Wednesday, January 31, 2018

လက်ရှိဓာတ်အားသုံးစွဲမှုအရ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေမှာ ဝန်အားစီးဆင်းမှုအားသယ်ပို့ဖြန့်ဖြူးလာနိုင်မှာဖြစ်ပေမယ့် ထပ်မံတိုးတက်သုံးစွဲမှုအရ တိုးချဲ့ဆောင်ရွက်သွားဖို့ လိုအပ်နေပါတယ်

Image may contain: 1 person
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်ထိ တိုးတက်သုံးစွဲနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။ လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ၃၁၈၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား ၁၃၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပြီး လိုအပ်ချက်ဖြစ်ပေါ်နေမည့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲ မှု အမြင့်ဆုံးအခြေအနေကို ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ အခုလက်ရှိဓာတ်အားသုံးစွဲမှု ပမာဏအမြင့်ဆုံး က ၃၁၈၉ မဂ္ဂါဝပ်ခန့်ရှိပြီး ဒီလိုအပ်ချက်ကို ရေအား လျှပ်စစ်စက်ရုံ ၁၇ ရုံနဲ့ အပူစွမ်းအင်သုံးဓာတ်အားပေး စက်ရုံ ၁၅ ရုံတို့ကနေ ထုတ်လုပ်ပေးလျက်ရှိပါတယ်။
မေး ။ ။ နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှု အခြေအနေ အရ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေကို သိရှိလို ပါတယ်။
ဖြေ။ ။ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်း တိုးတက်နေပါတယ်။ ဒီလိုတိုးတက်လာတဲ့ အတွက် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်အထိ သုံးစွဲ မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ၃၁၈၉ မဂ္ဂါဝပ် အထိ ထုတ်လုပ်နိုင်ပြီး ၁၃၄၂ မဂ္ဂါဝပ် ထပ်မံလိုအပ်ပါမယ်။ ဒီအတွက် ၂ဝ၁၈ ခုနှစ်မှာ စက်ရုံ သုံးရုံက ၄၃၉ မဂ္ဂါဝပ်၊ ၂ဝ၁၉ ခုနှစ်မှာ စက်ရုံ လေးရုံက ၇၅ဝ မဂ္ဂါဝပ်၊ ၂ဝ၂ဝ ပြည့်နှစ်မှာ စက်ရုံ သုံးရုံက ၂၆ဝ မဂ္ဂါဝပ်၊ ၂ဝ၂၁ ခုနှစ်မှာ စက်ရုံ ငါးရုံက ၉၇၁ မဂ္ဂါဝပ် နဲ့ ၂ဝ၂၂ ခုနှစ်မှာ စက်ရုံ ငါးရုံက ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီစဉ်ထားပါတယ်။ ဒီစက်ရုံတွေ ဓာတ်အားထုတ်လုပ်မှုမှာ ရေအားစက်ရုံတွေ က (၁၅ရာခိုင်နှုန်း)၊HFOစက်ရုံတွေက (၁၈ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေက(၃ဝ ရာခိုင်နှုန်း)၊LNGစက်ရုံတွေက(၃၂ ရာခိုင်နှုန်း)၊ Solar စက်ရုံတွေက (၅ ရာခိုင်နှုန်း) ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိမှာ ဓာတ်အားထုတ်လုပ်နေမှုအရ ဓာတ်အားလိုင်းတွေရဲ့ သယ်ယူဖြန့်ဖြူးနေမှု အခြေအနေကို လည်း သိရှိလိုပါတယ်။
ဖြေ ။ ။ လက်ရှိမှာ ၂၃ဝ ကေဗွီဓာတ်အားလိုင်း ၆၃ လိုင်း(၂၈၄၆ ဒသမ ၂၅ မိုင်)နဲ့ ခွဲရုံ ၃၈ ရုံ ၅၅၂ဝ အမ်ဗွီအေ၊ ၁၃၂ ကေဗွီ ၄၂ လိုင်း (၁၃၆၂ ဒသမ ၅ မိုင်)နဲ့ ခွဲရုံ ၂၄ ရုံ ၁၇၂၄ ဒသမ ၅အမ်ဗွီအေ၊ ၆၆ ကေဗွီဓာတ်အားလိုင်း (၆၄၈၈ ဒသမ ၇ မိုင်)နဲ့ ခွဲရုံ ၂၉၅ ရုံ ၄ဝ၄ဝ ဒသမ ၅ အမ်ဗွီအေ တို့ ရှိပါတယ်။ လက်ရှိဓာတ်အားသုံးစွဲမှုအရ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေမှာ ဝန်အားစီးဆင်းမှု အား သယ်ပို့ဖြန့်ဖြူးလာနိုင်မှာ ဖြစ်ပေမယ့် ထပ်မံတိုးတက် သုံးစွဲမှုအရ တိုးချဲ့ဆောင်ရွက်သွားဖို့ လိုအပ်နေပါတယ်။
မေး ။ ။ လက်ရှိ ဓာတ်အားသုံးစွဲမှုအခြေအနေကို ရှင်းပြ ပေးစေလိုပါတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ မီးသုံးစွဲသူ ၁ဝ ဒသမ ၈၇၇ သန်းအနက် ၄ ဒသမ ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိပြီး ၆ ဒသမ ၅၈၈ သန်းမီးရရှိဖို့ ကျန်ရှိနေ ပါတယ်။ မြို့အားဖြင့် ၄၈၂ မြို့အနက် ဓာတ်အားစနစ်က မြို့ ၃၅ဝ မီးရရှိပြီး အခြားနည်းလမ်းနဲ့ ကျန် ၁၃၂ မြို့ မီးရရှိထားပါတယ်။ ကျေးရွာတွေအနေနဲ့ ၆၃၇၃၇ ရွာ ရှိတဲ့အနက် ၃၂၂၂၈ ရွာ မီးရရှိပြီး ၃၁၅ဝ၉ ရွာ ကျန်ရှိနေပါတယ်။
မေး ။ ။ တိုင်းဒေသကြီးတွေထဲက ဓာတ်အားသုံးစွဲမှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့ရဲ့ အခြေအနေကိုလည်း ပြောပြပေးစေလိုပါ တယ်။
ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၅၈ သန်းထဲက ၁ ဒသမ ၃ သန်း မီးရရှိပြီး သုည ဒသမ၂၈ သန်း မီးရရှိဖို့ ကျန်ရှိပါတယ်။ ကျေးရွာတွေအနေနဲ့ ၂၁၂၆ ရွာရှိတဲ့အနက် ၁၃ဝ၄ ရွာ မီးရရှိပြီး ၈၂၂ ရွာ ကျန်ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မှာ ၂၃ဝ ကေဗွီဓာတ်အားခွဲရုံ ကိုးရုံ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံ ၃၄ ရုံ၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ ၇၅ဝ၊ ၁၁ ကေဗွီ ဓာတ်အားခွဲရုံ ၉ဝ၈၃ ရုံ၊ ၆ ဒသမ ၆ ကေဗွီ ဓာတ်အားခွဲရုံ ၃၄၈၂ ရုံတို့နဲ့ ဓာတ်အားဖြန့်ဖြူးပါတယ်။ လက်ရှိမှာ ဓာတ်အားသုံးစွဲမှု ၁၃၅၁ မဂ္ဂါဝပ်ရှိပါတယ်။ ဓာတ်အားသုံးစွဲ သူတွေရဲ့ ဓာတ်အားသုံးစွဲမှုအနေနဲ့ အိမ်သုံးက ၅ဝ ရာခိုင်နှုန်း၊ စက်မှုနဲ့စီးပွားရေးသုံးက ၃၄ရာခိုင်နှုန်း၊ လမ်းမီးနဲ့ အခြားက ၁၆ ရာခိုင်နှုန်းရှိပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၃၂ သန်းရှိတဲ့အနက် သုည ဒသမ ၇ သန်း မီးရရှိ ပြီး သုည ဒသမ ၆၂ သန်း မီးရရှိဖို့ကျန်ရှိပါတယ်။ ကျေးရွာ တွေ ၄၈ဝ၇ ရွာ ရှိတဲ့အနက် ၃၇၂၄ ရွာ မီးရရှိပြီး ၁ဝ၈၃ ရွာ ကျန်ရှိနေပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ၂၃ဝ ကေဗွီဓာတ်အားခွဲရုံ ခြောက်ရုံ၊ ၁၃၂ ကေဗွီဓာတ်အားခွဲရုံ ၁၁ ရုံ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံ ၂၁ ရုံ၊ ၃၃ ကေဗွီဓာတ်အား ခွဲရုံ ၅၇၈ ရုံ၊ ၁၁ ကေဗွီဓာတ်အားခွဲရုံ ၇၆၂ဝ၊ ၆ ဒသမ ၆ ကေဗွီဓာတ်အားခွဲရုံ ၅၂ ရုံနဲ့ ဓာတ်အားဖြန့်ဖြူးပါတယ်။ လက်ရှိ ဓာတ်အားသုံးစွဲမှုက ၅၅၁ မဂ္ဂါဝပ်ရှိပါတယ်။ ဓာတ်အားသုံးစွဲသူအနေနဲ့ အိမ်သုံးက ၄၈ ရာခိုင်နှုန်း၊ စက်မှုနဲ့စီးပွားရေးသုံးက ၄၂ ရာခိုင်နှုန်း၊ လမ်းမီးနဲ့ အခြား က ၁ဝ ရာခိုင်နှုန်း ရှိပါတယ်။
မေး ။ ။ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ အခြေ အနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှာ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ စုစုပေါင်း ၁၆၃ ရုံ၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ ၈၃၇ ရုံ၊ ၁၁ ကေဗွီဓာတ်အားခွဲရုံ ၁၉၇၉၉ ရုံ တည်ဆောက် ထားပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်၊ လက်ရှိ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီး နှစ်ခုမပါဘဲ ကျန် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဓာတ်အားသုံးစွဲမှုဟာ ၁၁၉၃ မဂ္ဂါဝပ် ခန့်အထိရှိပြီး နှစ်စဉ်ဓာတ်အားတိုးတက် သုံးစွဲမှုမှာ ပျမ်းမျှ ၁၅ ရာခိုင်နှုန်း ခန့်ရှိပါတယ်။ ဓာတ်အား စနစ်က ဖြန့်ဖြူးထားတဲ့ မြို့အနေနဲ့ ၂၆၉ မြို့၊ ဒီဇယ်၊ အသေးစား ရေအားနဲ့ အခြားစနစ်နဲ့ ဖြန့်ဖြူးထားတဲ့ မြို့က ၁၃ဝ ရှိပါတယ်၊ ကျေးရွာအနေနဲ့ ၅၆၈ဝ၄ ရွာမှာ ရွာ ၂၇၂ဝဝ ဓာတ်အားရရှိပြီးတော့ ၂၉၆ဝ၄ ရွာဓာတ်အား ရရှိဖို့ လိုအပ်နေပါတယ်။ ဓာတ်အားသုံးစွဲသူအနေနဲ့ အိမ်သုံးက ၆၃ ရာခိုင်နှုန်း၊ စက်မှုနဲ့ စီးပွားရေးသုံးက ၂၁ ရာခိုင်နှုန်း၊ လမ်းမီးနဲ့အခြားက ၁၆ရာခိုင်နှုန်း ရှိပါတယ်။
မေး ။ ။ ဝေးလံတဲ့ဒေသတွေမှာ လျှပ်စစ်မီးဘယ်လို ပေးနေလဲသိပါရစေ။
ဖြေ ။ ။ ဓာတ်အားစနစ်ပြင်ပမှာ လျှပ်စစ်ဓာတ်အားကို အသေးစားရေအား လျှပ်စစ်စက်ရုံ ၃၂ ရုံ (၃၄ ဒသမ ၁၇၄) မဂ္ဂါဝပ်၊ ဒီဇယ်ဓာတ်အားပေးစက် ၆ဝ၆ လုံး (၈၇ ဒသမ ၆၃၄) မဂ္ဂါဝပ်နဲ့ ဓာတ်အားဖြန့်ဖြူးပေးနေပါတယ်။
အခြားနည်းလမ်းတွေဖြစ်တဲ့Solar Home စနစ်၊ စပါးခွံလောင်စာ၊ ဇီဝလောင်စာနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ဓာတ်အားရယူခြင်းစတာတွေနဲ့လည်း လျှပ်စစ်ဓာတ်အား သုံးစွဲနေကြတာရှိပါတယ်။
မေး ။ ။ လျှပ်စစ်ဓာတ်အား လိုအပ်ချက် တိုးတက်လာပြီး လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ဖို့အတွက် ဘယ်လို စီမံချက်တွေ ရေးဆွဲစီမံထားသလဲ သိလိုပါတယ်။
ဖြေ ။ ။Demand Forecast အရ အခု ၂ဝ၁၈ ခုနှစ်မှာ ၃၅၈၇ မဂ္ဂါဝပ်၊ ၂ဝ၁၉ ခုနှစ်မှာ ၄ဝ၃၂ မဂ္ဂါဝပ်၊ ၂ဝ၂ဝ ပြည့်နှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်၊ ၂ဝ၂၁ ခုနှစ်မှာ ၅ဝ၉၂ မဂ္ဂါဝပ်၊ ၂ဝ၂၂ ခုနှစ်မှာ ၅၇၂၇ မဂ္ဂါဝပ်ထိ တိုးတက်လာမယ် လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာ မဂ္ဂါဝပ် ၃ဝဝဝ ခန့်သာ ထုတ်လုပ်နိုင်တာ ကြောင့် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်မတိုင်မီ မဂ္ဂါဝပ် ၃ဝဝဝ ကျော် ထပ်မံထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။ ဝန်ကြီးဌာနအနေ နဲ့ အမျိုးသားစီမံကိန်းကော်မရှင် (၂/၂ဝ၁၇)ကြိမ်မြောက် အစည်းအဝေးမှာတော့ လိုအပ်တဲ့ ဓာတ်အားတွေ ထုတ်လုပ် နိုင်ဖို့ စီမံချက်ကို တင်ပြခဲ့တာရှိပါတယ်။ ရေအား စီမံကိန်း (အထက်ကျိုင်းတောင်း၊ အထက်ရဲရွာ၊ အလယ်ပေါင်းလောင်း၊ ဒီးဒုတ်) လေးခုမှ ၄၉၇ မဂ္ဂါဝပ်၊ ပြည်တွင်းသဘာဝဓာတ်ငွေ့ သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း [သာကေတ၊ သထုံ၊ မြင်းခြံ၊ ဘဲလင်းGEG၊ မြန်အောင် GEG၊ ရွာမ (WB)] ခြောက်ခုက ၇၉၄ မဂ္ဂါဝပ်၊LNG သုံးစီမံကိန်း (အလုံ၊ ကန်ပေါက်) နှစ်ခုက မဂ္ဂါဝပ် ၁၂၅ဝ၊HFO သုံးစီမံကိန်း [ရန်ကုန် (NIHC)၊ ရန်ကုန် (Karpower)] နှစ်ခုမှ မဂ္ဂါဝပ် ၆ဝဝ နဲ့Solar စီမံကိန်း (မင်းဘူး) တစ်ခုက မဂ္ဂါဝပ် ၁၇ဝ တို့နဲ့ စုစုပေါင်း ၃၃၁၁ မဂ္ဂါဝပ်ရရှိဖို့ စီမံလျာထား ခဲ့ပါတယ်။
စီမံချက်အတိုင်း အကောင်အထည်ဖော်တည်ဆောက် နိုင်မယ်ဆိုရင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့အပြင် ၂ဝ၂၁ မှာ ၄၂၈ မဂ္ဂါဝပ်၊ ၂ဝ၂၂ မှာ ၆၈၈ မဂ္ဂါဝပ်ခန့် Reserve ထားရှိနိုင်မှာဖြစ်ပါတယ်။
မေး ။ ။ ထုတ်လုပ်မှုအပိုင်းမှာ LNG စက်ရုံတွေ ဆောင်ရွက်ခဲ့မှု အခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ ။ ။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ထုတ်လုပ်မှု အပိုင်းမှာ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေနဲ့ Power Purchase Agreement (PPA) ဆွေးနွေးခြင်း၊Delivery ဆွေးနွေးခြင်း၊ ထွက်ရှိလာတဲ့ ဓာတ်အားကို ဖြန့်ဖြူးဖို့ ဓာတ်အားလိုင်းတွေTransmission Line ပါဝင်မှုဆွေးနွေးခြင်း၊ ငွေပေးချေမှုစတာတွေကို အဆင့်ဆင့် ဆွေးနွေးပြီး နိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်၊ ပြီးတော့ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ LNG စက်ရုံ လေးခုကို ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
မေး ။ ။ LNG စက်ရုံ လေးရုံ အခြေအနေကိုလည်း ရှင်းလင်းပြောကြားပေးစေ လိုပါတယ်။
ဖြေ ။ ။ LNG စက်ရုံ လေးခုကတော့ တနင်္သာရီတိုင်း ဒေသကြီး ကန်ပေါက်ဒေသက LNG စက်ရုံစီမံကိန်းမှာTOTALကုမ္ပဏီရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စခန်း ဧရိယာအတွင်းမှာ ပြင်သစ်နိုင်ငံTOTALကုမ္ပဏီနဲ့ ဂျာမဏီနိုင်ငံSIEMENSကုမ္ပဏီတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံမှာ သုံးစွဲမယ့် LNG ကိုFloating Storage Re-gasification Unit (FSRU) နဲ့ ဓာတ်အားပေးစက်ရုံကို ပိုက်လိုင်းနဲ့ သွယ်တန်းမှာဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့စက်ရုံက Combined Cycle Power Plant ဖြစ်ပြီးGas Turbineနှစ်လုံး မဂ္ဂါဝပ် ၄၁ဝ နဲ့Steam Turbine တစ်လုံး မဂ္ဂါဝပ် ၄၁ဝ ထွက်ရှိမှာဖြစ်ပါတယ်။ ၅ဝဝ ကေဗွီ ကံပေါက်-မော်လမြိုင်ဘုရားကြီး ဓာတ်အားလိုင်း (မိုင် ၂၈ဝ)၊ ၅ဝဝ ကေဗွီ ဓာတ်အားခွဲရုံနဲ့ (FSRU) နဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ပါဝင်မှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီး အလုံမှာရှိတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားပေးစက်ရုံဝင်းအတွင်း မြေလွတ်ပေါ်မှာ ၃၅၆ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံကိုTTCL Public Company Limitedရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံမှာ သုံးစွဲမယ့် LNGကိုFloating Storage Re-gasification Unit နဲ့ ရန်ကုန် မြစ်ဝသန်လျင်မှာ ဆိုက်ကပ်ပြီး ပိုက်လိုင်းနဲ့ သွယ်တန်းဖို့ စီစဉ်ထားပါတယ်။ ဒီဓာတ်အားပေးစက်ရုံမှာ Gas Turbine နှစ်လုံး ၁၁၇ မဂ္ဂါဝပ်နဲ့Steam Turbine တစ်လုံး ၁၂၂ မဂ္ဂါဝပ် အမျိုးအစားဖြစ်ပြီးတော့ ထွက်ရှိလာမယ့် ဓာတ်အားကို ၂၃ဝ ကေဗွီ လှိုင်သာယာ-အလုံဓာတ်အား လိုင်းနဲ့ ဓာတ်အားစနစ်အတွင်း ဖြန့်ဖြူးသွားမှာ ဖြစ်ပါ တယ်။ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃၂၁ သန်းဖြစ်ပါတယ်။
နောက်တစ်ခုက ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံ မြို့နယ် မီးလောင်ဂျိုင့်ဒေသ မဂ္ဂါဝပ် ၁၃၉ဝ LNGသုံးဓာတ်အားပေးစက်ရုံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group Co., Ltd. နဲ့ မြန်မာနိုင်ငံSupreme Trading Co., Ltd. တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံမှာ သုံးစွဲမယ့် LNGကိုFloating Storage Unit (FSU)Vessel နဲ့ ဒီစက်ရုံအနီး ဆိုက်ကပ်ပြီးတော့ ပိုက်လိုင်းနဲ့ သွယ်တန်းရန် စီစဉ်ထားပါတယ်။
ဓာတ်အားပေးစက်ရုံမှာ ၂၂၅ မဂ္ဂါဝပ် Gas Turbine လေးလုံး၊ ၂၄၅ မဂ္ဂါဝပ်Stream Turbine Generator နှစ်လုံး၊ Efficiency ၅၅ ဒသမ ၂၃ ရာခိုင်နှုန်းရှိပြီး ထွက်ရှိလာမယ့် ဓာတ်အားကို မီးလောင်ဂျိုင့်-လှိုင်သာယာ ၅ဝဝ ကေဗွီ ဓာတ်အားလိုင်း မိုင် ၁၇ဝ နဲ့ ဓာတ်အားခွဲရုံတွေ ကို Built & Transfer(BT)စနစ် အခြေခံပြီး ဆောင်ရွက် မှာဖြစ်ပါတယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ ၂ ဒသမ ၅ဝ၇ ဘီလီယံဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာတော့ လက်ရှိ ကျောက်ဖြူ Gas Engine စက်ရုံဝင်းအတွင်းမှာ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစီမံကိန်းကို တရုတ်နိုင်ငံSinohydro Corporation Limited(POWER CHINA)နဲ့ မြန်မာနိုင်ငံSupreme Trading Co., Ltd. တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြုပြီးတော့ ဓာတ်အားထုတ်လုပ်သွားဖို့ ဖြစ်ပါတယ်။
ဓာတ်အားပေးစက်ရုံမှာ ၄၅ မဂ္ဂါဝပ်Gas Turbine နှစ်လုံး၊ ၄၅ မဂ္ဂါဝပ်Stream Turbine Generator နှစ်လုံး၊ (Efficiency ၅၅ ဒသမ ၃၁ ရာခိုင်နှုန်း) ရှိပြီး ထွက်ရှိလာမယ့်ဓာတ်အားကို ၂၃ဝ ကေဗွီ တောင်ကုတ်-မအီ-ကျောက်ဖြူ ဓာတ်အားလိုင်းနဲ့ ခွဲရုံတွေကတစ်ဆင့် ဖြန့်ဖြူးဆောင်ရွက်သွားပါမယ်။
စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ဖြစ်ပါတယ်။
မေး ။ ။ အနာဂတ်မှာ ဓာတ်အားသယ်ယူဖြန့်ဖြူးနိုင်ဖို့ အတွက် ဓာတ်အားလိုင်းတွေ ဆောင်ရွက်မယ့် အခြေအနေ ကိုလည်း သိရှိလိုပါတယ်။
ဖြေ ။ ။ ဓာတ်အားလိုင်းတွေ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ အတွက်Southern, Northern, Western နဲ့ Eastern Grid တွေ ပိုင်းခြားပြီး ဆောင်ရွက်လျက်ရှိပါတယ်။Northern Gridအပိုင်းမှာ ၅ဝဝ ကေဗွီ ဝိုင်းမော်-နဘား-မိတ္ထီလာဓာတ်အားလိုင်းနဲ့ ၅ဝဝ ကေဗွီ ဓာတ်အားခွဲရုံတွေ၊Southern Grid မှာ ၅ဝဝ ကေဗွီ ကံပေါက်-မော်လမြိုင်-ဘုရားကြီး ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ၊ Eastern Grid မှာ ၅ဝဝ ကေဗွီ မူဆယ်-မိုင်းရယ်-လွိုင်ကော်-ဘုရားကြီး-ရန်ကုန်ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ၊ Western Grid ၅ဝဝ ကေဗွီ တမူး-ညောင်ပင်ကြီး-ဟင်္သာတ-ရန်ကုန်ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ ဆောင်ရွက်ဖို့ စီမံထားရှိပါတယ်။
မေး။ ။ ဒီလို ဆောင်ရွက်မှုကြောင့် အကျိုးကျေးဇူး သက်ရောက်မှုတွေကိုလည်း သိရှိလိုပါတယ်။
ဖြေ။ ။ ဒီဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ တိုးချဲ့ ဆောင်ရွက်မှုကြောင့် အထူးစီးပွားရေးဇုန်တွေဖြစ်တဲ့ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်၊ မူဆယ်နဲ့ နိုင်ငံအတွင်း ခရီးသွားဒေသတွေဖြစ်တဲ့ ပုဂံ၊ ညောင်ဦး၊ အင်းလေးနဲ့ မန္တလေးတို့အတွက် အထောက်အကူဖြစ်ရုံမျှမက စီးပွားရေးစင်္ကြံဖြစ်တဲ့ တရုတ်နိုင်ငံက ဆောင်ရွက်တဲ့ One-Belt-One-Road စီမံကိန်း၊Trilateral(India-Myanmar-Thailand)မဟာမဲခေါင်ဒေသခွဲ (Greater-Mekong Sub-Region)၊ အရှေ့အနောက်စီးပွားရေးစင်္ကြံ (East West Economic Corridor)တို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် Cross Border Power Trading ဖြစ်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မေး။ ။ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရေး၊ ဓာတ်အားပြတ်တောက် မှု လျော့နည်းစေရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေ။
ဖြေ ။ ။ လက်ရှိမှာ ရန်ကုန်နဲ့မန္တလေးတိုင်းဒေသကြီးတွေမှာ ဓာတ်အားဖြန့်ဖြူးနိုင်ဖို့ ထရန်စဖော်မာတွေ ထပ်မံတိုးချဲ့တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးသစ်တွေ လဲလှယ်တပ်ဆင်ပေးခြင်း၊ ဓာတ်အားလိုင်းကြိုးတွေ ရှည်လျားနေမှုအတွက် ဓာတ်အားသုံးစွဲသူတွေကို အခြား ထရန်စဖော်မာတွေမှာ ရွှေ့ပြောင်းပေးခြင်း(Load Share ပြုလုပ်ခြင်း)၊ သစ်ပင်သစ်ကိုင်းတွေ ရှင်းလင်းခြင်း၊ ရှုပ်ထွေး ဆားဗစ်ဝါယာများရှင်းလင်းခြင်း၊ ဗို့အားနဲ့ ဝန်အားမပြည့်မီ တဲ့ နေရာတွေမှာ ထရန်စဖော်မာတွေ တိုးချဲ့တပ်ဆင်ပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပြီးတော့ ဓာတ်အားပြတ်တောက်မှုတွေ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ Call Center တွေ ထားရှိဆောင်ရွက်ဖြေရှင်း လျက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ နိုင်ငံတော်မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်း၊ ဂျပန်ချေးငွေ (JICA)၊ World Bank Loan (NEP Plan)၊ ADB Loan နဲ့ ဆောင်ရွက် ထားရှိပြီး ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်မှာ ရန်ကုန်က ကျေးရွာ ၂ဝ၆ ရွာ၊ မီးသုံးစွဲသူ ၂၃၆ဝ၃ ဦးနဲ့ မန္တလေးက ကျေးရွာ ၃၉၃ ရွာ၊ မီးသုံးစွဲသူ ၇၉၄၄၅ ဦးတို့အတွက် တိုးတက် ဖြန့်ဖြူးနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါ တယ်။
မေး ။ ။Mini Source များနဲ့ ဆောင်ရွက်နေမှုနဲ့ ထုတ်လုပ်မှုအပိုင်းမှာ အခြားစွမ်းအင်တွေနဲ့ ဆောင်ရွက် နေမှု အခြေအနေကိုလည်း သိပါရစေ။
ဖြေ ။ ။ National Grid နဲ့ အလှမ်းကွာဝေးတဲ့ နေရာတွေဖြစ်တဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ၃ ဒသမ ၂ မဂ္ဂါဝပ်အထက် နမ့်ထွမ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ် မာန်အောင် ကျွန်းမှာလည်း ၅ မဂ္ဂါဝပ်ထွက်ရှိမယ့်Solar Power Plant ကို Posco Daewooကနေ စူးစမ်းဆောင်ရွက် မှုတွေ ဆောင်ရွက်ထားပါတယ်။ တခြားပြည်နယ်၊ တိုင်း ဒေသကြီးတွေက အသေးစားရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၃၂ ရုံ စီမံကိန်းတွေ၊Solar Power Plant တွေ ထုတ်လုပ်ပြီး Mini Grid တွေ တည်ဆောက်ပြီး ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
Renewable Energy အပိုင်းမှာဆိုရင် နေရောင်ခြည် သုံးဓာတ်အားပေးစက်ရုံတွေအနေနဲ့ မင်းဘူး ၂၂ဝ မဂ္ဂါဝပ် နဲ့ ဝမ်းတွင်း ၃ဝဝ မဂ္ဂါဝပ်တို့ တည်ဆောက်လျက်ရှိပြီး စူးစမ်းလေ့လာမှုအနေနဲ့Geothermal ၊ Ocean Energy နဲ့Tidal Energy တို့ ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဖြည့်စွက် ပြောကြားလိုတာရှိရင်လည်း ပြောကြားပေးပါ။
ကျွန်တော်တို့က တိုင်းပြည်တိုးတက်ဖွံ့ဖြိုးစေချင် တယ်။ တစ်ဖက်ကလည်း လမ်းပန်းဆက်သွယ်ရေးပေါ့။ နိုင်ငံတော်အစိုးရက ချမှတ်ပေးထားတဲ့ မူဝါဒနဲ့ တော်တော် များများကတော့ လမ်းပန်းဆက်သွယ်ရေးပိုင်းလည်း ဆောင်ရွက်ခဲ့တယ်။ ပထမ နှစ်နှစ်အတွင်းမှာ လမ်းပန်း ဆက်သွယ်ရေးကို ဦးစားပေးလုပ်ခဲ့တဲ့အတွက် အဲဒီဘက်မှာ အခြေအနေတစ်ခုတော့ရောက်သွားပြီ။ နောက်တစ်ဆင့် လုပ်ဖို့လိုတာက လျှပ်စစ်ကဏ္ဍပေါ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းလာသလို လျှပ်စစ်ကောင်းဖို့ လိုပါတယ်။ လျှပ်စစ် ကောင်းတယ်ဆိုတာကတော့ နံပါတ်တစ်က ပြည်သူလူထု လိုချင်တဲ့အချိန်မှာ ရရမယ်။ လျှောက်လွှာတွေနဲ့ ခက်ခက် ခဲခဲကြီးတွေမဖြစ်စေရဘူး။ ပြည်သူလူထုကို လျှပ်စစ် ဖူဖူလုံလုံပေးချင်တယ်။
တွက်ကြည့်လိုက်တော့ နောက်ထပ် မဂ္ဂါဝပ် ၃ဝဝဝ လိုတယ်။ LNG Four Project ကလည်း ၃ဝဝဝ၊ အချိန်တိုအတွင်း အရှည်ကြီးတွေ လုပ်နေတာတော့ တစ်ပိုင်းပေါ့။ အချိန်တိုအတွင်းမှာဆိုရင် ၃ဝဝဝ လောက်တော့ရသွားမယ်။ ၃ဝဝဝ လောက်ရသွားရင်တော့ ကျွန်တော်တို့တိုင်းပြည် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ လုပ်လာတာ အခုမဂ္ဂါဝပ် ၄ဝဝဝ၊ ၅ဝဝဝ လောက်ပဲရတယ်။ အခု နှစ်နှစ်ခွဲ သုံးနှစ်လောက်လုပ်လိုက်ရင် နောက်ထပ် မဂ္ဂါဝပ် ၃ဝဝဝ ရမယ် ဆိုရင်တော့ လျှပ်စစ်နဲ့ ပတ်သက်လို့Supply Side ကတော့ ဖူလုံသွားပြီ။ Transmission အပိုင်းကတော့ Northern၊ Southern၊ Eastern နဲ့Western Grid ဒါတွေကို နှစ်နှစ်ခွဲအတွင်း ဆောင်ရွက် လိုက်မယ်ဆိုရင် ဒီအပိုင်းကျွန်တော်တို့ တော်တော်စိတ်ချ သွားရပြီ။
ကျန်တာကတော့Distribution ပေါ့။Distribution ဆိုတာကတော့ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ ဖြန့်ဖြူးတဲ့နေရာမှာ ပိုပြီးတော့Smart Technologyသုံးဖို့ လိုလာတယ်။ နောက်ပြီးတော့ မီတာစနစ်တွေပေါ့။ မီတာ စနစ်တွေကလည်း Smart Meter တွေ၊ လူကဖတ်တာနဲ့ စာရင် စနစ်နဲ့ ဒါတွေကို အငြင်းပွားစရာမရှိအောင်၊ သံသယမရှိအောင် ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ နောက်တစ်ခုက မီတာစနစ်ကိုလည်း ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်ကစပြီး လူထု တကယ်သုံးစွဲနိုင်တဲ့ မီတာအဆင့် အမျိုးမျိုးပေါ့။ ဒါလည်း Four Meter Systemလို့ ခေါ် တယ်။ မီတာ လေးမျိုးပေါ့။ အရင်တုန်းကတော့မရှိဘူး။ မီတာတစ်မျိုးပဲရှိတယ်။ ရွာလည်း ဒီမီတာ၊ မြို့လည်း ဒီမီတာပဲ၊ အကုန်လုံးက ဒီမီတာပဲ ဆိုတော့ ဈေးကြီးတာ ပေါ့။ လူထုက သိပ်မတတ်နိုင်ဘူး။ မလိုဘဲနဲ့လည်း မီတာကြီးတွေတပ်ပြီး ဈေးကြီးတွေ ပေးနေရတာပေါ့။
ကျွန်တော်တို့ကFour Meter System ဆိုပြီး လုပ်လိုက်တယ်။ ကျေးလက်နဲ့ စပြီးလျှပ်စစ်သုံးတဲ့သူတွေ အတွက်က ဈေးချိုတဲ့မီတာ၊ ဈေးချိုပေမယ့် သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းတွေ အကုန်ကိုက်ရတာပေါ့။ ဒီလို မီတာတွေပါတယ်။ မြို့ငယ်လေးတွေလည်း အိမ်သုံးလောက် ပဲ လုပ်တယ်။ မြို့ကြီးတွေကျတော့ အဲကွန်းတို့၊ စက်မှုသုံး တို့ ဧပြီ ၁ ရက် ၂ဝ၁၈ ကနေ စပြီးတော့Four Meter System လုပ်မယ်။ လူထုမှာရွေးချယ်စရာရှိတယ်။ လေးမျိုး ရှိတဲ့အထဲက ကြိုက်နှစ်သက်ရာ သုံးလို့ရတယ်။ ရွေးချယ်ခွင့် ရှိတယ်။ ဈေးလည်းတော်တော်သက်သာသွားမယ်။ ဆိုလိုတာကတော့ နှစ်သောင်းခွဲ သုံးသောင်း ဝန်းကျင် လောက်ပေါ့။ လူထုအတွက် မီတာနဲ့ ပတ်သက်လို့ အတော်လေးအဆင်ပြေသွားမယ်။
မြို့နေလူတွေကျတော့ ကျွန်တော်တို့အခုသုံးတဲ့ မီတာ ရဲ့ အရည်အသွေးတွေကလည်း Radio Frequency ကို သုံးနိုင်တဲ့ဟာတွေ တဖြည်းဖြည်းပြောင်းသွားတာပေါ့။ အရင်အဟောင်းတွေလည်း ကျန်သေးတယ်။ ချက်ချင်း တော့မရဘူး။ နှစ်နှစ်၊ သုံးနှစ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ မီတာတွေလည်း လဲပေးသွားမှာပါ၊ လူထုကလည်း သူသုံးသလောက် သူသိမှာပေါ့။ စောစောပြောတဲ့ သံသယ တွေ မရှိတော့ဘူးပေါ့။ ပြည်သူလူထုကို ဝန်ဆောင်မှု ကောင်းကောင်းပေးချင်တယ်။ ပြည်သူလူထု သိသင့် သိထိုက်တာက ခလုတ်ဖွင့်ရင် မီးလာမယ်၊ ဒါပဲသိသင့်တယ်။ ကျန်တာသိနေရင် ကျွန်တော်တို့ဘက်က တစ်ခုခုအားနည်း နေလို့ပါ။ အခု ကျွန်တော်တို့ သွားနေတဲ့ပုံစံက လူထုက မီးဖွင့်ရင်မီးလာမယ်။ ကျသင့်တဲ့ အခပေးရုံပဲ၊ ရတဲ့မီးက လည်း အရည်အသွေးရှိတဲ့ လျှပ်စစ်မီးဖြစ်ရမယ်။ ငြိမ်ရ မယ်၊ Rotate တွေမှန်ရမယ်၊Frequency တွေ မှန်ရမယ်။
ရင်းနှီးမြှုပ်နှံသူတွေကျတော့လည်း ဒါကိုကြည့်ပါ တယ်။ တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပထမ မေးခွန်းကတော့ ဒီမေးခွန်းပဲ။ အရင်တုန်းက ဒီမေးခွန်းကို မဖြေနိုင်ခဲ့ဘူး။ အခုတော့ ကျွန်တော်တို့ဖြေနိုင်ပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေလာပြီး မေးရင် ရင်းနှီးမြှုပ်နှံသူတို့လည်း စပြီးရင်းနှီးပါ၊ မြှုပ်နှံပါ၊ ရင်းနှီးမြှုပ်နှံသူတို့ ရင်းနှီးမြှုပ်နှံ တဲ့အချိန် ၂ဝ၂ဝ ဝန်းကျင်လောက်ကျရင် ကျွန်တော်တို့ ဘက် ကလည်း လျှပ်စစ်က ရင်းနှီးမြှုပ်နှံသူတွေ လိုချင်တဲ့Reliable ဖြစ်တဲ့၊ အရည်အသွေးရှိတဲ့ လျှပ်စစ်မျိုး ကျွန်တော်တို့ဘက်ကလည်းတာဝန်ယူပါတယ်၊ လုပ်ပေးနိုင် ပါတယ်လို့ စပြောနိုင်တဲ့ အချိန်၊ နေ့လေးတစ်ခုတော့ ရောက်သွားပြီလို့ပြောချင်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေးမြန်း - ဟန်နီ၊ မွှေးကြူ၊
ဓာတ်ပုံ - ရှင်မင်း

နိုင်ငံတကာဈေးကွက်ဝင်၍ ဈေးမြင့်နေသည့် ငါးစည်ဖောင်း

Image may contain: food
ဖျာပုံ ဇန်နဝါရီ ၃ဝ
မြန်မာ့ပင်လယ်ပြင်မှ ဖမ်းယူရရှိသည့် ငါးအမျိုးမျိုးတွင် ငါးအကောင်လိုက် ရောင်းချခြင်း၊ ငါးခြောက်နှင့် ငါးပိ များ ပြုလုပ်ရောင်းချခြင်းတို့အပြင် အချို့ငါးများ၏ ဝမ်းဗိုက်အတွင်းမှ ထုတ်ယူရရှိသည့် ငါးစည်ဖောင်းများ ကို ပြည်တွင်း ပြည်ပ စားသောက်ဆိုင်ကြီးများနှင့် အဆင့်မြင့်ဟိုတယ်များတွင် စားကောင်းသောက်ဖွယ် ဟင်းလျာအဖြစ် သုံးစွဲလျက်ရှိပြီး အချို့ငါးများ၏ ငါးစည် ဖောင်းများကို ပြည်ပကားထုတ်လုပ်သူများက ကားမှန် များ ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ထည့်သွင်းအသုံးပြု လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၃ဝ ရက် နံနက်က ဖျာပုံမြို့ ငါးစည်ဖောင်း ဈေးကွက်ကို စုံစမ်းရာ ငါးစည်ဖောင်း ရောင်းဝယ်မှုကို မျိုးရိုးစဉ်ဆက် လုပ်ကိုင်နေသူ ကိုသောင်းထွန်းက တစ်ချိန်က ငါးမန်းတောင်ဟင်းချိုမှာ လူကြိုက်များ၍ ဈေးကောင်းခဲ့ကြောင်း၊ ယခုအခါ ငါးမန်းများ မျိုးမသုဉ်း စေရေးအတွက် ငါးမန်းများ ဖမ်းဆီးခြင်းမပြုရန် ပိတ်ပင် ထားကြောင်း၊ ငါးမန်းတောင်ဈေးကွက် ပျက်ပြယ်သွား ကြောင်း၊ ငါးမန်းတောင်ဈေးကွက်နေရာတွင် ပင်လယ်ပြင် မှ ဖမ်းဆီးရရှိသော ငါးများ၏ ဝမ်းဗိုက်အတွင်းမှ ထုတ်ယူရရှိသည့် ငါးစည်ဖောင်းဈေးကွက် ကောင်းမွန်လာကြောင်း၊ ငါးစည်ဖောင်းများကို ရန်ကုန်ဈေးကွက်၏ ၂ဝ ရာခိုင် နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့် လျှော့ပြီးဝယ်ယူကြောင်း၊ ငါးစည်ဖောင်း အသေး၊ အကြီး လိုက်ပြီး ဈေးကွာကြောင်း၊ လက်ရှိဝယ်ဈေးကတော့ ငါးရွှေငါးစည် ဖောင်း တစ်ပိဿငွေကျပ်သိန်း ၁၁ဝဝဝဝဝမှ ငွေကျပ်သိန်း ၁၂ဝဝဝဝဝ၊ နတ်ကတော်ငါး ငါးစည်ဖောင်း တစ်ပိဿငွေကျပ်သိန်း ၆ဝဝဝဝဝ၊ ငါးရောင်ငါးစည်ဖောင်း အသေး၊ အကြီးအလိုက် တစ်ပိဿငွေကျပ် ၁၈ဝဝဝ မှ ငွေကျပ်သိန်း ၂၂ဝဝဝဝ၊ ငါးပုတ်သင် ငါးစည်ဖောင်း တစ်ပိဿငွေကျပ် ၁၇ဝဝဝဝ မှ ငွေကျပ်သိန်း ၁၈ဝဝဝဝ ဝယ်ယူလျက်ရှိကြောင်းနှင့် ယခင်နှစ်က ထက် ဈေးနှုန်းမြင့်နေသော်လည်း ပစ္စည်းရှားလွန်းသဖြင့် ဈေးကွက်တွင် ရောင်းလိုအားထက် ဝယ်လိုအား မြင့်မားနေကြောင်း ပြောသည်။
မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတ ရှားပါးသွားခြင်းအပြင် ငါးစည် ဖောင်း ထုတ်ယူရရှိနိုင်သည့် ငါးများ အမိအရနည်းပါးသွားကြောင်းလည်း သိရသည်။
ငါးစည်ဖောင်းများသည် တန်ဖိုးမြင့်မားလွန်းသဖြင့် လုပ်ငန်းအတွေ့ အကြုံရှိရန် အထူးလိုအပ်သကဲ့သို့ ရင်းနှီးငွေများစွာ လိုအပ်သဖြင့် သာမန် လူတို့ လုပ်ကိုင်ရန် ခက်ခဲကြောင်း လေ့လာသိရှိရသည်။
မြန်မာ့ပင်လယ်ပြင်မှငါးများ၏ ငါးစည်ဖောင်းများကိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် မူဆယ်၊ မြဝတီ၊ မြိတ်၊ ထားဝယ်နှင့် ကော့သောင်း လမ်းကြောင်းတို့မှ တရုတ်၊ ထိုင်း၊ စင်ကာပူနှင့် ဂျပန် စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရသည်။
ငါးစည်ဖောင်း ရောင်းဝယ်မှုလုပ်ငန်းသည် မသိသူကျော်သွား၊ သိသူ ဖော်စား ဆိုသကဲ့သို့ လုပ်ငန်းကျွမ်းကျင်မှုနှင့် ရင်းနှီးငွေ တတ်နိုင်သူများ အတွက် အကျိုးအမြတ်ကောင်းမွန်သည့် လုပ်ငန်းတစ်ရပ်အဖြစ် လေ့လာ သိရှိရသည်။
အောင်ဝင်း(ဖျာပုံ)

တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးသစ်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပ

Image may contain: 10 people, people smiling, people standing
ရန်ကုန် ဇန်နဝါရီ ၃ဝ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (MAEX) တို့ အကျိုးတူပူးပေါင်းတည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တညင်းကုန်းသစ်သီးဝလံဟင်းသီး ဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးသစ်ကြီးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီက အဆိုပါဈေးသစ်ကြီး၏ အဝင်မုခ်ဝ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်း ဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဈေးသစ်ကြီးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း နှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းတို့ကို ပြုလုပ်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် အဆိုပါဈေးကြီးရှိ ဈေးရုံအမှတ်(၂) တောင်သူလက်လီ ရောင်းဈေးရုံ၊ ဈေးရုံအမှတ်(၁) သစ်သီးလက်ကားဈေးရုံနှင့်ဈေးရုံအမှတ်(၃) ကုန်မျိုးစုံနှင့် စားသောက်ဆိုင်ဈေးရုံများအတွင်း လိုက်လံကြည့်ရှုကြပြီး ဈေးရုံအမှတ်(၇) အအေးခန်း၊ အလတ်စားပွဲရုံအဆောက်အအုံ စတင်တည်ဆောက်မည့် မင်္ဂလာ Pile အား စက်ခလုတ်ဖြင့် ရိုက်နှိပ်ပေးသည်။
ယင်းနောက် တညင်းကုန်းသစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် လက်ကားဈေးသစ်ကြီးဖွင့်ပွဲနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် ''ရန်ကုန်မြို့မှာ အိမ်တိုင်း အိမ်တိုင်းဟာ စားဝတ်နေရေးအတွက် ဈေးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေ ကြတာပဲဖြစ်ပါတယ်၊ ဈေးတွေနဲ့ဆက်သွယ်ဆောင်ရွက်ကြတဲ့အခြေအနေ တိုင်းမှာ တကယ်သန့်ရှင်းသပ်ရပ်ပြီးတော့ ရောင်းဝယ်တဲ့ပစ္စည်းတွေဟာလည်း ကောင်းမွန်ပြီး ကျန်းမာရေးအတွက် ညီညွတ်နိုင်တဲ့ အစားအသောက်တွေကို ရောင်းဝယ်နိုင်တဲ့ဈေးတွေ ပေါ်ထွန်းဖို့လိုအပ်ပါတယ်၊ ဒီအခြေအနေကို ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရမယ့် အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။
''ဒါကြောင့် အခုဆိုရင် ဒီဈေးကြီးကိုလည်း တည်ဆောက်ပြီးပြီ၊ ဒီဈေးကြီး ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် ကုမ္ပဏီတစ်ခုက လည်း အော်ပရေတာလုပ်မယ်ဆိုတဲ့အတွက် ဒီဈေးကြီးဟာ ကျွန်တော်တို့ အနာဂတ်အတွက် မျှော်မှန်းထားတဲ့ အဆင့်တစ်ဆင့်ကို ရောက်နိုင်မယ့်ဈေး ဖြစ်တယ်ဆိုတာကို ပြောပါရစေ၊ ဒီဈေးကြီးကတော့ ကျွန်တော်တို့အစိုးရသစ် ရဲ့ ပထမဦးဆုံး စံနမူနာပြဈေးအဖြစ် ရှိလာမှာဖြစ်ပါတယ်၊ ဒီဈေးကြီးဟာ ထပ်မံတည်ဆောက်မှုတွေများစွာရှိနေဦးမှာ ဖြစ်ပါတယ်၊ ရန်ကုန်မြို့ကြီးရဲ့ ဈေးတွေရဲ့စနစ်ထဲမှာ ပထမဦးဆုံး ပြုပြင်ပြောင်းလဲလိုက်တဲ့စနစ်တစ်ရပ် အနေနဲ့ သမိုင်းမှတ်တိုင်သစ်တစ်ရပ်ကို ဒီကနေ့ စိုက်ထူလိုက်တာပဲဖြစ်ပါတယ်''ဟု ပြောကြားသည်။
အဆိုပါဈေးကြီးသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာ တံတားလမ်းနှင့် ပုလဲလမ်းထောင့် မြေဧရိယာ ၈၂ ဒသမ ၇၈ ဧကပေါ်တွင် တည်ရှိပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ဈေးရုံအမှတ်(၁) သစ်သီး လက်ကားဈေးရုံ၊ ဈေးရုံအမှတ်(၂) တောင်သူလက်လီရောင်းဈေးရုံနှင့် ဈေးရုံ အမှတ်(၃) ကုန်မျိုးစုံနှင့် စားသောက်ဆိုင်ဈေးရုံတို့ကို အပြီးသတ် တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သဖြင့် အဆိုပါဈေးရုံများ၌ ဈေးဆိုင်ငှားရမ်း ဖွင့်လှစ်ခြင်းကို ဇန်နဝါရီ ၁ ရက်မှ စတင်ခွင့်ပြုခဲ့ပြီး ယနေ့တွင်ဈေးကြီး၏ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ယနေ့ ဈေးဖွင့်လှစ်ရောင်းချနေမှုအပေါ် ညောင်တုန်းမြို့နယ်နေ ဒေါ်မြင့်မြင့်ဦးက ''ကိုယ်တိုင်စိုက်ထားတဲ့ ခြံထွက်တွေကို လာရောက် ရောင်းချတာပါ၊ စတင်ရောင်းချခွင့်ပြုခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကတည်းက လာရောင်းတာပါ၊ လဆန်းပိုင်းတုန်းကတော့ အရောင်းအဝယ်တော်တော်ပါး ခဲ့ပါတယ်၊ တစ်နေ့တစ်နေ့ အရင်းရအောင် မနည်းရောင်းခဲ့ရတာပါ၊ ဈေးကလည်း နေ့ဈေးနဲ့ အရုဏ်ဈေးဆိုပြီး ဈေးဟောင်းနဲ့ ဈေးသစ်နှစ်မျိုး ကွဲနေတာကြောင့် တချို့ဈေးဝယ်သူတော်တော်များများက အရင်ဈေးဟောင်း (နေ့ဈေး)မှာပဲ သွားဝယ်နေကြတာကြောင့် ထင်သလောက်တော့ အရောင်း အဝယ်မကောင်းသေးပါဘူး၊ နောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်ထင်ပါ တယ်၊ အခုလည်း အရင်ရက်တွေထက်တော့ အရောင်းအဝယ်နည်းနည်း ကောင်းလာပါတယ်''ဟု ပြောသည်။
အလားတူ မှော်ဘီမြို့နယ် ဝါးပတောကျေးရွာမှ ဒေါ်စန်းစန်းအေးက ''ခြံထွက်အသီးအရွက်တွေကို လာရောက်ရောင်းချတာပါ၊ နေ့စဉ် ည ၁ဝ နာရီလောက် ရွာကနေ ထွက်လာတာပါ၊ ဒီဈေးကြီးကို မနက် ၁ နာရီလောက် ရောက်ပါတယ်၊ ဈေးဝယ်သူအစည်ကားဆုံးက မနက် ၃၊ ၄ နာရီဆိုတော့ အဲဒီအချိန်ကိုပဲ အဓိကထားပြီး ရောင်းရတာပါ၊ လာရောက်ဝယ်ယူသူအများစု ကတော့ လက်လီပြန်ရောင်းကြတဲ့သူတွေ များပါတယ်၊ ကျွန်မတို့ကတော့ ပစ္စည်းအမြန်ကုန်သွားဖို့အတွက် ဈေးနှုန်းချိုသာစွာနဲ့ လျှော့ရောင်းပေးရတာပေါ့၊ ဒီရက်ပိုင်းမှာတော့ အရောင်းအဝယ်သွက်ပါတယ်''ဟု ပြောသည်။
အဆိုပါဈေးကြီးကို ယခုတည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့သည့် ဈေးရုံသုံးရုံ တို့အပြင် ဆက်လက်၍ အဆင့်အလိုက် တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ရာ ဈေးတည်ဆောက်မှုစီမံကိန်းတွင် ပါဝင်သည့် အဆောက်အအုံများဖြစ်သောတင်ဒါစနစ်ကို ကျင့်သုံးရန်အတွက် တင်ဒါခန်းမ၊ နှစ်ထပ်စားသောက်ဆိုင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် နှစ်ထပ်ဈေးရုံ ၊ အသင့်စားသုံးနိုင်သည့် သားငါးနှင့် ငါးပိ၊ ငါးခြောက်၊ ကုန်ခြောက်မျိုးစုံ ရောင်းဝယ်သည့် နှစ်ထပ်ဈေးရုံ၊ အအေးခန်း ပါဝင်သည့် အလတ်စားပွဲရုံ၊အကြီးစားပွဲရုံ၊ လူနေဆိုင်ခန်း အဆောက်အအုံ နှစ်ခန်းတွဲ သုံးထပ်၊ လေးထပ်တို့အပါအဝင် ပွဲရုံအဆောက်အအုံ ၂ဝဝ ခန့်၊ Export ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည့်အတွက် အသင့်ထုပ်ပိုးထားသော ပစ္စည်းများကို ထားရှိနိုင်ရန် အအေးခန်းစက်ရုံ သုံးရုံ၊ အဆင့်မြင့်Hyper Market တစ်ခု၊ အဆင့်မြင့် ရှစ်ထပ်မိုတယ်၊ စက်သုံးဆီရောင်းဝယ်ရေးဆိုင်တစ်ဆိုင်တို့ ပါဝင်လျက်ရှိရာ ယင်းတို့ကို အဆင့်အလိုက်ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်း ကုန်ကျငွေကို ၉၉ ဒသမ ၈ ဘီလီယံခန့် ခန့်မှန်းထားကြောင်း MAEX ကုမ္ပဏီမှ CEO ဦးအောင်ကြီးထံမှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး

မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပ

Image may contain: 2 people, people standing
ရန်ကုန် ဇန်နဝါရီ ၃ဝ
မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင် များအသင်း (Myanmar Steel Association)၏ နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိMelia Yangon Hotel (Ballroom)၌ ဇန်နဝါရီ ၂၇ ရက် ညနေ ၆ နာရီက ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သံမဏိ လုပ်ငန်းရှင်များအသင်း (Myanmar Steel Association)၏ ဥက္ကဋ္ဌ ဦးစစ်တိုင်းအောင်က ကြိုဆိုနှုတ်ခွန်း ဆက်အမှာစကားနှင့် အသင်းကြီး ပေါ်ပေါက်လာပုံ၊ အသင်း၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ Korea Chamber of Commerce in Myanmar မှ Chairman Mr. Yoon Hun Sup က အမှာစကားပြောကြားပြီး ဧည့်သည် တော်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များ အသင်းအား Mottama Holding Group ၏ Chairman ဦးရန်ဟော် အပါအဝင် အခြားသော သံမဏိ ထုတ်ကုန်ဆိုင်ရာ လုပ်ငန်းရှင်များ ဖြစ်ကြသည့် ဦးစစ်တိုင်းအောင် (Mottama Developement)၊ ဦးညွန့်ဦး (Htarwara Company)၊ ဦးကျော်ကျော်ဦး (Steel King)၊ ဦးကျော်အောင် (Benhur)၊ ဦးမျိုးထွေး (Pro 1 Home Center)၊ ဦးမျိုးမြင့် (Myo Naing Nine)၊ ဒေါ်ညွန့်ရီ (Shwe Mann Yeik)၊ ဦးအောင်ကျော်စိုး (Mother's Trading)၊ ဦးကျော်စိန် (Kyaw Brothers)၊ ဦးကျော်မောင် (Golden Village) စသည့် လုပ်ငန်းရှင် ၁၁ ဦးတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထား ခြင်းဖြစ်ပြီး အသင်းဝင်များ လက်ခံ လျက်ရှိရာ အသေးစိတ်သိရှိလိုပါက ရုံးခန်းတည်ရှိရာ Mahaland Centerအမှတ်(၅၆) ကမ္ဘာအေးစေတီလမ်း (၇) ရပ်ကွက် ရန်ကင်းမြို့နယ် ဖုန်း-ဝ၉-၉၆၄၈၆၇၃၅၇နှင့် ဝ၉-၉၅ ၁၉၄ဝ၇၃၃ တို့သို့ ဆက်သွယ်နိုင်ပြီး www.myanmarsteelassociation.org တွင်လည်း လေ့လာနိုင်ကြောင်း သိရသည်။
ကြေးမုံ

(၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲဖွင့်

Image may contain: 2 people, crowd, outdoor and food
ရန်ကုန် ဇန်နဝါရီ ၃ဝ
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၇၉ ခုနှစ် (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာဇာနည်လမ်းရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့အလှည့်ကျ သဘာပတိ ဦးအောင်မြတ်က အဖွင့်မင်္ဂလာစကား ပြောကြားသည်။
ထို့နောက် အလှည့်ကျသဘာပတိ ဦးအောင်မြတ်နှင့် ဂေါပကအဖွဲ့ဝင် များက ထမနဲထိုးပြိုင်ပွဲကို ရွှေကြိုး ဖြတ်၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်များ အား လိုက်လံကြည့်ရှုအားပေးကြ သည်။
အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ရှစ်သိန်း၊ ဒုတိယဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆု ငွေကျပ် ခြောက် သိန်း၊ စတုတ္ထဆု ငွေကျပ် ငါးသိန်း၊ ပဉ္စမဆု ငွေကျပ် လေးသိန်း၊ နှစ်သိမ့်ဆု ငါးဆုအတွက် ဆုငွေကျပ် သုံးသိန်းစီ နှင့် ဆုအသီးသီးအတွက် ဆုကလပ် တစ်ခုစီ ချီးမြှင့်မည်ဖြစ်သည်။
ပြိုင်ပွဲမှရရှိလာသည့် ထမနဲများကို ရှင်တော်မြတ်ဘုရားနှင့် သံဃာတော် များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသော သံဃာတော် ၆၂ ပါးအား ထမနဲဆွမ်းတော်ကြီး လောင်း လှူခြင်း၊ အလှူရှင်များအား ဒါနပြု ခြင်းနှင့် ခုနစ်ရက် သားသမီးများအား ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်

ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့တည်ဆောက်သွားနိုင်ရေးအတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေကို တည်ထောင်ရန် စီမံလျက်ရှိ

Image may contain: 1 person, sitting
နေပြည်တော် ဇန်နဝါရီ ၃ဝ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေကြမ်းကို ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်၏ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ် သော လေရှီး၊ နန်းယွန်း၊ လဟယ်မြို့နယ်များတွင်ရှိသော မြို့နယ်ခွဲမှ မြို့ဟု အမည်ပြောင်းထားသည့် မိုပိုင်းလွတ်၊ ဆွမ္မရာ၊ ထန်ပါခွေ၊ ဒုံဟီး၊ ပန်ဆောင် မြို့များအား ဌာနဆိုင်ရာများ၏ လုပ်ပိုင်ခွင့်ပြုပေးနိုင်ရန်နှင့် လိုအပ်သော ဌာနဆိုင်ရာဝန်ထမ်းများချပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီးမြို့နယ်တွင် မိုပိုင်းလွတ်မြို့နယ်ခွဲနှင့် ဆွမ္မရာမြို့နယ်ခွဲ၊ လဟယ်မြို့နယ်တွင် ထန်ပါခွေ မြို့နယ်ခွဲ၊ နန်းယွန်းမြို့နယ်တွင် ဒုံဟီးမြို့နယ်ခွဲနှင့် ပန်ဆောင်မြို့နယ်ခွဲတို့ အား ဖွဲ့စည်းထားရှိပြီး ၂ဝ၁၄ ခုနှစ် မေ ၂၂ ရက်တွင် မြို့နယ်ခွဲများအား ဖျက်သိမ်း၍ သက်ဆိုင်ရာ မြို့နယ်များလက်အောက်မြို့အဖြစ် ဖွဲ့စည်းထားရှိ ပါကြောင်း၊ လေရှီးမြို့နယ်တွင် မိုပိုင်းလွတ်မြို့နှင့် ဆွမ္မရာမြို့ နှစ်မြို့ ပါဝင်ပါ ကြောင်း၊ မိုပိုင်းလွတ်မြို့တွင် ဌာန ၁၇ ခု ရှိပြီး ရုံးအဆောက်အအုံရှိသော ဌာန ၁ဝ ခုနှင့် ရုံးအဆောက်အအုံမရှိသော ဌာန ခုနစ်ခုရှိရာ ခြောက်ခုမှာ ဝန်ထမ်း အိမ်ရာများတွင် ရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွမ္မရာမြို့တွင် ဌာန ၁၃ ခုရှိပြီး ရုံးအဆောက်အအုံရှိသော ဌာန ကိုးခုနှင့် ရုံးအဆောက်အအုံမရှိသော ဌာန လေးခုရှိရာ သုံးခုမှာ ဝန်ထမ်းအိမ်ရာများတွင် ရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုံးအဆောက် အအုံမရှိသော ဌာန လေးခုအနက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးအား ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ မြို့လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၊ လမ်းဦးစီးဌာနရုံးအဆောက်အအုံ နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရန်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လည်းကောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တင်ပြတောင်းခံသွားမည် ဖြစ်သည်ဟု ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း။
လဟယ်မြို့နယ်ရှိ ထန်ပါခွေမြို့တွင် ဌာန ၁၆ ခုရှိပြီး ရုံးအဆောက်အအုံ ရှိသော ဌာန ရှစ်ခုနှင့် ရုံးအဆောက်အအုံမရှိသော ဌာန ရှစ်ခုရှိရာ ခုနစ်ခုမှာ ဝန်ထမ်းအိမ်ရာများတွင် ရုံးများဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ကျန်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ရုံးဆောက်လုပ်ရန်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တင်ပြတောင်းခံထားပါကြောင်း၊ နန်းယွန်း မြို့နယ်တွင် ဒုံဟီးမြို့နှင့် ပန်ဆောင်မြို့တို့ပါဝင်ရာ ဒုံဟီးမြို့တွင် ဌာန ၁၅ ခုရှိပြီး ရုံးအဆောက်အအုံရှိသော ဌာန ၁၁ ခုရှိပြီး ရုံးအဆောက်အအုံမရှိသော ဌာန လေးခုတွင် သုံးခုမှာ ဝန်ထမ်းအိမ်ရာများတွင် ရုံးများဖွင့်လှစ်၍ လုပ်ငန်း များဆောင်ရွက်လျက်ရှိကြောင်း၊ ပန်ဆောင်မြို့တွင် ဌာန ၁၆ ခုရှိပြီး ဌာန အားလုံးတွင် ရုံးအဆောက်အအုံရှိသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း။
မိုပိုင်းလွတ်၊ ဆွမ္မရာ၊ ထန်ပါခွေ၊ ဒုံဟီး၊ ပန်ဆောင်မြို့နယ်ခွဲများအား မြို့အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်ခံ၍ မြို့အုပ်ချုပ်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး အခြားဌာနဆိုင်ရာ ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီအစဉ်ဖြင့် တာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ လိုအပ်လျက်ရှိသော ရုံးအဆောက်အအုံများကို သက်ဆိုင်ရာဘဏ္ဍာနှစ်များအလိုက် လုပ်ထုံး လုပ်နည်းများနှင့်အညီ လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၏ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်း ဆက်သွယ်ရေး ကောင်းမွန်စေ ရန်၊ ရေသယံဇာတ ဆုံးရှုံးနေမှုများကို ကာကွယ်ရန်နှင့် ဒေသတွင်းခရီးသွား လုပ်ငန်းမြှင့်တင်ရန်အတွက် (GSM) ဖုန်းဆက်သွယ်ရေးတာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာတို့တွင်GSMစခန်း တစ်ခုစီနှင့် ပထော်ကျွန်းတွင် GSMစခန်း နှစ်ခု စုစုပေါင်းGSMစခန်း ကိုးခုကို ဖွင့်လှစ်ထားရှိပါကြောင်း၊ GSMစခန်းများကို ကတန်ကျွန်းတွင် တစ်ခု၊ ကမော်ကျွန်းတွင် နှစ်ခုနှင့် ပန်းခေါင်းကျွန်းတွင် တစ်ခု စုစုပေါင်း လေးခု ကို ထပ်မံတိုးချဲ့တည်ဆောက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ တယ်လီနောမြန်မာလီမိတက်အနေဖြင့် ကျွန်းစု မြို့နယ်အတွင်းရှိ ပြင်ကြီးကျေးရွာ အမှတ်(၃)ရပ်ကွက်နှင့် ပထက်ကျေးရွာ တွင် GSMစခန်း တစ်ခုစီ တည်ဆောက်ထားရှိပါကြောင်း၊ အော်ရီဒူး မြန်မာ လီမိတက်အနေဖြင့် အမှတ်(၂)ရပ်ကွက်၊ သင်္ဃန်းရှောင်ကျေးရွာနှင့် ပထက်ကျေးရွာတို့တွင်GSMစခန်း တစ်ခုစီတို့ကို တည်ဆောက်ထားပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မိုဘိုင်းစခန်းများတည်ဆောက်ရာတွင် လိုအပ်မည့်ရင်းနှီးမြှုပ်နှံမှု၊ ဆက်စပ်နေသည့် မိုက်ခရိုဝေ့ဗ်၊ ဖိုက်ဘာ၊ ဂြိုဟ်တု စသည့် အဝေးဆက်သွယ်ရေး ဆက်ကြောင်းများ တည်ဆောက်နိုင်မည့်အခြေအနေ၊ လျှပ်စစ်မီးရရှိနိုင်မှု အခြေအနေ၊ ပထဝီအသွင်အပြင်နှင့် မြေပြင်အနေအထား၊ ရာသီဥတု အခြေအနေတို့အပြင် လူဦးရေသိပ်သည်းဆကိုလည်း ထည့်သွင်းတွက်ချက် ဆောင်ရွက်ရပါကြောင်း၊ ကျွန်းစုမြို့နယ် ကျေးရွာအုပ်စု ကိုးခုတို့တွင် မိုဘိုင်း ဆက်သွယ်ရေးစခန်းများကို လောလောဆယ်တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် ဆယ်သွယ်ရေးအော်ပရေတာများမှ ထည့်ဝင်ငွေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးမှုနောက်ကျနေသည့် နယ်မြေ ဒေသများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့တည်ဆောက်သွားနိုင်ရေး အတွက် Universal Service Fund ဟုခေါ်သည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေကို တည်ထောင်ရန် စီမံလျက်ရှိပါ ကြောင်းနှင့် အဆိုပါရန်ပုံငွေ တည်ထောင်ပြီးပါက သတ်မှတ်ချက်များနှင့် အညီ ကျေးရွာအုပ်စုများကဲ့သို့ ဆက်သွယ်ရေးကွန်ရက် လွှမ်ခြုံမှုမရှိသေးသည့် နေရာဒေသများသို့ ဦးစားပေးအဆင့်အလိုက် ဆက်သွယ်မှုရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးသိန်းလွင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်)ဒေါက်တာအားကာမိုးက အခန်း(၁) ပုဒ်မ(ဖ)တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုသည်မှာ ဒေသ တစ်ခုအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုအမွေအနှစ် များကို အခြေခံ၍ ထိုဒေသခံပြည်သူလူထုမှ ခရီးသွားဝန်ဆောင်မှုပေးသော လုပ်ငန်းဖြစ်သည်ဟု ပြင်ဆင်ဖြည့်စွက်လိုပါကြောင်း၊ အခန်း(ခ) ပုဒ်မ(၂)(ဗ)တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုသည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံ၍ ခရီးသွားဝန်ဆောင်မှုပေးသော လုပ်ငန်းဖြစ်သည်ဟု ပြင်ဆင်ဖြည့်စွက် လိုပါကြောင်း၊ အခန်း(၇) ပုဒ်မ(၁ဝ) (စ) ခရီးစဉ်ဒေသအသီးသီးတို့တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းများ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ အဆင့်အတန်းနှင့် အရည်အသွေး မြင့်မားရေးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဟု ပြင်ဆင် ဖြည့်စွက်လို ပါကြောင်း၊ အခန်း(၁၆)ပုဒ်မ(၃၃)နှင့် (၃၄)တွင် ပုဒ်မ ၃၁ ပါ၊ ပုဒ်မခွဲ(က)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် သုံးလဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြင်ဆင်ဖြည့်စွက်လိုပါကြောင်းနှင့် ပုဒ်မခွဲအလိုက် ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များကို ဆွေးနွေးသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ)နှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းတို့က ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမ နေ့ကို ဖေဖော်ဝါရီ ၁ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

ရဲချုပ်တံခွန်စိုက်ဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်

Image may contain: 3 people, people standing
ရန်ကုန် ဇန်နဝါရီ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် အားကစားခန်းမ၌ ပထမအကြိမ် ရဲချုပ်တံခွန်စိုက်ဒိုင်း စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားကို ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်နိုင်သူက အဖွင့်မိန့်ခွန်း ပြောကြားပြီး နောက်ဆုံးဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ကြသည့် တစ်ဦးချင်း ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့သည်။
ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၃) လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဆုရရှိသူများ အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ကလည်းကောင်း၊ နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် တတိယဆုရရှိသည့် စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှ ဆုရရှိသူများအား အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကို ကလည်းကောင်း၊ အသင်းလိုက် ရဲချုပ်တံခွန်စိုက်ဒိုင်း ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တို့အား ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်နိုင်သူ ကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နည်းပြချုပ်၊ ဒိုင်ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများအား ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်နိုင်သူက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ဒိုက်ဦးမြို့နယ် ကျိုက်စကောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အဆင့်တိုးမြှင့်ပေးနိုင်ရန် စိစစ်ဆောင်ရွက်သွားမည်

No automatic alt text available.
နေပြည်တော် ဇန်နဝါရီ ၃ဝ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်းများ မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင် ၏ မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ ရှေးဟောင်းမြန်မာစာပေ လေ့လာရေးဌာနကို ကျောင်းသား ကျောင်းသူတို့၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးအတွက် ပြန်လည်ဖွင့်လှစ်ရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မုံရွာတက္ကသိုလ်မှ ရှေးဟောင်းမြန်မာစာပေ လေ့လာနေသော ကျောင်းသား ကျောင်းသူများသည် မုံရွာတက္ကသိုလ် စာကြည့်တိုက်နှင့် Online တို့ကို လေ့လာအသုံးပြုလျက်ရှိပါကြောင်း၊ မုံရွာ တက္ကသိုလ်နှင့် ရှေးဟောင်းမြန်မာစာပေလေ့လာရေးဌာန နေရာသည် ဝေးကွာသည့်အတွက် ယင်းအဆောက်အအုံ အား ယခုအချိန်တွင် အသုံးပြုခြင်းမရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး လိုအပ်သလို ဆက်လက်စီမံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦး မြို့နယ် ကျိုက်စကောကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကို အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒိုက်ဦး မြို့နယ် ကျိုက်စကော အခြေခံပညာအထက်တန်းကျောင်း (ခွဲ)သည် ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်မူ နှင့် ကိုက်ညီမှုရှိပါသဖြင့် အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရန်အတွက် ၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်း များ ဆောင်ရွက်သည့်အချိန်တွင် သတ်မှတ်မူများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၊ ပေါက် မဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်း၊ ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်နှင့် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်တို့ ၏ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ ''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့ လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး လုပ်သားအင်အား အခြေပြုသော ကုန်ထုတ်လုပ်ငန်းများ (Labour Intensive Industry) ပိုမိုဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်လာစေရန်အတွက် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ ပေါ်လာအောင် ကူညီဆောင် ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း'' အဆိုနှင့်စပ်လျဉ်း၍ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင် လတ်၊ မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ပင်းတယမဲဆန္ဒနယ်မှ ဦးစိုးမြင့်၊ ဒဏ္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင် ကျော်ကျော်ဦးနှင့် မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း တို့က အကြံပြုဆွေးနွေးကြသည်။
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အနာဂတ်တွင် ရေရှည်တည်တံ့ခိုင်မာသည့် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို ရရှိရန် ဒေသတွင်း ပထဝီ အားသာချက်ကို အသုံးချ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို ဖော်ထုတ် ပေးနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် အတွက် လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ခြင်း၊ ကြိုးနီစနစ်ကို လျှော့ချခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ ကို ထိန်းချုပ်ခြင်း စသည်တို့ကို အရေးတကြီး ဆောင်ရွက် သွားရန် လိုအပ်လျက်ရှိပါကြောင်း။
နိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာ စေရန်အတွက် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားပြီး အလွယ် တကူ ဝင်ရောက်လုပ်ကိုင်နိုင်မည့် ရေခံမြေခံ၊ အခင်း အကျင်းမျိုးဖြစ်အောင် အထူးတလည် ပြင်ဆင်ထားရန် လိုအပ်နေပါကြောင်း၊ နိုင်ငံ၏ လက်ရှိအခြေခံအဆောက် အအုံ (Infrastructure) ပိုင်း၏ အားနည်းချက်များကို ဖြည့်ဆည်းပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲ၊ အဟန့်အတားဖြစ်စေမည့် အရာများကို ဖယ်ရှားရန်နှင့် ဖြေလျှော့ပေးရန် လိုပါကြောင်း။
လက်ရှိတွင် အရှုံးပေါ်နေပြီး ကုန်ထုတ်လုပ်မှု ကျဆင်း နေသည့် ခေတ်မမီတော့သည့် စက်ရုံများကို ပြုပြင် ပြောင်းလဲရန်ဆိုသည်မှာ ပြည်ပက အရင်းအနှီးနှင့် နည်းပညာများကို အမှီပြုပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်း အပိုင်းများတွင် မလိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို လျှော့ချပြီး မြန်မြန်ဆန်ဆန် လွှဲပြောင်းဆောင်ရွက်သွားရန် တိုက်တွန်းအကြံပြုအပ်ပါကြောင်း၊ သို့မှသာ မူလစက်ရုံများ တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် အလုပ်အကိုင် ရရှိစေပြီး ကုန်ထုတ်လုပ်မှုအပိုင်းတွင်လည်း ပြန်လည် တိုးတက်လာစေမည်ဖြစ်ပါကြောင်း။
စက်ရုံအလုပ်ရုံများ တည်ဆောက်ရန်အတွက် မြေနေရာရရှိရေးသည် အထူးအရေးကြီးပါကြောင်း၊ မြေဈေးများ ခေါင်ခိုက်နေသည့် တိုင်းပြည်တွင် မည်သည့် ရင်းနှီးမြှုပ်နှံမှုကိုမျှ ဆွဲဆောင်နိုင်မည် မဟုတ်ပါကြောင်း၊ မြေဈေးများ မြင့်မားနေသည်နှင့်အမျှ အိမ်ဈေး၊ တိုက်ခန်း ဈေးများပါ လိုက်တက်နေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေဈေး၊ အိမ်ဈေးများ တက်အောင် ဈေးကစားနေကြ သည့် အဖြစ်မျိုးများ မပေါ်ပေါက်အောင် အစိုးရက ဝင်ရောက်ထိန်းညှိပေးရန်နှင့် မှန်ကန်သည့် မြေယာမူဝါဒ များ ချမှတ်သွားရန်လည်း အကြံပြုလိုပါကြောင်း။
မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်၊ လမ်းပန်းဆက်သွယ် ရေး အခြေခံအဆောက်အအုံများနှင့် ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူအဆင်ပြေချောမွေ့ရန် အတွက် အချိန်ကုန်သက်သာမည့် One Stop Service များထားရှိကာ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ ဒေသတွင်းရှိ အာဆီယံနိုင်ငံများ ၏ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းကြောင်းမှာ လုပ်သား အင်အားအခြေပြု ကုန်ထုတ်လုပ်ငန်းများမှတစ်ဆင့် အစပြုခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ လုပ်သား အရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံအနေဖြင့် တိုင်းပြည် စီးပွားရေးကို ဆွဲတင်နိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုနှင့်
အလုပ်အကိုင်ရှားပါးမှုပြဿနာကို ဖြေရှင်းသွားနိုင်ရန် အတွက်အဆိုကို ထောက်ခံဆွေးနွေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၃၈ ခု ခွင့်ပြု ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၈၈ဝ၃၈ နေရာနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၁ ခု ခွင့်ပြုခဲ့၍ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁ဝဝ၆၃ နေရာကို လည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇၈ ခု ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၄၆၆၉ နေရာနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈ဝ ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၁၈၆၃၉ နေရာကိုလည်းကောင်း ဖန်တီးပေးနိုင်ခဲ့၍ စုစုပေါင်းလုပ်ငန်း ၄၄၇ ခု၊ အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၁၉၁၄ဝ၉ နေရာ ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ဖိတ်ခေါ်လျက်ရှိပြီး ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အားပေးမြှင့်တင် ပေးလျက်ရှိပါကြောင်း၊ စီးပွားရေးမူဝါဒ ၁၂ ရပ် အနက် နံပါတ်(၅)တွင် ပြည်တွင်းနေ နိုင်ငံသားများနှင့် နိုင်ငံရပ်ခြား မှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအားလုံး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် နှင့် အလုပ်အကိုင်အခွင့်အလမ်း မြင့်မားသော စီးပွားရေး လုပ်ငန်းများကို ကာလတိုအတွင်း ပိုမိုဦးစားပေးဆောင်ရွက် ရန်ဟု ဖော်ပြပါရှိပါကြောင်း။
အလားတူ ရင်းနှီးမြှုပ်နှံမှု မူဝါဒ(၇)ရပ်အနက် နံပါတ် ၇ တွင် ဒေသတွင်းနှင့် ကမ္ဘာ့ကုန်စည်စီးဆင်းမှု ကွင်းဆက် များနှင့် ချိတ်ဆက်ထားသည့် ကုန်စည်ထုတ်လုပ်မှု မြှင့်တင် နိုင်ပြီး ကုန်စည်၏ ထပ်ဆင့်တန်ဖိုးတိုးမြှင့်နိုင်သော စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ လွှဲပြောင်း ရရှိမှုနှင့် ပြန့်ပွားစေမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်နှင့် ၎င်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ၊ အခြေခံအဆောက်အအုံများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုရရှိစေမည့် ရင်းနှီးမြှုပ်နှံမှုများ၊ အလုပ်အကိုင်များစွာ ဖန်တီးနိုင်သော၊ ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေး ဖွံ့ဖြိုးစေနိုင်သော၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လေ့ကျင့်သင်ကြားပေးနိုင်သော ရင်းနှီး မြှုပ်နှံမှုများ၊ စီးပွားရေးဖွံ့ဖြိုးမှု အားနည်းသော နေရာဒေသ များတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုများ၊ စက်မှုမြို့တော်များ နှင့် အထူးစီးပွားရေးလုပ်ငန်းများ စုဝေးရာနေရာများ (Special Economic Clusters)တွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးကြိုဆိုသည်ဟု ဖော်ပြပါရှိ ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့သည် ချမှတ်ထားသည့် စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများအပေါ် အခြေခံ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျင်မြန်ချောမွေ့လွယ်ကူစွာ ဝင်ရောက်နိုင်ရေးနှင့် လုပ်သားအင်အား အခြေပြုသော ကုန်ထုတ်လုပ်ငန်းများ(Labour Intensive Industry) ပိုမိုဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီများမှတစ်ဆင့် အဘက်ဘက်မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုတင်သွင်းသော အဆိုတွင်ပါရှိသည့် အချက်များ ကို အကောင်အထည်ဖော်ခဲ့ပြီး အကောင်အထည်ဖော်ဆဲ ဖြစ်သည့်အပြင် ဆက်လက်၍လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိပေးနိုင်ပါရန် လွှတ်တော်သို့ တင်ပြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား ကိုရယူ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒသမနေ့ကို ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
မီမီဖြိုး(သတင်းစဉ်)

ယီမင် အရှေ့တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ်ကို အသေခံကားဗုံးခွဲတိုက်ခိုက်၊ ၁၁ ဦးထက်မနည်းသေဆုံး

Image may contain: 2 people, people sitting and outdoor
အေဒင် ဇန်နဝါရီ ၃ဝ
ယီမင်နိုင်ငံ၌ အာရပ်စော်ဘွားများ ပြည် ထောင်စု(ယူအေအီး)ထောက်ခံသော ဒေသတွင်း တပ်ဖွဲ့များက ထိန်းချုပ်ထားသော စစ်ဆေး ရေးဂိတ်တစ်ခုတွင် ဇန်နဝါရီ ၃ဝ ရက်က အသေခံကား ဗုံးဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွား ခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးကြောင်း တာဝန်ရှိသူများနှင့် ဒေသခံများက ပြောကြား သည်။
တိုက်ခိုက်
ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း ရှာဘွား ပြည်နယ်မြို့တော် အတက်ခ်မြို့ အရှေ့မြောက် ဘက်ရှိ စစ်ဆေးရေးဂိတ်ကို ပစ်မှတ်ထား၍ ထောင်ချောက်ဆင်ဗုံးများ ရှိနေသော မော် တော်ယာဉ်ကို အသေခံဗုံးဖောက်ခွဲသူတစ်ဦး က မောင်းနှင်ကာတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ များက ပြောကြားသည်။
ယင်းတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး အခြားသုံးဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ သို့ရာတွင် လူ ၁၂ ဦး သေဆုံးသည်ဟု ဒေသခံ များက ပြောကြားသည်။
သမ္မတ အဗ္ဗဒူလာရာဘူမန်ဆောဟာဒီ အစိုးရက ယာယီမြို့တော်အဖြစ် သတ်မှတ် ထားသော အေဒင်မြို့ကို ထိန်းချုပ်နိုင်ရေး အတွက် ယီမင်အစိုးရတပ်ဖွဲ့များနှင့် ယီမင် တောင်ပိုင်းဒေသမှ ခွဲထွက်ရေးဝါဒီများအကြား တိုက်ခိုက်မှုများဖြစ်နေစဉ်တွင် ယင်းအသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယီမင်နိုင်ငံအနောက်မြောက်ပိုင်း၌ အီရန် ၏ မဟာမိတ်ဟူသီသူပုန်များအား ဆော်ဒီ အာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က စစ်ရေးအရ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ နိုင်သည့် ဘေးအန္တရာယ် ရှိနေသည်။
ယူဆရ
စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုနှင့်ပတ်သက် ၍ တာဝန်ရှိကြောင်း မည်သည့်အဖွဲ့အစည်း ကမျှ ပြောကြားခြင်း မရှိသော်လည်း ယင်း ဒေသတွင်း၌ ယခင်က စစ်ရေးအရ တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည့် အာရေဗျကျွန်းဆွယ် အယ်လ်ခိုင်ဒါအဖွဲ့ (အေကျူအေပီ) ၏ လက်ချက်အဖြစ်ယူဆရကြောင်း သတင်းတွင် ဖော်ပြသည်။
ကြိုးပမ်း
ဟူသီသူပုန်တပ်ဖွဲ့များက ယီမင်နိုင်ငံ မြို့တော် အေဒင်မြို့တွင်းသို့ ထိုးဖောက် ဝင် ရောက်ခဲ့ပြီး သမ္မတ ဟာဒီအား ပြည်ပသို့ ထွက်ပြေးစေပြီးနောက် ယူအေအီးနိုင်ငံက ယီမင်ပြည်တွင်း စစ်ပွဲအတွင်း ပါဝင်လာသည်။ ၂ဝ၁၅ ခုနှစ်တွင် ဆော်ဒီအာရေဗျ ဦးဆောင် သည့် ညွန့်ပေါင်းတပ်ဖွဲ့တွင် ယူအေအီး ပါဝင် ခဲ့ပြီး သမ္မတ ဟာဒီ အာဏာပြန်လည်ရရှိရေး ကြိုပမ်းခဲ့သည်။
ဆင်ဟွာ

ကင်ညာ၌ အတိုက်အခံခေါင်းဆောင်ကို သမ္မတအဖြစ် ဟန်ပြ တင်မြှောက်

Image may contain: 7 people, people smiling, camera
နိုင်ရိုဘီ ဇန်နဝါရီ ၃ဝ
ကင်ညာနိုင်ငံ၌ ''ပြည်သူ့သမ္မတအဖြစ်''ရေလာအိုဒင်ဂါက ဟန်ပြကျမ်းသစ္စာကျိန်ဆိုမည့် အခမ်းအနားတစ်ရပ်ကို မြို့တော် နိုင်ရိုဘီရှိ ပြည်သူ့ဥယျာဉ်၌ ဇန်နဝါရီ ၃ဝ ရက်က ပြုလုပ်ရန် စီစဉ်ထားရာ အာဏာပိုင်များက ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနနှင့် အသံ လွှင့်ရုံတို့ကို ပိတ်ထားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။
အမျိုးသားမဟာမိတ်အဖွဲ့ချုပ်၏ ခေါင်းဆောင်အိုဒင်ဂါအား ထောက်ခံသူများ သည် လွန်ခဲ့သည့်နှစ် သြဂုတ်လက ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် ပြည်သူ့ဥယျာဉ်သို့ စုဝေးရောက်ရှိလာခဲ့ကြကြောင်း၊ အတိုက်အခံ ခေါင်းဆောင်အိုဒင်ဂါအား ပြည်သူ့သမ္မတအဖြစ် တင်မြှောက်သည့် အခမ်းအနားကို ပြုလုပ်ခြင်းဖြင့် အကြမ်းဖက်မှု အဓိကရုဏ်းများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သူ သမ္မတအူဟူရူကင် ယက်တာအား တရားဝင် သမ္မတအဖြစ် မိမိတို့ လက်ခံနိုင်ခြင်းမရှိကြောင်း အတိုက် အခံလှုပ်ရှားသူများက ပြောကြားသည်။
သြဂုတ်လရွေးကောက်ပွဲ၌ ကင်ယက်တာ အောင်ပွဲခံသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာခဲ့သော်လည်း မိမိသာလျှင် အောင်ပွဲခံသူ ဖြစ်သည်ဟု အိုဒင်ဂါက ကြေညာခဲ့သည်။ အိုဒင်ဂါ၏ကန့်ကွက်မှုကြောင့် ကင်ညာ တရားရုံးချုပ်က သမ္မတအဖြစ် ကင်ယက်တာ အောင်ပွဲခံသည်ဆိုသော ရလဒ်ကို ပယ်ဖျက်ပေးခဲ့ရသည်။
ယင်းနောက်တွင် ပြန်လည်ကျင်းပသော ရွေးကောက်ပွဲကို အိုဒင်ဂါက သပိတ် မှောက်ခဲ့သည်။
ကင်ယက်တာအား မဲအသာပေးသည့် ရလဒ်အဖြစ်သို့ ပြောင်းလဲစေရန် ကွန်ပျူတာဟက်ကာများက ရွေးကောက်ပွဲ ကော်မရှင်၏ ကွန်ပျူတာစနစ်ကို အဖျက် အမှောင့်ပြုလုပ်ခဲ့သည်ဟု အိုဒင်ဂါက စွပ်စွဲခဲ့သည်။
ရိုက်တာ

ဆီးရီးယား၌ တူရကီ၏ စစ်ဆင်ရေးလှုပ်ရှားမှုကို လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ဝေဖန်သူများကို ထိန်းသိမ်း

Image may contain: 2 people, outdoor
အန်ကာရာ ဇန်နဝါရီ ၃ဝ
ဆီးရီးယားနိုင်ငံ၌ တူရကီတပ်မတော်၏ စစ်ဆင်ရေး လှုပ်ရှားဆောင်ရွက်ချက်ကို လူမှု ကွန်ရက်မီဒီယာအသုံးပြု၍ ဝေဖန်သူ လူ ပေါင်း ၃ဝဝ ကျော်ကို တူရကီအာဏာပိုင်များက ထိန်းသိမ်းထားကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဇန်နဝါရီ ၃ဝ ရက်တွင် သတင်း ထုတ်ပြန်သည်။
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အက်ဖရင်ဒေသ၌ ကာဒစ္စဝိုင်ပီဂျီ ပြည်သူ့ စစ်အဖွဲ့ကို တူရကီတပ်မတော်က လေကြောင်း နှင့်မြေပြင် ထိုးစစ်ဆင်မှု ၁ဝ ရက်ကြာ စစ်ဆင် ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ဆန့်ကျင်ဘက်ပြု ခြင်း၊ ဝေဖန်ခြင်း သို့မဟုတ် တလွဲပုံဖော်ခြင်း ပြုလုပ်သူများကို တရားစွဲဆိုသွားမည်ဟု တူရကီအာဏာပိုင်များက သတိပေးခဲ့ကြ သည်။
လွန်ခဲ့သည့် ၁ဝ ရက်တာ ကာလပတ်လုံး ဆိုရှယ်မီဒီယာ (လူမှုကွန်ရက်မီဒီယာ)မှ တစ်ဆင့် အကြမ်းဖက်သမားများဘက်မှ ဝါဒ ဖြန့်လှုံ့ဆော်ရေးသားသူ လူပေါင်း ၃၁၁ ဦးကို ထိန်းသိမ်းထားကြောင်း တူရကီပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားသည်။
အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးသော နိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တူရကီ အစိုးရက ထိန်းသိမ်းခဲ့ကြောင်း၊ ခွဲထွက်ရေးဝါဒီ ဆီးရီးယား ကာ့ဒ်လူမျိုးတို့အား ဗုံးကြဲတိုက်ခိုက် ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် စစ်ဆန့် ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်သူများမှာလည်း ထိန်းသိမ်းခံရသူများတွင် ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ဝေဖန်ပြောကြား
''စစ်ပွဲအလိုမရှိ၊ ငြိမ်းချမ်းရေးကို ချက်ချင်း ဖော်ဆောင်ပေး''ဟူ၍ ကြွေးကြော်ကာ တူရကီ အစိုးရ၏ စစ်ရေးလှုပ်ရှားမှုကို ဆန့်ကျင် ရှုတ်ချကြသော တူရကီဆရာဝန်များအသင်း သည် နယ်ချဲ့ဝါဒီများ၏ အဖွဲ့အစည်း ဖြစ်နေ သည်ဟု သမ္မတ တေယစ်အာဒိုဂန်က ဝေဖန် ပြောကြားခဲ့သည်။
တူရကီနိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် မအောင်မြင်သော အာဏာသိမ်းပွဲဖြစ်ပွားခဲ့ ချိန်နောက်ပိုင်း သမ္မတရာထူးအာဏာကို ခိုင်မြဲအောင် ပြုလုပ်သူအာဒိုဂန်က လူပေါင်း ၅ဝဝဝဝကို အကျဉ်းချထားခဲ့သည်။
ရိုက်တာ

တူးမြောင်းများပြုပြင်ခြင်းကြောင့် သီးနှံများ ပိုမိုစိုက်ပျိုးနိုင်မည်

Image may contain: sky and outdoor
ပဲခူး ဇန်နဝါရီ ၃ဝ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဇောင်းတူးဆည်ရေသောက်စနစ်အတွင်းရှိ တူးမြောင်းများနှင့် တူး
မြောင်းအဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်ခဲ့သည်။
ဇောင်းတူးရေလွှဲဆည် အထက်ဘက်ရှိ တည်ဆောက်ပြီးစီးသည့် စလူ၊ ရွှေလောင်း၊ ကိုဒူကွဲရေလှောင်တမံများတွင် ယနှစ်များထက် ရေပိုမိုသို
လှောင်နိုင်ခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ် နှင့် သနပ်ပင်မြို့နယ်တို့သာမက ကဝမြို့နယ်နှင့် ရန်ကုန်တိုင်း
ဒေသကြီး ခရမ်းမြို့နယ်တို့ရှိ တောင်သူကြီးများအနေဖြင့် နွေစပါးနှင့် အခြားသီးနှံများကို ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဇောင်းတူးဆည်ရေသောက်စနစ်တွင် ယမန်က နှစ်ဆည်ရေဖြင့် နွေစပါးဧက ၅၆၅ဝ နှင့် အခြားသီးနှံ ဧက ၆၇၇ဝ စုစုပေါင်း ဧက ၁၂၄၅ဝ ကို စိုက်ပျိုးခဲ့ရာ တောင်သူများအနေဖြင့် လျာထားဧကထက် ပိုမိုစိုက်
ပျိုးနိုင်ခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်တွင် ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ တောင်သူကြီးများအနေဖြင့် နွေစပါး ဧက ၉၁ဝဝ အပြင် အခြားသီးနှံ ဧက ၇၃၅ဝ တို့ကို ယခင်နှစ်ထက်ပိုမိုစိုက်ပျိုးနိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လျာထားပြီးဖြစ်ကြောင်းသိရသည်။
''ယခုနှစ်အတွက် ဇောင်းတူးဆည်ရေသောက်တောင်သူများအနေဖြင့် နွေစပါးအပြင်အခြားသီးနှံများကိုပါ ပိုမိုအောင်မြင်စွာ စိုက်ပျိုးနိုင်တော့မည်ဖြစ်
သလို၊ ဆည်တွေမှာလည်း ရေကို ယခင်နှစ်ကထက် ပိုပြီး သိုလှောင်ထားရှိနိုင်လို့ ဆည်ရေကို အပြည့် အဝပေးဝေနိုင်မည့်အပြင် မိုးယွန်းကြီးကန်ကိုလည်း ရေပို၍ ဖြည့်ဆည်းပေးနိုင်မှာဖြစ်လို့ မိုးယွန်းကြီး ကန်ရေသောက် တောင်သူတွေနဲ့ ပဲခူး-စစ်တောင်းတူးမြောင်း ရေသောက် တောင်သူများပါ ယခင်နှစ်တွေထက် ဧကပေါင်းများစွာ ပိုမိုစိုက်ပျိုးနိုင်တော့မှာ ဖြစ်ပါတယ်'' ဟု ပဲခူးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးနိုင်က ပြောကြားသည်။
ပဲခူးမြို့နယ်အတွင်း ၂ဝ၁၇ ခုနှစ်တွင် မိုးရွာသွန်းမှုအားကောင်းခဲ့သောကြောင့် မြို့နယ်အတွင်းရှိ စလူ၊ ရွှေလောင်း၊ ကိုဒူကွဲ ရေလှောင်တမံများတွင် ရေကိုပိုမို သိုလှောင်နိုင်ခဲ့ပြီး စလူရေလှောင်တမံတွင် ၆ဝ၃၇၈ ဧကပေ၊ ရွှေလောင်းရေလှောင်တမံတွင် ၄၇၇၆၃ ဧကပေ၊ ကိုဒူကွဲရေလှောင်တမံတွင် ၉၉၇၁၁ ဧကပေ စုစုပေါင်း ၂ဝ၇၈၅၂ ဧကပေကို သိုလှောင်ထားနိုင်ခဲ့
ကြောင်း သိရသည်။ ယင်းဆည်ရေများဖြင့် ဇောင်းတူးရေလွှဲဆည်မှတစ်ဆင့် ၂ဝ၁၇ ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာ တူးမြောင်းမကြီး အလျား ၁၅ ဒသမ ၃ဝ မိုင်၊ လက်တံမြောင်း ၁ဝ ခု အလျား ၅၄ ဒသမ ၄ဝ မိုင်ဖြင့်
ဒေသခံတောင်သူဦးကြီးများအတွက် စိုက်ပျိုးရေပေးဝေခြင်းကိုသာမက မိုးယွန်းကြီးကန်သို့ ရေကူဖြည့်ပေးခြင်းကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ရေးဦးစီးဌာနအနေဖြင့် ဇောင်းတူးဆည်ရေသောက်အတွင်းရှိ တူးမြောင်းများနှင့် တူးမြောင်းအဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ရေပေးဝေရေးလုပ်ငန်းများကို ဦးစီးအရာရှိများ၊ ဦးစီးမှူး၊ ဒုဦးစီး မှူးများ၊ ဌာနလုပ်သားများဖြင့် အင်တိုက်အားတိုက်ဆောက်ရွက်ထားရှိမှုကြောင့် ယခင်နှစ် နွေစပါး ဧက ၅၆၈ဝ၊ အခြားသီးနှံ ဧက ၆၇၇ဝ၊ စုစုပေါင်း ဧက ၁၂၄၅ဝ စိုက်ပျိုးနိုင်ခဲ့ရာ ယခုနှစ်တွင် နွေစပါး ၉၁ဝဝ ဧက နှင့် အခြားသီးနှံ ဧက ၇၃၅ဝ စုစုပေါင်း
စိုက်ဧက ၁၆၄၅ဝ စိုက်ပျိုးရန် လျာထားခဲ့ရာ ဒေသခံတောက်သူဦးကြီးများအနေဖြင့် ယခင်နှစ်ထက် စိုက်ဧကစုစုပေါင်း ၄ဝဝဝ ကို ပိုမိုစိုက်ပျိုး
နိုင်မည်ဖြစ်၍ တိုင်းပြည်ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ပိုမိုတိုးပွားအောင် ဆောင်ရွက်နိုင်တော့မည်ဖြစ် သည်။
သူရအောင် (ပြည်)