Wednesday, January 31, 2018

ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့တည်ဆောက်သွားနိုင်ရေးအတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေကို တည်ထောင်ရန် စီမံလျက်ရှိ

Image may contain: 1 person, sitting
နေပြည်တော် ဇန်နဝါရီ ၃ဝ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေကြမ်းကို ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်၏ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ် သော လေရှီး၊ နန်းယွန်း၊ လဟယ်မြို့နယ်များတွင်ရှိသော မြို့နယ်ခွဲမှ မြို့ဟု အမည်ပြောင်းထားသည့် မိုပိုင်းလွတ်၊ ဆွမ္မရာ၊ ထန်ပါခွေ၊ ဒုံဟီး၊ ပန်ဆောင် မြို့များအား ဌာနဆိုင်ရာများ၏ လုပ်ပိုင်ခွင့်ပြုပေးနိုင်ရန်နှင့် လိုအပ်သော ဌာနဆိုင်ရာဝန်ထမ်းများချပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီးမြို့နယ်တွင် မိုပိုင်းလွတ်မြို့နယ်ခွဲနှင့် ဆွမ္မရာမြို့နယ်ခွဲ၊ လဟယ်မြို့နယ်တွင် ထန်ပါခွေ မြို့နယ်ခွဲ၊ နန်းယွန်းမြို့နယ်တွင် ဒုံဟီးမြို့နယ်ခွဲနှင့် ပန်ဆောင်မြို့နယ်ခွဲတို့ အား ဖွဲ့စည်းထားရှိပြီး ၂ဝ၁၄ ခုနှစ် မေ ၂၂ ရက်တွင် မြို့နယ်ခွဲများအား ဖျက်သိမ်း၍ သက်ဆိုင်ရာ မြို့နယ်များလက်အောက်မြို့အဖြစ် ဖွဲ့စည်းထားရှိ ပါကြောင်း၊ လေရှီးမြို့နယ်တွင် မိုပိုင်းလွတ်မြို့နှင့် ဆွမ္မရာမြို့ နှစ်မြို့ ပါဝင်ပါ ကြောင်း၊ မိုပိုင်းလွတ်မြို့တွင် ဌာန ၁၇ ခု ရှိပြီး ရုံးအဆောက်အအုံရှိသော ဌာန ၁ဝ ခုနှင့် ရုံးအဆောက်အအုံမရှိသော ဌာန ခုနစ်ခုရှိရာ ခြောက်ခုမှာ ဝန်ထမ်း အိမ်ရာများတွင် ရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွမ္မရာမြို့တွင် ဌာန ၁၃ ခုရှိပြီး ရုံးအဆောက်အအုံရှိသော ဌာန ကိုးခုနှင့် ရုံးအဆောက်အအုံမရှိသော ဌာန လေးခုရှိရာ သုံးခုမှာ ဝန်ထမ်းအိမ်ရာများတွင် ရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုံးအဆောက် အအုံမရှိသော ဌာန လေးခုအနက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးအား ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ မြို့လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၊ လမ်းဦးစီးဌာနရုံးအဆောက်အအုံ နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရန်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လည်းကောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တင်ပြတောင်းခံသွားမည် ဖြစ်သည်ဟု ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း။
လဟယ်မြို့နယ်ရှိ ထန်ပါခွေမြို့တွင် ဌာန ၁၆ ခုရှိပြီး ရုံးအဆောက်အအုံ ရှိသော ဌာန ရှစ်ခုနှင့် ရုံးအဆောက်အအုံမရှိသော ဌာန ရှစ်ခုရှိရာ ခုနစ်ခုမှာ ဝန်ထမ်းအိမ်ရာများတွင် ရုံးများဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ကျန်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ရုံးဆောက်လုပ်ရန်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တင်ပြတောင်းခံထားပါကြောင်း၊ နန်းယွန်း မြို့နယ်တွင် ဒုံဟီးမြို့နှင့် ပန်ဆောင်မြို့တို့ပါဝင်ရာ ဒုံဟီးမြို့တွင် ဌာန ၁၅ ခုရှိပြီး ရုံးအဆောက်အအုံရှိသော ဌာန ၁၁ ခုရှိပြီး ရုံးအဆောက်အအုံမရှိသော ဌာန လေးခုတွင် သုံးခုမှာ ဝန်ထမ်းအိမ်ရာများတွင် ရုံးများဖွင့်လှစ်၍ လုပ်ငန်း များဆောင်ရွက်လျက်ရှိကြောင်း၊ ပန်ဆောင်မြို့တွင် ဌာန ၁၆ ခုရှိပြီး ဌာန အားလုံးတွင် ရုံးအဆောက်အအုံရှိသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း။
မိုပိုင်းလွတ်၊ ဆွမ္မရာ၊ ထန်ပါခွေ၊ ဒုံဟီး၊ ပန်ဆောင်မြို့နယ်ခွဲများအား မြို့အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်ခံ၍ မြို့အုပ်ချုပ်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး အခြားဌာနဆိုင်ရာ ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီအစဉ်ဖြင့် တာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ လိုအပ်လျက်ရှိသော ရုံးအဆောက်အအုံများကို သက်ဆိုင်ရာဘဏ္ဍာနှစ်များအလိုက် လုပ်ထုံး လုပ်နည်းများနှင့်အညီ လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၏ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်း ဆက်သွယ်ရေး ကောင်းမွန်စေ ရန်၊ ရေသယံဇာတ ဆုံးရှုံးနေမှုများကို ကာကွယ်ရန်နှင့် ဒေသတွင်းခရီးသွား လုပ်ငန်းမြှင့်တင်ရန်အတွက် (GSM) ဖုန်းဆက်သွယ်ရေးတာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာတို့တွင်GSMစခန်း တစ်ခုစီနှင့် ပထော်ကျွန်းတွင် GSMစခန်း နှစ်ခု စုစုပေါင်းGSMစခန်း ကိုးခုကို ဖွင့်လှစ်ထားရှိပါကြောင်း၊ GSMစခန်းများကို ကတန်ကျွန်းတွင် တစ်ခု၊ ကမော်ကျွန်းတွင် နှစ်ခုနှင့် ပန်းခေါင်းကျွန်းတွင် တစ်ခု စုစုပေါင်း လေးခု ကို ထပ်မံတိုးချဲ့တည်ဆောက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ တယ်လီနောမြန်မာလီမိတက်အနေဖြင့် ကျွန်းစု မြို့နယ်အတွင်းရှိ ပြင်ကြီးကျေးရွာ အမှတ်(၃)ရပ်ကွက်နှင့် ပထက်ကျေးရွာ တွင် GSMစခန်း တစ်ခုစီ တည်ဆောက်ထားရှိပါကြောင်း၊ အော်ရီဒူး မြန်မာ လီမိတက်အနေဖြင့် အမှတ်(၂)ရပ်ကွက်၊ သင်္ဃန်းရှောင်ကျေးရွာနှင့် ပထက်ကျေးရွာတို့တွင်GSMစခန်း တစ်ခုစီတို့ကို တည်ဆောက်ထားပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မိုဘိုင်းစခန်းများတည်ဆောက်ရာတွင် လိုအပ်မည့်ရင်းနှီးမြှုပ်နှံမှု၊ ဆက်စပ်နေသည့် မိုက်ခရိုဝေ့ဗ်၊ ဖိုက်ဘာ၊ ဂြိုဟ်တု စသည့် အဝေးဆက်သွယ်ရေး ဆက်ကြောင်းများ တည်ဆောက်နိုင်မည့်အခြေအနေ၊ လျှပ်စစ်မီးရရှိနိုင်မှု အခြေအနေ၊ ပထဝီအသွင်အပြင်နှင့် မြေပြင်အနေအထား၊ ရာသီဥတု အခြေအနေတို့အပြင် လူဦးရေသိပ်သည်းဆကိုလည်း ထည့်သွင်းတွက်ချက် ဆောင်ရွက်ရပါကြောင်း၊ ကျွန်းစုမြို့နယ် ကျေးရွာအုပ်စု ကိုးခုတို့တွင် မိုဘိုင်း ဆက်သွယ်ရေးစခန်းများကို လောလောဆယ်တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် ဆယ်သွယ်ရေးအော်ပရေတာများမှ ထည့်ဝင်ငွေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးမှုနောက်ကျနေသည့် နယ်မြေ ဒေသများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့တည်ဆောက်သွားနိုင်ရေး အတွက် Universal Service Fund ဟုခေါ်သည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေကို တည်ထောင်ရန် စီမံလျက်ရှိပါ ကြောင်းနှင့် အဆိုပါရန်ပုံငွေ တည်ထောင်ပြီးပါက သတ်မှတ်ချက်များနှင့် အညီ ကျေးရွာအုပ်စုများကဲ့သို့ ဆက်သွယ်ရေးကွန်ရက် လွှမ်ခြုံမှုမရှိသေးသည့် နေရာဒေသများသို့ ဦးစားပေးအဆင့်အလိုက် ဆက်သွယ်မှုရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးသိန်းလွင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်)ဒေါက်တာအားကာမိုးက အခန်း(၁) ပုဒ်မ(ဖ)တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုသည်မှာ ဒေသ တစ်ခုအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုအမွေအနှစ် များကို အခြေခံ၍ ထိုဒေသခံပြည်သူလူထုမှ ခရီးသွားဝန်ဆောင်မှုပေးသော လုပ်ငန်းဖြစ်သည်ဟု ပြင်ဆင်ဖြည့်စွက်လိုပါကြောင်း၊ အခန်း(ခ) ပုဒ်မ(၂)(ဗ)တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုသည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံ၍ ခရီးသွားဝန်ဆောင်မှုပေးသော လုပ်ငန်းဖြစ်သည်ဟု ပြင်ဆင်ဖြည့်စွက် လိုပါကြောင်း၊ အခန်း(၇) ပုဒ်မ(၁ဝ) (စ) ခရီးစဉ်ဒေသအသီးသီးတို့တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းများ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ အဆင့်အတန်းနှင့် အရည်အသွေး မြင့်မားရေးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဟု ပြင်ဆင် ဖြည့်စွက်လို ပါကြောင်း၊ အခန်း(၁၆)ပုဒ်မ(၃၃)နှင့် (၃၄)တွင် ပုဒ်မ ၃၁ ပါ၊ ပုဒ်မခွဲ(က)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် သုံးလဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြင်ဆင်ဖြည့်စွက်လိုပါကြောင်းနှင့် ပုဒ်မခွဲအလိုက် ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များကို ဆွေးနွေးသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ)နှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းတို့က ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမ နေ့ကို ဖေဖော်ဝါရီ ၁ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment