပြီး လုပ်ဆောင်ချက်များ တန်းတူညီမျှမှုရှိစွာ လုပ်ဆောင်၍ စံနှစ်မျိုးကျင့်သုံး မှုအား ရှောင်ကြဉ်သည့်နေရာ၊ ဆင်ခြင်တုံတရားကင်းမဲ့စွာ တစ်ဖက်သတ် အာဏာသုံးမှုနှင့် လုပ်ပိုင်ခွင့်တို့ကို ခွင့်မပြုသည့်နေရာ၊ ဓနအင်အားကြွယ်ဝမှု အတိုင်းအတာနှင့် နိုင်ငံရေးလွှမ်းမိုးမှုတို့ဖြင့် တန်ဖိုးကို မဆုံးဖြတ်သည့် နေရာဟူ၍ စိတ်ကူးအိပ်မက်ခဲ့ကြောင်း” ပြောကြားခဲ့ပြီး “မိမိတို့၏ စိတ်ကူး အိပ်မက်မှာ ယခုထိ အကောင်အထည်ပေါ်လာခြင်း မရှိသေးပါကြောင်း” ပြည်ထောင်စုဝန်ကြီးက ဆက်လက်ထောက်ပြ ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက “စိတ်ကူးရည်မှန်းချက်များသည် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိဘဲ အမှန်တကယ်ဖြစ်မလာ ကြောင်း” အလေးအနက်ထားပြောကြားပြီး ရည်မှန်းချက်များ ပြည့်ဝရေးနှင့် လူ့အခွင့်အရေးကောင်စီသည် အားလုံးကောင်းမွန်ရေးအတွက် အတူတကွ ကြိုးပမ်းမှုဖြင့် လူသားအားလုံးအတွက် လူ့အခွင့်အရေးအနှစ်သာရများ ခံစား နိုင်ရန် မျှော်လင့်ချက်မီးရှူးတန်ဆောင် အမှန်တကယ်ဖြစ်လာရေး အဖွဲ့ဝင် နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအတွက် နေပြည်တော်တွင် အတားအဆီးကင်းမဲ့သောပတ်ဝန်းကျင် စံနမူနာပြတည်ဆောက်ထားမှုများ ကြည့်ရှု




Image may contain: 8 people, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆


 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေးတို့၌ မသန်စွမ်းသူများအတွက် အတား အဆီးကင်းမဲ့သော ပတ်ဝန်းကျင် စံနမူနာပြ တည်ဆောက်ထားသည့် အခြေအနေများကို ယနေ့နံနက်ပိုင်း က မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည် တော် ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော် ရေပန်းဥယျာဉ်သို့ ရောက်ရှိကြပြီး မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာ အပန်းဖြေနိုင်ရန်အတွက် ဘီးတပ်ကုလားထိုင်သွားလာနိုင်သည့် လမ်းများ၊ အမြင်အာရုံချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါ လျှောက်လမ်းများ၊ စတီးလက်ရန်း များ တည်ဆောက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုကြပြီး မသန်စွမ်း သူများ ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ပူးပေါင်းပါဝင်ပေးနိုင်ရေးညှိနှိုင်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် မြို့မစျေးသို့ သွားရောက်ကြပြီး စျေးတန်းအပြင် လျှောက်လမ်းနှင့် အတွင်းလျှောက်လမ်းများတွင် မသန် စွမ်းသူများ အဆင်ပြေစွာ သွားလာ အသုံးပြုနိုင်ရေးအတွက် ဘီးတပ် ကုလားထိုင်သွားလာနိုင်သည့် လမ်း များ၊ သန့်စင်ခန်းများ၊ အမြင်အာရုံ ချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါ လျှောက်လမ်းများ၊ စတီးလက်ရန်းများ တည်ဆောက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ ကို လှည့်လည်ကြည့်ရှုကြပြီး စျေးသူ၊ စျေးသားများနှင့်တွေ့ဆုံ၍ လုပ်ငန်း များဆောင်ရွက်ရသည့် ရည်ရွယ်ချက် ကို ရှင်းလင်းကာ ပူးပေါင်းပါဝင်ပေးနိုင် ရေးအတွက် ညှိနှိုင်းပြောကြားသည်။
စံနမူနာတည်ဆောက်
ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေး တို့၌ မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်း ကျင် စံနမူနာ တည်ဆောက်ခြင်းကို မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီတို့က ပူးပေါင်းတည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အခမ်းအနားနှင့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ




Image may contain: one or more people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆



မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနားနှင့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးညှိနှိုင်း
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က ယနေ့တွင် မြန်မာ့ရုပ်ရှင်နှင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်း အနားများအတွက် ဆောင်ရွက်ထားပြီး သည်များ၊ ဆက်လက် လုပ်ဆောင် ရန်များကို ရှင်းလင်းတင်ပြကြရန် ဖြစ်ပါကြောင်း၊ လိုအပ်သည်များကို ဖြည့်စွက်ပြီး အကြံဉာဏ်များပေး ရန်နှင့် ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီအစည်း အဝေးများတွင် ပြည့်ပြည့်စုံစုံ တင်ပြ ဆွေးနွေးညှိနှိုင်းနိုင်ရန် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၁၃-၂-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃ / ၂၀၂၀ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ထားရှိမှုနှင့် ဦးစီးကော်မတီ၏ လုပ်ငန်း တာဝန်များ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေး အပ်ရန် လျာထားမှုနှင့် လုပ်ငန်းတာဝန် များကို လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီများ တွင် ပါဝင်ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်က မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး နှင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်း အနားများ ကျင်းပနိုင်ရေးအတွက် မြန်မာ့အသံ (ရေဒီယို)နှင့် ရုပ်မြင် သံကြားအစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်နေမှု၊ ဆက်လက်ထုတ်လွှင့် ရန် လျာထားချက်များကို ကနဦး ကာလ၊ အကြိုကာလ၊ ပွဲတော်ကာလ နှင့် ပွဲတော်ပြီးကာလ အပိုင်းလေးပိုင်း ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ရာပြည့်အခမ်း အနားအတွက် မှတ်တမ်းစာအုပ် ထုတ်ဝေရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကော်မတီအလိုက် ပါဝင်ဆောင်ရွက်နေမှုများကို လည်း ကောင်း၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြား ရေးမှူး ဦးသက်ဆွေက နိုင်ငံပိုင် သတင်းစာများတွင် ရာပြည့်အခမ်း အနားများနှင့် ပတ်သက်၍ ဖော်ပြခဲ့မှု များ၊ ဆက်လက်ဖော်ပြရန် လျာထား သည့်အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
အထွေထွေဆွေးနွေး
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တက်ရောက်လာ ကြသူများက အထွေထွေ ဆွေးနွေးကြ သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်စွက် မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ သတင်းစဉ်

အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင် ပြောင်းလဲမှုများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ




Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆



ပညာရေးဝန်ကြီးဌာန အရည်အသွေး ရှိသော ပညာရေးဦးတည်၍ ပညာရေး ပြုပြင်ပြောင်းလဲမှုများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အရည် အသွေးရှိသော ပညာရေးကို ဦးတည် ဆောင်ရွက်ရာတွင် မည့်သည့်ခွဲခြားမှု မျှမရှိခြင်း၊ မည်သူတစ်ဦး တစ်ယောက် ကိုမျှ ချန်မထားခြင်း၊ ကျောင်းထွက် မှုနှုန်း လျော့နည်းခြင်းများကို ဆောင်ရွက်ပါကြောင်း။
ယဉ်ကျေးမှုကို မြှင့်တင်ပေး
အရည်အသွေးရှိသည့် ပညာရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက် ပြီး အလယ်တန်းပညာနှင့် အထက် တန်းပညာကို အဆင့်ဆင့်တိုးမြှင့်သင် ယူခွင့်များရရှိရန် ဆောင်ရွက်မည်ဖြစ် ရာ မူလတန်းအရွယ် ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက် အောင်မြင်ခြင်းနှင့် မူလတန်းပညာ သင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည်အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများ စသည့်ကလေးများ အတွက် အလေးထားသည့် ပညာရေး အစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုး ညွှန်းတမ်း ပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများ အပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း။
ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်
သင့်လျော်သော ဆရာ၊ ကျောင်း သားအချိုးရရှိစေရန် ဆောင်ရွက် ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာ များ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှုစွမ်းရည်များ မြင့်မား လာစေရန်ဆောင်ရွက်ခြင်း၊ အခြေခံ ပညာရေးကို လူတိုင်း ပိုမိုလက်လှမ်းမီ နိုင်ရန် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသ များရှိ ကျောင်းများ (အထူးသဖြင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ လုံလောက်မှုမရှိသော အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများ)၏ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေး ခြင်း၊ ပညာအရည်အချင်းနည်းပါးသူ များ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်စေရန် အခြေခံပညာ အလယ်တန်း၊ အထက်တန်း တန်းညှိ အစီအစဉ်များနှင့် သက်မွေးမှုသင်တန်း အစီအစဉ်များဖြင့် ဆက်လက် ပညာ ဆည်းပူးနိုင်သော အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း။
ဦးတည်ဖော်ဆောင်
တက္ကသိုလ်များတွင် ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြား ခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသန လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်း လာစေရန် ဦးတည်ဖော်ဆောင်ပေး ခြင်း၊ နည်းပညာနှင့် သက်မွေးပညာ ရေးနှင့် လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်ပေးခြင်း၊ ကျောင်းသားမိဘများ နှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ် ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှု ဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်တွင်း ပြည်ပမှ ရရှိသည့် ပညာရေးဆိုင်ရာဘဏ္ဍာငွေ များကို အကျိုးရှိ ထိရောက်စွာခွဲဝေ သုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်ခြင်းနှင့် တိကျ မှန်ကန်သည့် သတင်းအချက်အလက် များကို အခြေခံ၍ ထိရောက်သော ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲ မှုနှင့် လေ့လာကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း။
ကလေးတိုင်း သင်ယူ တတ်မြောက်ရမည့် ဘာသာရပ် အားလုံး အကောင်းဆုံးသင်ယူတတ် မြောက်အောင်၊ လူသားကောင်းများ ဖြစ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ် အောင်၊ တာဝန်ယူ တာဝန်ခံမှုရှိအောင်၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုရှိအောင် အရည်အသွေး ပြည့်မီသည့် ဆရာ၊ ဆရာမများ လိုအပ်ပါကြောင်း၊ စံသတ်မှတ်ချက် အရည်အသွေးများ ပြည့်မီရန်၊ တာဝန်နှင့် လုပ်ထုံး လုပ်နည်းအရ ဆောင်ရွက်ရန်လိုအပ် ပါကြောင်း ပြောကြားသည်။
ဆွေးနွေး
ယင်းနောက် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့ တို့က ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြ သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန က အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဦးစား ပေးဆောင်ရွက်နေသော လုပ်ငန်းစဉ် (၁၂)ရပ်နှင့်စပ်လျဉ်း၍ ဦးစီးဌာန ၁၁ ခု တို့မှ ညွှန်ကြားရေးမှူးချုပ်များက Power Point ဖြင့် ရှင်းလင်းတင်ပြ ကြပြီး တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ EUROCHAN MYANMAR, Garment Advocacy Group မှMr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ILO မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့အား သီးခြားစီလက်ခံတွေ့ဆုံ



Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့တွင် EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines တို့အား နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် သီးခြားစီလက်ခံ တွေ့ဆုံ သည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အထည်ချုပ်လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်ရာတွင် ဥရောပ သမဂ္ဂမှ ထောက်ပံ့ကူညီပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွား နေသည့်အတွက် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ကြမ်းပစ္စည်း ပြတ်လပ်၍ စက်ရုံများ ပိတ်သိမ်း ရမည့် အခြေအနေများမှ ကာကွယ် နိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အခြားဆက်စပ် ဝန်ကြီးဌာနများ၊ အထည်ချုပ် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ မြန်မာ နိုင်ငံရှိ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေနှင့် မြန်မာနိုင်ငံရှိ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ EUROCHAN MYANMAR ၏ အကြံဉာဏ်များ ရယူကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Project ၁၄ ခုရှိ
အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့် တွေ့ဆုံစဉ် လူမှုဖူလုံရေးအဖွဲ့ ၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ပြုပြင်ပြောင်းလဲ ခြင်း (IT Reform) အား ILO- Korea Project ဖြင့် လည်းကောင်း၊ ကျန်းမာ ရေး ဝန်ဆောင်မှုပေးသည့်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Medical Reform) အား ILO- Luxembourg Project ဖြင့် လည်းကောင်း၊ စီမံ ခန့်ခွဲမှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း အား ILO- Vision Zero Fund Project ဖြင့် လည်းကောင်း၊ ဥပဒေ ရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲ ခြင်း (Legal Reform) အား ILO- Labour Law Reform Project ဖြင့်လည်းကောင်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပြီး ILO ဘက်မှ Master Plan တစ်ခု ရေးဆွဲ ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ နိုင်ငံတွင် ILO အနေဖြင့် Project ၁၄ ခုနှင့် ဝန်ထမ်းအင်အား ၈၀ ကျော် ခန့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဆက်ဆံရေးရုံးအနေဖြင့် သက်တမ်း ကြာမြင့်လာပြီ ဖြစ်သည့်အတွက် Regular Office ဖွင့်လှစ်နိုင်ရေး၊ National Complaints Mechanism-NCM အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရား ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရာတွင် ILO ၏ ပြဋ္ဌာန်းချက် များနှင့်အညီ ရှေ့ဆက်လက် အောင်မြင်အောင် ဆောင်ရွက်သွား မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကျင်းပ




Image may contain: 4 people, people standing and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆



စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် GIZ တို့ပူးပေါင်း၍ စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ယန္တရားတစ်ရပ် တည်ဆောက်နိုင်ရန်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စီမံကိန်းဘဏ် တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစိုးရအဖွဲ့အစည်းများအားလုံးနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအနေဖြင့် Myanmar Sustainable Development Plan-MSDP ကို အကောင်အထည်ဖော်ရာတွင် ကြိုတင်တွက်ဆနိုင်ပြီး ပွင့်လင်း မြင်သာမှုရှိစွာ ပေါင်းစပ်ဆက်သွယ်မှုများ အားကောင်းရန်နှင့် ပြည်တွင်း၊ ပြည်ပ မှ ပုဂ္ဂလိကကဏ္ဍများအနေဖြင့် MSDP ကို အကောင်အထည်ဖော်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်နှင့် ရှင်းလင်းလွယ်ကူ၍ ညီညွတ်မှု ရှိသည့် အကောင်အထည်ဖော်မှု ယန္တရားတစ်ရပ် တည်ဆောက်နိုင်ရန် ဖြစ်ပါကြောင်း။
ဆက်လက်ပူးပေါင်းဆောင်ရွက်
နိုင်ငံ၏ရုပ်ဝတ္ထုနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ထိရောက်စွာ တည်ဆောက်နိုင်ရန်နှင့် ဘဏ္ဍာရေးယန္တရားကို ထူထောင်၍ ဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံသူများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များကို ဖိတ်ခေါ် ပါကြောင်း၊ စီမံကိန်းဘဏ် ရေရှည်တည်တံ့ရေးအတွက် 3 Cs ဖြစ်သည့် ပေါင်းစပ်ဆောင်ရွက်ခြင်း (Coordination)၊ ပူးပေါင်းဆောင်ရွက်ခြင်း( Coo-peration) နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Communication) တို့ အားကောင်းလာစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
Website ကို စက်ခလုတ်နှိပ်၍ စတင်ထုတ်လွှင့်
ထို့နောက် GIZ မှ Country Director Dr. Petra Shill က ဂုဏ်ပြု စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် Dr. Petra Shill တို့က Website ကို စက်ခလုတ်နှိပ်၍ စတင်ထုတ်လွှင့်ပေးသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆက်အောင်က စီမံကိန်းဘဏ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက စီမံကိန်းဘဏ်၏ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိ




Image may contain: 4 people, people standing, wedding and suit
နယူးဒေလီ ဖေဖော်ဝါရီ ၂၆



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ နံနက် ၁၁ နာရီ တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာကြသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ သံရုံးယာယီတာဝန်ခံ Dr.Sumit Seth နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
တာဝန်ရှိသူများ လိုက်ပါသွား
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် အိန္ဒိယ သမ္မတနိုင်ငံ နယူးဒေလီမြို့ Palam လေတပ်စခန်းသို့ ရောက်ရှိကြရာ အိန္ဒိယသမ္မတနိုင်ငံ အစားအသောက် ထုတ်လုပ်ရေး စက်မှုလုပ်ငန်းဆိုင်ရာ ဒုတိယဝန်ကြီး ရှရီ ရာမစ်ရှ်ဝါ တီလီ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ မြန်မာ စစ်သံမှူး ဗိုလ်မှူးချုပ်သိန်းဇော်နှင့် ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားနှင့် ဇနီး၊ မြန်မာသံရုံးနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက Palam လေတပ်စခန်း၌ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြ သည်။
Taj Palace ဟိုတယ်သို့ ရောက်ရှိ
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ် များဖြင့် ခေတ္တတည်းခိုမည့် Taj Palace ဟိုတယ်သို့ ရောက်ရှိကြသည်။
ရင်းနှီးနွေးထွေးစွာကြိုဆို
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ Akshardham ဟိန္ဒူဘုရားကျောင်းသို့ ရောက်ရှိရာ Sadhu Gnanmunidas နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ ဟိန္ဒူဘုရားကျောင်းအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ အနုပညာ လက်ရာများနှင့် အိန္ဒိယနိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာရာ Sadhu Gnanmunidas နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။
လက်မှတ်ရေးထိုး
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင် များ၊ ဘုရားကျောင်းမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဘုရားကျောင်း၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာသံရုံးနှင့် စစ်သံရုံး တို့မှ သံရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ သံရုံး နှင့် စစ်သံရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင် များသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက် သည်။ သတင်းစဉ်

လူထူသည့်နေရာများကို ရှောင်ကြဉ် လက်များကိုလည်း ဆေးကြောသန့်စင်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



COVID - 19 ဟု ခေါ်ဆိုသည့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါက ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံဆီသို့ ပျံ့နှံ့နေပြီဖြစ်သည်။ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ခဲ့သည့် အဆိုပါရောဂါသည် ယနေ့ (၂၆-၂-၂၀၂၀) အထိတော့ မြန်မာနိုင်ငံသို့ ဝင်ရောက်မလာသေး။ ရောဂါစတင်ခဲ့သည့် တရုတ် နိုင်ငံတွင် နောက်ထပ်ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်လျော့ကျ လာသည်ဟုဆိုသော်လည်း အီရန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ အီတလီ၊ ပြင်သစ်၊ ဂျပန် စသည်ဖြင့် အရှေ့အလယ်ပိုင်းဒေသ၊ အာရှအရှေ့ပိုင်း ဒေသ၊ ဥရောပ‌ဒေသ စသည့်‌ဒေသအသီးသီးသို့ ပျံ့နှံ့လာပြီဖြစ်သည့် အပြင် လူအသေအပျောက်များပါ ရှိလာပြီဖြစ်ရာ အထူးဂရုစိုက်၍ ရောဂါကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြရပြီဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူကို ကူးစက်ခြင်း၊ လူအချင်းချင်း ကူးစက်ခြင်း နည်းလမ်းများဖြင့် ကူးစက်နိုင်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူနှင့် အနီးကပ်နေထိုင်ခဲ့သူများမှာ ကူးစက်နိုင်ခြေများသည်။ ရောဂါရှိသူတစ်ဦး ချောင်းဆိုး၊ နှာချေရာမှ တစ်ဆင့် ရောဂါပိုးများ လေထုထဲသို့ ရောက်ရှိသွားပြီး အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် အခြားသူများကို ကူးစက်နိုင်သည်။ ထို့ပြင် စားပွဲများ၊ ကုလားထိုင်လက်တန်းများ၊ တံခါးလက်ကိုင်ဘုများ၊ ပရိဘောဂများနှင့် အသုံးအဆောင်များ စသည်တို့တွင် ကပ်ငြိ နေတတ်သည့် ရောဂါပိုးများကို ကိုင်တွယ်မိရာမှတစ်ဆင့်လည်း ကူးစက်နိုင်သည်ဟု ကျန်းမာရေးပညာရှင်များက အသိပေးထား သည်။
ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်လျှော့ချနိုင်ရေးအတွက် အအေးမိ တုပ်ကွေးရောဂါလက္ခဏာရှိသူများနှင့် အနီးကပ်နေထိုင်မှုကို ရှောင်ကြဉ်ရန်၊ လူထူသည့် နေရာများသို့ မသွားရန်၊ လက်ကို သန့်စင်အောင် မကြာခဏ ဆေးကြောရန်၊ နှာချေချောင်းဆိုးပါက နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် နှာခေါင်းစည်း (mask) ကို သုံးရန်နှင့် အများပြည်သူသုံး ယာဉ်များ စီးနင်းချိန်တွင် သူတစ်ပါးကို ရောဂါမကူးစက်စေရေး သတိပြုရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ သေချာစွာပစ်ရန်နှင့် လက်ကို လည်း သန့်ရှင်းအောင် ဆပ်ပြာဖြင့် ဆေးကြောရန်၊ တိရစ္ဆာန်များကို ကိုင်တွယ်ပွတ်သပ်ခြင်း၊ နမ်းရှုပ်ခြင်း မပြုလုပ်ရန်၊ သား၊ ငါး၊ ဥများကို သေချာစွာ ချက်ပြုတ်စားသောက်ရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုရန်နှင့် အိပ်ရေးဝဝအိပ်ရန်၊ အာဟာရပြည့်ဝသည့် အစားအစာကို များများစားရန်နှင့် ကိုယ်လက်လှုပ်ရှားမှန်မှန်လုပ်ရန်တို့ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့က အကြံပြုထားကြသည်။
COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လေဆိပ်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက် ထွက်ပေါက်ဂိတ်များတွင် စောင့်ကြပ်ကြည့်ရှုနေသည့်အပြင် ဆေးရုံအခြေပြု၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုမှုများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ စသည့်နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်နေသည့်အပြင် သတင်းများကိုလည်း နေ့စဉ် ထုတ်ပြန်ပေးနေသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာများတွင် ကနဦး၌ ကိုယ်အပူချိန်မြင့်တက်လာခြင်း၊ ချောင်းခြောက်များဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာချေခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ တစ်ပတ်ခန့်ကြာသည့်အခါ အားအင်ကုန်ခန်းလာပြီး အသက်ရှူကျပ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ရောဂါစောင့်ကြပ်ကြည့်ရှု ရာတွင် ပြင်ပလက္ခဏာများကို တွေ့ရှိပါက ဆက်လက်စောင့်ကြည့်ပြီး သံသယရှိသူများနှင့် စပ်လျဉ်း၍မူ ဓာတ်ခွဲကြည့်ရှုအတည်ပြု ကြရခြင်းဖြစ်သည်။
မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံးသမားတော်ဖြစ်သည့်အလျောက် လူတိုင်း လူတိုင်း ကျန်းမာရေး ဗဟုသုတအပြည့်၊ သတိရှိရှိဖြင့် စားသောက်နေထိုင် ကြခြင်းကသာ အကောင်းဆုံးဖြစ်သည်။ လူစုလူဝေးရှိရာ၊ လူထူသည့် နေရာများသို့ မသွားမဖြစ်သည့် ကိစ္စမှတစ်ပါး မသွားကြရန်၊ မသွား မဖြစ်သွားရပါကလည်း အသက်ရှူလမ်းကြောင်းကို ကာကွယ်နိုင် သည့် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် နေ့စဉ်မကြာခဏ မိမိတို့၏ လက်များကို စနစ်တကျ ဆေးကြောသန့်စင်ကြခြင်း အားဖြင့် COVID - 19 ခေါ် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါဘေးမှ ရှောင်ရှားနိုင်ကြပါစေဟု သတိပေးနှိုးဆော် အပ်ပါကြောင်း။ ။

စင်ကာပူမှာ ….. (စင်ကာပူကားထိန်းချုပ်မှု အတွေ့အကြုံ)



ဆောင်းပါး
========

ကောင်းမြတ်နွယ်(စင်ကာပူ)

ကားထိန်းချုပ်မှုကိစ္စဟာ တိုင်းပြည်တိုးတက်ပြောင်းလဲ ရေးမှာ ၈၀ ရာခိုင်နှုန်းလောက် အရေးကြီးတယ်လို့ မြင်ပါ တယ်။
ယာဉ်ပိတ်ဆို့မှုကြောင့် လုပ်ချင်တဲ့အလုပ်တွေမပြီး၊ ရုံးချိန်နောက်ကျ၊ အစည်းအဝေးချိန် နှောင့်နှေး၊ သယ်ယူ ပို့ဆောင်ရေးအချိန်မမီခြင်းတို့ဟာ ကုန်ထုတ်လုပ်မှု နှောင့်နှေးစေတဲ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေ နိုင်တဲ့ အချက်တွေဖြစ်ပါတယ်။

ကားနံပါတ်၊ ကားပိုင်ရှင်၊ လိုင်စင်ပါလိပ်စာတွေ တိကျမှန်ကန်မှုမရှိခြင်းကြောင့် မူးယစ်ဆေးဝါးတင်ဆောင် ထားတဲ့ ကားကြီးတစ်စီးလုံး ပိုင်ရှင်မဲ့လုပ်နိုင်တာ၊ ကား တွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ရာဇဝတ်မှု ကျူးလွန် ခြင်းကို ခြေရာခံမဖော်ထုတ်နိုင်တာတွေ ဖြစ်ရပါတယ်။

စင်ကာပူနိုင်ငံမှာ ကားဝယ်မယ်ဆိုရင် ကိုယ့်အတိုင်း အတာနဲ့ကိုယ် မာစီဒီး၊ ဘီအမ်ဒဗလျူ၊ အော်ဒီ၊ ဂျာဂွား၊ ဖို့ဒ်၊ ဘောက်စ်ဝက်ဂွန်း အနောက်ကကားတွေ ဝယ်မလား။ တိုယိုတာ၊ နီဆန်း၊ ဆူဇူကီး၊ ဟွန်ဒါ စီးပွားရေးတွက်ခြေ ကိုက်တဲ့ ဂျပန်ကားဝယ်မလား။ ကားပြခန်းဆီ ချီတက်ရုံပဲ ဖြစ်ပါတယ်။

အပြိုင်အဆိုင်ရောင်းကြတယ်။ အင်္ဂလိပ်နှစ်သစ်ကူး၊ တရုတ်နှစ်သစ်ကူး ကားလက်ဆောင်ပေးမလား အထူး လျှော့ဈေးကြော်ငြာရောင်းပါသေးတယ်။

ကားတစ်စီးဝယ်ဖို့ လက်ထဲမှာ ပိုက်ဆံအလုံ အလောက် မရှိသေးဘူးလား။ မပူပါနဲ့။ ကားတန်ဖိုးရဲ့၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းစသည်ဖြင့် သတ်မှတ်ထားတဲ့ ပထမအရစ်ငွေကိုသာ ပေးဖို့လိုပါတယ်။ ကျွန်တော် ဝယ်စဉ် ၂၀၀၄ ခုနှစ် တရုတ်နှစ်သစ်ကူးကာလမှာ ပထမ အရစ်မပေးပါနဲ့၊ အမ်ပေါင်း၂၀၀၀ ငွေသားပြန်ယူသွားပါ။ ကားလည်း ခုမောင်းယူသွားပါလို့ ပေးတာဗျာ။

အဲ…အဲ… သိပ်ပျော်မသွားနဲ့ဦး။
ပြီးတာနဲ့ စားပွဲမှာထိုင်ခိုင်းတယ်။ မုန့်မျိုးစုံ၊ ကော်ဖီ၊ အအေးလိုချင်တာ ချကျွေးတယ်။ အသင့်ပြင်ထားတဲ့ စာချုပ်ပုံစံတစ်ထပ်ကြီးယူလာတယ်။
"နိုင်ငံသားမှတ်ပုံတင်လေးပေးပါ"
ပုံစံမှာဖြည့်သွင်းတယ်၊ မိတ္တူကူးယူတယ်။ ဘဏ် တစ်ခုခုကနေ ချေးငွေယူဖို့ပြောတယ်။

"မေဘဏ်က အတိုးနှုန်းအသက်သာဆုံးပဲ၊ လစဉ် ၅၅၀ ဆပ်၊ ၁၀ နှစ်ဆပ်လို့ရတယ်"
ကားရောင်းတဲ့သူက ဘဏ်တွေနဲ့ ချိတ်ပြီးသား၊ သူ့အတွက် အကျိုးအရှိဆုံးဘဏ်ကိုယူဖို့ ဆွယ်ပြီးပွားတာ ပါပဲ။ ပြီးတော့ ကျွန်တော်လစာတွေ စုဆောင်းထားတဲ့ ဘဏ်အကောင့်ပေးရတယ်။ လစဉ် အဲဒီဘဏ်အကောင့် ထဲက အလိုအလျောက် ဂျိုင်ရိုနဲ့ဖြတ်ယူမှာ။ မလွယ်ကူဘူး လား၊ ဘဏ်တွေရဲ့အတည်ပြုချက်ကလည်း မိနစ်ပိုင်း အတွင်း တီခနဲပဲ။ ဒီမှာတောင် ကော်ဖီတစ်ခွက်သောက်လို့ မကုန်သေးဘူး။ အတည်ပြုပြီးဖြစ်သွားပြီ။ ပျော်စရာကြီး နော်။

မ‌ပျော်ပါနဲ့။ ပွဲစားခ၊ ဘဏ်တိုးတွေ အဲဒီနောက်ကွယ် မှာ အများကြီးပါ။ သို့သော် စိတ်ချမ်းသာပါတယ်။ ကိုယ်ပိုင်ကားစီးချင်တဲ့ဆန္ဒ ကားအသစ်ကြီးနဲ့ ချက်ချင်း ပြည့်ပေါ့။ ကိုယ့်အတွက်လည်း စိတ်ချမ်းသာ။ နိုင်ငံတော် အတွက်ရော။ နိုင်ငံတော်အတွက် အကျိုးများစွာရှိပါတယ်။
နိုင်ငံတော်က ဝန်ဆောင်မှုအခွန် ခုနစ်ရာခိုင်နှုန်း ရတယ်။ ကားသွင်းတဲ့အခွန် ရထားတယ်။ ကုမ္ပဏီအခွန် တွေရထားတယ်။ လမ်းအခွန်ရဦးမယ်။ ကားအာမခံ၊ လူ့အသက်အာမခံနဲ့ အီးအာရ်ပီကနေရဦးမှာ ဖြစ်ပါတယ်။ တရားဝင်မော်တော်ကားများ ရောင်းချခြင်းရဲ့အကျိုး ကျေးဇူးတွေပါ ခင်ဗျ။

ကိုင်း.....ကားတော့ရပြီ။

ဆင်တွေ၊ မြင်းတွေဝယ်စီးရင်တောင် အစာကျွေး ရသေးတာပဲ။ ဓာတ်ဆီဆိုင်ကိုမောင်း ဆီဖြည့်၊ နိုင်ငံတော်က စွမ်းအင်သုံးဆီတင်သွင်းရောင်းချမှုကနေ အခွန်ကောက်ခံ ရရှိပါသေးတယ်။
ကားကအိမ်နားရောက်ပြီ၊ ကားရပ်နားဖို့ တိုင်တွေ စိုက်ရ၊ တုံးတွေချရ၊ ရန်ဖြစ်ရမှာ တွေးပူစရာမလိုပါဘူး။ အိမ်ရာဦးစီးဌာနက ညအိပ်ယာဉ်ရပ်နားခွင့်ကို တစ်လ ဒေါ်လာ ၉၀ နဲ့ဝယ်၊ ငါးထပ်အမြင့် ကားရပ်နားအ‌ဆောက် အအုံမှာ စတိုင်ကျကျမောင်းတက် ရပ်နားရုံပါပဲခင်ဗျာ။

လမ်းခွန်

Road Tax က တစ်လတစ်ကြိမ်ဝယ်မလား။ သုံးလ တစ်ကြိမ် ဝယ်မလား။ ဘောစိဆိုတော့ တစ်နှစ်စာ ဝယ်မလား။ အဲဒီလမ်းခွန်က ကားရှေ့လေကာမှန်မှာ သုံး လက်မပတ်လည်လောက် အကြီးကြီးကပ်ထားရပါတယ်။ စစ်တဲ့သူက လေဆာမီးနဲ့ထိုးပြီး မှန်၊ မမှန် စစ်ပါတယ်။ မမှန်ရင် ဒဏ်ချခံရတာအကြီးကြီးမတန်တဆခံရပါမယ်။

ကားအာမခံ

ကားအာမခံ ဝယ်ကိုဝယ်ရပြန်တယ်။ မတော်တဆ ကားချင်းငြိရင် လျော်စရာ၊ လူကိုတိုက်မိရင် လျော်စရာ ကား အာမခံမဝယ်မနေရပါ။ ကားအာမခံပြမှ လမ်းခွန်ပြား ကားမှာ ကပ်ထားစရာ ဝယ်လို့ရတာပါ။
ကိုယ့်ကားက သူများကားကိုသွားငြိလို့ လျော်ရတော့ မယ်ဆိုရင် အာမခံကုမ္ပဏီကို ဖုန်းလှမ်းဆက်လိုက်ရုံပါပဲ။ ပိန်ရင်ထု ပွန်းရင်ဆေးမှုတ်။ အာမခံကုမ္ပဏီကရှင်းပေးလိုက် တယ်လေ။ အဆင်ပြေမလား။
မပြေပါဘူး။ အဲဒီလျော်ပေးရတာတွေ များလာရင် နောက်တစ်ရစ် ကားအာမခံဝယ်တဲ့အခါ အာမခံကြေး များလာပါတယ်။

ကျွန်တော့်မိတ်ဆွေက သူ့မာစီဒီးကားပေါ် သစ်ကိုင်း ကျိုးကျလို့ ပိန်ချိုင့်သွားတာ အာမခံကုမ္ပဏီကို လျော်ခိုင်း ပါတယ်။ လျော်ပေးပါတယ်။ နောက်တစ်ရစ်ကျ ရတာနဲ့ မတန်အောင် ထပ်တိုးတောင်းခံရတာပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ တော်ရုံတန်ရုံဖြစ်သမျှ သွားထု၊ သွားမှုတ်ကိုယ်တိုင်ခံလိုက်တယ်။ အလျော်ရနည်းတဲ့ ကျွန်တော်ကား အာမခံနည်းသည်ထက် နည်းလာတယ်။

ဒါတွေလည်း နိုင်ငံတော်ကို သွယ်ဝိုက်အခွန်ဘဏ္ဍာ ရနေတာပဲခင်ဗျ။ ကျွန်တော်တို့က အခွန်ထမ်းပါ၊ နိုင်ငံတော်ချမ်းသာအောင် ပံ့ပိုးနေတာ။
ဟား...နိုင်ငံတော်က ကားကြောင့်ရတဲ့အခွန်ထဲမှာ အီးအာရ်ပီကအရဆုံးပါဗျာ။ အီးအာရ်ပီ (ERP- Electronic Road Pricing) ဆိုတာ ကားအဝင်၊ အထွက်များလို့ ပိတ်ကျပ် နေတဲ့နေရာတွေကို မဝင်မဖြစ် ဝင်ခြင်းမှတစ်ပါး တားဆီး ထားတဲ့ ဝင်ခွင့်ကောက်ခံငွေဖြစ်ပါတယ်ဗျာ။ ကားဝင်၊ ကားထွက်များတဲ့ ကားပိတ်ဆို့မှုများနိုင်တဲ့အချိန်ကို ကားတစ်စီး သုံးဒေါ်လာလောက်ကောက်တယ်။ ကားနည်းချိန် ၅၀ ဆင့်ကောက်တယ်။ မြန်မာငွေကျပ် ၅၀၀ လောက်ဆိုပါတော့။

သတ်မှတ်ရာလမ်းအဝင်မှာ သံမဏိမုခ်ဦးကြီးတွေ အခိုင်အမာဆောက်တယ်။ ကားက အဲဒီအောက်ကဖြတ်ပြီး (ဗိုလ်ချုပ်ဈေးလို) ယာဉ်ထူထပ်တဲ့နေရာမျိုးဝင်တော့မယ် ဆိုရင် ကျသင့်ငွေကို ကျွန်တော်ကားထဲမှာတပ်ထားတဲ့ ကပ်ပြားအိမ် IU (In- vehicle Unit) ထဲကနေ တီခနဲနုတ် သွားတာ။ နုတ်မရရင် ဒဏ်ငွေဆောင်ခိုင်းသေးသဗျ။ ၁၂ ဆ လောက် ဆောင်ရမှာဆိုတော့ ကားမောင်းသူတိုင်းက မှန်မှန် ကန်ကန် အဖြတ်ခံရတာကိုပဲ ဝမ်းသာနေရသေးသဗျာ။

ဒဏ်ငွေထိပြီဆိုတာနဲ့ ကျွန်တော်ဖုန်းထဲက မက်ဆေ့က တီတီဆို ဝင်လာတာကိုး။
ကျွန်တော်က မာတီစတိုရီကားပတ်ခ် (Marti-story Car Part) မှာကားရပ်ပြီး အိမ်ပြန်ချင်ဇောနဲ့ ပြန်သွားလိုက် တာ။ ညရှစ်နာရီလောက်မှာ ဖုန်းမြည်လာလို့ ကိုင်လိုက်တော့
"ငါတို့ ရဲတွေပါ၊ မင်းကားဘယ်မှာ ရပ်ထားလဲ"
"လေးထပ်မှာလေ"
"ခဏဆင်းလာခဲ့ပါ"
အပြေးအလွှားဆင်းသွား၊ ကားပတ်ခ်ပေါ် ဒုန်းစိုင်းပြီး တက်သွားရတာပေါ့။ ကျွန်တော်ကားရဲ့ ယာဉ်မောင်းခုံဘေး က မှန်မတင်ခဲ့မိလို့လေ။ တွေ့တဲ့တစ်ယောက်ယောက်က မသင်္ကာလို့ ၉၉၉ ခေါ်လိုက်တာ။ ဟူး....မလွယ်ပါလား။
ရဲက ကုန်းလမ်းသယ်ပို့အာဏာပိုင် (Land Transport Authority) ကို ပိုင်ရှင်လိပ်စာ၊ ဖုန်းနံပါတ်တောင်းပြီး ဆက်တာဗျာ။ ကားနံပါတ်သိရင် အကုန်သိနိုင်တယ်။
စင်ကာပူမှာ ကားဟောင်းရောင်းလို့၊ ဝယ်လို့မရ ဘူးလား။
ရပါ့ဗျား။

အထင်ကရ ကားဟောင်းစက်ကင်းဟန်းကားတွေ အရောင်းအဝယ် အကြီးအကျယ်လုပ်ကြတယ်။ အစိုးရ လိုင်စင်ရ ပိုင်ရှင်ပေါက် လွှဲပြောင်းရောင်းဝယ်ခြင်းပါပဲ။ ဒါကြောင့် အခွန်လည်းရှောင်မရပါဘူး။ စင်ကာပူရီယမ် တွေကလည်း အခွန်ရှောင်ဖို့ယောင်လို့တောင် မတွေးပါဘူး ဗျာ။ ကိုယ့်အခွန်ငွေမဆိုသလောက်ဟာ နိုင်ငံတော် အတွက် သဲတစ်ပွင့် ရန်ပုံငွေပဲလေ။ ကားအဟောင်း အရောင်း အဝယ်ဖြစ်တာက အခြေအနေကောင်းနေဆဲ မာစီဒီး၊ ဘီအမ်ဒဗလျူလို ကားကောင်းတွေပါပဲ။ အနိမ့်ဆုံး ဟွန်ဒါ လောက်ပေါ့။

အင်္ဂလိပ်လို ထည့်မပြောဘဲမြန်မာလိုပဲ တတ်နိုင် သမျှရေးမယ် စိတ်ကူးထားပေမယ့် မပြည့်စုံနိုင်လို့ အင်္ဂလိပ်လို ညှပ်ပြောခွင့်ပြုပါဗျာ။
ကားအကြောင်းပြောတော့ စီအိုအီး(COE) ဆိုတာ မပါလို့ မဖြစ်ဘူး။ The Certificate of Entitlement ဆိုတာ ကားဝယ်ရင် အပေါင်တင်ထားတဲ့သဘောပြောရ မလားပဲလေ။ (LTE- Land Transport Authority) ကုန်း လမ်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်မှာ အာဏာအပြည့် ရှိပါတယ်။ ကားလမ်းပိတ်ဆို့မှုဖြစ်ရင် ကုန်ထုတ်လုပ်မှု တွေ၊ နိုင်ငံတော်စီမံခန့်ခွဲရေးတွေကို သွယ်ဝိုက်ထိခိုက် တာပါပဲ။ အဖြစ်မခံနိုင်ပါဘူး။ ရှိနေတဲ့ကားလမ်းပမာဏ၊ မသွားမဖြစ် ရုံး၊ ဈေး၊ ကျောင်းအထင်ကရနေရာတွေမှာ မောင်းနှင်နေတဲ့ အရေအတွက်လွန်ယာဉ်တွေကြောင့် ကားလမ်းပိတ်ဆို့မှု ဖြစ်ရပါတယ်။ စင်ကာပူမှာ အဓိက အဝေးပြေးကားလမ်း ရှယ်ကြီး ရှစ်စင်းလောက်ရှိပါတယ်။ ကားပျက်တာမရှိ ၊ မီးပွိုင့်မရှိ အတားအဆီးမဲ့ လမ်းရှည် ဖြောင့်ဖြောင့်တွေကြောင့် ယာဉ်ပိတ်ဆို့နှောင့်နှေးမှုမရှိ သလောက်ပါ။ မြို့လယ်ကောင် ရုံး၊ ဈေး၊ ကျောင်း ပေါများ တဲ့ ဧရိယာမှာ တစ်မိနစ် ကားဘယ်နှစီးဖြတ်မောင်း တယ်။ ယာဉ်စီးဆင်းမှုနှုန်း တစ်နာရီ ဘယ်နှမိုင်နှုန်းမောင်း နိုင်တယ်ဆိုတာ အမြဲတမ်းစောင့်ကြည့်လျက်ရှိပါတယ်။ ကားရပ်နားမှုကား‌ပတ်စ်ပို့တွေမှာ ကားရပ်ဖို့ ဘယ်လောက် ကြာအောင် စောင့်ရတယ်ဆိုတာတွေ စောင့်ကြည့်အစီ ရင်ခံနေခြင်းအားဖြင့် ကားလမ်းယာဉ်ပိတ်ဆို့မှုလျှော့ ချဖို့ကြိုးစားကြပါတယ်။ အဲဒါအတွက် အဖြေကတော့ စီအိုအီးနဲ့ ထိန်းချုပ်ခြင်းပါပဲ ခင်ဗျ။

စင်ကာပူမှာချမ်းသာလို့ ကားဝယ်စီးနိုင်တဲ့သူတွေကို ၁၀ နှစ်တိတိစီးခွင့်ပြုပါတယ်။ ကားပြခန်းမှာကားဝယ် ကတည်းက ကားစီးခွင့် ၁၀ နှစ်စာ စီအိုအီးက အပြီးပါ ထားပီးသားပါ။ ကျွန်တော်ကားဝယ်စီးတဲ့ ၂၀၀၄ ခုနှစ်မှာ ကျွန်တော်ရဲ့ ငါးယောက်စီး စူပါဆလွန်းအတွက် စီအိုအီးက ဒေါ်လာကိုးထောင်။ ကားရဲ့ တန်ဖိုးသက်သက် ဒေါ်လာ ငါးသောင်းခွဲရယ်။ စုစုပေါင်း ဒေါ်လာခြောက်သောင်း လေးထောင်ပေးရတယ်။ ကျွန်တော်ကားလက်ထဲရောက် ပြီး သုံး၊ လေးလကြာတော့ အဲဒီစီအိုအီးကြီးက နှစ်ဒေါ်လာအထိ ကျသွားတယ်။ စီအိုအီးက ကားဝယ်သူများလာတာ၊ ကားလမ်းပေါ်မှာ ကားတွေများလာပြီး ယာဉ်သွားလာမှု နှေးကွေးပိတ်ကျပ်မှုကို ထိန်းချုပ်တာပါ။ လူတွေကား မဝယ်ချင်လောက်အောင် စီအိုအီး မြှင့်တင်လိုက်ခြင်းဖြင့် ကားရောင်းရမှု လျော့သွားစေခဲ့ပါတယ်။

၁၀ နှစ်ပြည့်လို့ ဖျက်ဆီးပစ်လိုက်ခြင်းခံရတဲ့ ကားတွေလျော့သွားပြီ၊ လမ်းတွေချောင်နေပြီ၊ ကားရပ် နားတဲ့နေရာတွေ ကားရပ်နားမှုမရှိ လျော့နည်းသွားပြီ ဆိုရင် စီအိုအီးချပေးပါတယ်။ လိုချင်တဲ့ ကားအရေအတွက် လမ်းပေါ်မှာပြည့်နေရင် တောက်ပစ်လိုက်ပါတယ်။ နေ့စဉ် ၁၀ နှစ်ပြီးတဲ့ ကားတွေကိုလည်း တွင်တွင်ထုချေပစ်နေတာ ဆိုတော့ ကားလမ်းပိတ်ဆို့မှုလည်းမရှိ၊ ယာဉ်အို၊ ယာဉ် ဟောင်း၊ ဒုက္ခိတယာဉ်၊ လက်ပူတိုက်ယာဉ်တွေကားလမ်း ပေါ်မှာမမြင်ရတော့ဘူးပေါ့ဗျာ။ ကျက်သရေရှိလိုက် တာ.....
စင်ကာပူမှာ ကားတွေကိုသတ်မှတ်ချက်အတိုင်း ပုံမှန်စစ်ဆေးရေးအစစ်ခံဖို့ သွားပေးရတယ်။ စာရရင် လာရမည့်နေ့ အချိန်သွား။ အချိန်မကြာဘူး။ မစောင့်ရဘူး။ မျက်နှာငယ်၊ အားငယ်စရာလည်းမလိုဘူး။ မအားရင် ဖုန်းဆက်ရက်ရွှေ့ချိန်းပါရတယ်။

VICOM ဆိုတဲ့ ယာဉ်စစ်ဆေးတဲ့ဌာနဝင်းထဲရောက် တော့ ညွှန်ပြတဲ့အတိုင်း သံလမ်းပေါ်မောင်းတင်ပေးရ တယ်။ စစ်ဆေးတဲ့သူက ကားအောက်က ကျင်းထဲကနေ စစ်တယ်။ အပေါ်ဘက်ကလူတွေက ဘရိတ်စစ်တယ်။ အချက်ပြမီးတွေစစ်တယ်။ ကားတွေကအသစ်တွေပဲ ဆိုတော့ pass ဖြစ်တာပဲ တွေ့ရပါတယ်။

စင်ကာပူမှာ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ယာဉ် မောင်းလိုင်စင်လျှောက်ထားခွင့်ရှိပါတယ်။ စာတွေ့၊ လက် တွေ့ ယာဉ်မောင်းလိုင်စင် လျှောက်ထားခွင့်ရှိပါတယ်။ သင်ကြားပေးမယ့် သင်တန်းတွေ၊ သင်တန်းဆရာများကို ကုန်းလမ်းသယ်ပို့အာဏာပိုင်က သတ်မှတ်ခွင့်ပြုထားတာ ကြောင့် စင်ကာပူနိုင်ငံရဲ့ ယာဉ်အန္တရာယ်ဟာ အင်မတန် နည်းပါတယ်။
၁၀ နှစ်စီးပြီးဖြစ်တဲ့ကားကို ဆက်စီးချင်သေးရင် ဒေါ်လာတစ်သောင်းခွဲလောက် ထပ်ပေးရတယ်။ ငါးနှစ် ထပ်စီးလို့ရတယ်။ အပေါင်ပေးထားတဲ့ စီအိုအီးဆုံးပါ တယ်။
၁၀ နှစ်ထပ်စီးချင်ရင်တော့ ဒေါ်လာငါးသောင်း လောက် ထပ်ဆောင်ရပါတယ်။ ကားအကောင်းစားကြီးတွေက လွဲရင် ထပ်တိုးဖို့မတန်ပါဘူး။
ကျွန်တော်ကားကို ၁၀ နှစ်ပြည့်လို့ လာအပ်ခိုင်းတဲ့အခါ အတွေးထဲမှာ ဒီကောင်တွေ ငါ့ကားကိုတစ်စစီဖြုတ်ရောင်း မလား။ ဆင်းရဲတဲ့နိုင်ငံတွေဆီ ပြန်ရောင်းမလားနဲ့ ဒွိဟ သံသယဖြစ်မိသေးသဗျ။ စင်ကာပူမှာ ဆလွန်းကားကို တစ်လက်ကိုင်မောင်းတာ။ ရပ်တော့ အရိပ်အောက်၊ မောင်းတော့ နိုင်လွန်လမ်း၊ သုံးတဲ့ဆီက အကောင်းစား ဆိုတော့ ကားကအသစ်အတိုင်း။

ကျွန်တော်လည်း ကားလာအပ်ကြောင်းပေးတဲ့ပုံစံမှာ ဖြည့်ပြီးရော ကားလေးရဲ့ လေကာမှန်ပေါ်မှာ မတ်ကာပင်နဲ့ သူတို့ရေးခြစ်လိုက်တာနဲ့တစ်ပြိုင်နက် ဖော့ကလစ်ကားတစ်စီးက သူ့လက်တံနှစ်ချောင်းနဲ့ လေကာမှန်ကို ဒိုင်းခနဲထိုးဖောက်ပြီး ကားလေးကို မယူသွားပါတော့တယ်။ တစ်ခါတည်းအင်အားကြီးမား လှတဲ့စက်တွေနဲ့ ဖိချလိုက်တော့တာပါပဲ။ ကျွန်တော်မှာသာ ၁၀ နှစ်တာ အတူရှိခဲ့တဲ့ ရင်သွေးငယ်ကိုဆုံးရှုံးလိုက် ရသလို ရင်ကွဲပက်လက်ဖြစ်ပြီး ရင်နာနာနဲ့ပြန်လာခဲ့ရတယ်။
စင်ကာပူမှာ ကားအစိတ်အပိုင်းတစ်ခုပျက်ရင် မပြင် ပါဘူး။ တစ်ပိုင်းလုံးဖြုတ်လဲလိုက်ပါတယ်။ ဆေးရောင်စုံ ရနိုင်တဲ့အတွက် ပွန်းပဲ့ထိခိုက်ဒဏ်ရာကိုလည်း အဆင် ပြေပြန်ဖာလို့ရတယ်။ စင်ကာပူမှာ ဒါကြောင့် ကားပစ္စည်း အဟောင်းတန်းမရှိ။ ကားကုမ္ပဏီရဲ့ ပြုပြင်ဌာနဆီ ပြန်သွားပြီး လိုတာအသစ်လဲလှယ်လိုက်ရုံပဲ ဖြစ်ပါ
တယ်။

ဒါကြောင့် ကားသယ်ယူပို့ဆောင်မှု၊ ရောင်းဝယ် ထိန်းချုပ်မှုကောင်းများ အခြေကျနေပြီဖြစ်တဲ့ စင်ကာပူက နည်းလမ်းများကို လေ့လာပြီး သူများနဲ့မတူ တစ်မူကွဲပြား စွာ အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း သင့်ကြပါကြောင်း။ ။