Friday, November 30, 2018

အမျိုးသားညွှန်ကိန်း မူဘောင်တစ်ရပ်ဖွံ့ဖြိုးလာစေရေး ဒုတိယအကြိမ် ဆွေးနွေး

Image may contain: 1 person, eyeglasses and closeup
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အား တိုင်းတာမည့် အမျိုးသားညွှန်ကိန်း မူဘောင်ဖော်ဆောင်ရေးဆွေးနွေးပွဲကို နိုဝင် ဘာ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Park Royalဟိုတယ်၌ ကျင်းပရာ ဆွေးနွေး ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ''ကျွန်တော် တို့နိုင်ငံမှာ အဓိက စီမံကိန်းရေးဆွဲခြင်းက အရေးကြီးပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေမှာ သာ စီမံကိန်းရေးဆွဲခြင်းလုပ်တယ်။ တကယ် တမ်း ဒီမိုကရက်တစ်နိုင်ငံဖြစ်သွားတယ်ဆိုရင် Democratization process သွားနေတာ ဖြစ်တဲ့အတွက် ဒီမိုကရေစီနိုင်ငံတိုင်းမှာ စီမံကိန်းရေးဆွဲခြင်းဆိုတာ အရေးမကြီးတော့ ဘူးဆိုတဲ့ ထင်မြင်ယူဆချက်လေးတွေ ရှိပါ တယ်။ အမှန်ကတော့ နိုင်ငံတိုင်းမှာ planning နဲ့ policy direction အရေးကြီးပါ တယ်။ Central Control ဖြစ်တဲ့ Central Planning Controlူ ကနေပြီးdecentralize စနစ်ကို ဦးတည်သွားနေတာဖြစ်တဲ့အတွက် ဘယ်အရာတွေကို Controlလုပ်သင့်တယ်၊ ဘယ်အရာတွေကို Controlမလုပ်သင့်ဘူး ဆိုတာ နားလည်ထားဖို့လည်း အရေးကြီးပါ တယ်။
အလုံးစုံပါဝင်တဲ့ မူဝါဒဖြစ်ဖို့ အရေးကြီး
''planning ဆောင်ရွက်တဲ့အခါမှာCentral Control မဟုတ်ဘဲနဲ့ နိုင်ငံတော်က ဘယ်လိုမူဝါဒနဲ့ သွားသင့်တယ်ဆိုတာကိုတော့ အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတော်က သွားသင့်တယ်ဆိုတဲ့ မူဝါဒက လည်း narrow policyမဟုတ်ဘဲနဲ့ အကုန် လုံး အားလုံးကျယ်ပြန့်ပြီး အလုံးစုံပါဝင်တဲ့ မူဝါဒတစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီမှာရှိနေတဲ့ Planning Processကတော့ ကဏ္ဍအလိုက် ဦးစားပေးတဲ့ စီမံကိန်း တွေဖြစ်ပါတယ်။ တကယ်တမ်း ကဏ္ဍအလိုက် ဦးစားပေးတဲ့ စီမံကိန်းတွေက စီးပွားရေးကဏ္ဍတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ မိမိကဏ္ဍအလိုက် တိုးတက် အောင်လုပ်တဲ့ စီမံကိန်းတချို့က တစ်ခုနဲ့ တစ်ခု ပေါင်းစပ်ညှိနှိုင်းမှုမရှိတဲ့ပုံစံမျိုးဖြစ် သွားတတ်ပါတယ်''ဟု ပြောကြားသည်။
ဆက်လက်၍ ''ဝန်ကြီးဌာနတိုင်းက ကဏ္ဍအလိုက် တိုးတက်အောင် စီမံကိန်းတွေ ကို နိုင်ငံတော်ကသွားချင်တဲ့Strategic Action Plan ကို အကောင်အထည်ဖော်ဖို့ အတွက် သက်ဆိုင်ရာဌာနတွေကနေ ဘယ်လို စီမံကိန်းတွေနဲ့ ပံ့ပိုးရမလဲ၊ ဘယ်လိုစီမံကိန်းတွေကိုဖော်ထုတ်ပြီး အကောင်အထည်ဖော် ရမလဲဆိုတာ အားလုံးဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဌာနပေါင်းစုံ ပါဝင်လာဖို့လို
''နိုင်ငံတော်က SME Development နဲ့ သွားချင်တယ်ဆိုရင် အကုန်လုံးက ဘဏ် ချေးငွေတစ်ခုတည်းကြည့်ပြီး ဘဏ်ချေးငွေ ဆိုင်ရာတစ်ခုကိုပဲ ကြိုးစားပြီးတော့ ချေးငွေ လွယ်ကူအောင် လုပ်နေမယ့်အစားSME Development ကို အကောင်အထည်ဖော်နိုင် ဖို့အတွက် ဌာနပေါင်းစုံ ပါဝင်လာဖို့လိုပါတယ်။ ဌာနပေါင်းစုံက ပါဝင်ပြီး SME Development ဆိုတဲ့Strategic Action Plan တစ်ခုကိုရအောင် ဌာနပေါင်းစုံက ရေးဆွဲဖို့ အရေးကြီးပါတယ်။ နိုင်ငံတော်က ဗျူဟာမြောက် ဆောင်ရွက်မယ့်စီမံကိန်းတွေမှာ ဘယ်လို စီမံကိန်းတွေကို ဆောင်ရွက်မလဲဆိုတာကို Project Data Blank ထည့်ပြီး အကုန်လုံးကို အသိပေးထားတာဖြစ်တဲ့အတွက် ပွင့်လင်း မြင်သာမှုကို အားပေးရာရောက်ပါတယ်။ ဘယ်လိုစီမံကိန်းကိုတော့ နိုင်ငံတော်ဘတ်ဂျက် နဲ့ ကျွန်တော်တို့ ဆောင်ရွက်မယ်၊ ဘယ်လို စီမံကိန်းကိုတော့ OTD နဲ့ ဆောင်ရွက်မယ်၊ ဘယ်လို စီမံကိန်းတွေကိုတော့ Private Sectorနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မယ် ဆိုတာကို Project Data Blankထဲမှာ ဖော်ပြ ထားတဲ့အတွက် Private Sectorတွေအနေနဲ့ လည်း ခန့်မှန်းရလွယ်ကူပြီး နားလည်သိရှိနိုင် မှာ ဖြစ်ပါတယ်။
''Private Sector က လုပ်ချင်တဲ့ စီမံကိန်း တွေကိုပဲ သက်ဆိုင်ရာဌာနတွေက ထိုင်စောင့် နေမယ့်အစား မိမိတို့ဗျူဟာမြောက်စီမံကိန်း တွေအတွက် Private Sector တွေကို တင်ဒါ ခေါ်ပြီး ဆောင်ရွက်မယ်ဆိုရင်ပိုပြီး Proactive ဖြစ်တဲ့ ဌာနတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
စီမံကိန်းတွေချပြ
''နောက်တစ်ခုက Private Sector အနေ နဲ့ နိုင်ငံတော်က ဘာလုပ်ချင်သလဲဆိုတာကို Private Sector က မသိပါဘူး။ နိုင်ငံတော်က ဘာလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေကို ချပြပြီး တော့ Private Sector ကို ဆွဲခေါ်မယ်ဆိုရင် Private Sector Investment ကိုလည်း လှုံ့ဆော်နှိုးဆွနိုင်မှာဖြစ်ပါတယ်။ ပြည်ပ Private Sector တွေကိုလည်း လှုံ့ဆော်နှိုးဆွ သလို ဖြစ်လာနိုင်ပါတယ်။ Planningကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင် သလဲဆိုတဲ့ Monitoring လုပ်တဲ့နေရာမှာIndicator တွေက အလွန်အရေးကြီးပါတယ်။ ဒီ Indicator တွေ ဆောင်ရွက်တဲ့အခါမှာ ဒီIndicator တွေက ကျွန်တော်တို့ဆီမှာ ရနိုင်တဲ့Indicator တွေလား၊ မရနိုင်တဲ့Indicator တွေလားဆိုတာ ပြန်ကြည့်ရမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲနှင့် စပ်လျဉ်းပြီး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ''မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အမျိုးသားစီမံကိန်း တစ်ရပ် Myanmar Substainable Development Plan(MSDP) ဆိုပြီး မကြာ ခင်က ရေးဆွဲထားတာရှိပါတယ်။ အဲဒီအမျိုး သားစီမံကိန်းကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ ရည်ရွယ်ပြီးMonitoring and Evaluation လို့ခေါ်တဲ့ စောင့်ကြည့်တာကို အမျိုးသား ညွှန်ကိန်းမူဘောင် (National Indicator Framework) လို့ခေါ်ပါတယ်။ စီမံချက်တွေ ဆောင်ရွက်ပြီးတဲ့အခါ ပြီးရင်ပြီးရောဆိုတဲ့ အနေအထားမျိုးမဟုတ်ဘဲ စီမံချက်က ဘယ်လောက်အောင်မြင်သလဲ၊ နောက်တစ်ခု က စီမံချက်ရဲ့ရလဒ်က ဘာတွေလဲ၊ ပြည်သူ တွေကို ဘယ်လိုအကျိုးပြုသလဲဆိုတဲ့ impact ပေါ့နော်၊ အဲဒီအကျိုးကျေးဇူးတွေကို တိုင်းတာ လို့ရအောင်ဆိုလို့ရှိရင် အပြည်ပြည်ဆိုင်ရာ မှာလည်း ညွှန်ကိန်းတွေနဲ့ တိုင်းတာလေ့ရှိပါ တယ်။ MSDP စီမံကိန်းကို တိုင်းတာဖို့အတွက် အမျိုးသားညွှန်ကိန်း မူဘောင်တစ်ရပ်ကို ရေးဆွဲနေခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
၁၃၃ ဌာနက ပါဝင်ရေးဆွဲ
ဆက်လက်၍ ၎င်းက ''အခုလို ရေးဆွဲတဲ့ အခါမှာ ဝန်ကြီးဌာနတွေက ဌာနပေါင်း ၁၃၃ ဌာနက ပါဝင်ရေးဆွဲပါတယ်။ အဖွဲ့အစည်း တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ နောက်ပြီး အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ပါဝင်ပြီး ရေးဆွဲပါတယ်။ အမျိုးသားစီမံကိန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ အစိုးရတစ်ရပ်တည်းနဲ့ အကောင်အထည်ဖော်လို့မရပါဘူး။ ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရော ပါဝင်ပြီး အကောင်အထည်ဖော်မှသာ အမျိုးသားစီမံကိန်းတစ်ရပ်ရယ်လို့ ပိုပြီးတော့ ပီပီပြင်ပြင်ဖြစ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ မူဝါဒအရ guideလုပ်ပြီး ဆောင်ရွက်တဲ့အပိုင်းတွေကတော့ ရှိမှာပါ။ နောက်ပြီး အကောင်အထည်ဖော်တဲ့အခါမှာ လည်း အစိုးရရဲ့ဘတ်ဂျက်နဲ့ အကောင်အထည် ဖော်တာမျိုးရှိသလို၊ ပုဂ္ဂလိကနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ (PPP) စီမံချက်တွေမျိုးလည်း ရှိမယ်။ နောက်တစ်ခုက နိုင်ငံခြားချေးငွေ အထောက်အပံ့တွေနဲ့ အကောင်အထည်ဖော် တဲ့ စီမံချက်တွေလည်း ရှိမယ်။ ဘယ်စီမံချက်ပဲ ဖြစ်ဖြစ် ကျွန်မတို့က အကောင်အထည်ဖော် တဲ့အခါမှာ ပြည်သူကို အကျိုးရှိစေဖို့အတွက် ညွှန်ကိန်းမူဘောင်နဲ့ တိုင်းတာရမယ်။ ဆိုလို ချင်တာက Keep Performance Indicator လို့ခေါ်တဲ့ KPIတွေပေါ့နော်။ ဒါတွေကို ကျွန်မတို့က စုပေါင်
းပြီးတော့ သတ်မှတ်ကြ တာဖြစ်ပါတယ်။ ကျွန်မတို့က ဧရိယာ ၁၃ ခု ကိုfocusလုပ်ပါတယ်။ ငြိမ်းချမ်းရေး၊ မေခရို စီးပွားရေးတည်ငြိမ်မှု၊ အလုပ်အကိုင်ရရှိရေး၊ စွမ်းအင်နဲ့ပတ်သက်တာ အစရှိသဖြင့်ပေါ့။ ကျွန်မတို့က ခေါင်းစဉ်ပေါင်း ၁၃ ခုရှိပါတယ်။ ခေါင်းစဉ် ၁၃ ခုအောက်မှာ သက်ဆိုင်ရာဌာန တွေ၊ အဖွဲ့အစည်းတွေ၊ နောက်တစ်ခုက ဒီဧရိယာနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေ၊ နိုင်ငံခြားမိတ်ဖက် ကိုယ်စားလှယ်တွေပါ ပါဝင်ပြီး ဆွေးနွေးကြ တာဖြစ်ပါတယ်''ဟု ဆက်လက်ပြောကြား သည်။
ညွှန်ကိန်း စုစုပေါင်း ၂၆၄ ခုရ
ထို့အပြင် ဒေါက်တာဒေါ်ဝါဝါမောင်က ''ဆွေးနွေးတာတွေနဲ့ပတ်သက်ပြီး ၂ဝ၁၈ ခုနှစ် သြဂုတ်လ ဒုတိယပတ်ကနေပြီးတော့ စပြီး တော့ဆွေးနွေးပါတယ်။ အဲဒီ first roundက နေ အချက်အလက်တွေကို ပြုစုလိုက်တဲ့အခါ မှာ ဌာနအသီးသီးရဲ့ ဖော်ထုတ်မှုတွေအရ ညွှန်ကိန်းစုစုပေါင်း ၂၆၄ ခုရပါတယ်။ ဒီ ညွှန်ကိန်းတွေဟာ ကျွန်မတို့ ချမှတ်ထားတဲ့ ပန်းတိုင်တွေ၊ မဟာဗျူဟာတွေနဲ့ ကိုက်ညီရဲ့ လား၊ ညီညွတ်ရဲ့လား၊ တကယ်တိုင်းတာဖို့ အချက်အလက်တွေ ရနိုင်မှာလား၊ အချက် အလက် မရနိုင်ရင် ဘယ်လိုကောက်ယူမလဲ။ စစ်တမ်းတွေ ဘယ်လိုဆောင်ရွက်မှာလဲ၊ အကယ် ၍ ကျွန်မတို့ သတ်မှတ်ထားတဲ့Indicator တွေထဲမှာ မဆီလျော်တဲ့ညွှန်ကိန်းများ ပါနေ သလားဆိုတာတွေကိုsecond roundအနေနဲ့ ဒီနေ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ပိုပြီးတော့ အရေးကြီးလာ
''ဆွေးနွေးမှာ ၁၃ ဖွဲ့ရှိပြီး ဆွေးနွေးမယ့် ခေါင်းစဉ် ၁၃ ခုရှိတဲ့အတွက် ၁၃ ရက် ဆက်တိုက် အစည်းအဝေးတွေကို ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီsecond round က ပိုပြီးတော့ အရေးကြီးလာပါတယ်။ အခု နောက်ပိုင်းမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဘတ်ဂျက်တွေကို အသုံးပြုတဲ့အခါမှာ ပိုပြီး တော့ထိရောက်စေချင်တယ်၊ ပိုပြီးလည်း အကျိုးလည်းရှိစေချင်တယ်၊ ဖွံ့ဖြိုးမှုကိုလည်း အလေးထားပြီးတော့ အကောင်အထည်ဖော် လိုတဲ့အခါမှာ အကျိုးရှိ၊ မရှိ တိုင်းတာဖို့ အတွက် Monitoring & Evaluationကဏ္ဍက အရေးကြီးပါတယ်။ အဲဒီကဏ္ဍက တစ်လျှောက်လုံး ကျွန်မတို့ဆီမှာ အတော်လေး အားနည်းခဲ့တဲ့ အနေအထားရှိတဲ့အတွက် ဒါတွေကိုလည်း အလေးထားပြီး ဆောင်ရွက် ပါတယ်။
''နောက်ပြီး ဌာနတွေကြားထဲမှာ စီမံချက် တွေကို စီမံခန့်ခွဲတဲ့ unit တွေက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ သူ့ရဲ့ project management unitနဲ့သူ ထားရှိဖို့ရယ်၊ project management unit တွေကလည်း ဒီ project တွေကို စီမံခန့်ခွဲတဲ့အခါမှာIndicatorတွေက သူတို့အတွက် အမြဲစောင့် ကြပ်ရမယ့်အပိုင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ နိုင်ငံတွေကြားထဲမှာ ဖွံ့ဖြိုးမှု အရှိန်အဟုန်ကို ပြိုင်နေကြတဲ့အခါမှာ ဘယ် နိုင်ငံမှ ရပ်နေတယ်ဆိုတာမရှိဘူးပေါ့။ အားလုံး ကတော့ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် လုပ်နေ တာပဲ။ အဓိကကတော့ အရှိန်အဟုန်ကို ပြိုင်ရတာပါ။ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင် ဖို့အတွက် မူဘောင်ထားရမယ်။ စီမံကိန်း အကောင်အထည်ဖော်သူတွေကလည်း ဘာနဲ့ အတိုင်းခံရမှာလဲဆိုတဲ့Indicator တွေကို သိရမှာဖြစ်ပါတယ်။ ဒီ Indicator တွေ တိုးတက်အောင် စီမံကိန်းအကောင်အထည် ဖော်သူတွေကလည်း ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းကြီးဟာ ညွှန်ကိန်းမူဘောင်သာပြီးသွားမယ် ညွှန်ကိန်း တွေ တိုင်းတာတဲ့အလုပ်တွေကတော့ ဆက်တိုက်ပြီးမှာ မဟုတ်ပါဘူး။ ရေရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းရပ်တွေပဲဖြစ်ပါ တယ်''ဟု ပြောကြားသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်၊ ဓာတ်ပုံ- အေးသန်း

No comments:

Post a Comment