Wednesday, January 31, 2018

ကင်ညာ၌ အတိုက်အခံခေါင်းဆောင်ကို သမ္မတအဖြစ် ဟန်ပြ တင်မြှောက်

Image may contain: 7 people, people smiling, camera
နိုင်ရိုဘီ ဇန်နဝါရီ ၃ဝ
ကင်ညာနိုင်ငံ၌ ''ပြည်သူ့သမ္မတအဖြစ်''ရေလာအိုဒင်ဂါက ဟန်ပြကျမ်းသစ္စာကျိန်ဆိုမည့် အခမ်းအနားတစ်ရပ်ကို မြို့တော် နိုင်ရိုဘီရှိ ပြည်သူ့ဥယျာဉ်၌ ဇန်နဝါရီ ၃ဝ ရက်က ပြုလုပ်ရန် စီစဉ်ထားရာ အာဏာပိုင်များက ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနနှင့် အသံ လွှင့်ရုံတို့ကို ပိတ်ထားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။
အမျိုးသားမဟာမိတ်အဖွဲ့ချုပ်၏ ခေါင်းဆောင်အိုဒင်ဂါအား ထောက်ခံသူများ သည် လွန်ခဲ့သည့်နှစ် သြဂုတ်လက ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် ပြည်သူ့ဥယျာဉ်သို့ စုဝေးရောက်ရှိလာခဲ့ကြကြောင်း၊ အတိုက်အခံ ခေါင်းဆောင်အိုဒင်ဂါအား ပြည်သူ့သမ္မတအဖြစ် တင်မြှောက်သည့် အခမ်းအနားကို ပြုလုပ်ခြင်းဖြင့် အကြမ်းဖက်မှု အဓိကရုဏ်းများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သူ သမ္မတအူဟူရူကင် ယက်တာအား တရားဝင် သမ္မတအဖြစ် မိမိတို့ လက်ခံနိုင်ခြင်းမရှိကြောင်း အတိုက် အခံလှုပ်ရှားသူများက ပြောကြားသည်။
သြဂုတ်လရွေးကောက်ပွဲ၌ ကင်ယက်တာ အောင်ပွဲခံသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာခဲ့သော်လည်း မိမိသာလျှင် အောင်ပွဲခံသူ ဖြစ်သည်ဟု အိုဒင်ဂါက ကြေညာခဲ့သည်။ အိုဒင်ဂါ၏ကန့်ကွက်မှုကြောင့် ကင်ညာ တရားရုံးချုပ်က သမ္မတအဖြစ် ကင်ယက်တာ အောင်ပွဲခံသည်ဆိုသော ရလဒ်ကို ပယ်ဖျက်ပေးခဲ့ရသည်။
ယင်းနောက်တွင် ပြန်လည်ကျင်းပသော ရွေးကောက်ပွဲကို အိုဒင်ဂါက သပိတ် မှောက်ခဲ့သည်။
ကင်ယက်တာအား မဲအသာပေးသည့် ရလဒ်အဖြစ်သို့ ပြောင်းလဲစေရန် ကွန်ပျူတာဟက်ကာများက ရွေးကောက်ပွဲ ကော်မရှင်၏ ကွန်ပျူတာစနစ်ကို အဖျက် အမှောင့်ပြုလုပ်ခဲ့သည်ဟု အိုဒင်ဂါက စွပ်စွဲခဲ့သည်။
ရိုက်တာ

No comments:

Post a Comment