Thursday, February 27, 2020

(COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေးကျင်းပ




Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆



Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှု ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၄/၂၀၂၀) ကို ယနေ့ နံနက် ၈ နာရီက နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ခေတ်ကာလသည် လေကြောင်း ခရီးသွားလာမှုများ တိုးတက်များပြားသည့်အတွက် အိမ်နီးချင်းနိုင်ငံများ သာမက အလှမ်းဝေးကွာသည့် နိုင်ငံများသို့ပင် နေ့ချင်း ခရီးရောက်ရှိနိုင်သည့်အတွက် အလှမ်းဝေးနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုပုံသဏ္ဌာန်သည် မိမိတို့ မြန်မာနိုင်ငံသို့လည်း ထင်ဟပ်လာနိုင်သည့်အတွက် ၎င်းနိုင်ငံများ၌ ဖြစ်ပွားသည့် ရောဂါဖြစ်ပွားမှုအခြေအနေများအား အချိန်နှင့်တစ်ပြေးညီ သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ရောဂါစတင်ဖြစ်ပွားရာ ပင်ရင်းဗဟိုနေရာ ဝူဟန်မြို့အပြင် အခြား ရောဂါကူးစက် ပြန့်ပွားမှု ဆင့်ပွားဖြစ်ပွားမှုနေရာငယ်များလည်း အချိန် မရွေး ဖြစ်ပွားလာနိုင်သည့် အခြေအနေများကိုလည်း သုံးသပ်ပြီး မိမိတို့နိုင်ငံ၌ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ် ရမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါပိုးသည် ယခုအချိန် အထိ မျိုးရိုးဗီဇပြောင်းလဲခြင်းမရှိသေးသည်ကို တွေ့ရှိ ရသည်မှာ ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်ပါ ကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေ ဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် ရောဂါဖြစ်ပွားမှုများသော နိုင်ငံများ၏ သတင်းထုတ်ပြန်ချက်နှင့် ပြောကြားချက် များအား နေ့စဉ်နားထောင်ခြင်း၊ သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်း တို့ကို ပြုလုပ်ခြင်း၊ အပတ်စဉ် ကပ်ရောဂါဗေဒရှုထောင့်မှ အခြေအနေများအား တင်ပြအစီရင်ခံသွားရမည်ဖြစ် ကြောင်း။
ဒေသတွင်းနိုင်ငံများတွင် COVID-19 ရောဂါရှိသူ များအား အောင်မြင်စွာကုသခဲ့မှု ကုထုံးဆိုင်ရာ အတွေ့ အကြုံများနှင့် အခက်အခဲအချက်အလက်များကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက်၍ အမြန်ဆုံးသတင်းရယူ သွားရန်အရေးကြီးပါကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံတွင် ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါလူနာများတွေ့ရှိပါက ၎င်းတို့အား ကုသရာ၌ များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ အဓိကဆေးရုံများ နှင့် နယ်စပ်ဒေသတွင်ရှိသော မြို့နယ်ဆေးရုံများတွင် လက်ရှိအချိန်၌ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ များအား စာရင်းပုံစံဖြင့် ဆန်းစစ်ခြင်းကို ချက်ချင်း ဆောင်ရွက်၍ တွေ့ရှိချက်များအား ဝန်ကြီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန် လိုအပ်ပြီး လိုအပ်ချက်များကို ချက်ချင်းဖြည့်ဆည်းမည်ဖြစ်ပါကြောင်း။
COVID-19 ရောဂါနှင့်ပတ်သက်၍ ယခုအချိန်အခါ၌ နယ်စပ်မြို့များမှ လူများ ဝင်၊ ထွက်ရာနေရာများရှိ ဝန်ထမ်း များနှင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာ မည်မျှ ရှိနေသည်ကို ဆန်းစစ်ခြင်းဖြင့် မိမိတို့၏ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ ထိရောက်မှုအတိုင်း အတာကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်ပေါ် မူတည်၍ လိုအပ်လျှင် လိုအပ်သလို မဟာဗျူဟာ၊ နည်းဗျူဟာများကို ပြောင်းလဲ၍ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
လတ်တလော ရောဂါဖြစ်ပွားမှုများပြားနေသော ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့မှ ဝင်ရောက်သော ခရီးသည်များအား အပြည်ပြည် ဆိုင်ရာလေဆိပ်များ၌ ယခုထက်ပိုမို၍ ဂရုစိုက်စစ်ဆေးရန် လိုအပ်သည့်အပြင် ၎င်းတို့တည်းခိုမည့် ဟိုတယ်နှင့် တည်းခိုခန်းများသို့ ချက်ချင်းအကြောင်းကြားသည့် ကိစ္စသည် ယခုအချိန်အခါ၌ အထူးအရေးကြီးပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ တာဝန် ထမ်းဆောင်လျက်ရှိသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနများနှင့် မိမိတို့ လေဆိပ်ကျန်းမာရေးဌာနများသည် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် အပတ်စဉ် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး လိုအပ်လျှင် လိုအပ်သလို ပိုမိုတိကျစနစ်ကျစွာဖြင့် ချိန်ကိုက်ညီပူးပေါင်းဆောင်ရွက်ခြင်းကို လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသားများ လာရောက်နေထိုင်မှုများပြားသည့် ရပ်ကွက်များ၌လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ယခုထက် ပိုမို၍ စနစ်တကျ ဆောင်ရွက်စေလိုကြောင်းနှင့် အသိပညာပေးဟောပြောမှုများကို ဆက်လက်၍ ဆောင်ရွက်စေလိုပါကြောင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ရာတွင် အစိုးရိမ်လွန်ကဲခြင်းနှင့် လုံးဝ အလေးဂရုမပြုခြင်းတို့ကြားတွင် မျှတမှုရှိသော ကျန်းမာရေးအသိပေးမှုများကို ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ အများပြည်သူများ အသုံးပြုသည့် YBS ဘတ်စ်ကားများ၊ အဝေးပြေး express ကားများနှင့် သင်္ဘောများတွင် လက်ဆေးခြင်း၊ ချောင်းဆိုးခြင်းနှင့် ပတ်သက်သည့် (၂)မိနစ်ခန့်ကြာမည့် ကျန်းမာရေး အသိပေးနှိုးဆော်ချက်များကို ဖြစ်နိုင်ပါက လက်ကိုင်အသံ ချဲ့စက်ငယ်များ အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများကို အကြောင်းကြားရ မည်ဖြစ်ပါကြောင်း။
အပျော်စီးသင်္ဘောများ ပြည်တွင်းသို့ဝင်ရောက်မှုအား တတ်နိုင်သမျှ မလာစေချင်ပါကြောင်းနှင့် မတ် ၄ ရက်တွင် ဝင်ရောက်မည့် သင်္ဘောပါခရီးသည်များ၏ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားလာမှု ရာဇဝင်နှင့် မြန်မာနိုင်ငံ အတွင်း သွားရောက်မည့်ခရီးစဉ်၊ အသုံးပြုမည့်ယာဉ်၊ တည်းခိုမည့် ဟိုတယ်များအပါအဝင် အသေးစိတ်အချက် အလက်များ အတိအကျတောင်းခံ၍ ရောဂါစောင့်ကြပ် ကြည့်ရှုသွားရန် လိုအပ်ကြောင်း၊ ဤကိစ္စရပ်ကို အထူးတင်း ကျပ်စွာ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Free visa ပေးထားသည့် နိုင်ငံများနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်ပြီး သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးရန် လိုအပ် ပါကြောင်း၊ နိုင်ငံခြားခရီးသည်များ တည်းခိုနေထိုင်မည့် ဟိုတယ်များတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့် ညွှန်ကြားစာများရရှိခြင်း ရှိ၊ မရှိကို အမြန်ဆုံးဆန်းစစ်၍ လိုအပ်သလိုဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
ဤရောဂါနှင့်ပတ်သက်သည့် လှူဒါန်းရရှိထားသည့် ဆေးနှင့် ဆေးပစ္စည်းများကို လိုအပ်သော ဆေးရုံများ၏ လက်ကျန်စာရင်းအားစိစစ်၍ အမြန်ဆုံး ဖြန့်ဝေပို့ဆောင် ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထပ်မံရရှိမည့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေး ဝတ်စုံများသည် မိမိတို့ ဝန်ထမ်းများ သံသယလူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူခြင်းနှင့် ကုသမှုပေးခြင်းများ၌ အသုံးပြုရန်လိုအပ်သဖြင့် လုံးဝပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါအား ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ပြသပါက မဖြစ်မနေသတင်းပေးပို့ တိုင်ကြားရ မည့် ရောဂါအဖြစ် သတ်မှတ်၍ အမိန့်စာထုတ်ပြန်မည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးသဖြင့်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်များတွင် ပါဝင်ကူညီဆောင်ရွက်ပါက ပိုမိုထိရောက်နိုင်မည် ဖြစ်ပါ ကြောင်း၊ လိုအပ်ပါက COVID-19 ရောဂါသံသယနှင့် စောင့်ကြည့်လူနာအဓိပ္ပာယ် သတ်မှတ်ချက်တွင် ဖြစ်ပွားပျံ့နှံ့မှုများလျက်ရှိသည့် နိုင်ငံများ၌ အသုံးပြုသည့် ပုံစံကို သုံးသပ်ပြီး သင့်လျော်ပါက မိမိတို့နိုင်ငံ၌လည်း ပြင်ဆင် သတ်မှတ်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး ကြေညာချက်ကတ်တွင် ရောဂါဖြစ်ပွားသည့် နိုင်ငံများ အား ထပ်တိုးထည့်သွင်း သတ်မှတ်သွားခြင်းနှင့် လေယာဉ် မထွက်ခွာမီ ကျန်းမာရေးအသိပေးနှိုးဆော်ချက်ကို ပိုမို ရိုးရှင်းစေရန်အတွက် ပြန်လည်မွမ်းမံထားသည်ကို တွေ့ရှိ ရသည်မှာ ကောင်းမွန်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် နှီးနွှယ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအားလုံးအနေဖြင့် မိမိတို့တွင်ရှိသော လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေ၊ စက်ပစ္စည်းကိရိယာများဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် မှုများကို လုံးဝအရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက် ကြစေလိုပါကြောင်း မှာကြားသည်။
အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုနှင့် အခြေအနေများ၊ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့် နိုင်ငံများ၊ လေကြောင်း ဆက်သွယ်မှုအခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ် အတွင်းရှိ ဆေးရုံ/ ဆေးခန်းများမှ ထူးခြားဖြစ်စဉ်များ၏ အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းတွင် COVID-19 ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးသည့် အခြေအနေများနှင့် လက်ရှိ နေ့စဉ်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ် များတွင် ထပ်မံလိုအပ်နိုင်သည့် ဆေးနှင့်ဆေးပစ္စည်း အလျင်အမြန် ဖြည့်တင်းပေးနိုင်ရေးအတွက် ပြင်ဆင် ထားရှိသည့် အခြေအနေများ၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပဉ္စမအကြိမ်မြောက် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့မှု အခြေအနေများ၊ Cabin announcement တွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အချိန်တိုအတွင်း ပြောကြား နိုင်စေရန် မွမ်းမံပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ရောဂါ ဖြစ်ပွားမှုမြင့်မားသည့် နိုင်ငံများမှ ပြန်လာသော ကျောင်းသားများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်ရောက်ရန် တောင်းဆိုထားသော မြန်မာနိုင်ငံသားများ အတွက် လိုအပ်သည့် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိရေး တင်ပြ ခြင်း၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းစဉ်များနှင့် အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော လေဆိပ်နှင့် ဆိပ်ကမ်းများတွင် Pneumonia Surveillance ဆောင်ရွက် မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်း၊ ဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းများအား မီဒီယာများမှ အလေးထားရယူ၍ သတင်းများထုတ်ပြန်ရန် ညှိနှိုင်းခြင်းအတွက် Media Advocacy ဆောင်ရွက်ရန်ကိစ္စ၊ လူအများအား အသိပညာ ပေးရာတွင် ထိရောက်စေရန်အတွက် လက်ကိုင်အသံ ချဲ့စက်များဖြင့် အသုံးပြုနိုင်မည့် စက္ကန့် ၈၀ ခန့်ကြာမြင့် သည့် အသံဖိုင်အား ပြုလုပ်ထားရှိမှု စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝယ်/ဖြန့်)၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံ အုပ်ကြီး၊ ညွှန်ကြားရေးမှူး(ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)နှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ehealth စသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြု ခြင်းများ ဆောင်ရွက်ခဲ့သည်။ သတင်းစဉ်

No comments:

Post a Comment