Friday, November 30, 2018

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးကျင်းပ

Image may contain: indoor
ရန်ကုန် နိုဝင်ဘာ ၂၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေး (၁/၂ဝ၁၈)ကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကတိသစ္စာ မပြုရသေးသော ရွေးကောက်တင်မြှောက်ခံရသူ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့က ကတိသစ္စာပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေကြားခြင်းတို့ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂ဝ၁၈) တွင် ရန်ကုန် တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များက ကတိသစ္စာပြုလက်မှတ်ရေးထိုးကြသည်။
ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ''ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သမဝါယမအသင်း များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ၎င်းလုပ်ငန်း များမှ လစဉ်ဝင်ငွေ၊ နှစ်စဉ်ဝင်ငွေရရှိမှုများကို သိရှိလိုပါ ကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်း နှင့် မညီသောဆိုင်များကို မည်သို့ဆက်လက်ဆောင်ရွက် မည်''ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ''ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းတွင် သမဝါယမ အသင်း စုစုပေါင်း (၄၆) သင်းဖွဲ့စည်းထားရှိပြီး အသင်းမှ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနမှ ထိန်းကျောင်းတည့်မတ်ပေးလျက် ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းမှ ပိုင်ဆိုင်သောမြေနှင့် အဆောက်အအုံအခန်းများကို ငှားရမ်းခြင်း၊ အကျိုးတူဆောင်ရွက်ခြင်း စသည်တို့ကို ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ အရပ်ရပ် ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်လည်းကောင်း ကာလသတ်မှတ်၍ ခိုင်မာသောစာချုပ်များ ချုပ်ဆိုငှားရမ်း ပြီး အသင်းဝင်ငွေရအောင် ဆောင်ရွက်ကြပါကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် မညီသော အသင်းအား သမဝါယမအသင်းနည်းဥပဒေ ပုဒ်မ-၂၅ ပါ အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်ပါက သက်ဆိုင်ရာ သမဝါယမအသင်းအား စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်ပါကြောင်း'' ပြန်လည်ဖြေကြားသည်။
ယင်းနောက် သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း၏ ''သာကေတမြို့နယ်၊ ရပ်ကွက်အတွင်းရှိ သမဝါယမအသင်း ပိုင်ပစ္စည်း၏ စာရင်းဇယားများကို မည်ကဲ့သို့ စီမံခန့်ခွဲ ဆောင်ရွက်ထားသည်ကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန် အစီအစဉ်ရှိ၊ မရှိနှင့် မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်းနှင့် အချို့ရပ်ကွက်များတွင် ဖြစ်ပွားလျက် ရှိသော အမှုဆောင်ဥက္ကဋ္ဌမှစ၍ အသင်းသားများသည် အသင်းစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အသင်းသားများကို မည်သို့သောပြစ်ဒဏ်များဖြင့် အရေး ယူဆောင်ရွက်ခြင်း ရှိ၊ မရှိ''ကို သိရှိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီး ဦးဟံထွန်းက သာကေတမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု (၁)သင်း၊ အခြေခံသမဝါယမအသင်း (၅၉)သင်း၊ စုစုပေါင်း အသင်း (၆ဝ) ရှိပါကြောင်း၊ သမဝါယမအသင်းများမှ ပိုင်ဆိုင်သော ရင်းနှီးပစ္စည်းများဖြစ်သည့် မြေ (၆၁) ကွက်၊ အသင်းပိုင်အဆောက်အအုံ (၆၉) လုံး၊ သမဝါယမပိုင် မြေပေါ်တွင်မြေငှား၍ ပုဂ္ဂလိကပိုင်အဆောက်အအုံ (၁၉၄) လုံး၊ စုစုပေါင်း အဆောက်အအုံ (၂၆၃) လုံးရှိပါ ကြောင်း၊ အဆိုပါအဆောက်အအုံများတွင် အကျိုးတူ ငှားရမ်းထားသော အခန်းပေါင်း (၂ဝ၈) ခန်းရှိပါကြောင်း၊ သမဝါယမအသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို သမဝါယမအသင်း နည်းဥပဒေအရ အသင်းသည် လိုအပ် သည့် ငွေစာရင်း၊ ပစ္စည်းစာရင်း၊ အခြားစာရင်းများနှင့် မှတ်တမ်းများကို သတ်မှတ်ချက်နှင့်အညီ ပြုစုထိန်းသိမ်း ထားရှိခြင်း၊ သမဝါယမအသင်းများက ပိုင်ဆိုင်သော အဆောက်အအုံများကို အသင်းမှ စီမံခန့်ခွဲရာမှ ရရှိသော ဝင်ငွေသည် ၎င်းသက်ဆိုင်ရာ သမဝါယမအသင်း၏ ငွေစာရင်းသို့သာ ဝင်ပါကြောင်း၊ သမဝါယမဦးစီးဌာန အဆင့်ဆင့်သည် သမဝါယမအသင်းအဆင့်ဆင့်၏ စာရင်းများကို (၆)လတာကာလတွင် သာမန်စစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် နှစ်ချုပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ ''လှိုင် မြို့နယ်အတွင်း သမဝါယမပိုင် ဆိုင်ခန်းများ၊ တိုက်ခန်းများ မည်မျှရှိပါသလဲ၊ ဆိုင်ခန်းငှားရမ်းခများအား ခေတ်ကာလ ပေါက်ဈေးများဖြင့် ပြင်ဆင်ပြောင်းလဲသတ်မှတ်စာချုပ် ချုပ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် ဆိုင်ခန်းနှင့်တိုက်ခန်းများ၏ ငှားရမ်းခနှုန်းထားများအား တစ်ခုချင်းစီအလိုက်''ကို သိရှိ လိုကြောင်းမေးခွန်း၊ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၏ ''စားသုံးသူ သမဝါယမအသင်းအဆင့်ဆင့် (တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကျေး)အသင်းများ၏ ပိုင်ဆိုင်ခဲ့သော မရွှေ့မပြောင်းနိုင် သော ပစ္စည်းများဖြစ်သည့် မြေနေရာများ၊ အဆောက်အအုံ များ၊ စက်ပစ္စည်းများ အစရှိသည်တို့ကို ယခုအချိန်တွင် ဥပဒေကြောင်းအရ မည်သူပိုင်ဆိုင်သည်''ကို သိရှိလို ကြောင်း မေးခွန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီး ဦးဟံထွန်းက ပြန်လည်ဖြေကြားခဲ့သည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-စန်းကျော်ဦး

အမျိုးသားညွှန်ကိန်း မူဘောင်တစ်ရပ်ဖွံ့ဖြိုးလာစေရေး ဒုတိယအကြိမ် ဆွေးနွေး

Image may contain: 1 person, eyeglasses and closeup
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အား တိုင်းတာမည့် အမျိုးသားညွှန်ကိန်း မူဘောင်ဖော်ဆောင်ရေးဆွေးနွေးပွဲကို နိုဝင် ဘာ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Park Royalဟိုတယ်၌ ကျင်းပရာ ဆွေးနွေး ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ''ကျွန်တော် တို့နိုင်ငံမှာ အဓိက စီမံကိန်းရေးဆွဲခြင်းက အရေးကြီးပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေမှာ သာ စီမံကိန်းရေးဆွဲခြင်းလုပ်တယ်။ တကယ် တမ်း ဒီမိုကရက်တစ်နိုင်ငံဖြစ်သွားတယ်ဆိုရင် Democratization process သွားနေတာ ဖြစ်တဲ့အတွက် ဒီမိုကရေစီနိုင်ငံတိုင်းမှာ စီမံကိန်းရေးဆွဲခြင်းဆိုတာ အရေးမကြီးတော့ ဘူးဆိုတဲ့ ထင်မြင်ယူဆချက်လေးတွေ ရှိပါ တယ်။ အမှန်ကတော့ နိုင်ငံတိုင်းမှာ planning နဲ့ policy direction အရေးကြီးပါ တယ်။ Central Control ဖြစ်တဲ့ Central Planning Controlူ ကနေပြီးdecentralize စနစ်ကို ဦးတည်သွားနေတာဖြစ်တဲ့အတွက် ဘယ်အရာတွေကို Controlလုပ်သင့်တယ်၊ ဘယ်အရာတွေကို Controlမလုပ်သင့်ဘူး ဆိုတာ နားလည်ထားဖို့လည်း အရေးကြီးပါ တယ်။
အလုံးစုံပါဝင်တဲ့ မူဝါဒဖြစ်ဖို့ အရေးကြီး
''planning ဆောင်ရွက်တဲ့အခါမှာCentral Control မဟုတ်ဘဲနဲ့ နိုင်ငံတော်က ဘယ်လိုမူဝါဒနဲ့ သွားသင့်တယ်ဆိုတာကိုတော့ အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတော်က သွားသင့်တယ်ဆိုတဲ့ မူဝါဒက လည်း narrow policyမဟုတ်ဘဲနဲ့ အကုန် လုံး အားလုံးကျယ်ပြန့်ပြီး အလုံးစုံပါဝင်တဲ့ မူဝါဒတစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီမှာရှိနေတဲ့ Planning Processကတော့ ကဏ္ဍအလိုက် ဦးစားပေးတဲ့ စီမံကိန်း တွေဖြစ်ပါတယ်။ တကယ်တမ်း ကဏ္ဍအလိုက် ဦးစားပေးတဲ့ စီမံကိန်းတွေက စီးပွားရေးကဏ္ဍတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ မိမိကဏ္ဍအလိုက် တိုးတက် အောင်လုပ်တဲ့ စီမံကိန်းတချို့က တစ်ခုနဲ့ တစ်ခု ပေါင်းစပ်ညှိနှိုင်းမှုမရှိတဲ့ပုံစံမျိုးဖြစ် သွားတတ်ပါတယ်''ဟု ပြောကြားသည်။
ဆက်လက်၍ ''ဝန်ကြီးဌာနတိုင်းက ကဏ္ဍအလိုက် တိုးတက်အောင် စီမံကိန်းတွေ ကို နိုင်ငံတော်ကသွားချင်တဲ့Strategic Action Plan ကို အကောင်အထည်ဖော်ဖို့ အတွက် သက်ဆိုင်ရာဌာနတွေကနေ ဘယ်လို စီမံကိန်းတွေနဲ့ ပံ့ပိုးရမလဲ၊ ဘယ်လိုစီမံကိန်းတွေကိုဖော်ထုတ်ပြီး အကောင်အထည်ဖော် ရမလဲဆိုတာ အားလုံးဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဌာနပေါင်းစုံ ပါဝင်လာဖို့လို
''နိုင်ငံတော်က SME Development နဲ့ သွားချင်တယ်ဆိုရင် အကုန်လုံးက ဘဏ် ချေးငွေတစ်ခုတည်းကြည့်ပြီး ဘဏ်ချေးငွေ ဆိုင်ရာတစ်ခုကိုပဲ ကြိုးစားပြီးတော့ ချေးငွေ လွယ်ကူအောင် လုပ်နေမယ့်အစားSME Development ကို အကောင်အထည်ဖော်နိုင် ဖို့အတွက် ဌာနပေါင်းစုံ ပါဝင်လာဖို့လိုပါတယ်။ ဌာနပေါင်းစုံက ပါဝင်ပြီး SME Development ဆိုတဲ့Strategic Action Plan တစ်ခုကိုရအောင် ဌာနပေါင်းစုံက ရေးဆွဲဖို့ အရေးကြီးပါတယ်။ နိုင်ငံတော်က ဗျူဟာမြောက် ဆောင်ရွက်မယ့်စီမံကိန်းတွေမှာ ဘယ်လို စီမံကိန်းတွေကို ဆောင်ရွက်မလဲဆိုတာကို Project Data Blank ထည့်ပြီး အကုန်လုံးကို အသိပေးထားတာဖြစ်တဲ့အတွက် ပွင့်လင်း မြင်သာမှုကို အားပေးရာရောက်ပါတယ်။ ဘယ်လိုစီမံကိန်းကိုတော့ နိုင်ငံတော်ဘတ်ဂျက် နဲ့ ကျွန်တော်တို့ ဆောင်ရွက်မယ်၊ ဘယ်လို စီမံကိန်းကိုတော့ OTD နဲ့ ဆောင်ရွက်မယ်၊ ဘယ်လို စီမံကိန်းတွေကိုတော့ Private Sectorနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မယ် ဆိုတာကို Project Data Blankထဲမှာ ဖော်ပြ ထားတဲ့အတွက် Private Sectorတွေအနေနဲ့ လည်း ခန့်မှန်းရလွယ်ကူပြီး နားလည်သိရှိနိုင် မှာ ဖြစ်ပါတယ်။
''Private Sector က လုပ်ချင်တဲ့ စီမံကိန်း တွေကိုပဲ သက်ဆိုင်ရာဌာနတွေက ထိုင်စောင့် နေမယ့်အစား မိမိတို့ဗျူဟာမြောက်စီမံကိန်း တွေအတွက် Private Sector တွေကို တင်ဒါ ခေါ်ပြီး ဆောင်ရွက်မယ်ဆိုရင်ပိုပြီး Proactive ဖြစ်တဲ့ ဌာနတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
စီမံကိန်းတွေချပြ
''နောက်တစ်ခုက Private Sector အနေ နဲ့ နိုင်ငံတော်က ဘာလုပ်ချင်သလဲဆိုတာကို Private Sector က မသိပါဘူး။ နိုင်ငံတော်က ဘာလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေကို ချပြပြီး တော့ Private Sector ကို ဆွဲခေါ်မယ်ဆိုရင် Private Sector Investment ကိုလည်း လှုံ့ဆော်နှိုးဆွနိုင်မှာဖြစ်ပါတယ်။ ပြည်ပ Private Sector တွေကိုလည်း လှုံ့ဆော်နှိုးဆွ သလို ဖြစ်လာနိုင်ပါတယ်။ Planningကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင် သလဲဆိုတဲ့ Monitoring လုပ်တဲ့နေရာမှာIndicator တွေက အလွန်အရေးကြီးပါတယ်။ ဒီ Indicator တွေ ဆောင်ရွက်တဲ့အခါမှာ ဒီIndicator တွေက ကျွန်တော်တို့ဆီမှာ ရနိုင်တဲ့Indicator တွေလား၊ မရနိုင်တဲ့Indicator တွေလားဆိုတာ ပြန်ကြည့်ရမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲနှင့် စပ်လျဉ်းပြီး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ''မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အမျိုးသားစီမံကိန်း တစ်ရပ် Myanmar Substainable Development Plan(MSDP) ဆိုပြီး မကြာ ခင်က ရေးဆွဲထားတာရှိပါတယ်။ အဲဒီအမျိုး သားစီမံကိန်းကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ ရည်ရွယ်ပြီးMonitoring and Evaluation လို့ခေါ်တဲ့ စောင့်ကြည့်တာကို အမျိုးသား ညွှန်ကိန်းမူဘောင် (National Indicator Framework) လို့ခေါ်ပါတယ်။ စီမံချက်တွေ ဆောင်ရွက်ပြီးတဲ့အခါ ပြီးရင်ပြီးရောဆိုတဲ့ အနေအထားမျိုးမဟုတ်ဘဲ စီမံချက်က ဘယ်လောက်အောင်မြင်သလဲ၊ နောက်တစ်ခု က စီမံချက်ရဲ့ရလဒ်က ဘာတွေလဲ၊ ပြည်သူ တွေကို ဘယ်လိုအကျိုးပြုသလဲဆိုတဲ့ impact ပေါ့နော်၊ အဲဒီအကျိုးကျေးဇူးတွေကို တိုင်းတာ လို့ရအောင်ဆိုလို့ရှိရင် အပြည်ပြည်ဆိုင်ရာ မှာလည်း ညွှန်ကိန်းတွေနဲ့ တိုင်းတာလေ့ရှိပါ တယ်။ MSDP စီမံကိန်းကို တိုင်းတာဖို့အတွက် အမျိုးသားညွှန်ကိန်း မူဘောင်တစ်ရပ်ကို ရေးဆွဲနေခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
၁၃၃ ဌာနက ပါဝင်ရေးဆွဲ
ဆက်လက်၍ ၎င်းက ''အခုလို ရေးဆွဲတဲ့ အခါမှာ ဝန်ကြီးဌာနတွေက ဌာနပေါင်း ၁၃၃ ဌာနက ပါဝင်ရေးဆွဲပါတယ်။ အဖွဲ့အစည်း တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ နောက်ပြီး အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ပါဝင်ပြီး ရေးဆွဲပါတယ်။ အမျိုးသားစီမံကိန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ အစိုးရတစ်ရပ်တည်းနဲ့ အကောင်အထည်ဖော်လို့မရပါဘူး။ ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရော ပါဝင်ပြီး အကောင်အထည်ဖော်မှသာ အမျိုးသားစီမံကိန်းတစ်ရပ်ရယ်လို့ ပိုပြီးတော့ ပီပီပြင်ပြင်ဖြစ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ မူဝါဒအရ guideလုပ်ပြီး ဆောင်ရွက်တဲ့အပိုင်းတွေကတော့ ရှိမှာပါ။ နောက်ပြီး အကောင်အထည်ဖော်တဲ့အခါမှာ လည်း အစိုးရရဲ့ဘတ်ဂျက်နဲ့ အကောင်အထည် ဖော်တာမျိုးရှိသလို၊ ပုဂ္ဂလိကနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ (PPP) စီမံချက်တွေမျိုးလည်း ရှိမယ်။ နောက်တစ်ခုက နိုင်ငံခြားချေးငွေ အထောက်အပံ့တွေနဲ့ အကောင်အထည်ဖော် တဲ့ စီမံချက်တွေလည်း ရှိမယ်။ ဘယ်စီမံချက်ပဲ ဖြစ်ဖြစ် ကျွန်မတို့က အကောင်အထည်ဖော် တဲ့အခါမှာ ပြည်သူကို အကျိုးရှိစေဖို့အတွက် ညွှန်ကိန်းမူဘောင်နဲ့ တိုင်းတာရမယ်။ ဆိုလို ချင်တာက Keep Performance Indicator လို့ခေါ်တဲ့ KPIတွေပေါ့နော်။ ဒါတွေကို ကျွန်မတို့က စုပေါင်
းပြီးတော့ သတ်မှတ်ကြ တာဖြစ်ပါတယ်။ ကျွန်မတို့က ဧရိယာ ၁၃ ခု ကိုfocusလုပ်ပါတယ်။ ငြိမ်းချမ်းရေး၊ မေခရို စီးပွားရေးတည်ငြိမ်မှု၊ အလုပ်အကိုင်ရရှိရေး၊ စွမ်းအင်နဲ့ပတ်သက်တာ အစရှိသဖြင့်ပေါ့။ ကျွန်မတို့က ခေါင်းစဉ်ပေါင်း ၁၃ ခုရှိပါတယ်။ ခေါင်းစဉ် ၁၃ ခုအောက်မှာ သက်ဆိုင်ရာဌာန တွေ၊ အဖွဲ့အစည်းတွေ၊ နောက်တစ်ခုက ဒီဧရိယာနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေ၊ နိုင်ငံခြားမိတ်ဖက် ကိုယ်စားလှယ်တွေပါ ပါဝင်ပြီး ဆွေးနွေးကြ တာဖြစ်ပါတယ်''ဟု ဆက်လက်ပြောကြား သည်။
ညွှန်ကိန်း စုစုပေါင်း ၂၆၄ ခုရ
ထို့အပြင် ဒေါက်တာဒေါ်ဝါဝါမောင်က ''ဆွေးနွေးတာတွေနဲ့ပတ်သက်ပြီး ၂ဝ၁၈ ခုနှစ် သြဂုတ်လ ဒုတိယပတ်ကနေပြီးတော့ စပြီး တော့ဆွေးနွေးပါတယ်။ အဲဒီ first roundက နေ အချက်အလက်တွေကို ပြုစုလိုက်တဲ့အခါ မှာ ဌာနအသီးသီးရဲ့ ဖော်ထုတ်မှုတွေအရ ညွှန်ကိန်းစုစုပေါင်း ၂၆၄ ခုရပါတယ်။ ဒီ ညွှန်ကိန်းတွေဟာ ကျွန်မတို့ ချမှတ်ထားတဲ့ ပန်းတိုင်တွေ၊ မဟာဗျူဟာတွေနဲ့ ကိုက်ညီရဲ့ လား၊ ညီညွတ်ရဲ့လား၊ တကယ်တိုင်းတာဖို့ အချက်အလက်တွေ ရနိုင်မှာလား၊ အချက် အလက် မရနိုင်ရင် ဘယ်လိုကောက်ယူမလဲ။ စစ်တမ်းတွေ ဘယ်လိုဆောင်ရွက်မှာလဲ၊ အကယ် ၍ ကျွန်မတို့ သတ်မှတ်ထားတဲ့Indicator တွေထဲမှာ မဆီလျော်တဲ့ညွှန်ကိန်းများ ပါနေ သလားဆိုတာတွေကိုsecond roundအနေနဲ့ ဒီနေ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ပိုပြီးတော့ အရေးကြီးလာ
''ဆွေးနွေးမှာ ၁၃ ဖွဲ့ရှိပြီး ဆွေးနွေးမယ့် ခေါင်းစဉ် ၁၃ ခုရှိတဲ့အတွက် ၁၃ ရက် ဆက်တိုက် အစည်းအဝေးတွေကို ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီsecond round က ပိုပြီးတော့ အရေးကြီးလာပါတယ်။ အခု နောက်ပိုင်းမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဘတ်ဂျက်တွေကို အသုံးပြုတဲ့အခါမှာ ပိုပြီး တော့ထိရောက်စေချင်တယ်၊ ပိုပြီးလည်း အကျိုးလည်းရှိစေချင်တယ်၊ ဖွံ့ဖြိုးမှုကိုလည်း အလေးထားပြီးတော့ အကောင်အထည်ဖော် လိုတဲ့အခါမှာ အကျိုးရှိ၊ မရှိ တိုင်းတာဖို့ အတွက် Monitoring & Evaluationကဏ္ဍက အရေးကြီးပါတယ်။ အဲဒီကဏ္ဍက တစ်လျှောက်လုံး ကျွန်မတို့ဆီမှာ အတော်လေး အားနည်းခဲ့တဲ့ အနေအထားရှိတဲ့အတွက် ဒါတွေကိုလည်း အလေးထားပြီး ဆောင်ရွက် ပါတယ်။
''နောက်ပြီး ဌာနတွေကြားထဲမှာ စီမံချက် တွေကို စီမံခန့်ခွဲတဲ့ unit တွေက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ သူ့ရဲ့ project management unitနဲ့သူ ထားရှိဖို့ရယ်၊ project management unit တွေကလည်း ဒီ project တွေကို စီမံခန့်ခွဲတဲ့အခါမှာIndicatorတွေက သူတို့အတွက် အမြဲစောင့် ကြပ်ရမယ့်အပိုင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ နိုင်ငံတွေကြားထဲမှာ ဖွံ့ဖြိုးမှု အရှိန်အဟုန်ကို ပြိုင်နေကြတဲ့အခါမှာ ဘယ် နိုင်ငံမှ ရပ်နေတယ်ဆိုတာမရှိဘူးပေါ့။ အားလုံး ကတော့ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် လုပ်နေ တာပဲ။ အဓိကကတော့ အရှိန်အဟုန်ကို ပြိုင်ရတာပါ။ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင် ဖို့အတွက် မူဘောင်ထားရမယ်။ စီမံကိန်း အကောင်အထည်ဖော်သူတွေကလည်း ဘာနဲ့ အတိုင်းခံရမှာလဲဆိုတဲ့Indicator တွေကို သိရမှာဖြစ်ပါတယ်။ ဒီ Indicator တွေ တိုးတက်အောင် စီမံကိန်းအကောင်အထည် ဖော်သူတွေကလည်း ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းကြီးဟာ ညွှန်ကိန်းမူဘောင်သာပြီးသွားမယ် ညွှန်ကိန်း တွေ တိုင်းတာတဲ့အလုပ်တွေကတော့ ဆက်တိုက်ပြီးမှာ မဟုတ်ပါဘူး။ ရေရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းရပ်တွေပဲဖြစ်ပါ တယ်''ဟု ပြောကြားသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်၊ ဓာတ်ပုံ- အေးသန်း

အမျိုးသားညွှန်ကိန်းမူဘောင်တစ်ရပ် ဖွံ့ဖြိုးလာစေရေး ဒုတိယအကြိမ်ဆွေးနွေးပွဲ ကျင်းပ

Image may contain: one or more people and crowd
နေပြည်တော် နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan)အား တိုင်းတာမည့် အမျိုးသား ညွှန်ကိန်း မူဘောင်ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royalဟိုတယ် ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က အမှာစကားပြောကြား သည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်နှင့် UNDP မှDeputy Country Director Ms. Dawn Del Rio တို့က နှုတ်ခွန်းဆက်စကားပြောကြား ကြသည်။
ယနေ့ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည်ဖော်သည့် ကာလတစ်လျှောက်လုံးနှင့် အကောင်အထည်ဖော်ပြီး နောက်ပိုင်းကာလအထိ စီမံကိန်း ၏ ထိရောက်မှု၊ စွမ်းရည်ပြည့်ဝမှု၊ ရေရှည်တည်တံ့မှုနှင့် သက်ရောက်မှုတို့ကို မျက်ခြည်မပြတ် သိရှိတိုင်းတာနိုင်ရန် အတွက် အမျိုးသားညွှန်ကိန်း မူဘောင်တစ်ခု ပေါ်ပေါက် လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်၊ ဓာတ်ပုံ- အေးသန်း

ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း လွှတ်တော်က အတည်ပြု

Image may contain: 1 person, sitting and indoor
နေပြည်တော် နိုဝင်ဘာ ၂၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသူအား ခန့်အပ်တာဝန်ပေးရန် တင်ပြထား ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂ဝ၁၈ ခုနှစ်) နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားကို အခြေခံ၍ လွှတ်တော်၏ သဘောထားမေးမြန်းပြီး တစ်ပိုဒ်ချင်းစီအလိုက် အဆုံးအဖြတ် ရယူအတည်ပြုသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန်အဆိုတင် သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ လွှတ်တော်သို့ တင်ပြ
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ် လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရာတွင် ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတင်ပြစဉ်က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်နှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ အကြံပြုဆွေးနွေးချက်များအပေါ် ထည့်သွင်းသုံးသပ် ၍ ပိုမိုပြည့်စုံကောင်းမွန်သော အစီရင်ခံစာဖြစ်စေရန်အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီအစီရင်ခံစာနှင့် စပ်လျဉ်း၍ အဓိကကျသော ကြွေးမြီဆိုင်ရာအချက်အလက်၊ ကိန်းဂဏန်းများအား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်မှ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်အထိ သုံးနှစ်စာ တပေါင်းတစည်းတည်း နှိုင်းယှဉ် ဖော်ပြခြင်း၊ ၂ဝ၁၈ ခုနှစ် မတ်လ ၃၁ ရက်ရှိ ပြည်တွင်းကြွေးမြီ လက်ကျန် အခြေအနေအား ကာလအပိုင်းအခြားဖြင့် ဖော်ပြခြင်း၊ ကြွေးမြီစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ၊အခက်အခဲများနှင့် စပ်လျဉ်း၍ သုံးသပ်တင်ပြခြင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ကြွေးမြီဆိုင်ရာဆောင် ရွက်ချက်များနှင့်စပ်လျဉ်း၍ သုံးသပ်ချက်များအား စိစစ်တင်ပြခြင်း၊ ပုံကားချပ် များတွင် ကိန်းဂဏန်း သို့မဟုတ် ရာခိုင
်နှုန်းများကို သင့်လျော်မှုရှိအောင် ဖြည့်စွက်၍ တင်ပြခြင်းတို့ကို ထပ်မံဖြည့်စွက်ထားပါကြောင်း။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာကို ယခင်နှစ်များက လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ အကြံပြု ချက်များ၊ သဘောထားမှတ်ချက်များကို ထည့်သွင်းသုံးသပ်၍ ပိုမိုကောင်းမွန် သည့် အစီရင်ခံစာဖြစ်စေရန် ပြုစုတင်ပြထားပါကြောင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သုံးသပ်တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များ ကိုလည်း အလေးထား၍ လိုက်နာကျင့်သုံးလျက်ရှိပါကြောင်း၊ ယခုတင်ပြသည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံ စာကို ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၃၇)နှင့်အညီ ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်သန်းက အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာ (၁ဝ/၂ဝ၁၈)ကို ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေကြမ်း လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ ဖတ်ကြားတင်ပြ
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ဥပဒေကြမ်းကို တင်သွင်းခဲ့သည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာများအသင်းတို့နှင့် အစည်းအဝေးကျင်းပခဲ့ပြီး ဥပဒေကြမ်းပါ သဘော ကွဲလွဲချက်များကို လေ့လာစိစစ်ခဲ့ကြပါကြောင်း။
ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်များအပြင် လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအပေါ် တွင်လည်း ထပ်မံလေ့လာစိစစ်ခဲ့ရာ ဥပဒေကြမ်း၏ အပိုဒ် ၈ ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အသစ်ပြင်ဆင်ချက်အတိုင်း အတည်ပြုပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
စီမံအုပ်ချုပ်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများနှင့်တက္ကသိုလ်များဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေး ဆွေးနွေး
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ စီမံအုပ်ချုပ်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများနှင့် တက္ကသိုလ် များဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းကInternational Associations of School and Institutes of Administration (IASIA) တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရေးကိစ္စကို ထောက်ခံဆွေးနွေးမည်ဖြစ်ပါကြောင်း၊International Associations of School and Institutes of Administration (IASIA)သည် International Institute of Administrative Sciences (IIAS) ၏ အဖွဲ့ခွဲတစ်ခုဖြစ်ပြီး Public administration နှင့် ပတ်သက်သည့် အထူးပြုဘာသာရပ်များကို ဝေမျှပေးနေသောNGOအဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ အဖွဲ့ဝင်များသည် နိုင်ငံပေါင်း ၁၆ဝ ကျော် ဖြစ်သော်လည်း အများစုသည်NGOနှင့် Private Schoolများသာ ဖြစ်ကြပါကြောင်း၊ ယင်းသင်တန်းနှင့် ချိတ်ဆက်ကြသူများ၏ ရည်ရွယ်ချက်သည်IASIA မှIIAS၊ ထို့မှတစ်ဆင့် Public administration နှင့် ဆိုင်သည့် Ph.D ဘွဲ့များရယူကြရန်နှင့် ကွန်ဖရင့်များမှ အချက်အလက် များကိုSharing လုပ်ကြရန် ဖြစ်ပါကြောင်း။
ယခုInternational Course များကိုအသုံးပြု၍ မြန်မာနိုင်ငံမှ ဗဟို ဝန်ထမ်းတက္ကသိုလ် ၂ ခုတွင် သင်ကြားရန် ပြင်ဆင်နေသည့် အစီအစဉ်အား ကြိုဆိုထောက်ခံပါကြောင်း၊ သို့သော် စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းဆို သည်မှာ သင်တန်းများပို့ချရုံဖြင့် ထွက်ပေါ်လာမည် မဟုတ်ပါကြောင်း၊ ဝန်ထမ်း များအတွက် တောက်ပသည့်အနာဂတ်များ မျှော်လင့်ချက်များကို ပုံဖော်ပေး ထားရမည့်အပြင် လက်တွေ့ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိုးရိမ်ပူပန်မှုများကို လည်း လေ့လာဖြေရှင်းပေးရမည်ဖြစ်ပါကြောင်း၊ ရာထူး အခွင့်အလမ်းတိုးပေးသင့် သူများကို တိုးပေးရမည်ဖြစ်သကဲ့သို့ အကျင့်ပျက်ဝန်ထမ်းများကိုလည်း ထိထိ ရောက်ရောက်ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းနှင့် ညောင်ဦးမဲဆန္ဒနယ်မှ ဦးစောတို့ကလည်း ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များကိုIASIAသို့အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခွင့်ပြုမည်ဆိုပါက နိုင်ငံတကာဗဟုသုတနှင့် အတွေ့အကြုံ ကောင်းများကို လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးနှင့် လေ့ကျင့်သင်ကြား ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ သုတေသနအဖွဲ့အစည်းများနှင့်ပူးပေါင်း ၍ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စာတမ်းများပြုစုခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန၊ သင်တန်းရေးရာဌာနများ၏ အုပ်ချုပ်မှု၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးတိုးတက်မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဆင့် အတန်းဝင် အသိအမှတ်ပြုတက္ကသိုလ်များ ဖြစ်လာစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ လေ့ကျင့်သင်ကြားခြင်းအတွက် နိုင်ငံတကာအဆင့်မီ နည်းပညာအတွေ့အကြုံကောင်းများ ရယူဖလှယ်နိုင်မည်ဖြစ်ပါကြောင်းေ
ပြာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူ အတည်ပြုကြောင်း ကြေညာသည်။
မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြံလမ်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်းရယူရန်ရှင်းလင်းဆွေးနွေး
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့က မဟာမဲခေါင်ဒေသခွဲ အရှေ့ အနောက်စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ မြို့များဖွံ့ဖြိုးမှုစီမံကိန်း ဆောင် ရွက်ရန်အတွက် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency-NEDA ထံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၃ သန်းရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မြဝတီမြို့ ရေပေးဝေရေးစနစ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်းဖြစ်ပြီး မြဝတီမြို့၏ အမှိုက်စွန့်ပစ်စနစ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ သန်းဖြစ်ပါကြောင်း၊ Public Awareness Programs များ ဆောင်ရွက်ရန်နှင့် မြဝတီမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင် ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂သန်းနှင့် စီမံကိန်းအကောင်အထည် ဖော်မည့် ကာလအတွင်း ကုန်ကျမည့်Financing Chargesများ၊ အခြားကုန် ကျစရိတ်များအတွက်လည်း ချေးငွေကို ကျခံသုံးစွဲသွားမည်ဖြစ်ပါကြောင်း။
ထို့ပြင် မြဝတီမြို့နှင့် မဲဆောက်မြို့တို့တွင် စီးပွားရေးကုန်သွယ်မှုဇုန်နှင့် စက်မှုဇုန်များ ထူထောင်၍ မြန်မာ-ထိုင်း နယ်စပ်ဒေသ ဘက်ညီမျှတ ဖွံ့ဖြိုးစေ ရန်Joint Spatial Development Plan စီမံကိန်းပုံစံအား ရေးဆွဲပေးခြင်း အတွက် ADBချေးငွေမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၉ သန်း သုံးစွဲသွား မည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုစီမံကိန်းကြောင့် မြဝတီမြို့မှ ရရှိခံစားနိုင်မည့် မြို့ပြ ဝန်ဆောင်မှုဆိုင်ရာ အကျိုးရလဒ်များမှာ မြို့ပြပြိုင်ဆိုင်မှု မြင့်တက်လာခြင်း၊ အခြေခံမြို့ပြဝန်ဆောင်မှုများ တိုးတက်လာခြင်း၊ မြို့ပြစီမံခန့်ခွဲမှု စွမ်းရည်မြင့် တက်လာခြင်း၊ လက်ရှိရေပေးဝေရေး ပမာဏထက် ပိုမိုရေပေးဝေနိုင်ခြင်း၊ ရေလေလွင့်မှု လျော့နည်းစေခြင်း၊ ရေခွန်ရေခများပိုမိုကောက်ခံနိုင်ခြင်း၊ နိုင်ငံ တကာအဆင့်မီ ၂၄ နာရီရေဖြန့်ဖြူးပေးနိုင်ခြင်း၊ မြဝတီမြို့၏ အမှိုက်စွန့် ပစ်မှုစနစ်အား စနစ်တကျခွဲခြားသိမ်းဆည်းနိုင်ခြင်းကြောင့် သဘာဝပတ်ဝန်း ကျင်ပျက်စီးမှုနှင့် ဒေသနေပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုတို့ကို လျှော့ချ နိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ပါကြောင်း။
စီမံကိန်းဆောင်ရွက်မှု အစီအစဉ်များအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် အတွင်း စီမံကိန်းအကြိုပြင်ဆင်ခြင်းနှင့် အတည်ပြုခြင်းလုပ်ငန်းစဉ်များ ဆောင် ရွက်နေဆဲဖြစ်ပါကြောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်အတွင်း စီမံကိန်းအသေးစိတ် ပုံစံများရေးဆွဲရေးနှင့် Procurement လုပ်ငန်းများကို Consultant Teamအဖွဲ့ ငှားရမ်းရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃သန်း ရယူဆောင်ရွက်နိုင်ရန် ကိစ္စသည် မြဝတီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ၎င်းနှင့်ဆက်စပ်နေသည့် မြန်မာ့ ဟိုတယ်နှင့်ခရီးသွားအခွင့်အလမ်းဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် ဆက်စပ်၍ မြန်မာ့စီးပွားရေးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည် ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်က အတည်ပြုပြီးသည့်အခါတွင် ချေးငွေပေးအပ်မည့် အဖွဲ့အစည်းနှင့် ချေးငွေစာချုပ်အတွက်ညှိနှိုင်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ချေးငွေ ရယူခြင်း၊ ထပ်ဆင့်ထုတ်ချေးခြင်း၊ ချေးငွေထုတ်ယူသုံးစွဲမှုကို အစီရင်ခံတင်ပြ စေခြင်း၊ ချေးငွေပြန်လည်ပေးဆပ်ရာတွင် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့် စပ်လျဉ်း ၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ဆန္ဒမဲရယူရာ ထောက်ခံမဲ ၄၆၃ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂ မဲဖြင့် ထောက်ခံမဲများသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက စာချွန်လွှာလက်မှတ်ထိုးရန် အဖွဲ့ဝင် နိုင်ငံများမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းစသည့် နယ်နိမိတ်ချင်းထိစပ်နေသည့် အဖွဲ့ဝင်(၅)နိုင်ငံပါဝင်ပါကြောင်း၊ ရည်ရွယ်ချက် သည် ဒေသတွင်းရှိ ပြည်သူများချမ်းသာကြွယ်ဝမှုမြှင့်တင်နိုင်ရေး၊ အတွေ့အကြုံ များ ပူးပေါင်းဖလှယ်နိုင်ရေး၊
အရင်းအနှီးဈေးကွက် မူဝါဒချမှတ်နိုင်ရေး၊ အချင်းချင်းချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်နားလည်မှုနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ သတင်းအချက် အလက်ဖလှယ်နိုင်ရေး၊ အကူအညီရယူနိုင်ရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းရှာဖွေဖော်ထုတ်နိုင်ရေးတို့အတွက် ဖြစ်ပါကြောင်း။
နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံမှပါဝင်လက်မှတ်ရေးထိုးရေး လွှတ်တော်ကသဘောတူ
မြန်မာနိုင်ငံအနေဖြင့် စာချွန်လွှာတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ် ရေးထိုးခြင်းအားဖြင့် ထိုင်းနှင့် ဗီယက်နမ်တို့၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် လေ့လာနိုင်ပြီး နည်းပညာဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတိုး တက်ရန် ဆောင်ရွက်လာနိုင်မည့် အခွင့်အလမ်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင် ငါးနိုင်ငံ၏ ကုန်သွယ်မိတ်ဖက် နိုင်ငံများလည်း မြန်မာနိုင်ငံအတွက် မိတ်ဆွေသစ်များအဖြစ် တိုးလာနိုင်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးမည်ဆိုပါက လက်မှတ်ရေးထိုး ထားသည့် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ ကောင်းမွန် သည့် အလေ့အကျင့်များ၊ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာအစီအစဉ်များ မျှဝေ ခြင်းဖြင့် မိမိနိုင်ငံအတွင်းရှိ စည်းမျဉ်းမူဘောင်များကို နိုင်ငံတကာနှင့် ဒေသ အတွင်းအဆင့်၊ စည်းမျဉ်းမူဘောင်များနှင့် တန်းတူရည်တူ ပိုမိုကောင်းမွန် လာစေရန် ဖြစ်ပါကြောင်း။
ဒေသတွင်းဈေးကွက် အခြေအနေများအပေါ် ပိုမိုနားလည်စေရန်၊ စာချုပ်ဝင်နိုင်ငံများအကြား အပြန်အလှန် အကျိုးကျေးဇူးဖြစ်ထွန်းစေရန်၊ နယ်စပ်ဖြတ်ကျော် အရင်းအနှီးဈေးကွက်လှုပ်ရှားမှုများအား အရှိန်အဟုန်မြှင့် တင်ပေးနိုင်ရေးအတွက် အခွင့်အလမ်းများ လေ့လာဖော်ထုတ်ပေးနိုင်ရန်စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအတွက် လိုအပ်သော ရင်းနှီးငွေများကို အရင်းအနှီးဈေးကွက်မှတစ်ဆင့် ရှာဖွေရယူနိုင်မည်ဖြစ်ပါ ကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် ပါဝင်လက်မှတ်ရေးထိုး ထားပြီးဖြစ်သော နိုင်ငံများဖြစ်သည့် ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ဒေသအတွင်းရှိ အရင်းအနှီး ဈေးကွက်များတွင် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင် ပေးခြင်း၊ ကမ္ဘာ့အရင်းအနှီးဈေးကွက်၌ ရင်းနှီးမြှုပ်နှံရာတွင် ဖြစ်ပေါ်လာတတ် သည့် လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု စသည့် နစ်နာမှုများကို စုံစမ်းဖော်ထုတ် ခြင်း၊ စိစစ်အရေးယူခြင်းတို့ ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတို့ကို လွယ်ကူချောမွေ့စေမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံများအကြား နားလည်မှုစာချွန်လွှာ Mekong Capital Market Cooperation-Multilateral Memorandum of Understanding (MCMC MMoU)တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးအပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဒီဇင်ဘာ ၃ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

အမျိုးသားအားမာန် နိုးကြားထက်သန်

Image may contain: text
မြန်မာတို့သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက မိမိတိုင်းပြည်၊ မိမိလူမျိုးနှင့် ချစ်ခင်မြတ်နိုးစွာ အတူတကွ နေထိုင်ခဲ့ကြသူများဖြစ်သည်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသ၊ ကိုယ့်အရှင်သခင်နှင့် နေထိုင်ရမှ ကျေနပ် နှစ်ခြိုက်ကြသည်။ သူ့တိုင်းပြည်ကိုလည်း မမက်မော၊ ကိုယ့်တိုင်းပြည် ကိုလည်း အထိမခံကြသူများဖြစ်သည်။ ထို့ကြောင့် အမျိုးသားစိတ်ဓာတ် ထက်သန်နိုးကြားသော လူမျိုးများဟု ဆိုရမည်။
သို့ရာတွင် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်သို့ ကျရောက် ပြီး အချိန်အခါမှစ၍ အမျိုးသားစိတ်ဓာတ်များ တစ်စတစ်စပါးလျားလာခဲ့ သည်။ တစ်ပါးကျွန်ဖြစ်ရခြင်းသည် ဇာတိသွေး၊ ဇာတိမာန်များ ပြိုလဲခြင်း၊ စည်းလုံးညီညွတ်မှုပျက်ပြားခြင်း၊ အင်အားချည့်နဲ့ခြင်းတို့ကြောင့် ဖြစ်ရ သည်။ ကျွန်ပြုသူတို့က ဇာတိသွေး၊ ဇာတိမာန်၊ အမျိုးသားစိတ်ဓာတ်များကို နည်းအမျိုးမျိုးဖြင့်ရိုက်ချိုး၍ ကျွန်သက်ရှည်အောင် ကြံစည်ကြသည်။
နည်းပရိယာယ်များမှာ သူ့ကျွန်မခံ တွန်းလှန်သူများ၊ နိုင်ငံရေး စိတ်ဓာတ်နိုးကြားထက်သန်အောင် အားထုတ်သူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ပညာသင်ကြားရေးကို ကျဉ်း မြောင်းအောင် ပြုလုပ်ထားခြင်း၊ မက်လုံးပေးခြင်း၊ ရာထူးပေးခြင်း၊ စိတ်ဝမ်းကွဲပြားအောင်ပြုလုပ်ခြင်း၊ သွေးခွဲအုပ်ချုပ်ခြင်းတို့ ဖြစ်သည်။ ထိုပရိယာယ်တို့ကို ကျော်လွှားလွန်မြောက်နိုင်သောအရာမှာ ပညာကို အခြေခံသည့် အမျိုးသားအားမာန် ဖြစ်သည်။
မှေးမှိန်သွားခဲ့သော မြန်မာတို့၏အမျိုးသားအားမာန်များကို ပြန်လည်နိုးကြားထကြွအောင် ဆောင်ကြဉ်းပေးခဲ့သည်မှာ ပညာဖြစ်သည်။ မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်များ တစ်ခေတ်ဆန်း နိုးထလာခဲ့ သော အချိန်ကာလမှာ ၁၉၂ဝ ပြည့်နှစ် ဖြစ်သည်။ မတရားဖိနှိပ်ချုပ်ချယ် ထားခဲ့သော ကျွန်ပညာရေးစနစ်ကို အပြီးတိုင်ရိုက်ချိုးနိုင်ခဲ့သည်။ လွတ်လပ်သော အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့သည်။
တရားမျှတမှုမရှိသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကျောင်းသားထုတစ်ရပ်လုံးက သပိတ်မှောက်ခဲ့ကြသည်။ လိုက်လျောမှုမရှိ လျှင် ကျောင်းပြန်မတက်ဟု သန္နိဋ္ဌာန်ချဆုံးဖြတ်ခဲ့ကြပြီး တိုက်ပွဲဝင်ခဲ့ရာ အောင်မြင်ခြင်းသို့ရောက်ခဲ့ရသည်။ ပညာရေးမှစတင်သည့် သူ့ကျွန်မခံမှု သည် တစ်တိုင်းတစ်ပြည်လုံး၊ ပြည်သူတစ်ရပ်လုံး အမျိုးသားရေးစိတ်ဓာတ် များ ထက်သန်နိုးကြားလာတော့သည်။ ထိုကဲ့သို့ နိုးကြားလာသော အမျိုးသားစိတ်ဓာတ်သည် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူနိုင်သည့် မျိုးစေ့ဖြစ်သည်။
နိုင်ငံတိုင်း နိုင်ငံတိုင်း၊ လူမျိုးတိုင်း လူမျိုးတိုင်းတွင် အမျိုးသား စိတ်ဓာတ်များရှိကြသည်။ ထိုအမျိုးသားစိတ်ဓာတ်များ ရှိနေသောကြောင့် လွတ်လပ်သောနိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ အမျိုးသား စိတ်ဓာတ်သည် ကိုယ်ခံအားကဲ့သို့ဖြစ်သည်။ ကိုယ်ခံအားကောင်းနေသော လူတစ်ယောက်ကို မည်သည့်ရောဂါပိုးမျှ ဝင်ရောက်ရန်မလွယ်ကူ၊ ရောဂါ ပိုးဝင်ရောက်သော်လည်း မထကြွ၊ မသောင်းကျန်းနိုင်။ ထိုသူသည် ကျန်းကျန်းမာမာဖြင့် အရာရာကိုစွမ်းဆောင်နိုင်ပြီး အောင်မြင်မှုကို ရယူ နိုင်သည်။
ကိုယ်ခံအားနည်းသော လူတစ်ယောက်အား ရောဂါပိုးများ အလွယ် တကူ ဝင်ရောက်နိုင်သည်။ ထိုလူတွင် ရောဂါပိုးများ တစ်စတစ်စဝင်ရောက် စွဲကပ်ခိုင်မာလာသောအခါ နာလန်မထူ အန်မတုနိုင်တော့ဘဲ ဗုန်းဗုန်း လဲကျပျက်စီးသေဆုံးခြင်းဘဝသို့ပင် ရောက်ရသည်။ ရောဂါပိုးများ မဝင်ရောက်နိုင်ရေးအတွက် မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်အောင် ပြုပြင် စီရင်နေထိုင်ရသကဲ့သို့ တစ်တိုင်းပြည်လုံးယိုင်နဲ့ ပြိုလဲမသွားစေရန် လူတိုင်း လူတိုင်း အမျိုးသားစိတ်ဓာတ်များ ခိုင်မာအားကောင်းအောင် မွေးမြူကြရမည်။ ကြိုးပမ်းအားထုတ်ကြရမည်။
သို့ဖြစ်ရာ မျက်မှောက်ကာလ နိုင်ငံ့အခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှုထားရမည်။ နိုင်ငံ့သမိုင်းကြောင်းကိုလည်း သိရှိနားလည်ထားရ မည်။ အမျိုးသားစိတ်ဓာတ်အားကောင်းပါက မည်သည့်ပြည်တွင်း၊ ပြည်ပ ပယောဂမျှ ဝင်ရောက်နိုင်ခြင်းမရှိ။ ဝင်ရောက်ပါကလည်း အလွယ် တကူ ဖယ်ရှားနိုင်သည်ကို မျက်ခြည်မပြတ်ဆင်ခြင်ပြီး အမျိုးသား စိတ်ဓာတ်နိုးကြားထက်သန်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး




နေပြည်တော်  နိုဝင်ဘာ  ၂၉
ပြည်ထောင်စုလွှတ်တော်  ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒန်နီရယ် ပက်ထရစ် ဘရန်ဒန် ချဂ်အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊  ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဥပဒေရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                                 

သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော်  နိုဝင်ဘာ ၂၉
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒန်နီရယ် ပက်ထရစ် ဘရန်ဒန် ချဂ် အား ယနေ့မွန်းလွဲ ၁ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                          သတင်းစဉ်

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပ


Image may contain: 1 person, sitting


နေပြည်တော် နိုဝင်ဘာ ၂၉
လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တောင်သူလယ်သမားအခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်း အဝေးကို ယနေ့ညနေ ၄ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား နှင့် အလုပ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမား ရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

ထိုင်းနိုင်ငံ အမျိုးသားနေ့ အကြိုအထိမ်းအမှတ်အခမ်းအနား နေပြည်တော်၌ ကျင်းပ

Image may contain: 10 people, people smiling, people sitting, wedding and indoor


နေပြည်တော်   နိုဝင်ဘာ  ၂၉
ထိုင်းနိုင်ငံ အမျိုးသားနေ့အကြိုအထိမ်းအမှတ် အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိHilton Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ    မြန်မာ - ထိုင်း နှစ်နိုင်ငံ  နိုင်ငံတော်သီချင်းများ  ဂုဏ်ပြုဖွင့်လှစ်  အလေးပြုကြသည်။
ဂုဏ်ပြုအမှာစကားပြော
ထို့နောက်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး   သံရုံးယာယီတာဝန်ခံ  Mr. Narong Boonsatheanwong တို့က ထိုင်းနိုင်ငံအမျိုးသားနေ့အကြို အထိမ်းအမှတ် ဂုဏ်ပြု အမှာစကား ပြောကြားကြသည်။
ယင်းနောက် ထိုင်းနိုင်ငံ အမျိုးသားနေ့အကြိုအထိမ်းအမှတ်  တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ဖျော်ဖြေတင်ဆက်
ညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ တင်ဆက်သည်။                
တက်ရောက်
ထိုင်းနိုင်ငံ အမျိုးသားနေ့အကြိုအထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်    နိုင်သက်လွင်နှင့် ၄င်းတို့၏ ဇနီးများ၊ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဒေါက်တာထွန်းနိုင်နှင့်  ¤င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိ ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊    မြန်မာနိုင်ငံဆိုင်ရာ      ထိုင်းနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံMr. Narong Boonsatheanwong ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူးများနှင့် ¤င်းတို့၏ ဇနီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။                                      သတင်းစဉ်

အမျိုးသားရေးညီညွတ်ရေး...


မြန်မာ့အလင်းအယ်ဒီတာအာဘော်


တိုင်းပြည်နိုင်ငံထူထောင်ရာ၌ ညီညွတ်ရေးအရေးကြီးသည်၊ ညီညွတ် ကြဖို့လိုသည်ဆိုခြင်းမှာ အထူးတလည် ရှင်းလင်းပြစရာမလို။ နိုင်ငံသား တိုင်းလိုလို နားလည်ယုံကြည်ကြပြီးသားဖြစ်သည်ဟု မြင်ပါ၏။
မြန်မာနိုင်ငံကဲ့သို့ အရာရာတိုင်းလိုလိုတွင် အောက်ဆုံးတန်း ရောက်နေ သည်မှာ ကြာရှည်လှပြီသော တိုင်းပြည်အဖို့ အလိုအပ်ဆုံးအရာတစ်ခုမှာ အမျိုးသားညီညွတ်ရေး ဖြစ်ပါမည်။
သို့သော်လည်း လက်တွေ့ညီညွတ်ရေး တည်ဆောက်ရာတွင်မူ အခက်အခဲများ များစွာတွေ့ကြုံနေရသည်ကိုလည်း သတိပြုမိပါသည်။ ပြည်သူအများစုသည်လည်းကောင်း၊ နိုင်ငံရေးအင်အားစု အများစုသည် လည်းကောင်း ညီညွတ်ရေးလိုအပ်သည်ဆိုခြင်းကို ယုံကြည်ကြသော် လည်း လက်တွေ့တည်ဆောက်သည့်အခါ အလွယ်တကူ မဖြစ်ကြ သေး။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင် ညီညွတ်ရေးအဆိုကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့စဉ်က မိန့်ဆိုခဲ့ သကဲ့သို့
''ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ... တူညီသော အကျိုး၊ တူညီသော အလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ရည်ရွယ် ချက်ဆိုတာ ရှိရမယ်။ ရာထူးယူဖို့ ညီညွတ်ရမလား။ ဒါမှမဟုတ် တိုင်းသူ ပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ... ကျွန်တော်တို့လိုချင်တဲ့ ညီညွတ်ရေးက တစ်တိုင်းတစ်ပြည်လုံး လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့ အကျိုး။ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့ အလုပ်၊ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့အကျိုး၊ တိုင်းသူ ပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။ ပါးစပ်က ပြောရုံနဲ့ မပြီးဘူး။ ပါးစပ်ကပဲ ညီညွတ်ချင်ပါတယ်ပြောလို့ မဖြစ် ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ် ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။''
အထက်ပါ စကားများနှင့်အတူ ဖဆပလ အဖွဲ့ချုပ်ကြီးက တင်သော အဆိုတွင်ပါရှိသည့် အချို့သောအပိုဒ်များကို ကိုးကားပြောဆိုခဲ့သည်။ ရည်ရွယ်ချက်တူ အကျိုးတူ တောင်သူလယ်သမားများ အခြေပြုဖွဲ့ စည်း သည့် ညီညွတ်သည့် တစ်ခုတည်းသော တောင်သူလယ်သမားအဖွဲ့ ပေါ်ပေါက်ရေး။ စင်ပြိုင်အလုပ်သမားအဖွဲ့များ မဖြစ်သင့်ဘဲ တစ်ခုတည်း သော အလုပ်သမားအဖွဲ့ပေါ်ပေါက်ရေး စသည်တို့ကို ပြောကြားခဲ့ပါသည်။
နယ်ပယ်အသီးသီး၊ လူတန်းစားအသီးသီးတို့ကြားတွင် အချင်းချင်း နားလည်မှု၊ စေ့စပ်ညှိနှိုင်းမှုတို့ဖြင့် ညီညွတ်သည့် အဖွဲ့အစည်းများ ပေါ်ပေါက်ခြင်းက နိုင်ငံအတွက် အင်အားဖြစ်ပါမည်။ ယင်းကဲ့သို့သော ညီညွတ်ရေးမျိုးအတွက် အခြေခံကား ညီညွတ်လိုသောစိတ်ဓာတ်နှင့် ညှိနှိုင်းလိုသော သဘောထားဖြစ်ပါမည်။
မိမိနိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် ကိုယ်ရေးကိုယ်တာများကို ဖယ်ထားကာ ညီညွတ်ဖို့ ကြိုးစားကြရလိမ့်မည်ဟု ထင်မြင်ပါသည်။ အထူး သဖြင့် တိုင်းရင်းသားများနှင့် ဒီမိုကရေစီရေး အရေးပါမှုကို သဘောပေါက် နားလည်ကြသည့် နိုင်ငံရေးအင်အားစုများ အားလုံးညီညွတ်လိုသည့် စိတ်ဓာတ်ဖြင့်သာ နိုင်ငံ၏ ဒီမိုကရေစီ အခြေခံခိုင်မာရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ထောင်နိုင်ရေး စသည့်ပြည်သူတို့ မျှော်မှန်းရာ ပန်းတိုင်သို့ အရောက်သွားနိုင်မည်ဟု မြင်ပါသည်။
နိုင်ငံနှင့် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်မည်ဟု ဆုံးဖြတ် ချက်ချကာ ကြွေးကြော်နေသည့် နိုင်ငံရေးအင်အားစုများအားလုံး အမှန်တကယ် ညီညွတ်လိုသော စိတ်ဓာတ်များ မွေးမြူနိုင်ကြပါစေ သတည်း။ ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နီပေါနိုင်ငံသို့ ထွက်ခွာ

Image may contain: 6 people, people smiling, people standing



နေပြည်တော်    နိုဝင်ဘာ    ၂၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်သည်   နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ  ဝန်ကြီးချုပ် H.E.Mr. K.P.Sharma Oli၏  ဖိတ်ကြားချက်အရ နီပေါနိုင်ငံသို့  တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ရန်နှင့်      ''အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေး ၂ဝ၁၈ ''သို့ တက်ရောက်ရန် ယနေ့နံနက်        ၉  နာရီ  မိနစ် ၂ဝ တွင်  အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးကျော်တင့်ဆွေ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ   နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွား        ရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဦးအောင်ထူး၊   နိုင်ငံခြားရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများ လိုက်ပါသွားကြသည်။     

သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နီပေါ ဒုတိယဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို

Image may contain: 3 people, people standing, suit and outdoor


ကတ္တမန္ဒူး နိုဝင်ဘာ ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့ ထရီဗူဗန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
ခရီးဦးကြိုဆို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံတမန်ရေးရာဌာန အကြီးအကဲMr.Dipak Adhikari တို့က ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထရီဗူဗန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အလေးပြုခံစင်မြင့်သို့ရောက်ရှိရာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ အစ်ရှ်ဝါ ပိုကာရယ်က ကြိုဆိုနှုတ်ဆက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခို မည့် Soaltee Crowne Plaza Hotel သို့ ရောက်ရှိကြသည်။

လာရောက်တွေ့ဆုံ
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးMr.Pradeep Kumar Gyawali ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့က Soaltee Crowne Plaza Hotel ၌ လာရောက်တွေ့ဆုံ သည်။
ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
တွေ့ဆုံစဉ် သံတမန်ဆက်သွယ်မှု သမိုင်းကြောင်းရှည်လျားသည့် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးမြှင့်ရေး အတွက် အလားအလာကောင်းများ ဖော်ဆောင်နိုင်ရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှု ကဏ္ဍမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် မြန်မာ-နီပေါ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်း ပြေးဆွဲရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ Bhrikuti Mandap၌ ကျင်းပသည့် ''နီပေါ ကုန်စည်ပြပွဲ-၂ဝ၁၈'' (Nepal Chamber Expo 2018)ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။

အမှာစကားပြောကြား
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အမှာစကားပြောကြားရာ တွင် မြန်မာနှင့် နီပေါနိုင်ငံတို့သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကြောင့် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အထည်အလိပ်နှင့် သားရေလုပ်ငန်း အစရှိသောနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်နေပါကြောင်း၊ ထို့အပြင် ဒေသတွင်းြ<ွကယ်ဝချမ်းသာ မှုမြှင့်တင်ရန်၊ စီးပွားရေးအခွင့်အလမ်း များ တိုးတက်လာစေရန်နှင့် ဒေသတွင်းရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝများ တည်ဆောက်ရန် ရည်ရွယ်သော တောင်အာရှဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (SASEC) အစီအစဉ်တွင် လက်တွဲ ဆောင်ရွက်နေပါကြောင်း။
၂ဝ၁၈ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနှင့်နီပေါနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆၆ သန်းရှိခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ၏ အဓိကပို့ကုန်များမှာ စိုက်ပျိုး ရေးနှင့် သစ်တောထွက်ပစ္စည်းများ၊ သစ်မာနှင့် သစ်ပါးလွှာတို့ဖြစ်ပြီး နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့ သည့် ကုန်ပစ္စည်းများမှာ လူသုံးကုန် ပစ္စည်းများဖြစ်ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် မတ်လမှစ၍ နီပေါနိုင်ငံမှ ကုမ္ပဏီ ၁ဝ ခု မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တွင် မှတ်ပုံတင်ခဲ့ပြီး မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေ ပါကြောင်း၊ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ် ဆောင်စရာများရှိနေပါကြောင်း။
နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုမှာ ဆယ်စုနှစ်ပေါင်းများစွာကြာသည့်တိုင် တည်မြဲခဲ့ပါကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် အတွေ့အကြုံများ တူညီ မှုများရှိခြင်းက ပြည်သူအချင်းချင်း ထိတွေ့မှုကို မြှင့်တင်ရာတွင် အထောက် အကူဖြစ်စေပါကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန် နောက်ပိုင်း လက်ရှိမြန်မာနိုင်ငံအစိုးရ သည် ငြိမ်းချမ်းရေးနှင့် သာယာဝပြော ရေးအတွက် အကျိုးများသော ပတ်ဝန်း ကျင်တစ်ခုဖန်တီးရန် ခိုင်မာစွာသန္နိဋ္ဌာန် ချမှတ်ခဲ့ပါကြောင်း၊ အပြန်အလှန်အမှီ သဟဲပြုနေသည့် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့အကြား ချိန်ညှိရမည်ဖြစ် ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေး ရည်မှန်းချက်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုအတွက် ခိုင်မာသော အခြေခံ အုတ်မြစ်တစ်ရပ်ချမှတ်ရန် တည်ငြိမ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် မရှိမဖြစ် လိုအပ်ပါကြောင်း။
ထိုသို့ဆောင်ရွက်ရန် မိမိတို့အစိုးရ သည် ပြည်သူကိုဗဟိုပြုသည့် အမျိုးသား စီးပွားရေး မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ပါ ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးအတွင်း သဘာဝအရင်းအမြစ် များကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်မှုနှင့် မျှမျှတတ ခွဲဝေသုံးစွဲမှုတို့ကို အားပေးသည့် စီးပွားရေးမူဘောင် တစ်ရပ်ကိုလည်း ချမှတ်ခဲ့ပါကြောင်း၊ မကြာသေးမီက ကုလသမဂ္ဂ၏ ၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်နှင့်အညီ ပြင်ဆင် ထားသည့် အလုံးစုံစီးပွားရေး၊ ပတ်ဝန်း ကျင်နှင့် လူမှုရေးလုပ်ငန်းစဉ်ဖြစ်သည့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (MSDP)ကို ချမှတ်ခဲ့ပါကြောင်း။
MSDP၏ ရည်မှန်းချက်တစ်ခု စီတွင် ရည်မှန်းချက်နှင့် မစ်ရှင်ကိုယ်စီ ရှိပါကြောင်း၊ ပထမရည်မှန်းချက်မှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒုတိယရည်မှန်းချက်မှာ စီးပွားရေး စီမံခန့်ခွဲမှု၊ တတိယရည်မှန်း ချက်မှာ အလုပ်အကိုင်ဖန်တီးရေး၊ စတုတ္ထ ရည်မှန်းချက်မှာ လူသားစွမ်းဆောင် ရည်နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ပဉ္စမရည်မှန်းချက်မှာ သဘာဝအရင်း အမြစ် စီမံခန့်ခွဲရေးနှင့် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးကို အလေး ပေးပါကြောင်း။
ပိုမိုဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှုပ်နှံသူ အကြိုက် ပတ်ဝန်းကျင်ဖန်တီးနိုင်ရန် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်ကို ရှင်းလင်း လွယ်ကူစေပြီး မက်လုံးများပေးကာ ဖက်စပ်လုပ်ငန်းများကို ကာကွယ် စောင့်ရှောက်မှု ပေးထားကြောင်း၊ ပွင့်လင်းမြင်သာမှုရှိသော၊ ပိုမိုလွတ်လပ် မှုရှိသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တစ်ရပ် ဖြစ်စေရန်အတွက် အာမခံပေး ထားပါကြောင်း။
မြန်မာအစိုးရသည် မကြာသေးမီက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်း ခဲ့ပြီး ယင်းဝန်ကြီးဌာနက စီးပွားရေး အခွင့်အလမ်းများ ဖန်တီးခြင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေး ခြင်း၊ ဒေသတွင်းနှင့် ဒေသခွဲအဖွဲ့အစည်း များနှင့် ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ညှိနှိုင်းဆောင်ရွက်ခြင်း တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများကို ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် များနှင့်အညီ ရေးဆွဲထားသည့် ဥပဒေက အပြည့်အဝ အကာအကွယ်ပေးထား သည်ဆိုသည်ကို ထပ်လောင်းပြောကြား လိုပါကြောင်း၊ မြန်မာ့စီးပွားရေး၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုတွင် ဦးဆောင် နယ်ပယ်များမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားနှင့် ကုန်ထုတ်လုပ်မှုတို့ဖြစ်ပါကြောင်း။
အခြေခံအဆောက်အအုံ၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ပို့ကုန်မြှင့်တင်ခြင်း နှင့် သွင်းကုန်အစားထိုးခြင်း၊ လျှပ်စစ် ဓာတ်အား၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ရေးနှင့် စက်မှုဇုန် တို့ကဲ့သို့သော မိမိတို့၏ဦးစားပေးနယ်ပယ် များကို လေ့လာဖော်ထုတ်ရန် ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို မိမိဖိတ်ကြားလို ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းပြီးနောက် MyCo အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် မိတ်ဆက်မှုနှင့်အတူ ၂ဝ၁၈ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အသက်ဝင်လာခဲ့ပါကြောင်း။
မြန်မာနိုင်ငံသည် သဘာဝအရင်း အမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ပါ ကြောင်း၊ ပြည်သူများ၏ အခြေခံလိုအပ် ချက်များဖြစ်သော သယ်ယူပို့ဆောင် ရေးကွန်ရက်များ၊ လျှပ်စစ်မီးပေးရေး၊ စမတ်စီးတီးများဖွံ့ဖြိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အရည်အသွေးမြင့် ပညာရေးစနစ်တို့ တိုးတက်ဖြစ်ထွန်းရေး တို့အတွက် အစိုးရက အထူးဦးစားပေး ဆောင်ရွက်နေသောကြောင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာသောအခွင့်အလမ်းများ မိမိတို့ပိုင်ဆိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၌ အခွင့်အလမ်းသစ်များ ရှာဖွေရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန် အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့် လက်တွဲဆောင်ရွက်ရန် နီပေါ စီးပွားရေးအသိုင်းအဝိုင်းကို မိမိ တိုက်တွန်း အားပေးလိုပါကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ Mr. Pushpa Kamal Dahal နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မစ္စတာ ရာဂျက်ကာရီ ရှရက်စ် သာ တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌတို့နှင့်အတူ ''နီပေါကုန်စည်ပြပွဲ-၂ဝ၁၈ ''(Nepal Chamber Expo 2018) ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ''နီပေါ ကုန်စည်ပြပွဲ-၂ဝ၁၈ '' တွင် ခင်းကျင်း ပြသထားသည့် မြန်မာနိုင်ငံမှ ပြခန်း များနှင့်အခြားနိုင်ငံများမှ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

မြန်မာပြခန်းပေါင်း ၂ဝ ပြသ
''နီပေါကုန်စည်ပြပွဲ-၂ဝ၁၈'' တွင် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့ မှ ပြခန်းပေါင်း ၁၄၅ ခန်း ခင်းကျင်း ပြသလျက်ရှိပြီး မြန်မာနိုင်ငံမှ မြန်မာ့ ယဉ်ကျေးမှုနှင့် ရိုးရာအသုံးအဆောင် များပြခန်း၊ လက်ဝတ်ရတနာများ ပြခန်း၊ ဒေသတွင်း ထုတ်ကုန်များဖြစ်သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း များ ပြခန်း၊ ပဲ စသည့်သီးနှံထွက်ကုန် ပြခန်းများအပါအဝင် ပြခန်းပေါင်း ၂ဝ ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များနှင့်တွေ့ဆုံပြီး လိုအပ် သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များအား နီပေါ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

သတင်းစဉ်

Thursday, November 29, 2018

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲ ကျင်းပ

Image may contain: one or more people, people playing sports, basketball court and outdoor
ရန်ကုန် နိုဝင်ဘာ ၂၈
၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်မြို့ အောင်ဆန်းအားကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ယနေ့နံနက် ၈ နာရီက စတင်ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင် နေကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် လက်ရွေးစင်တန်း၊ အလွတ်တန်း၊ လူသစ်တန်းနှင့် အမျိုးသမီးတန်း(Open)တို့ဖြင့် အတန်းလေးတန်းခွဲထားသည်။ ပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၈ဝ မှ စုစုပေါင်း အားကစားသမား ၃၈ဝ တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အလွတ်တန်းပြိုင်ပွဲ၌ ပိုက်ကျော်ခြင်းကစားသမားများအဖြစ် နိုင်ငံခြားတွင် ကစားဖူးသူများမှအပ အလွတ်တန်း ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ လူသစ်တန်းပြိုင်ပွဲတွင်မူ ဝန်ကြီးဌာနအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်နှင့် AUG ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများမှအပ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြကြောင်း သိရသည်။

သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်

၂ဝ၁၈ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပဉ္စမပွဲစဉ် ဒုတိယနေ့ ဆက်လက်ကျင်းပ

Image may contain: one or more people, people playing sports, people standing, golf, shoes and outdoor
ပြင်ဦးလွင် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ပူးပေါင်း၍ အင်းဝဘဏ်လီမိတက်က အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပဉ္စမပွဲစဉ် ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲဒုတိယနေ့အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ ဟိန်းစည်သူ (Phyo Si Thu Teak Plantation- Myanmar & Bago Yoma Eco Resort- Myanmar)က သတ်မှတ် ရိုက်ချက်ထက် ၁၄ ချက်လျော့ရိုက်၍ ထိပ်ဆုံးမှဦးဆောင်နေပြီး ဘိုဘို (HAN Golf Academy) က သတ်မှတ်ရိုက်ချက်ထက် ရှစ်ချက်လျော့ရိုက်၍ ဒုတိယ၊ ဇော်ဇော်လတ် (HAN Golf Academy)က သတ်မှတ်ရိုက်ချက်ထက် ငါးချက်လျော့ရိုက်၍ တတိယနေရာတွင် ရပ်တည်နေ သည်။ ဝါသနာရှင်အဆင့်(အမျိုးသား)ပြိုင်ပွဲတွင် သီဟဌေးက ပထမ၊ မင်းနိုင်စိုးက ဒုတိယ၊ လှိုင်မင်းထက်က တတိယနေရာ၊ ဝါသနာရှင်အဆင့်(အမျိုးသမီး) ပထမနေ့ပြိုင်ပွဲတွင် စုနဒီဝင်းထွန်းက သတ်မှတ်ရိုက်ချက်ထက် ငါးချက်ပိုရိုက်ကာ ပထမ၊ ဧကရီဝင်းထွန်းက သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်ပိုရိုက်ကာ ဒုတိယ၊ ပြုံးပြုံးထွေးက သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်ပိုရိုက်ကာ တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ အမျိုးသားပြိုင်ပွဲများကို နိုဝင်ဘာ ၂၇ ရက်တွင် စတင်ကျင်းပပြီး အမျိုးသမီးပြိုင်ပွဲမှာ သုံးရက်သာ ယှဉ်ပြိုင်ရသောကြောင့် နိုဝင်ဘာ ၂၈ ရက်မှ စတင်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတတိယနေ့ကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်

ဘိုင်ယန်မြူးနစ်အတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့်လီဝန်ဒေါစကီး၏ ချန်ပီယံလိ၈်သွင်းဂိုး ၅၁ ဂိုးအထိ ရှိလာ

Image may contain: 1 person, outdoor
ဘိုင်ယန်မြူးနစ်အသင်းနှင့် ဘင်ဖီကာ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွင် တိုက်စစ်မှူး လီဝန်ဒေါ စကီးသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ချန်ပီယံလိဂ် သွင်းဂိုး ၅၁ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်း က ဘင်ဖီကာအသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း အတွက် သွင်းဂိုးများကို ပွဲကစားချိန် ၁၃ မိနစ် နှင့် မိနစ် ၃ဝ တွင် ရော်ဘင်ကလည်းကောင်း၊ ပွဲကစားချိန် ၃၆ မိနစ်နှင့် ၅၁ မိနစ်တို့တွင် လီဝန်ဒေါစကီးကလည်းကောင်း၊ ပွဲကစားချိန် ၇၆ မိနစ်တွင် ရီဘာရီကလည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဘင်ဖီကာအသင်း အတွက် ချေပဂိုးတစ်ဂိုးကို ပွဲကစားချိန် ၄၆ မိနစ်တွင် ကာဗယ်လ်ဟိုက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
တိုက်စစ်မှူး လီဝန်ဒေါစကီးသည် လက်ရှိ တွင် ချန်ပီယံလိဂ်ဂိုးသွင်းယူနိုင်မှုမှာ အာဆင် နယ်တိုက်စစ်မှူးဟောင်း ဟင်နရီကို ကျော်လွန် သွားခဲ့ပြီဖြစ်ပြီး ဟင်နရီမှာ ချန်ပီယံလိဂ် သွင်းဂိုး ၅ဝ သာ သွင်းယူပေးထားနိုင်ခဲ့ ကြောင်း သိရသည်။
လက်ရှိချန်ပီယံလိဂ်တွင် ဂိုးအများဆုံး သွင်းထားသူများမှာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုက သွင်းဂိုး ၁၂၁ ဂိုး၊ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ၁ဝ၅ ဂိုး၊ တိုက်စစ်မှူး ရာအူးလ်က ၇၁ ဂိုး၊ တိုက်စစ်မှူး ဘင်ဇီမာက ၅၉ ဂိုး၊ တိုက်စစ်မှူး နစ္စတယ်ရွိုင်းက ၅၆ ဂိုး အသီးသီး သွင်းယူထားကြကြောင်း သိရသည်။
ထို့ကြောင့် တိုက်စစ်မှူး လီဝန်ဒေါစကီး သည် တိုက်စစ်မှူး နစ္စတယ်ရွိုင်း၏ ချန်ပီယံ လိဂ်သွင်းဂိုးအမီလိုက်ရန် နောက်ထပ် ငါးဂိုး ထပ်မံသွင်းယူနိုင်ပါက အမီလိုက်နိုင်မည်ဖြစ် ကြောင်း သိရသည်။
တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ကစား သမားဘဝတွင် ဒေါ့မွန်အသင်းနှင့်အတူ ၁၃၁ ပွဲတွင် ၇၄ ဂိုးနှင့် ဘိုင်ယန်မြူးနစ်အသင်းနှင့် အတူ ၁၃၇ ပွဲတွင် ၁၁၃ ဂိုး အသီးသီးသွင်းယူ ထားပြီး ပိုလန်အသင်းအတွက်မူ ၁ဝ၂ ပွဲတွင် ၅၅ ဂိုးသွင်းယူပေးထားနိုင်ခဲ့ကြောင်း သိရ သည်။
ငွေကြယ်