Friday, February 28, 2020

စစ်မှန်သောလူ့အခွင့်အရေးအနှစ်သာရများ ပေါ်ထွန်းလာရေးပူးပေါင်းဆောင်ရွက်

Image may contain: text that says 'The Mirror Daily Established in 1957'


အယ်ဒီတာ့အာဘော်
=================

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေး၏အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့်နည်းတူ ပြည်တွင်း၌ဆောင်ရွက်နိုင်သည့် နည်းလမ်းများ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့်မူဝါဒအား ထောက်ခံအားပေးရမည်ဖြစ်ကြောင်း မီးမောင်း ထိုးပြခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်အရေးကိစ္စနှင့် ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်သည်ဟူသော အကြောင်းပြချက် အမျိုးမျိုးဖြင့် နိုင်ငံတကာက ဖိအားအမျိုးမျိုး၊ စွပ်စွဲမှုအဖုံဖုံတို့ကို ပြုလုပ်လာခဲ့ သည့်အပြင် ယခုနှစ်ဆန်းပိုင်းက အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုလျှောက်ထားခဲ့ပြီး၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ၂၃ ရက်နေ့က ကြားဖြတ်အစီအမံချမှတ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်း၏စိုးရိမ်ပူပန်မှုများကို အပြည့်အဝနားလည်ပြီး ရခိုင်ပြည်နယ် အရေးကိစ္စကိုဖြေရှင်းရန် ကတိကဝတ်များပြုခဲ့သည့်အပြင် လက်တွေ့ လည်း အကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက်ပေးနေသည်။ သိမ်မွေ့ နက်နဲပြီး ရှည်လျားသောနောက်ခံသမိုင်းကြောင်းရှိသည့် ရခိုင်ပြည်နယ် ပြဿနာကို အစိုးရအနေဖြင့် အစဉ်တစိုက်ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပြီး အာဆာအကြမ်းဖက်သမားများက၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားရေး၊ လူမှုသဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဖြင့် နိုင်ငံတကာဥပဒေများ၏ အခြေခံမူဝါဒများကို အခိုင်အမာလိုက်နာပြီး နေရပ်စွန့်ခွာသွားသူများ မိမိဆန္ဒအလျောက်လုံခြုံစွာဖြင့် သိက္ခာရှိရှိ ပြန်လည်ဝင်ရောက်နိုင်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်တိုက်အကောင်အထည်ဖော်လျက်ရှိသည်။ ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ဇာတ်ကြောင်းပြန် ပြောကြားမှုများကို အခြေမခံဘဲ မျက်မြင်သက်သေများနှင့် တွေ့ဆုံမေးမြန်းစိစစ်ရေးတို့ကို အလေးထားဆောင်ရွက်ပြီး ရလဒ်များအပေါ်မူတည်၍ လက်တွေ့ကျသော တုံ့ပြန်ဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိသည်။
လူသားချင်းစာနာထောက်ထားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်နေသော်လည်း ကုလသမဂ္ဂစင်မြင့်မှ အဆိုပါရခိုင်ပြည်နယ်အရေး ကို ကြီးကြီးပုံဖော်နေဆဲဖြစ်၍ နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးဆောင်ရွက်မှု နည်းလမ်းမပြီးဆုံးသေးဘဲ အခြားအရေးယူဆောင်ရွက်မှုများ မပြုလုပ် သင့်ကြောင်းကို နိုင်ငံအားလုံးသိနားလည်စေရန် လျော်ကန်သင့်မြတ်သည့် အမှန်တရားကို မီးမောင်းထိုးပြသရမည်ဖြစ်သည်။ လူ့အခွင့်အရေး ကောင်စီသည် လူ့အခွင့်အရေးကိစ္စအားလုံးကို တန်းတူညီမျှဆက်ဆံသည့် နေရာ၊ ဖွံ့ဖြိုးမှုကို ဦးစားပေးကိစ္စအဖြစ် မှတ်ယူသည့်နေရာ၊ နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလက်ကိုင်ထားပြီး လုပ်ဆောင်ချက်များတန်းတူညီမျှစွာလုပ်ဆောင်၍ စံနှစ်မျိုးကျင့်သုံးမှုအား ရှောင်ကြဉ်သည့်နေရာ၊ ဆင်ခြင်တုံတရားကင်းမဲ့စွာ တစ်ဖက်သတ်အာဏာသုံးမှုနှင့် လုပ်ပိုင်ခွင့်တို့ကို ခွင့်မပြုသည့်နေရာ၊ ဓနအင်အားကြွယ်ဝမှု အတိုင်းအတာနှင့်နိုင်ငံရေး လွှမ်းမိုးမှုတို့ဖြင့် တန်ဖိုးကိုမဆုံးဖြတ်သည့်နေရာဟူသည့် မျှော်လင့်ချက် တို့သည် အမှန်တရားနှင့် တရားမျှတမှုကိုလိုလားသည့် ကမ္ဘာ့လူသား အားလုံး၏ဆန္ဒဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ် ခွင့်များအား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့်နည်းတူ နိုင်ငံများ၏ ပြည်တွင်းရေးဆောင်ရွက်မှုနည်းလမ်းများကို ပြီးဆုံးအောင်စောင့်ကြည့်ပြီး မှသော်လည်းကောင်း၊ မပြီးဆုံးမီ ဖေးမကူညီခြင်းဖြင့်လည်းကောင်း စစ်မှန်သောလူ့အခွင့်အရေးအနှစ်သာရများ ပေါ်ထွန်းလာအောင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment