Wednesday, January 31, 2018

လက်ရှိဓာတ်အားသုံးစွဲမှုအရ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေမှာ ဝန်အားစီးဆင်းမှုအားသယ်ပို့ဖြန့်ဖြူးလာနိုင်မှာဖြစ်ပေမယ့် ထပ်မံတိုးတက်သုံးစွဲမှုအရ တိုးချဲ့ဆောင်ရွက်သွားဖို့ လိုအပ်နေပါတယ်

Image may contain: 1 person
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်ထိ တိုးတက်သုံးစွဲနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။ လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ၃၁၈၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား ၁၃၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပြီး လိုအပ်ချက်ဖြစ်ပေါ်နေမည့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲ မှု အမြင့်ဆုံးအခြေအနေကို ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ အခုလက်ရှိဓာတ်အားသုံးစွဲမှု ပမာဏအမြင့်ဆုံး က ၃၁၈၉ မဂ္ဂါဝပ်ခန့်ရှိပြီး ဒီလိုအပ်ချက်ကို ရေအား လျှပ်စစ်စက်ရုံ ၁၇ ရုံနဲ့ အပူစွမ်းအင်သုံးဓာတ်အားပေး စက်ရုံ ၁၅ ရုံတို့ကနေ ထုတ်လုပ်ပေးလျက်ရှိပါတယ်။
မေး ။ ။ နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှု အခြေအနေ အရ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေကို သိရှိလို ပါတယ်။
ဖြေ။ ။ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်း တိုးတက်နေပါတယ်။ ဒီလိုတိုးတက်လာတဲ့ အတွက် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်အထိ သုံးစွဲ မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ၃၁၈၉ မဂ္ဂါဝပ် အထိ ထုတ်လုပ်နိုင်ပြီး ၁၃၄၂ မဂ္ဂါဝပ် ထပ်မံလိုအပ်ပါမယ်။ ဒီအတွက် ၂ဝ၁၈ ခုနှစ်မှာ စက်ရုံ သုံးရုံက ၄၃၉ မဂ္ဂါဝပ်၊ ၂ဝ၁၉ ခုနှစ်မှာ စက်ရုံ လေးရုံက ၇၅ဝ မဂ္ဂါဝပ်၊ ၂ဝ၂ဝ ပြည့်နှစ်မှာ စက်ရုံ သုံးရုံက ၂၆ဝ မဂ္ဂါဝပ်၊ ၂ဝ၂၁ ခုနှစ်မှာ စက်ရုံ ငါးရုံက ၉၇၁ မဂ္ဂါဝပ် နဲ့ ၂ဝ၂၂ ခုနှစ်မှာ စက်ရုံ ငါးရုံက ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီစဉ်ထားပါတယ်။ ဒီစက်ရုံတွေ ဓာတ်အားထုတ်လုပ်မှုမှာ ရေအားစက်ရုံတွေ က (၁၅ရာခိုင်နှုန်း)၊HFOစက်ရုံတွေက (၁၈ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေက(၃ဝ ရာခိုင်နှုန်း)၊LNGစက်ရုံတွေက(၃၂ ရာခိုင်နှုန်း)၊ Solar စက်ရုံတွေက (၅ ရာခိုင်နှုန်း) ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိမှာ ဓာတ်အားထုတ်လုပ်နေမှုအရ ဓာတ်အားလိုင်းတွေရဲ့ သယ်ယူဖြန့်ဖြူးနေမှု အခြေအနေကို လည်း သိရှိလိုပါတယ်။
ဖြေ ။ ။ လက်ရှိမှာ ၂၃ဝ ကေဗွီဓာတ်အားလိုင်း ၆၃ လိုင်း(၂၈၄၆ ဒသမ ၂၅ မိုင်)နဲ့ ခွဲရုံ ၃၈ ရုံ ၅၅၂ဝ အမ်ဗွီအေ၊ ၁၃၂ ကေဗွီ ၄၂ လိုင်း (၁၃၆၂ ဒသမ ၅ မိုင်)နဲ့ ခွဲရုံ ၂၄ ရုံ ၁၇၂၄ ဒသမ ၅အမ်ဗွီအေ၊ ၆၆ ကေဗွီဓာတ်အားလိုင်း (၆၄၈၈ ဒသမ ၇ မိုင်)နဲ့ ခွဲရုံ ၂၉၅ ရုံ ၄ဝ၄ဝ ဒသမ ၅ အမ်ဗွီအေ တို့ ရှိပါတယ်။ လက်ရှိဓာတ်အားသုံးစွဲမှုအရ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေမှာ ဝန်အားစီးဆင်းမှု အား သယ်ပို့ဖြန့်ဖြူးလာနိုင်မှာ ဖြစ်ပေမယ့် ထပ်မံတိုးတက် သုံးစွဲမှုအရ တိုးချဲ့ဆောင်ရွက်သွားဖို့ လိုအပ်နေပါတယ်။
မေး ။ ။ လက်ရှိ ဓာတ်အားသုံးစွဲမှုအခြေအနေကို ရှင်းပြ ပေးစေလိုပါတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ မီးသုံးစွဲသူ ၁ဝ ဒသမ ၈၇၇ သန်းအနက် ၄ ဒသမ ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိပြီး ၆ ဒသမ ၅၈၈ သန်းမီးရရှိဖို့ ကျန်ရှိနေ ပါတယ်။ မြို့အားဖြင့် ၄၈၂ မြို့အနက် ဓာတ်အားစနစ်က မြို့ ၃၅ဝ မီးရရှိပြီး အခြားနည်းလမ်းနဲ့ ကျန် ၁၃၂ မြို့ မီးရရှိထားပါတယ်။ ကျေးရွာတွေအနေနဲ့ ၆၃၇၃၇ ရွာ ရှိတဲ့အနက် ၃၂၂၂၈ ရွာ မီးရရှိပြီး ၃၁၅ဝ၉ ရွာ ကျန်ရှိနေပါတယ်။
မေး ။ ။ တိုင်းဒေသကြီးတွေထဲက ဓာတ်အားသုံးစွဲမှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့ရဲ့ အခြေအနေကိုလည်း ပြောပြပေးစေလိုပါ တယ်။
ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၅၈ သန်းထဲက ၁ ဒသမ ၃ သန်း မီးရရှိပြီး သုည ဒသမ၂၈ သန်း မီးရရှိဖို့ ကျန်ရှိပါတယ်။ ကျေးရွာတွေအနေနဲ့ ၂၁၂၆ ရွာရှိတဲ့အနက် ၁၃ဝ၄ ရွာ မီးရရှိပြီး ၈၂၂ ရွာ ကျန်ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မှာ ၂၃ဝ ကေဗွီဓာတ်အားခွဲရုံ ကိုးရုံ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံ ၃၄ ရုံ၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ ၇၅ဝ၊ ၁၁ ကေဗွီ ဓာတ်အားခွဲရုံ ၉ဝ၈၃ ရုံ၊ ၆ ဒသမ ၆ ကေဗွီ ဓာတ်အားခွဲရုံ ၃၄၈၂ ရုံတို့နဲ့ ဓာတ်အားဖြန့်ဖြူးပါတယ်။ လက်ရှိမှာ ဓာတ်အားသုံးစွဲမှု ၁၃၅၁ မဂ္ဂါဝပ်ရှိပါတယ်။ ဓာတ်အားသုံးစွဲ သူတွေရဲ့ ဓာတ်အားသုံးစွဲမှုအနေနဲ့ အိမ်သုံးက ၅ဝ ရာခိုင်နှုန်း၊ စက်မှုနဲ့စီးပွားရေးသုံးက ၃၄ရာခိုင်နှုန်း၊ လမ်းမီးနဲ့ အခြားက ၁၆ ရာခိုင်နှုန်းရှိပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၃၂ သန်းရှိတဲ့အနက် သုည ဒသမ ၇ သန်း မီးရရှိ ပြီး သုည ဒသမ ၆၂ သန်း မီးရရှိဖို့ကျန်ရှိပါတယ်။ ကျေးရွာ တွေ ၄၈ဝ၇ ရွာ ရှိတဲ့အနက် ၃၇၂၄ ရွာ မီးရရှိပြီး ၁ဝ၈၃ ရွာ ကျန်ရှိနေပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ၂၃ဝ ကေဗွီဓာတ်အားခွဲရုံ ခြောက်ရုံ၊ ၁၃၂ ကေဗွီဓာတ်အားခွဲရုံ ၁၁ ရုံ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံ ၂၁ ရုံ၊ ၃၃ ကေဗွီဓာတ်အား ခွဲရုံ ၅၇၈ ရုံ၊ ၁၁ ကေဗွီဓာတ်အားခွဲရုံ ၇၆၂ဝ၊ ၆ ဒသမ ၆ ကေဗွီဓာတ်အားခွဲရုံ ၅၂ ရုံနဲ့ ဓာတ်အားဖြန့်ဖြူးပါတယ်။ လက်ရှိ ဓာတ်အားသုံးစွဲမှုက ၅၅၁ မဂ္ဂါဝပ်ရှိပါတယ်။ ဓာတ်အားသုံးစွဲသူအနေနဲ့ အိမ်သုံးက ၄၈ ရာခိုင်နှုန်း၊ စက်မှုနဲ့စီးပွားရေးသုံးက ၄၂ ရာခိုင်နှုန်း၊ လမ်းမီးနဲ့ အခြား က ၁ဝ ရာခိုင်နှုန်း ရှိပါတယ်။
မေး ။ ။ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ အခြေ အနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှာ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ စုစုပေါင်း ၁၆၃ ရုံ၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ ၈၃၇ ရုံ၊ ၁၁ ကေဗွီဓာတ်အားခွဲရုံ ၁၉၇၉၉ ရုံ တည်ဆောက် ထားပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်၊ လက်ရှိ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီး နှစ်ခုမပါဘဲ ကျန် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဓာတ်အားသုံးစွဲမှုဟာ ၁၁၉၃ မဂ္ဂါဝပ် ခန့်အထိရှိပြီး နှစ်စဉ်ဓာတ်အားတိုးတက် သုံးစွဲမှုမှာ ပျမ်းမျှ ၁၅ ရာခိုင်နှုန်း ခန့်ရှိပါတယ်။ ဓာတ်အား စနစ်က ဖြန့်ဖြူးထားတဲ့ မြို့အနေနဲ့ ၂၆၉ မြို့၊ ဒီဇယ်၊ အသေးစား ရေအားနဲ့ အခြားစနစ်နဲ့ ဖြန့်ဖြူးထားတဲ့ မြို့က ၁၃ဝ ရှိပါတယ်၊ ကျေးရွာအနေနဲ့ ၅၆၈ဝ၄ ရွာမှာ ရွာ ၂၇၂ဝဝ ဓာတ်အားရရှိပြီးတော့ ၂၉၆ဝ၄ ရွာဓာတ်အား ရရှိဖို့ လိုအပ်နေပါတယ်။ ဓာတ်အားသုံးစွဲသူအနေနဲ့ အိမ်သုံးက ၆၃ ရာခိုင်နှုန်း၊ စက်မှုနဲ့ စီးပွားရေးသုံးက ၂၁ ရာခိုင်နှုန်း၊ လမ်းမီးနဲ့အခြားက ၁၆ရာခိုင်နှုန်း ရှိပါတယ်။
မေး ။ ။ ဝေးလံတဲ့ဒေသတွေမှာ လျှပ်စစ်မီးဘယ်လို ပေးနေလဲသိပါရစေ။
ဖြေ ။ ။ ဓာတ်အားစနစ်ပြင်ပမှာ လျှပ်စစ်ဓာတ်အားကို အသေးစားရေအား လျှပ်စစ်စက်ရုံ ၃၂ ရုံ (၃၄ ဒသမ ၁၇၄) မဂ္ဂါဝပ်၊ ဒီဇယ်ဓာတ်အားပေးစက် ၆ဝ၆ လုံး (၈၇ ဒသမ ၆၃၄) မဂ္ဂါဝပ်နဲ့ ဓာတ်အားဖြန့်ဖြူးပေးနေပါတယ်။
အခြားနည်းလမ်းတွေဖြစ်တဲ့Solar Home စနစ်၊ စပါးခွံလောင်စာ၊ ဇီဝလောင်စာနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ဓာတ်အားရယူခြင်းစတာတွေနဲ့လည်း လျှပ်စစ်ဓာတ်အား သုံးစွဲနေကြတာရှိပါတယ်။
မေး ။ ။ လျှပ်စစ်ဓာတ်အား လိုအပ်ချက် တိုးတက်လာပြီး လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ဖို့အတွက် ဘယ်လို စီမံချက်တွေ ရေးဆွဲစီမံထားသလဲ သိလိုပါတယ်။
ဖြေ ။ ။Demand Forecast အရ အခု ၂ဝ၁၈ ခုနှစ်မှာ ၃၅၈၇ မဂ္ဂါဝပ်၊ ၂ဝ၁၉ ခုနှစ်မှာ ၄ဝ၃၂ မဂ္ဂါဝပ်၊ ၂ဝ၂ဝ ပြည့်နှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်၊ ၂ဝ၂၁ ခုနှစ်မှာ ၅ဝ၉၂ မဂ္ဂါဝပ်၊ ၂ဝ၂၂ ခုနှစ်မှာ ၅၇၂၇ မဂ္ဂါဝပ်ထိ တိုးတက်လာမယ် လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာ မဂ္ဂါဝပ် ၃ဝဝဝ ခန့်သာ ထုတ်လုပ်နိုင်တာ ကြောင့် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်မတိုင်မီ မဂ္ဂါဝပ် ၃ဝဝဝ ကျော် ထပ်မံထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။ ဝန်ကြီးဌာနအနေ နဲ့ အမျိုးသားစီမံကိန်းကော်မရှင် (၂/၂ဝ၁၇)ကြိမ်မြောက် အစည်းအဝေးမှာတော့ လိုအပ်တဲ့ ဓာတ်အားတွေ ထုတ်လုပ် နိုင်ဖို့ စီမံချက်ကို တင်ပြခဲ့တာရှိပါတယ်။ ရေအား စီမံကိန်း (အထက်ကျိုင်းတောင်း၊ အထက်ရဲရွာ၊ အလယ်ပေါင်းလောင်း၊ ဒီးဒုတ်) လေးခုမှ ၄၉၇ မဂ္ဂါဝပ်၊ ပြည်တွင်းသဘာဝဓာတ်ငွေ့ သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း [သာကေတ၊ သထုံ၊ မြင်းခြံ၊ ဘဲလင်းGEG၊ မြန်အောင် GEG၊ ရွာမ (WB)] ခြောက်ခုက ၇၉၄ မဂ္ဂါဝပ်၊LNG သုံးစီမံကိန်း (အလုံ၊ ကန်ပေါက်) နှစ်ခုက မဂ္ဂါဝပ် ၁၂၅ဝ၊HFO သုံးစီမံကိန်း [ရန်ကုန် (NIHC)၊ ရန်ကုန် (Karpower)] နှစ်ခုမှ မဂ္ဂါဝပ် ၆ဝဝ နဲ့Solar စီမံကိန်း (မင်းဘူး) တစ်ခုက မဂ္ဂါဝပ် ၁၇ဝ တို့နဲ့ စုစုပေါင်း ၃၃၁၁ မဂ္ဂါဝပ်ရရှိဖို့ စီမံလျာထား ခဲ့ပါတယ်။
စီမံချက်အတိုင်း အကောင်အထည်ဖော်တည်ဆောက် နိုင်မယ်ဆိုရင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့အပြင် ၂ဝ၂၁ မှာ ၄၂၈ မဂ္ဂါဝပ်၊ ၂ဝ၂၂ မှာ ၆၈၈ မဂ္ဂါဝပ်ခန့် Reserve ထားရှိနိုင်မှာဖြစ်ပါတယ်။
မေး ။ ။ ထုတ်လုပ်မှုအပိုင်းမှာ LNG စက်ရုံတွေ ဆောင်ရွက်ခဲ့မှု အခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ ။ ။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ထုတ်လုပ်မှု အပိုင်းမှာ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေနဲ့ Power Purchase Agreement (PPA) ဆွေးနွေးခြင်း၊Delivery ဆွေးနွေးခြင်း၊ ထွက်ရှိလာတဲ့ ဓာတ်အားကို ဖြန့်ဖြူးဖို့ ဓာတ်အားလိုင်းတွေTransmission Line ပါဝင်မှုဆွေးနွေးခြင်း၊ ငွေပေးချေမှုစတာတွေကို အဆင့်ဆင့် ဆွေးနွေးပြီး နိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်၊ ပြီးတော့ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ LNG စက်ရုံ လေးခုကို ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
မေး ။ ။ LNG စက်ရုံ လေးရုံ အခြေအနေကိုလည်း ရှင်းလင်းပြောကြားပေးစေ လိုပါတယ်။
ဖြေ ။ ။ LNG စက်ရုံ လေးခုကတော့ တနင်္သာရီတိုင်း ဒေသကြီး ကန်ပေါက်ဒေသက LNG စက်ရုံစီမံကိန်းမှာTOTALကုမ္ပဏီရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စခန်း ဧရိယာအတွင်းမှာ ပြင်သစ်နိုင်ငံTOTALကုမ္ပဏီနဲ့ ဂျာမဏီနိုင်ငံSIEMENSကုမ္ပဏီတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံမှာ သုံးစွဲမယ့် LNG ကိုFloating Storage Re-gasification Unit (FSRU) နဲ့ ဓာတ်အားပေးစက်ရုံကို ပိုက်လိုင်းနဲ့ သွယ်တန်းမှာဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့စက်ရုံက Combined Cycle Power Plant ဖြစ်ပြီးGas Turbineနှစ်လုံး မဂ္ဂါဝပ် ၄၁ဝ နဲ့Steam Turbine တစ်လုံး မဂ္ဂါဝပ် ၄၁ဝ ထွက်ရှိမှာဖြစ်ပါတယ်။ ၅ဝဝ ကေဗွီ ကံပေါက်-မော်လမြိုင်ဘုရားကြီး ဓာတ်အားလိုင်း (မိုင် ၂၈ဝ)၊ ၅ဝဝ ကေဗွီ ဓာတ်အားခွဲရုံနဲ့ (FSRU) နဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ပါဝင်မှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီး အလုံမှာရှိတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားပေးစက်ရုံဝင်းအတွင်း မြေလွတ်ပေါ်မှာ ၃၅၆ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံကိုTTCL Public Company Limitedရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံမှာ သုံးစွဲမယ့် LNGကိုFloating Storage Re-gasification Unit နဲ့ ရန်ကုန် မြစ်ဝသန်လျင်မှာ ဆိုက်ကပ်ပြီး ပိုက်လိုင်းနဲ့ သွယ်တန်းဖို့ စီစဉ်ထားပါတယ်။ ဒီဓာတ်အားပေးစက်ရုံမှာ Gas Turbine နှစ်လုံး ၁၁၇ မဂ္ဂါဝပ်နဲ့Steam Turbine တစ်လုံး ၁၂၂ မဂ္ဂါဝပ် အမျိုးအစားဖြစ်ပြီးတော့ ထွက်ရှိလာမယ့် ဓာတ်အားကို ၂၃ဝ ကေဗွီ လှိုင်သာယာ-အလုံဓာတ်အား လိုင်းနဲ့ ဓာတ်အားစနစ်အတွင်း ဖြန့်ဖြူးသွားမှာ ဖြစ်ပါ တယ်။ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃၂၁ သန်းဖြစ်ပါတယ်။
နောက်တစ်ခုက ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံ မြို့နယ် မီးလောင်ဂျိုင့်ဒေသ မဂ္ဂါဝပ် ၁၃၉ဝ LNGသုံးဓာတ်အားပေးစက်ရုံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group Co., Ltd. နဲ့ မြန်မာနိုင်ငံSupreme Trading Co., Ltd. တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံမှာ သုံးစွဲမယ့် LNGကိုFloating Storage Unit (FSU)Vessel နဲ့ ဒီစက်ရုံအနီး ဆိုက်ကပ်ပြီးတော့ ပိုက်လိုင်းနဲ့ သွယ်တန်းရန် စီစဉ်ထားပါတယ်။
ဓာတ်အားပေးစက်ရုံမှာ ၂၂၅ မဂ္ဂါဝပ် Gas Turbine လေးလုံး၊ ၂၄၅ မဂ္ဂါဝပ်Stream Turbine Generator နှစ်လုံး၊ Efficiency ၅၅ ဒသမ ၂၃ ရာခိုင်နှုန်းရှိပြီး ထွက်ရှိလာမယ့် ဓာတ်အားကို မီးလောင်ဂျိုင့်-လှိုင်သာယာ ၅ဝဝ ကေဗွီ ဓာတ်အားလိုင်း မိုင် ၁၇ဝ နဲ့ ဓာတ်အားခွဲရုံတွေ ကို Built & Transfer(BT)စနစ် အခြေခံပြီး ဆောင်ရွက် မှာဖြစ်ပါတယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ ၂ ဒသမ ၅ဝ၇ ဘီလီယံဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာတော့ လက်ရှိ ကျောက်ဖြူ Gas Engine စက်ရုံဝင်းအတွင်းမှာ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစီမံကိန်းကို တရုတ်နိုင်ငံSinohydro Corporation Limited(POWER CHINA)နဲ့ မြန်မာနိုင်ငံSupreme Trading Co., Ltd. တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြုပြီးတော့ ဓာတ်အားထုတ်လုပ်သွားဖို့ ဖြစ်ပါတယ်။
ဓာတ်အားပေးစက်ရုံမှာ ၄၅ မဂ္ဂါဝပ်Gas Turbine နှစ်လုံး၊ ၄၅ မဂ္ဂါဝပ်Stream Turbine Generator နှစ်လုံး၊ (Efficiency ၅၅ ဒသမ ၃၁ ရာခိုင်နှုန်း) ရှိပြီး ထွက်ရှိလာမယ့်ဓာတ်အားကို ၂၃ဝ ကေဗွီ တောင်ကုတ်-မအီ-ကျောက်ဖြူ ဓာတ်အားလိုင်းနဲ့ ခွဲရုံတွေကတစ်ဆင့် ဖြန့်ဖြူးဆောင်ရွက်သွားပါမယ်။
စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ဖြစ်ပါတယ်။
မေး ။ ။ အနာဂတ်မှာ ဓာတ်အားသယ်ယူဖြန့်ဖြူးနိုင်ဖို့ အတွက် ဓာတ်အားလိုင်းတွေ ဆောင်ရွက်မယ့် အခြေအနေ ကိုလည်း သိရှိလိုပါတယ်။
ဖြေ ။ ။ ဓာတ်အားလိုင်းတွေ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ အတွက်Southern, Northern, Western နဲ့ Eastern Grid တွေ ပိုင်းခြားပြီး ဆောင်ရွက်လျက်ရှိပါတယ်။Northern Gridအပိုင်းမှာ ၅ဝဝ ကေဗွီ ဝိုင်းမော်-နဘား-မိတ္ထီလာဓာတ်အားလိုင်းနဲ့ ၅ဝဝ ကေဗွီ ဓာတ်အားခွဲရုံတွေ၊Southern Grid မှာ ၅ဝဝ ကေဗွီ ကံပေါက်-မော်လမြိုင်-ဘုရားကြီး ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ၊ Eastern Grid မှာ ၅ဝဝ ကေဗွီ မူဆယ်-မိုင်းရယ်-လွိုင်ကော်-ဘုရားကြီး-ရန်ကုန်ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ၊ Western Grid ၅ဝဝ ကေဗွီ တမူး-ညောင်ပင်ကြီး-ဟင်္သာတ-ရန်ကုန်ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ ဆောင်ရွက်ဖို့ စီမံထားရှိပါတယ်။
မေး။ ။ ဒီလို ဆောင်ရွက်မှုကြောင့် အကျိုးကျေးဇူး သက်ရောက်မှုတွေကိုလည်း သိရှိလိုပါတယ်။
ဖြေ။ ။ ဒီဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ တိုးချဲ့ ဆောင်ရွက်မှုကြောင့် အထူးစီးပွားရေးဇုန်တွေဖြစ်တဲ့ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်၊ မူဆယ်နဲ့ နိုင်ငံအတွင်း ခရီးသွားဒေသတွေဖြစ်တဲ့ ပုဂံ၊ ညောင်ဦး၊ အင်းလေးနဲ့ မန္တလေးတို့အတွက် အထောက်အကူဖြစ်ရုံမျှမက စီးပွားရေးစင်္ကြံဖြစ်တဲ့ တရုတ်နိုင်ငံက ဆောင်ရွက်တဲ့ One-Belt-One-Road စီမံကိန်း၊Trilateral(India-Myanmar-Thailand)မဟာမဲခေါင်ဒေသခွဲ (Greater-Mekong Sub-Region)၊ အရှေ့အနောက်စီးပွားရေးစင်္ကြံ (East West Economic Corridor)တို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် Cross Border Power Trading ဖြစ်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မေး။ ။ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရေး၊ ဓာတ်အားပြတ်တောက် မှု လျော့နည်းစေရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေ။
ဖြေ ။ ။ လက်ရှိမှာ ရန်ကုန်နဲ့မန္တလေးတိုင်းဒေသကြီးတွေမှာ ဓာတ်အားဖြန့်ဖြူးနိုင်ဖို့ ထရန်စဖော်မာတွေ ထပ်မံတိုးချဲ့တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးသစ်တွေ လဲလှယ်တပ်ဆင်ပေးခြင်း၊ ဓာတ်အားလိုင်းကြိုးတွေ ရှည်လျားနေမှုအတွက် ဓာတ်အားသုံးစွဲသူတွေကို အခြား ထရန်စဖော်မာတွေမှာ ရွှေ့ပြောင်းပေးခြင်း(Load Share ပြုလုပ်ခြင်း)၊ သစ်ပင်သစ်ကိုင်းတွေ ရှင်းလင်းခြင်း၊ ရှုပ်ထွေး ဆားဗစ်ဝါယာများရှင်းလင်းခြင်း၊ ဗို့အားနဲ့ ဝန်အားမပြည့်မီ တဲ့ နေရာတွေမှာ ထရန်စဖော်မာတွေ တိုးချဲ့တပ်ဆင်ပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပြီးတော့ ဓာတ်အားပြတ်တောက်မှုတွေ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ Call Center တွေ ထားရှိဆောင်ရွက်ဖြေရှင်း လျက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ နိုင်ငံတော်မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်း၊ ဂျပန်ချေးငွေ (JICA)၊ World Bank Loan (NEP Plan)၊ ADB Loan နဲ့ ဆောင်ရွက် ထားရှိပြီး ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်မှာ ရန်ကုန်က ကျေးရွာ ၂ဝ၆ ရွာ၊ မီးသုံးစွဲသူ ၂၃၆ဝ၃ ဦးနဲ့ မန္တလေးက ကျေးရွာ ၃၉၃ ရွာ၊ မီးသုံးစွဲသူ ၇၉၄၄၅ ဦးတို့အတွက် တိုးတက် ဖြန့်ဖြူးနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါ တယ်။
မေး ။ ။Mini Source များနဲ့ ဆောင်ရွက်နေမှုနဲ့ ထုတ်လုပ်မှုအပိုင်းမှာ အခြားစွမ်းအင်တွေနဲ့ ဆောင်ရွက် နေမှု အခြေအနေကိုလည်း သိပါရစေ။
ဖြေ ။ ။ National Grid နဲ့ အလှမ်းကွာဝေးတဲ့ နေရာတွေဖြစ်တဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ၃ ဒသမ ၂ မဂ္ဂါဝပ်အထက် နမ့်ထွမ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ် မာန်အောင် ကျွန်းမှာလည်း ၅ မဂ္ဂါဝပ်ထွက်ရှိမယ့်Solar Power Plant ကို Posco Daewooကနေ စူးစမ်းဆောင်ရွက် မှုတွေ ဆောင်ရွက်ထားပါတယ်။ တခြားပြည်နယ်၊ တိုင်း ဒေသကြီးတွေက အသေးစားရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၃၂ ရုံ စီမံကိန်းတွေ၊Solar Power Plant တွေ ထုတ်လုပ်ပြီး Mini Grid တွေ တည်ဆောက်ပြီး ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
Renewable Energy အပိုင်းမှာဆိုရင် နေရောင်ခြည် သုံးဓာတ်အားပေးစက်ရုံတွေအနေနဲ့ မင်းဘူး ၂၂ဝ မဂ္ဂါဝပ် နဲ့ ဝမ်းတွင်း ၃ဝဝ မဂ္ဂါဝပ်တို့ တည်ဆောက်လျက်ရှိပြီး စူးစမ်းလေ့လာမှုအနေနဲ့Geothermal ၊ Ocean Energy နဲ့Tidal Energy တို့ ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဖြည့်စွက် ပြောကြားလိုတာရှိရင်လည်း ပြောကြားပေးပါ။
ကျွန်တော်တို့က တိုင်းပြည်တိုးတက်ဖွံ့ဖြိုးစေချင် တယ်။ တစ်ဖက်ကလည်း လမ်းပန်းဆက်သွယ်ရေးပေါ့။ နိုင်ငံတော်အစိုးရက ချမှတ်ပေးထားတဲ့ မူဝါဒနဲ့ တော်တော် များများကတော့ လမ်းပန်းဆက်သွယ်ရေးပိုင်းလည်း ဆောင်ရွက်ခဲ့တယ်။ ပထမ နှစ်နှစ်အတွင်းမှာ လမ်းပန်း ဆက်သွယ်ရေးကို ဦးစားပေးလုပ်ခဲ့တဲ့အတွက် အဲဒီဘက်မှာ အခြေအနေတစ်ခုတော့ရောက်သွားပြီ။ နောက်တစ်ဆင့် လုပ်ဖို့လိုတာက လျှပ်စစ်ကဏ္ဍပေါ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းလာသလို လျှပ်စစ်ကောင်းဖို့ လိုပါတယ်။ လျှပ်စစ် ကောင်းတယ်ဆိုတာကတော့ နံပါတ်တစ်က ပြည်သူလူထု လိုချင်တဲ့အချိန်မှာ ရရမယ်။ လျှောက်လွှာတွေနဲ့ ခက်ခက် ခဲခဲကြီးတွေမဖြစ်စေရဘူး။ ပြည်သူလူထုကို လျှပ်စစ် ဖူဖူလုံလုံပေးချင်တယ်။
တွက်ကြည့်လိုက်တော့ နောက်ထပ် မဂ္ဂါဝပ် ၃ဝဝဝ လိုတယ်။ LNG Four Project ကလည်း ၃ဝဝဝ၊ အချိန်တိုအတွင်း အရှည်ကြီးတွေ လုပ်နေတာတော့ တစ်ပိုင်းပေါ့။ အချိန်တိုအတွင်းမှာဆိုရင် ၃ဝဝဝ လောက်တော့ရသွားမယ်။ ၃ဝဝဝ လောက်ရသွားရင်တော့ ကျွန်တော်တို့တိုင်းပြည် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ လုပ်လာတာ အခုမဂ္ဂါဝပ် ၄ဝဝဝ၊ ၅ဝဝဝ လောက်ပဲရတယ်။ အခု နှစ်နှစ်ခွဲ သုံးနှစ်လောက်လုပ်လိုက်ရင် နောက်ထပ် မဂ္ဂါဝပ် ၃ဝဝဝ ရမယ် ဆိုရင်တော့ လျှပ်စစ်နဲ့ ပတ်သက်လို့Supply Side ကတော့ ဖူလုံသွားပြီ။ Transmission အပိုင်းကတော့ Northern၊ Southern၊ Eastern နဲ့Western Grid ဒါတွေကို နှစ်နှစ်ခွဲအတွင်း ဆောင်ရွက် လိုက်မယ်ဆိုရင် ဒီအပိုင်းကျွန်တော်တို့ တော်တော်စိတ်ချ သွားရပြီ။
ကျန်တာကတော့Distribution ပေါ့။Distribution ဆိုတာကတော့ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ ဖြန့်ဖြူးတဲ့နေရာမှာ ပိုပြီးတော့Smart Technologyသုံးဖို့ လိုလာတယ်။ နောက်ပြီးတော့ မီတာစနစ်တွေပေါ့။ မီတာ စနစ်တွေကလည်း Smart Meter တွေ၊ လူကဖတ်တာနဲ့ စာရင် စနစ်နဲ့ ဒါတွေကို အငြင်းပွားစရာမရှိအောင်၊ သံသယမရှိအောင် ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ နောက်တစ်ခုက မီတာစနစ်ကိုလည်း ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်ကစပြီး လူထု တကယ်သုံးစွဲနိုင်တဲ့ မီတာအဆင့် အမျိုးမျိုးပေါ့။ ဒါလည်း Four Meter Systemလို့ ခေါ် တယ်။ မီတာ လေးမျိုးပေါ့။ အရင်တုန်းကတော့မရှိဘူး။ မီတာတစ်မျိုးပဲရှိတယ်။ ရွာလည်း ဒီမီတာ၊ မြို့လည်း ဒီမီတာပဲ၊ အကုန်လုံးက ဒီမီတာပဲ ဆိုတော့ ဈေးကြီးတာ ပေါ့။ လူထုက သိပ်မတတ်နိုင်ဘူး။ မလိုဘဲနဲ့လည်း မီတာကြီးတွေတပ်ပြီး ဈေးကြီးတွေ ပေးနေရတာပေါ့။
ကျွန်တော်တို့ကFour Meter System ဆိုပြီး လုပ်လိုက်တယ်။ ကျေးလက်နဲ့ စပြီးလျှပ်စစ်သုံးတဲ့သူတွေ အတွက်က ဈေးချိုတဲ့မီတာ၊ ဈေးချိုပေမယ့် သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းတွေ အကုန်ကိုက်ရတာပေါ့။ ဒီလို မီတာတွေပါတယ်။ မြို့ငယ်လေးတွေလည်း အိမ်သုံးလောက် ပဲ လုပ်တယ်။ မြို့ကြီးတွေကျတော့ အဲကွန်းတို့၊ စက်မှုသုံး တို့ ဧပြီ ၁ ရက် ၂ဝ၁၈ ကနေ စပြီးတော့Four Meter System လုပ်မယ်။ လူထုမှာရွေးချယ်စရာရှိတယ်။ လေးမျိုး ရှိတဲ့အထဲက ကြိုက်နှစ်သက်ရာ သုံးလို့ရတယ်။ ရွေးချယ်ခွင့် ရှိတယ်။ ဈေးလည်းတော်တော်သက်သာသွားမယ်။ ဆိုလိုတာကတော့ နှစ်သောင်းခွဲ သုံးသောင်း ဝန်းကျင် လောက်ပေါ့။ လူထုအတွက် မီတာနဲ့ ပတ်သက်လို့ အတော်လေးအဆင်ပြေသွားမယ်။
မြို့နေလူတွေကျတော့ ကျွန်တော်တို့အခုသုံးတဲ့ မီတာ ရဲ့ အရည်အသွေးတွေကလည်း Radio Frequency ကို သုံးနိုင်တဲ့ဟာတွေ တဖြည်းဖြည်းပြောင်းသွားတာပေါ့။ အရင်အဟောင်းတွေလည်း ကျန်သေးတယ်။ ချက်ချင်း တော့မရဘူး။ နှစ်နှစ်၊ သုံးနှစ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ မီတာတွေလည်း လဲပေးသွားမှာပါ၊ လူထုကလည်း သူသုံးသလောက် သူသိမှာပေါ့။ စောစောပြောတဲ့ သံသယ တွေ မရှိတော့ဘူးပေါ့။ ပြည်သူလူထုကို ဝန်ဆောင်မှု ကောင်းကောင်းပေးချင်တယ်။ ပြည်သူလူထု သိသင့် သိထိုက်တာက ခလုတ်ဖွင့်ရင် မီးလာမယ်၊ ဒါပဲသိသင့်တယ်။ ကျန်တာသိနေရင် ကျွန်တော်တို့ဘက်က တစ်ခုခုအားနည်း နေလို့ပါ။ အခု ကျွန်တော်တို့ သွားနေတဲ့ပုံစံက လူထုက မီးဖွင့်ရင်မီးလာမယ်။ ကျသင့်တဲ့ အခပေးရုံပဲ၊ ရတဲ့မီးက လည်း အရည်အသွေးရှိတဲ့ လျှပ်စစ်မီးဖြစ်ရမယ်။ ငြိမ်ရ မယ်၊ Rotate တွေမှန်ရမယ်၊Frequency တွေ မှန်ရမယ်။
ရင်းနှီးမြှုပ်နှံသူတွေကျတော့လည်း ဒါကိုကြည့်ပါ တယ်။ တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပထမ မေးခွန်းကတော့ ဒီမေးခွန်းပဲ။ အရင်တုန်းက ဒီမေးခွန်းကို မဖြေနိုင်ခဲ့ဘူး။ အခုတော့ ကျွန်တော်တို့ဖြေနိုင်ပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေလာပြီး မေးရင် ရင်းနှီးမြှုပ်နှံသူတို့လည်း စပြီးရင်းနှီးပါ၊ မြှုပ်နှံပါ၊ ရင်းနှီးမြှုပ်နှံသူတို့ ရင်းနှီးမြှုပ်နှံ တဲ့အချိန် ၂ဝ၂ဝ ဝန်းကျင်လောက်ကျရင် ကျွန်တော်တို့ ဘက် ကလည်း လျှပ်စစ်က ရင်းနှီးမြှုပ်နှံသူတွေ လိုချင်တဲ့Reliable ဖြစ်တဲ့၊ အရည်အသွေးရှိတဲ့ လျှပ်စစ်မျိုး ကျွန်တော်တို့ဘက်ကလည်းတာဝန်ယူပါတယ်၊ လုပ်ပေးနိုင် ပါတယ်လို့ စပြောနိုင်တဲ့ အချိန်၊ နေ့လေးတစ်ခုတော့ ရောက်သွားပြီလို့ပြောချင်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေးမြန်း - ဟန်နီ၊ မွှေးကြူ၊
ဓာတ်ပုံ - ရှင်မင်း

No comments:

Post a Comment