Friday, February 28, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၉) ရွေးကောက်ပွဲနှင့် မဟာဗျူဟာစီမံကိန်း


Image may contain: one or more people

မောင်စာဂ
လုပ်ငန်းတစ်ခုအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုလျှင် လုပ်ငန်းအစီအစဉ် တွေ ချမှတ်ရသည်။ စီမံချက်တွေ ရေးဆွဲရသည်။ ကြီးမားလှသော လုပ်ငန်း ကြီးများကို ဆောက်ရွက်ရသည့်အခါမှာတော့ သာမန်စီမံချက်များ ရေးဆွဲ ချမှတ်ရုံလောက်နှင့် မပြည့်စုံနိုင်။ စီမံကိန်းများ ရေးဆွဲရသည်။ ၂၀၂၀ ပြည့်နှစ် အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးသည် တစ်နိုင်ငံလုံးအတိုင်း အတာနှင့် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအားလုံးတွင် ကျင်းပသွား မည်။ ကြီးမားလှသော လုပ်ငန်းစဉ်ကြီးဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဟာဗျူဟာစီမံကိန်းကို ရေးဆွဲချမှတ်ထားရှိ သည်။ အနှစ်ချုပ်မျှဝေပါရစေ။
မဟာဗျူဟာစီမံကိန်း (၂၀၁၄ - ၂၀၁၈ )
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၄ ခုနှစ်ကစ၍ ရွေးကောက်ပွဲများ ချောမောအောင်မြင်စွာ ကျင်းပနိုင်ရန် မဟာဗျူဟာစီမံကိန်း (၂၀၁၄ - ၂၀၁၈)ကို ရေးဆွဲချမှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဟာဗျူဟာ စီမံကိန်း (၂၀၁၄ - ၂၀၁၈) ပါ ရည်မှန်းချက်ပန်းတိုင်များအတိုင်း လိုက်နာ ကျင့်သုံးဆောင်ရွက်ခဲ့ရာ စီမံကိန်းတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်းခန့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၂ )
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို မျှော်မှန်းလျက် ၂၀၁၉ ခုနှစ်မှစ၍ ဆောင်ရွက်ရန်ရှိသည်များ နှင့် ရွေးကောက်ပွဲအပြီး ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမည့်ကာလ ၂၀၂၂ ခုနှစ်အထိ လေးနှစ်တာ မဟာဗျူဟာ စီမံကိန်း (၂၀၁၉ - ၂၀၂၂ ) ကို ရေးဆွဲခဲ့သည်။
မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များ
မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များ ၁၁ ချက်ရှိသည်။ အောက်ပါအတိုင်း ဖြစ်သည်-
မဟာဗျူဟာစီမံကိန်း(၁)။ ဥပဒေရေးရာမူဘောင်နှင့် လွှတ်တော် ဆက်ဆံရေး၊
မဟာဗျူဟာစီမံကိန်း(၂)။ ဝန်ထမ်းများ၏ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင် ရေး၊
မဟာဗျူဟာစီမံကိန်း(၃)။ ပြည့်စုံမှန်ကန်သော မဲစာရင်းပြုစုခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
မဟာဗျူဟာစီမံကိန်း(၄)။ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊
မဟာဗျူဟာစီမံကိန်း(၅)။ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေး ခြင်း၊
မဟာဗျူဟာစီမံကိန်း(၆)။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် တွင် ပေါ်ပေါက်လာနိုင်သည့် အငြင်းပွားမှု များ၊ တိုင်ကြားမှုများနှင့် ကန့်ကွက်မှုများ
ဖြေရှင်းခြင်း၊
မဟာဗျူဟာစီမံကိန်း(၇)။ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့်ဆက်ဆံခြင်း၊
မဟာဗျူဟာစီမံကိန်း(၈)။ အားလုံးပါဝင်ဆောင်ရွက်မှု မြှင့်တင်ခြင်း၊
မဟာဗျူဟာစီမံကိန်း(၉)။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း နှင့် မဲဆွယ်စည်းရုံးရေးအသုံးစရိတ်၊
မဟာဗျူဟာစီမံကိန်း(၁၀)။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း၊
မဟာဗျူဟာစီမံကိန်း(၁၁)။ စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်ခြင်း၊ စိစစ်သုံးသပ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်း။
ရွေးကောက်ပွဲစက်ဝန်း
ရွေးကောက်ပွဲစက်ဝန်းဟူသည် ရွေးကောက်ပွဲကာလများဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်း
ပိုင်းကာလများတွင် ရွေးကောက်ပွဲကာလအလိုက် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များကို အလွယ်တကူသိရှိနိုင်ရန် စက်ဝန်းပုံသဏ္ဌာန်ဖြင့် ပုံဖော်
ရေးဆွဲပြသထားခြင်းဖြစ်သည်။ မဟာဗျူဟာစီမံကိန်း ၁၁ ချက်လုံးသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကာလအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အချက်များ ဖြစ်သည်။
မဟာဗျူဟာမျှော်မှန်းချက်၊ တာဝန်နှင့် လိုက်နာဆောင်ရွက်မည့် အခြေခံမူများ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်မဟာဗျူဟာစီမံကိန်းပါဆောင်ရွက်ရန်ရှိသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မျှော်မှန်းချက်၊ တာဝန်နှင့် လိုက်နာရမည့်အခြေခံမူများ ချမှတ်ထားရှိကြောင်း ဤသို့လေ့လာသိရှိရသည်-
မျှော်မှန်းချက်နှင့်စပ်လျဉ်း၍ စစ်မှန်ခိုင်မာသော ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတပြီး တူညီသောအခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးခြင်းဖြင့် အများယုံကြည်လက်ခံလာစေရန် မျှော်မှန်းချက်ထား ရှိသည်။
တာဝန်ပိုင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်ထားသော အခွင့်အာဏာအရ လွတ်လပ်၍တရားမျှတသော ဘက်မလိုက်သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အဖွဲ့ဝင်များ၏စွမ်းဆောင်မှုအရည်အသွေး မြှင့်တင်ပေးခြင်း၊ ပြည့်စုံမှန်ကန်သောမဲစာရင်းများပြုစုခြင်း၊ မဲဆန္ဒရှင်များအားပညာပေးခြင်း၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းဆောင် ရွက်ကာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်မည်။ လွတ်လပ်၍ တရားမျှတသောရွေးကောက် ပွဲများကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်မည်။
လိုက်နာဆောင်ရွက်မည့်အခြေခံမူများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံဆောင်ရွက်ရာ တွင် ပြင်ပလွှမ်းမိုးမှုမရှိစေဘဲ လွတ်လပ်၍ အမှီအခိုကင်းစွာဖြင့် စီမံဆောင် ရွက်မည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခု၏ လွှမ်းမိုးမှုမရှိဘဲ ဆောင်ရွက်မည်။ မည်သည့်ပါတီ၊ လူပုဂ္ဂိုလ်တစ်ဦးဦးကိုမျှ ဘက်လိုက်ခြင်းမရှိဘဲ ဥပဒေနှင့် အညီ တရားမျှတခြင်းကို ဦးတည်ကြီးကြပ်ဆောင်ရွက်မည်။ ရွေးကောက်ပွဲ ဆိုင်ရာမူဝါဒများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်မည်။
ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ဆောင်ရွက်မည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အစဉ်အမြဲ ခိုင်မာရှင်သန်စေရန်၊ တိုးတက်နေသော ခေတ်မီနည်းပညာများကိုအသုံးပြု၍ တီထွင်ကြံဆတွေးခေါ်ဆောင်ရွက်မည်။ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲ လုပ်ငန်းများအပေါ် ပြည်သူများ၏ယုံကြည်ကိုးစားမှုမြင့်မားစေရန် ဥပဒေ များနှင့်အညီ စီမံဆောင်ရွက်မည်။ ပြည်သူအား ဥပဒေနှင့်အညီ ဆောင်ရွက် နေကြောင်း အသိပေးမည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက်တွင် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် လွတ်လပ်၍ တရားမျှတသော၊ သိက္ခာရှိသော ရွေးကောက်ပွဲများကို ကျင်းပပေးခြင်းဖြင့် ဒီမိုကရေစီအဆောက် အဦများ ဖွံ့ဖြိုးတိုးတက်ခိုင်မာလာစေရေး ဆောင်ရွက်မည်။
ရွေးကောက်ပွဲနှင့်အတူ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ် ၁၁ ချက်သည် လွှတ်တော်နှင့်သက်ဆိုင်သည့်အပိုင်း၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်သည့်အပိုင်း၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲလေ့လာသူများစသည့် ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများနှင့် သက်ဆိုင်သည့်အပိုင်းများ အသီးသီးပါရှိသည်။
စီမံကိန်းလုပ်ငန်းစဉ် ၁၁ ချက်လုံး အောင်မြင်ရေးအတွက် ကဏ္ဍစုံမှပါဝင် ပတ်သက်သူများနှင့် ဆက်ဆံခြင်းကဏ္ဍ၊ အားလုံးပါဝင်ဆောင်ရွက်မှု
မြှင့်တင်ခြင်းကဏ္ဍနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်းကဏ္ဍများ ပိုမိုတိုးတက် ကောင်းမွန်မှုရှိစေဖို့ အလေးထားဆောင်ရွက်ရန်လိုအပ်ပါမည်။ ထိုသို့ ဆောင် ရွက်ခြင်းဖြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များ မျှော်မှန်း ထားသည့်အတိုင်း အပြည့်အဝအောင်မြင်ဖြစ်ထွန်းလိမ့်မည်ဟု ယုံကြည်မိ ပါကြောင်း။ မဟာဗျူဟာစီမံကိန်း၏ မျှော်မှန်းချက်နှင့်အညီ-
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီးဖြစ်ပါစေ၊
တူညီသောအခွင့်အရေးဖြင့် ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲကြီး ဖြစ်ပါစေ၊
ရွေးကောက်ပွဲစက်ဝန်းပါလုပ်ငန်းစဉ်များ ချောမောအောင်မြင်ရေး အတွက် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် ကြပါစေ။ ။

No comments:

Post a Comment