Friday, November 30, 2018

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးကျင်းပ

Image may contain: indoor
ရန်ကုန် နိုဝင်ဘာ ၂၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေး (၁/၂ဝ၁၈)ကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကတိသစ္စာ မပြုရသေးသော ရွေးကောက်တင်မြှောက်ခံရသူ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့က ကတိသစ္စာပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေကြားခြင်းတို့ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂ဝ၁၈) တွင် ရန်ကုန် တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များက ကတိသစ္စာပြုလက်မှတ်ရေးထိုးကြသည်။
ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ''ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သမဝါယမအသင်း များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ၎င်းလုပ်ငန်း များမှ လစဉ်ဝင်ငွေ၊ နှစ်စဉ်ဝင်ငွေရရှိမှုများကို သိရှိလိုပါ ကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်း နှင့် မညီသောဆိုင်များကို မည်သို့ဆက်လက်ဆောင်ရွက် မည်''ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ''ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းတွင် သမဝါယမ အသင်း စုစုပေါင်း (၄၆) သင်းဖွဲ့စည်းထားရှိပြီး အသင်းမှ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနမှ ထိန်းကျောင်းတည့်မတ်ပေးလျက် ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းမှ ပိုင်ဆိုင်သောမြေနှင့် အဆောက်အအုံအခန်းများကို ငှားရမ်းခြင်း၊ အကျိုးတူဆောင်ရွက်ခြင်း စသည်တို့ကို ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ အရပ်ရပ် ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်လည်းကောင်း ကာလသတ်မှတ်၍ ခိုင်မာသောစာချုပ်များ ချုပ်ဆိုငှားရမ်း ပြီး အသင်းဝင်ငွေရအောင် ဆောင်ရွက်ကြပါကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် မညီသော အသင်းအား သမဝါယမအသင်းနည်းဥပဒေ ပုဒ်မ-၂၅ ပါ အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်ပါက သက်ဆိုင်ရာ သမဝါယမအသင်းအား စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်ပါကြောင်း'' ပြန်လည်ဖြေကြားသည်။
ယင်းနောက် သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း၏ ''သာကေတမြို့နယ်၊ ရပ်ကွက်အတွင်းရှိ သမဝါယမအသင်း ပိုင်ပစ္စည်း၏ စာရင်းဇယားများကို မည်ကဲ့သို့ စီမံခန့်ခွဲ ဆောင်ရွက်ထားသည်ကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန် အစီအစဉ်ရှိ၊ မရှိနှင့် မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်းနှင့် အချို့ရပ်ကွက်များတွင် ဖြစ်ပွားလျက် ရှိသော အမှုဆောင်ဥက္ကဋ္ဌမှစ၍ အသင်းသားများသည် အသင်းစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အသင်းသားများကို မည်သို့သောပြစ်ဒဏ်များဖြင့် အရေး ယူဆောင်ရွက်ခြင်း ရှိ၊ မရှိ''ကို သိရှိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီး ဦးဟံထွန်းက သာကေတမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု (၁)သင်း၊ အခြေခံသမဝါယမအသင်း (၅၉)သင်း၊ စုစုပေါင်း အသင်း (၆ဝ) ရှိပါကြောင်း၊ သမဝါယမအသင်းများမှ ပိုင်ဆိုင်သော ရင်းနှီးပစ္စည်းများဖြစ်သည့် မြေ (၆၁) ကွက်၊ အသင်းပိုင်အဆောက်အအုံ (၆၉) လုံး၊ သမဝါယမပိုင် မြေပေါ်တွင်မြေငှား၍ ပုဂ္ဂလိကပိုင်အဆောက်အအုံ (၁၉၄) လုံး၊ စုစုပေါင်း အဆောက်အအုံ (၂၆၃) လုံးရှိပါ ကြောင်း၊ အဆိုပါအဆောက်အအုံများတွင် အကျိုးတူ ငှားရမ်းထားသော အခန်းပေါင်း (၂ဝ၈) ခန်းရှိပါကြောင်း၊ သမဝါယမအသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို သမဝါယမအသင်း နည်းဥပဒေအရ အသင်းသည် လိုအပ် သည့် ငွေစာရင်း၊ ပစ္စည်းစာရင်း၊ အခြားစာရင်းများနှင့် မှတ်တမ်းများကို သတ်မှတ်ချက်နှင့်အညီ ပြုစုထိန်းသိမ်း ထားရှိခြင်း၊ သမဝါယမအသင်းများက ပိုင်ဆိုင်သော အဆောက်အအုံများကို အသင်းမှ စီမံခန့်ခွဲရာမှ ရရှိသော ဝင်ငွေသည် ၎င်းသက်ဆိုင်ရာ သမဝါယမအသင်း၏ ငွေစာရင်းသို့သာ ဝင်ပါကြောင်း၊ သမဝါယမဦးစီးဌာန အဆင့်ဆင့်သည် သမဝါယမအသင်းအဆင့်ဆင့်၏ စာရင်းများကို (၆)လတာကာလတွင် သာမန်စစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် နှစ်ချုပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ ''လှိုင် မြို့နယ်အတွင်း သမဝါယမပိုင် ဆိုင်ခန်းများ၊ တိုက်ခန်းများ မည်မျှရှိပါသလဲ၊ ဆိုင်ခန်းငှားရမ်းခများအား ခေတ်ကာလ ပေါက်ဈေးများဖြင့် ပြင်ဆင်ပြောင်းလဲသတ်မှတ်စာချုပ် ချုပ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် ဆိုင်ခန်းနှင့်တိုက်ခန်းများ၏ ငှားရမ်းခနှုန်းထားများအား တစ်ခုချင်းစီအလိုက်''ကို သိရှိ လိုကြောင်းမေးခွန်း၊ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၏ ''စားသုံးသူ သမဝါယမအသင်းအဆင့်ဆင့် (တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကျေး)အသင်းများ၏ ပိုင်ဆိုင်ခဲ့သော မရွှေ့မပြောင်းနိုင် သော ပစ္စည်းများဖြစ်သည့် မြေနေရာများ၊ အဆောက်အအုံ များ၊ စက်ပစ္စည်းများ အစရှိသည်တို့ကို ယခုအချိန်တွင် ဥပဒေကြောင်းအရ မည်သူပိုင်ဆိုင်သည်''ကို သိရှိလို ကြောင်း မေးခွန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီး ဦးဟံထွန်းက ပြန်လည်ဖြေကြားခဲ့သည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-စန်းကျော်ဦး

No comments:

Post a Comment