Wednesday, January 31, 2018

(၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲဖွင့်

Image may contain: 2 people, crowd, outdoor and food
ရန်ကုန် ဇန်နဝါရီ ၃ဝ
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၇၉ ခုနှစ် (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာဇာနည်လမ်းရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့အလှည့်ကျ သဘာပတိ ဦးအောင်မြတ်က အဖွင့်မင်္ဂလာစကား ပြောကြားသည်။
ထို့နောက် အလှည့်ကျသဘာပတိ ဦးအောင်မြတ်နှင့် ဂေါပကအဖွဲ့ဝင် များက ထမနဲထိုးပြိုင်ပွဲကို ရွှေကြိုး ဖြတ်၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်များ အား လိုက်လံကြည့်ရှုအားပေးကြ သည်။
အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ရှစ်သိန်း၊ ဒုတိယဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆု ငွေကျပ် ခြောက် သိန်း၊ စတုတ္ထဆု ငွေကျပ် ငါးသိန်း၊ ပဉ္စမဆု ငွေကျပ် လေးသိန်း၊ နှစ်သိမ့်ဆု ငါးဆုအတွက် ဆုငွေကျပ် သုံးသိန်းစီ နှင့် ဆုအသီးသီးအတွက် ဆုကလပ် တစ်ခုစီ ချီးမြှင့်မည်ဖြစ်သည်။
ပြိုင်ပွဲမှရရှိလာသည့် ထမနဲများကို ရှင်တော်မြတ်ဘုရားနှင့် သံဃာတော် များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသော သံဃာတော် ၆၂ ပါးအား ထမနဲဆွမ်းတော်ကြီး လောင်း လှူခြင်း၊ အလှူရှင်များအား ဒါနပြု ခြင်းနှင့် ခုနစ်ရက် သားသမီးများအား ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment