Wednesday, April 1, 2020

ကိုဗစ်- ၁၉ အသိပညာပေး စကားဝိုင်း



စာဖတ်တာကို များစေချင်တယ်။ စာများများဖတ်တဲ့အခါကျရင် စဉ်းစားဆင်ခြင်ဉာဏ်ကလည်း ပိုပိုပြီးတော့ များသွားမယ်။
အတန်းပညာတတ်ခြင်း၊ မတတ်ခြင်းထက် စာများများဖတ်ရင် ဗဟုသုတရှိမယ်

ဂျူး

ကိုဗစ်- ၁၉ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဒေါက်တာခင်မောင်လွင်

မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ နဲ့ ပတ်သက်လို့ လူတွေရဲ့ စိုးရိမ်စိတ်ပေါ်မှာ မူတည်ပြီး သတင်းတွေ အမျိုးမျိုးထွက်ပါတယ်။ ဒီသတင်း တွေမှာ သတင်းအမှန်ဖြန့်ချိရေးက ပို၍ အရေးကြီးပါတယ်။ ဒါကိုလည်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က တိုက်တွန်းအားပေးပါတယ်။ ပြည်သူတွေအနေနဲ့ သတင်းအမှန်ရရှိဖို့ လိုအပ် သလို တစ်ဖက်ကလည်း သတင်းအမှားတွေ ကြောင့် လူတွေရဲ့ စိုးရိမ်သောကဖြစ်မှုတွေကို လည်း ချေဖျက်ဖို့ လိုနေပါတယ်။ ပထမဦးဆုံး အနေနဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကနေပြီး ထုတ်ထားတဲ့ အချက်အလက် တွေထဲမှာ သတင်းမှားမဖြစ်စေရေး၊ သတင်းမှန် ဖြန့်ချိရေးအတွက် ဘယ်လိုပုံစံတွေနဲ့ လုပ်နေသလဲဆိုတာ ဆရာသန်းနိုင်စိုး နည်းနည်းပြောပြပေးပါဦး။

ဒေါက်တာသန်းနိုင်စိုး

ကိုဗစ်- ၁၉ စတင်တဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခု ကတော့ ဒီသတင်းအမှားတွေပါပဲ။ ကျွန်တော် တို့အနေနဲ့ ဒီ Right Information ကို Right Time ပေါ့ ၊ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်နိုင်ဖို့ ပေါ့။ ဒါတွေ ကျွန်တော်တို့က အစကတည်းက ကျွန်တော်တွေ့တာ Risk Communication လို့ခေါ်ပါတယ်။ ဒါ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင် နေရတယ်။ ဒါ ကျွန်တော်တို့အတွက်လည်း ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က Communicate လုပ်ရတာ ခက်ခဲပါတယ်။ ပုံမှန်ကျန်းမာရေးပညာ အသိပေး၊ သတိပေးတာတွေနဲ့ မတူဘူး။ တစ်ဖက်ကလည်း အပူကလည်း ရှိနေတယ်။ အဲဒီအချိန်မှာ နည်းနည်းဖြစ်တဲ့ဟာကို များများ ပြောသလို များများဖြစ်တဲ့ဟာကို နည်းနည်း ပြောပြီးတော့ ပြည်သူတွေကို လမ်းကြောင်း မှားအောင် လုပ်နေတဲ့ဟာတွေလည်း သတင်း တွေ အထူးသဖြင့် ဖေ့စ်ဘွတ်ပါ။ ကျွန်တော်တို့ လူမှုမီဒီယာက အင်မတန်မှ ထိန်းချုပ်ရခက်ပါ တယ်။ ဒီဟာကို ကျွန်တော်တို့က သိတဲ့အတွက် ကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာနကနေပြီး တော့ အချိန်မီသတင်းတွေကို ကျွန်တော်တို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တောက်လျှောက် လွှင့်တင်တယ်။ ပုံမှန်အတိုင်းဆို ည ၈ နာရီ တစ်ခေါက်၊ ည ၈ နာရီ ၁၅ မိနစ် တစ်ခေါက် လွှင့်တင်သလို ည ၁၀ နာရီမှာလည်း လွှင့်တင် ပါတယ်။
ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ဒီ Rumor Surveillance ဆိုပြီး ဒီ IT ကျွမ်းကျင်တဲ့ ဆရာဝန် တွေရယ်၊ နောက် IT ပညာရှင်တွေရယ် ပေါင်းပြီးတော့ ကျွန်တော်တို့အဖွဲ့လေး တစ်ခု ဖွဲ့ထားပါတယ်။ ဒီအဖွဲ့က တစ်ချိန်လုံး ဖေ့စ်ဘွတ်နဲ့ မီဒီယာမှာ ဘာတွေတက်သလဲ ဆိုတာ ကြည့်တယ်၊ တက်တာနဲ့အမျှ အချိန်နဲ့ တစ်ပြေးညီ ရှင်းလင်းပေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ Facebook Team နဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ညှိနှိုင်း ထားတာရှိပါတယ်။ ဖေ့စ်ဘွတ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ဆိုပြီးတော့ မြန်မာလို ရိုက်ကြည့်လိုက် ရင်လည်း အရင်ဆုံး Go to ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဆိုတဲ့ Facebook Page တက်ပါတယ်။ English လို ရိုက်လိုက်ရင်လည်း မြန်မာပြည်ဧရိယာထဲကနေပြီးတော့ ရိုက်လိုက် တာနဲ့ Facebook Team က Customize လုပ်ပေးထားပါတယ်။

နောက်တစ်ခုကတော့ ဒီပူပန်ကြောင့်ကြ မှုတွေဖြစ်လာရင် ဆက်သွယ်နိုင်မယ့် Hotline ထားပေးထားပါတယ်။ ကြေလည်း ကြေညာ ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် Airport Health အနေနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊ ဗဟို အနေနဲ့ ဆက်သွယ်နိုင်မယ့် 24/7 ဖုန်းနံပါတ် တွေ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေပြီးတော့ ပြောရေးဆိုခွင့်ရှိသူတွေ ရှိပါတယ်။ ဒေါက်တာဒေါ်ခင်ခင်ကြီးဆိုတာ အားလုံးလည်း သိကြမယ်ထင်ပါတယ်။ သူက တစ်ချိန်လုံး Media တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားပေး နေတယ်။ သူ့ Facebook Wall ပေါ်မှာလည်း တင်ပါတယ်။

သူက ကျွန်တော်တို့ ဝန်ကြီးဌာနက တင်ပြီးမှ တင်ပါတယ်။ Share လုပ်ပေးပါ တယ်။ ဒါတွေကတော့ ကျွန်တော်တို့ Risk Communication အပိုင်းနဲ့ပတ်သက်ပြီး ဆောင်ရွက်တာပါ။ နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်ကပဲ ကျွန်တော်တို့ Media Advocacy ပါ။ ဘာလို့လဲဆိုတော့ တချို့ Media ကြီးတွေကလည်း Source ကို သေချာမလိုက်မိဘဲနဲ့ ပြန် Share မိတဲ့ အပိုင်း တွေရှိတယ်။ အဲဒါကို ကျွန်တော်တို့ သေချာ လုပ်တဲ့အခါကျတော့ တကယ့် Media ကြီးတွေ ကိုယ်တိုင်က ကျွန်တော်တို့ Website က Source တွေကို ကြည့်ပြီးတော့ ပြန် Share လုပ်တဲ့အပိုင်းလည်း ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ သတင်းမီဒီယာကောင်စီ ကလည်း ဆရာကြီးပါမောက္ခ ဒေါက်တာ မြင့်မောင်မောင်တို့အဖွဲ့တွေ တက်ပါတယ်။ တက်ပြီး နားထောင်ပြီးတဲ့အခါကျတော့ လိုအပ်ရင် ဒီသတင်းတုတွေ၊ သတင်းမှား ဖြန့်တဲ့ဟာတွေ ကျွန်တော်တို့ မီဒီယာကောင်စီ ဥပဒေအရ အရေးယူနိုင်မယ့်အပိုင်းကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ထားရှိပါတယ်။

ဒေါက်တာခင်မောင်လွင်

ဒါတွေကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်နှိုက်က ခံနေရတဲ့ အပိုင်းတွေလည်း ရှိတာပေါ့။ မြန်မာပြည်တင် မကပါဘူး၊ တစ်ကမ္ဘာလုံးမှာလည်း လုပ်ကြံ ဖန်တီးထားတဲ့ သတင်းတွေကို Infodemic လို့ ပြောကြပါတယ်။ သတင်းကနေပြီး ရောဂါပြန့် နေတယ်။ သတင်းရောဂါက ရောဂါပိုးထက် ပိုဆိုးနေတယ်ဆိုတဲ့ အနေအထားမျိုး ထိရောက်မှုတွေရှိနေတယ်။

အခုဆိုရင် ပါနေတဲ့သတင်းတွေအကုန် လုံးက ပြည်သူလူထုတွေ အမှန်၊ အမှား မဝေခွဲ နိုင်တဲ့ ပြဿနာက အဓိကဖြစ်နေတယ်။ ဒီလို အမှန်၊ အမှားကို ဝေခွဲနိုင်အောင် ဘယ်လိုလုပ် သင့်သလဲ။ ပြည်သူတွေအနေနဲ့ပေါ့လေ၊ ဘယ်လိုအဆင့်မျိုးဖြစ်အောင် ကိုယ့်ကိုယ် ကိုယ် ကြိုးစားသင့်သလဲ။ ဒါလေးလည်း ဆွေးနွေးစေချင်ပါတယ်။

ဂျူး

အမှန်၊ အမှားသိဖို့ဆိုတာတော့ ပြည်သူ တွေပေါ့။ အဓိကက အခုလောလောဆယ် ကျွန်မတို့က မှားတာတွေ တွေ့နေရတာက Social Media မှာ မှားတာတွေ့နေရတယ်။ ဥပမာ- ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာ မှားတာမရှိဘူး။ မရှိသလောက်ပါပဲ။ အလွန်ဆုံးမှားရင် သတ်ပုံအမှားလောက်ပါပဲ။ အထားအသိုမှားမယ်။ အဲဒီလောက်ပဲ။ Social Media ကျတော့ Editor လည်းမရှိဘူး။ မရှိတော့ သူတို့တင်ချင်သလို တင်တယ်။ အများစုက သူတို့ သတင်းတစ်ခုကြားပြီဆို ဦးချင်တာ။ ဦးချင်တဲ့အတွက် အများအားဖြင့် မျှဝေကြတာပေါ့။ အဲဒီမျှဝေတဲ့ နေရာမှာ ကျွန်မ ဖြစ်စေချင်တာက ဟုတ်လား၊ မဟုတ် ဘူးလားဆိုတာသိအောင် အရင်စူးစမ်းလေ့လာ သင့်တယ်လို့ ထင်တယ်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုကိုကြားလို့ မျှဝေတော့မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ Facebook Page ကို ကျွန်မတို့ သွားကြည့်ပြီး ကျန်းမာရေးဌာနက ပြောတဲ့ဟာနဲ့ အဲဒီကနေ ပြောတဲ့ဟာနဲ့ ဟုတ်သလားပေါ့။ ကျွန်မဆိုရင် တချို့သောကိစ္စတွေကို အများအားဖြင့် မမျှဝေ တတ်ပါဘူး။ တစ်ခုခုသိချင်တယ်ဆိုရင် Google မှာ ကျွန်မ အရင်သွားရှာကြည့်လိုက်ပါတယ်။ Google ရဲ့ စိတ်ချရသော သတင်းဌာနတွေပေါ့။ စိတ်ကိုမလောဖို့ အရေးကြီးတယ်။ ကျွန်မက တော့ ဖြစ်စေချင်တာက သတင်းအမှားတွေကို Share မိရင် ပြန်ဖြုတ်ရတယ်။ ဖြုတ်လိုက်တာ တော့ ဟုတ်တယ်။ မှန်တယ်။ ဒါပေမယ့် တချို့ ကတော့ Screenshots ရိုက်ထားလိုက်တယ်။ ဒါမှမဟုတ်ရင် ကိုယ်က One Click နဲ့ Share လို့ရှိရင် Share ပြီးတဲ့နောက်မှာ ကိုယ့်လိုပဲ Share ပြီးတဲ့သူတွေ အများကြီးက လိုက်ဖြုတ် ချင်မှ ဖြုတ်တော့မှာပေါ့။ ကိုယ်ဖြုတ်သည် ဖြစ်စေ စိတ်မလောဖို့ ကျွန်မကတော့အားလုံးကို ပြောချင်တယ်။ စဉ်းစဉ်းစားစားလည်း လုပ်ပေါ့နော်။ စဉ်းစားဆင်ခြင်ရမယ်။ ပညာ သုံးရမှာပေါ့။

အဲဒီလို ပညာသုံးဖို့လိုရင်လည်း ကျွန်မ တော့ စာရေးဆရာဖြစ်နေလို့လား မသိဘူး။ စာဖတ်တာကို များစေချင်တယ်။ စာများများ ဖတ်တဲ့အခါကျရင် စဉ်းစားဆင်ခြင်ဉာဏ်က လည်း ပိုပိုပြီးတော့ များသွားမယ်။ အတန်း ပညာတတ်ခြင်း၊ မတတ်ခြင်းထက် စာများများ ဖတ်ရင် ဗဟုသုတရှိမယ်။ ရသစာပေ၊ သုတ စာပေ အကုန်လုံးဖတ်ထားတယ်ဆိုရင် စဉ်းစား တဲ့စိတ်က ဝင်သွားမယ်လို့ ကျွန်မထင်တယ်။ စဉ်းစားပြီးကာမှ လုပ်သင့်လား၊ မလုပ်သင့်ဘူး လား။ ဒီ One Click လေးနှိပ်ဖို့အတွက်ကို ကြိုတင်စဉ်းစားပြီးမှ လုပ်သင့်တယ်လို့ ကျွန်မ ထင်တယ်။ အဲဒါလေးကိုတော့ ပြောချင်ပါ တယ်။

ဒေါက်တာခင်မောင်လွင်

လူတွေဟာ သတင်းအမှန်ရဖို့အတွက် ကိုယ့်ဘက်က ဘယ်လိုများ တာဝန်ယူမလဲ။ ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်အနေနဲ့ ဘယ်လိုစဉ်းစားလဲ။

စိုင်းစိုင်းခမ်းလှိုင်

ကျွန်တော်ကတော့ အဓိကက ဒီသတင်း အရင်းအမြစ်ကို အရင်လိုက်ရှာပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီသတင်းတွေကို ပုံမှန်အားဖြင့်တော့ Share လေ့မရှိပါဘူး။ ကျွန်တော်က ဒါ အနုပညာလုပ်တာဖြစ်တဲ့ အတွက် ကျွန်တော့်ရဲ့ အနုပညာကိစ္စတွေရယ်၊ ပြီးတော့ ကျွန်တော့် Personal Facebook Account လည်းရှိတဲ့အတွက် Personal အကြောင်းအရာတွေကို Personal Account မှာ ကျွန်တော်ရေးတယ်။ တင်တယ်။ ကျွန်တော် ကဗျာတွေ၊ စာတွေရေးတယ်။ ကျွန်တော့်ရဲ့ Page မှာတော့ များသောအားဖြင့် အနုပညာ ကိစ္စတွေ၊ ကျွန်တော့်ရဲ့ လုပ်ငန်းတွေပဲ ကျွန်တော်က တင်ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးသတင်းတွေတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေကို အမြန်သိစေချင်တဲ့အခါမျိုး ကြရင် ကျွန်တော် Share လေ့ရှိပါတယ်။

ဥပမာ - မီးလောင်တဲ့ သတင်းလိုမျိုး၊ ဆိုပါတော့ ခုလောလောဆယ် အခု ကပ်ရောဂါ သတင်းဆိုရင်တော့ တော်တော်လေးကို ကျွန်တော် Share ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေထဲမှာ လူငယ်တွေရော၊ ကလေး တွေရောပါတဲ့အတွက် သတင်းတွေကို သိစေ ချင်တယ်။ မျှဝေချင်တယ်။ အဓိကကတော့ သတင်းအရင်းအမြစ်ကို ဘယ်ကတင်ထားတဲ့ သတင်းလဲ၊ ဘယ်သူရေးတဲ့သတင်းလဲဆိုတာ ကျွန်တော်ရှာပါတယ်။ အခု လောလောဆယ်မှာ တော့ ဒီရက်ပိုင်းမှာ ကျွန်တော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ကိုပဲ ကျွန်တော် အဓိကအားကိုးပြီးတော့ ဒီ Page ကိုပဲ ကျွန်တော်မျှဝေနေပါတယ်ဆရာ။

ဒေါက်တာခင်မောင်လွင်

အဆိုတော်ဖြိုးပြည့်စုံအနေနဲ့ လရိပ် ဆိုတဲ့ သီချင်းလိုပဲ Heart ထိအောင် ဒီ ကိုဗစ်- ၁၉ နဲ့ပတ်သက်ပြီးတော့ ဘယ်လိုများ ပရိသတ်ကို ခံစားအောင်လုပ်မယ်လို့ စိတ်ကူး ထားသလဲ။

ဖြိုးပြည့်စုံ

ကိုဗစ်- ၁၉ ကတော့ Heart ထိတာမျိုး မဟုတ်တော့ဘဲနဲ့ ဘယ်လိုပြောမလဲ Burst ပေါ့နော်။ ပေါက်ကွဲတာမျိုး၊ တုန်လှုပ်စေတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့။ လူတွေက ကိုဗစ်- ၁၉ လို့ ပြောလိုက်ရင်ကို သာသာ ယာယာလေး အေးအေးဆေးဆေး ခံစားရတာ မျိုးမဟုတ်တော့ဘဲနဲ့ Alarming နဲ့သွားရမယ့် Procedures မျိုးဖြစ်နေတာပေါ့။ ကျွန်တော့် အနေနဲ့ကတော့ ခုန ဆရာတို့ဆွေးနွေးသွား သလိုပဲ အဓိက Click တစ်ချက်ကတော့ အရေးကြီးတယ်။ အဓိက ကျွန်တော်တို့က Social Media ခေတ်ဖြစ်နေတဲ့အတွက် ဒီ Click တစ်ချက်ကို ရောက်သွားမယ့်သက်ရောက်မှုက အရေးကြီးပါတယ်။ အဲဒီမှာမှ Click လုပ်တဲ့ ပုဂ္ဂိုလ်ရဲ့ အရှိန်အဝါပေါ့။ ကိုစိုင်းတို့လို Follower များတဲ့သူတွေ တကယ့် Artists ထဲမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကကျတော့ မှန်ကန် တဲ့ သတင်းကို မှန်ကန်တဲ့ Source ကနေ Share လို့ သူ့နောက်ကနေ စံပြပုဂ္ဂိုလ်အနေနဲ့ သတ်မှတ် ထားလို့ အတုယူပြီး လိုက်လုပ်မယ့်လူတွေ အတွက် အများကြီး Information Courage ဖြစ်စေပါတယ်။


ဆိုတော့ ကျွန်တော့်အနေနဲ့လည်း ကျောင်းတက်တုန်းက ကျန်းမာရေးအသိပညာ ရခဲ့တာရယ်၊ ခုဆက်ပြီးတော့ Career အနေနဲ့ လုပ်နေတာကတော့ သီချင်းဆိုတာပေါ့နော်။ ဒါပေမယ့် ခေါင်းထဲမှာရှိပြီးသား ဗိုင်းရပ်စ် တွေရဲ့သဘောသဘာဝနဲ့ နောက်တစ်ခါ ကျတော့ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်တဲ့ Procedures တွေကို ကျွန်တော်ကိုယ်တိုင်လည်း ပြန်ပြီးတော့ နွှေးတာပေါ့နော်။ ဒီ ကိုဗစ်- ၁၉ ကတော့ ပထမ ဦးဆုံးအနေနဲ့ ရှေ့က ကိုရိုနာ တွေနဲ့မတူဘဲ အသစ်ဖြစ်လာတဲ့ဟာမျိုးဆိုတော့ ဒီရောဂါကို ဘယ်လိုထိန်းချုပ်ရမလဲ၊ အတတ်နိုင်ဆုံး ကျွန်တော့်ရဲ့ ပတ်ဝန်းကျင် အများကြီးကို မမျှဝေနိုင်ရင်တောင် နီးစပ်ရာ မိသားစုနဲ့ ကျွန်တော့်ရဲ့ အသိုင်းအဝိုင်း ပုဂ္ဂိုလ်၊ ချစ်ရတဲ့ မိတ်ဆွေတွေကိုတော့ ကျွန်တော် တတ်နိုင် သလောက် ပြောပါတယ်။

မှန်ကန်တဲ့သတင်းဌာနကို ကြည့်ရှုလေ့လာ ပြီးတော့ ကိုယ်သိတာကို မှန်ကန်တဲ့ အထောက် အထား ခိုင်ခိုင်လုံလုံနဲ့ အများကို ပြန်လည် မျှဝေပေးဖို့ ကျွန်တော်မျှဝေပါတယ်။ ဒီနည်း ကတော့ ဒါ လရိပ်လို ဘယ်လိုပြောမလဲ၊ Heart ထိစေတဲ့ Procedures မျိုး မဟုတ်ပေမယ့်လည်း ကောင်းတဲ့ အလေ့အထလေးတစ်ခုအနေနဲ့ အားလုံးအပေါ်မှာ ကျွန်တော်တို့ကို စံပြအနေနဲ့ သဘောထားပြီး မျှဝေပေးမယ်ဆိုရင်တော့ တစ်ဆင့်စကားတစ်ဆင့်နဲ့တော့ များများ ရောက်သွားမယ်လို့ ထင်ပါတယ်ခင်ဗျာ။

ဒေါက်တာခင်မောင်လွင်

အကယ်၍များ ကိုဖြိုးပြည့်စုံက ပေါက်ကွဲ သံစဉ်နဲ့ စပ်ရမယ်ဆိုရင် ဘယ်လိုမျိုးစပ်မလဲ။ ဘယ်လို သတင်းစကားထည့်မလဲ။

ဖြိုးပြည့်စုံ

ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့် ဘဝမှာ သာယာငြိမ့်ညောင်းပြီး အများ အားဖြင့် အလွမ်းအဆွေးသီချင်းနဲ့ ခွာပြဲတာ တွေ များတာပေါ့။ အဲဒီတော့ ကျွန်တော် မတတ်နိုင်ရင်တော့ တကယ် ထိထိရောက် ရောက် ပေါက်ကွဲနိုင်တဲ့ လူတွေကိုတော့ ကျွန်တော် လွှဲပြောင်းရမှာပေါ့။ သူတို့ အိုင်ဒီယာ တွေယူရမှာပေါ့။ အဓိကကတော့ အဘက်ဘက် မှာ ဒီ သတင်းမှန်တွေရဖို့ အရေးကြီးသလို လူတွေက တစ်ခုခုဆိုလို့ရှိရင် မှန်ကန်တဲ့ စဉ်းစားဆုံးဖြတ်ဖို့ အချိန်ယူဖို့ လိုပါတယ်။ ဝုန်းဒိုင်းဆိုပြီး ဆုံးဖြတ်တာဟာ များသောအား ဖြင့် မှန်တဲ့ရာခိုင်နှုန်းထက် မှားတဲ့ရာခိုင်နှုန်း ပိုများနိုင်တယ်ဆိုတဲ့ အသိလေးရယ် အချိန် တစ်ခု ယူပြီးတော့မှ ကိုယ့်ကိုထောက်ခံပေးမယ့်၊ ဒီသတင်းကို ထောက်ခံပေးမယ့် အဖြေတစ်ခု အတွက် ကျွန်တော်တို့ အချိန်တစ်ခုယူဖို့လိုမယ်။

လူတွေအတွေးမှာ Ventilator ကို ရောဂါဖြစ်ခဲ့ရင် ငါ့အတွက် ရှူစရာရှိပါ့မလား ဆိုတဲ့စိတ် ဖြစ်တာပေါ့။ ဒါပေမယ့် Ventilator လောက်ထိ မပူဘဲနဲ့ အရင်ဆုံး N95 Mask တွေ၊ PPE ဝတ်စုံတွေ လုံလုံလောက်လောက် ရှိရဲ့လား။ ဒီအပေါ်မှာ ကျွန်တော်တို့ အရင် အာရုံထားဖို့ လိုတာပေါ့။ False Message တွေနဲ့ Ventilator အထိ Skip ဖြစ်သွားတော့ ရှေ့ပိုင်း မှာ လိုအပ်ချက်တွေရှိတဲ့အခါကျတော့ အလှူရှင်တွေကလည်း လှူမယ်။ ဘာလှူမလဲ ဆိုတော့ Ventilator လှူမယ်ဆိုတာမျိုးတွေ ဖြစ်နေတော့ ဒီ Information ကလည်း ဥပမာ ထိရောက်တဲ့ လှူဒါန်းမှုမျိုးကမှ ထိရောက်တဲ့ ကုသမှုမျိုးအထိ သွားနိုင်တာပေါ့။ ဒါမျိုးလေး တွေအတွက်တော့ ကိုယ်ကိုယ်တိုင်လည်း မျှဝေပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ ပေါက်ကွဲသံစဉ်လောက်တော့ မရောက်ဘူး ပေါ့။

ဒေါက်တာခင်မောင်လွင်

ကျန်းမာရေးကနေပြီးတော့ ကျော်လွန် ထွက်နေတဲ့ လူမှုရေး၊ စီးပွားရေး နယ်ပယ် တွေမှာ ခံစားနေရတဲ့သူတွေ အများကြီးရှိပါ တယ်။ လောလောဆယ် ရပ်ဆိုင်းသွားတဲ့ ဘဝရပ်တည်မှုတွေလည်း ရှိနေတယ်။ ဒီဟာ အပေါ်မှာ ကျွန်တော်တို့ ဘယ်လိုဝိုင်းပြီးတော့ အားဖြည့်ကြရင် ကောင်းမလဲ။ ဆရာမကနေ စပြီးတော့ နည်းနည်းလောက် စဉ်းစားပေးပါ ဦး။

ဂျူး

ပြည်သူဆီကို မှန်ကန်တဲ့သတင်း ရောက်ဖို့အတွက်ကို တာဝန်ရှိတာပဲလေ။ အဲဒီ လိုပဲ စီမံ/ဘဏ္ဍာအနေနဲ့ကလည်း ထုတ်သုံးဖို့ လိုမယ့် ဘတ်ဂျက်ကို ထုတ်ပြီးတော့ သုံးရမှာပဲ။ ဘယ်ဟာက အရေးပေါ်လဲ၊ ဘယ်ဟာက အရေးပေါ် မဟုတ်ဘူးလဲဆိုတာ ဆုံးဖြတ်ရမယ့် တာဝန်လည်း ရှိတယ်။ ကျွန်မတို့ ပြည်သူလူထု အနေနဲ့ မျှော်လင့်တာကတော့ လူစုလူဝေးတွေ ဆီကို မသွားဖို့၊ လူစုလူဝေးမှာ ဘာသာတရား နဲ့ပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးနဲ့ပဲဖြစ်ဖြစ် ဘယ်လို နည်းမျိုးနဲ့မှ လူစုလူဝေးဆီကို မသွားဖို့ပေါ့။ မြန်မာ့အသံရှိမယ်။ ရုပ်မြင်သံကြားရှိမယ် ပေါ့နော်။ အဲဒီကနေ ကျွန်မတို့ ဘယ်လောက် အထိ ပေးလို့ရမလဲ။ ဒါ Information တစ်ခုပဲ ရှိသေးတယ်။ နောက် အခုရပ်သွားတဲ့ အထည်ချုပ်စက်ရုံတွေ၊ အဲဒီမှာ ရှိနေတဲ့သူတွေ၊ အဲဒီမှာ အလုပ်လုပ်နေတဲ့သူတွေ၊ ရွာကို ပြန်ရတော့မယ့်သူတွေပေါ့။ အဲဒီလူတွေ အတွက်ကရော တစ်နေ့လုပ်မှ တစ်နေ့စား ရတာမျိုးတွေဆိုရင် အခု အဲဒီလိုမျိုးတွေ မလုပ်နိုင်တော့တဲ့အတွက် တစ်လကြိုပြီးတော့ လစာပေးတာတို့၊ ဒါမှ မဟုတ်ရင် နှစ်လစာ၊ သုံးလစာ ကြိုပေးတာတို့ အဲဒီအတွက်ကို အလုပ်ရုံက သူတို့ကို ဘာတွေတာဝန်ယူ ပေးသလဲပေါ့။ အဲဒါတွေ အကုန်လုံးမှာ လိုက်ပြီးတော့ ဆက်စပ်ပြီးတော့ ဒါစီးပွားရေး အကျိုးသက်ရောက်မှု ဖြစ်သွားပြီ။ အဲဒီလို လိုက်လုပ်ဖို့က ဝန်ကြီးဌာနတွေ အများကြီး လည်း လိုအပ်မယ်လို့ ထင်တယ်။

ပြောရမယ်ဆိုရင် ကျွန်မတို့အားလုံးက ဒါတွေနဲ့ပတ်သက်ပြီး အဘက်ဘက်ကနေ ပြီးတော့ ပြည်သူလူထုကို စိတ်ငြိမ်သက်အောင် ရယ်၊ စီးပွားရေးလည်း လုံခြုံမှုရှိအောင်ရယ်၊ ကျန်းမာရေးလည်း လုံခြုံမှုရှိအောင်၊ လူမှုရေး လည်း လုံခြုံမှုရှိအောင် အားလုံးလုပ်ပေးဖို့ လိုတယ်။ ကျွန်မတို့လည်း တတ်နိုင်သမျှ ဝန်းရံဖို့အတွက် စိတ်ထဲမှာ တာဝန်မကင်းသလို ခံစားရပါတယ် ဆရာ။
(ဆက်လက်ဖော်ပြပါမည်)

မှတ်တမ်း-အောင်ကျော်ထက် (ပြန်/ဆက်)

ဓာတ်ပုံ- ရဲသူရအောင် (ပြန်/ဆက်)


လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးများနှင့် ကိုဗစ်- ၁၉



သီဟ (ဆေး-၁)

ယနေ့ကမ္ဘာပေါ်ရှိ နေ့စဉ်သတင်းတွေမှာ မဖြစ်မနေ စောင့်ကြည့်နေရတာကတော့ ကိုဗစ်- ၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါ ပိုးဟာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က "ကမ္ဘာအနှံ့ဖြစ်ပွားသောကပ်ရောဂါ-Pandemic Disease" အဖြစ် ကြေညာခဲ့ရသည်အထိ အခြေအနေဖြစ်ခဲ့ ရပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ H1N1 ဝက်တုပ်ကွေးရောဂါကို ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါအဖြစ် ကြေညာပြီးနောက်ပိုင်း ၁၀ နှစ် အကြာမှာဖြစ်တဲ့ Pandemic Disease အသစ် ဖြစ်ပါ တယ်။ ဒီနေရာမှာ "ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါ - Pandemic Disease" ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ်။

"ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါ
- Pandemic Disease" ဆိုသည်မှာ

ကမ္ဘာရဲ့ နေရာဒေသတစ်ခုမှာ ရောဂါတစ်ခုဖြစ်ပွား သူတွေ တစ်ချိန်တည်း ရုတ်တရက်တိုးပွားလာခြင်းကို Epidemic Disease လို့ခေါ်ပါတယ်။ အခု ကိုဗစ်- ၁၉ ရောဂါဟာ တရုတ်နိုင်ငံမှာ Epidemic Disease အဖြစ် စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံအနှံ့ကို ပျံ့နှံ့ရောက်ရှိ သွားတာဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက "ကမ္ဘာ အနှံ့ဖြစ်ပွားသောကပ်ရောဂါ - Pandemic Disease" အဖြစ် ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ လတ်တလော ကမ္ဘာ ပေါ်မှာ Pandemic Disease ဖြစ်ပြီး လက်ရှိဖြစ်နေဆဲ ရောဂါက ကိုဗစ်- ၁၉ တစ်ခုတည်း မဟုတ်ပါဘူး။
HIV/AIDS ရောဂါသည်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Pandemic Disease အဖြစ် သတ်မှတ်ထားပြီး လက်ရှိ ကမ္ဘာ့နိုင်ငံအနှံ့မှာ ဖြစ်ပွားနေဆဲပါ။ ကွာခြားမှုက HIV/ AIDS ရောဂါသည် ရောဂါပိုးရှိသူများပြားသော်လည်း ရုတ်တရက် အသက်ဆုံးရှုံးနိုင်ခြေနည်းကာ ကိုဗစ်- ၁၉ ရောဂါကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများနဲ့ ရုတ်တရက် အသက်ဆုံးရှုံးနိုင်တာဖြစ်လို့ လူအများ သတိထားမိလောက်အောင် အရေးတကြီး ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးများ
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် လူတွေအသက်ဆုံးရှုံးရတာ အခုမှမဟုတ်ပါဘူး။ လွန်ခဲ့ သော ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာပေါ်ရှိ လူအများကို အကြီးအကျယ်ရောဂါဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုး သုံးမျိုးရှိပါတယ်။

၂၀၀၂-၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ SARS ရောဂါ ဟာ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ စတင်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများ၊ မြောက်အမေရိက၊ ဥရောပ နဲ့ တောင်အာဖရိကရှိ နိုင်ငံတွေကို ပျံ့နှံ့ခဲ့ပါတယ်။ လူပေါင်း ၈၀၀၀ ကျော် ကူးစက်ခံခဲ့ရကာ လူပေါင်း ၇၇၀ နီးပါးကို သေစေခဲ့ပါတယ်။ ဒါကြောင့် သေဆုံးမှုအနေနဲ့ လူ ၁၀၀ မှာ ၁၀ ယောက်နီးပါး (Case Fatality Rate-9.5%) ရှိခဲ့ပါတယ်။ အဲဒီရောဂါပိုးဟာ ရုတ်တရက် ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် SARS-CoV (Severe Acute Respiratory Syndrome-Corona Virus) လို့ အမည်ပေးခဲ့ပါတယ်။ လူအများကတော့ "ဆားစ်ရောဂါ" လို့ သိခဲ့ကြပါတယ်။

နောက် ကိုးနှစ်အကြာ ၂၀၁၂ ခုနှစ် အရှေ့အလယ် ပိုင်းဒေသမှာ ကုလားအုတ်များကတစ်ဆင့် ကူးစက်တယ် လို့ဆိုတဲ့ MERS ရောဂါဟာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးကြောင့်ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသ တော်တော်များများမှာဖြစ်ခဲ့လို့ အဲဒီ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို MERS-CoV (Middle East Respiratory Syndrome –Corona Virus) လို့ အမည်ပေးခဲ့ပါတယ်။ ဥရောပနဲ့ အာရှနိုင်ငံအချို့ကို ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ ရောဂါဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းခန့်မှာ ဆော်ဒီအာရေဗျ နိုင်ငံက ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အဆိုအရ MERS ရောဂါ "မားစ်ရောဂါ"ဟာ လက်ရှိ ဖြစ်နေဆဲဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသပြင်ပမှာ ဖြစ်ပွားမှုနည်းကြောင်း သိရပါတယ်။ MERS ရောဂါကတော့ SARS ရောဂါထက် သေဆုံးနှုန်း (Case Fatality Rate) ပိုများပြီး ရောဂါဖြစ်ပွားသူ ၁၀၀ မှာ ၃၅ ဦး နီးပါး သေဆုံးခဲ့ပါတယ်။
ယခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်- ၁၉ ရောဂါကတော့ ထူးထူးခြားခြားပဲ "ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါ - Pandemic Disease" အဖြစ် ကြေညာခဲ့ရတဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးကိုတော့ SARS-CoV-2(Severe Acute Respiratory Syndrome- Corona Virus 2)လို့ အမည်ပေးထားပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာစဖြစ်ခဲ့ပြီး ယခု ကမ္ဘာ့နိုင်ငံပေါင်းများစွာကို ကူးစက်ပျံ့နှံ့နေပြီဖြစ်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကာကွယ်ရေး၊ ကုသရေးတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြပါပြီ။ ယခု တင်ပြချင်တာ ကတော့ ဒီ SARS-CoV-2 နဲ့ပတ်သက်တဲ့ ထူးခြားမှုများနဲ့ အရင်ကဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေနဲ့ ကွာခြား ချက်လေးတွေကို လေ့လာမိသလောက် ပြောပြချင်တာပါ။

ရောဂါပိုးကူးစက်မှုညွှန်းကိန်း
(Reproduction Number-Ro)

နိုင်ငံတကာက သိပ္ပံပညာရှင်တွေဟာ ကူးစက်ရောဂါ တစ်ခုရဲ့ ရောဂါကူးစက်ပျံ့နှံ့မှုကို လေ့လာကြတဲ့အခါ Reproduction Number-Ro ကို အသုံးပြုရပါတယ်။ "အာ-နောက်" လို့ အသံထွက်ရပါတယ်။ မြန်မာလို အနီးစပ် ဆုံး " ရောဂါပိုးကူးစက်မှုညွှန်းကိန်း"လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ ဆိုလိုရင်းကတော့ ရောဂါရှိသူတစ်ဦးက တစ်ဆင့် လူဘယ်လောက်ကို ထပ်မံကူးစက်နိုင်ခြေရှိသလဲကို တွက်ချက်တာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ဝက်သက်ရောဂါပိုး Ro-၁၆ ရှိတဲ့အတွက် ဝက်သက် ရောဂါရှိသူတစ်ဦးဟာ ဝက်သက်ရောဂါကာကွယ်ဆေး မထိုးထားသူ ၁၆ ဦးခန့်ကို ရောဂါဖြန့်နိုင်စွမ်းရှိပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ /ဖြစ်ပွားနေဆဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေကို လေ့လာကြည့်တဲ့အခါ "ဆားစ်ရောဂါ"၏ Ro သည် ၄ (SARS-CoV Ro=4)နဲ့ "မားစ်ရောဂါ" က Ro ၁ (MERS-CoV Ro=1) ပါ။ ယခုဖြစ်နေတဲ့ ကိုဗစ်- ၁၉ ကတော့ Ro=2-3.5 ဖြစ်ပါတယ်။ ဆိုလိုတာက ကိုဗစ်- ၁၉ ရောဂါရှိသူတစ်ဦးဟာ နောက်ထပ် လူ နှစ်ဦးကနေ သုံးဦးအထိ ကူးစက်စေနိုင်တာဖြစ်ပါတယ်။ ဒါဆိုရင် အရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေနဲ့ "ရောဂါပိုးကူးစက်မှု ညွှန်းကိန်း" သိသိသာသာမကွဲတဲ့အပြင် "ဆားစ်ရောဂါ" ထက်ပင် ကူးစက်မှုနှုန်းက နှေးနေသေးတယ်လို့ ဆိုရပါမယ်။

ကိုဗစ်- ၁၉ ရောဂါ၏ လက်ရှိအခြေအနေ

ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးနှုန်း (Case Fatality Rate) ကို လေ့လာကြည့်မယ်ဆိုရင် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ ရောဂါဖြစ်ပွားသူ နှစ်သိန်း တစ်သောင်းကျော် (COVID-19 Confirmed Cases= 219365) နဲ့ သေဆုံးသူ ကိုးထောင်နီးပါး (Deaths due to COVID-19= 8970) ရှိတာမို့ Case Fatality Rate သည် လေးရာခိုင်နှုန်း နီးပါးဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူ လူ ၁၀၀ မှာ သေဆုံးသူ လေးဦး ရှိနေပါတယ်။ ဒါဟာလည်း အရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေထက် အများကြီးနည်းတယ် ဆိုရပါမယ်။ ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်း သွားသူတွေအနေနဲ့ ရှစ်သောင်းခွဲကျော် (COVID -19 Recovered Cases = 85749) ရှိတဲ့အတွက် ၄၀ ရာခိုင်နှုန်း နီးပါး ရောဂါပျောက်ကင်းသွားပြီဖြစ်ပါတယ်။

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားသူတွေကို လေ့လာ ကြည့်မယ်ဆိုရင် လက်ရှိဖြစ်ပွားနေသူတွေအနက် ငါး ရာခိုင်နှုန်းနီးပါးက အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျန် ၉၅ ရာခိုင်နှုန်းကတော့ သာမန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအဆင့်မှာပဲ ရှိပါ တယ်။ ဒါကြောင့် ခြုံငုံလေ့လာရရင် ကိုဗစ်- ၁၉ ရောဂါ သည် ကူးစက်မှုနှုန်းအရ အလွန်အမင်း မမြင့်သလို သေဆုံး နှုန်းလည်းနည်းတဲ့ ရောဂါတစ်ခုလို့ ဆိုရပါမယ်။

ဘာလို့ ကိုဗစ်- ၁၉ ရောဂါသည် ဒီလောက်
အလျင်အမြန် ပျံ့နှံ့သွားရတာလဲ

ကိုဗစ်- ၁၉ ရောဂါဟာ အရင်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေနဲ့ယှဉ်ရင် သေဆုံးနှုန်းလည်းမများ “ရောဂါပိုး ကူးစက်မှုညွှန်းကိန်း”လည်း သိသိသာသာမကွာပေမယ့် ဘာလို့ ဒီလောက် အလျင်အမြန်ပျံ့နှံ့သွားရတာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီး မေးသင့်တဲ့မေးခွန်းတစ်ခုပါ။

ဒါကို သိပ္ပံပညာရှင်တွေကလည်း အဖြေရှာကြပါတယ်။ သုတေသနပညာရှင်တွေ အဆိုအရ စတင်ဖြစ်ပွားရာ တရုတ် နိုင်ငံ၏ ပြင်ပကို ရောက်သွားသော ရောဂါလက္ခဏာ မပြသေးတဲ့ ရောဂါပိုးရှိသူတွေကို သေချာစနစ်တကျ မထိန်း ချုပ်နိုင်ခဲ့ခြင်းသည် အဓိကဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၏ အဝင်၊ အထွက်ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ လုံးဝပိတ်လိုက် ပါတယ်။ Lockdown လုပ်လိုက်တယ်လို့ သုံးပါတယ်။ “ဝူဟန် လောက်ဒေါင်း” လို့ သတင်းတော်တော်များများမှာ ပြောကြပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော် မကျင်းပခင် နှစ်ရက်ခန့်အလိုဖြစ်တာကြောင့် အချိန်မီလေးလို့တောင် ဆိုရမှာပါ။ WHO က ဒီလို Lockdown လုပ်ခြင်းသည် ပြည်သူ့ကျန်းမာရေးသမိုင်းမှာ မကြုံစဖူးဖြစ်စဉ်တစ်ခုလို့ မှတ်ချက်ပြုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီလို လုပ်ပါလို့ ထောက်ခံခြင်းမရှိကြောင်းလည်း တရုတ်နိုင်ငံ WHO ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့ပါတယ်။

စာရေးသူတစ်ဦးတည်းရဲ့ အမြင်ကို ပြောရရင် WHO တာဝန်ရှိသူတွေအနေနဲ့ ကနဦးမှာ ကိုဗစ်- ၁၉ ကို အခုလောက်ထိ ဖြစ်လာနိုင်မယ်လို့ ယူဆခဲ့ဟန် မတူပါ။ ဒါပေမယ့် အခြေအနေတွေက ရပ်တန့်မသွားဘဲ ပိုပိုပြီး ကူးစက်မှုများလာခြင်းကြောင့် ဇန်နဝါရီ ၃၀ ရက်မှာ WHO က ကိုဗစ်- ၁၉ သည် “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” (Public Health Emergency of International Concern- PHEIC) ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ နောက်ဆုံးတော့ မတ် ၁၁ ရက်မှာ “ကမ္ဘာအနှံ့ ဖြစ်ပွားသော ကပ်ရောဂါ Pandemic Disease” အဖြစ် ကြေညာခဲ့ရသည်အထိ အခြေအနေဖြစ်ခဲ့ရပါတယ်။

သုတေသနပညာရှင်တွေက “ဝူဟန် လောက်ဒေါင်း” မတိုင်ခင်နဲ့ “ဝူဟန် လောက်ဒေါင်း” လုပ်ပြီး အခြေအနေ တွေကို လေ့လာခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ် မေးလ်မန်း ပြည်သူ့ကျန်းမာရေးကျောင်းက (Columbia University’s Mailman School of Public Health) တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံ အနှံ့ရောဂါပိုး ကူးစက်ခံရသူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ “ဝူဟန် လောက်ဒေါင်း” မတိုင်ခင်မှာ မှတ်တမ်း မယူနိုင်ခဲ့တဲ့ ရောဂါလက္ခဏာမပြသေးတဲ့ ရောဂါပိုး ရှိသူတွေ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဒီ ကိုဗစ်- ၁၉ ရောဂါမှာ “ကိုယ်ရောင်ဖျောက်ကူးစက် ပျံ့နှံ့မှု” (Stealth Transmissions) ရှိနေကြောင်း သက်သေပြခဲ့ကြပါတယ်။ ရောဂါလက္ခဏာ မပြသေးတဲ့ ရောဂါပိုးရှိသူတွေ နေရာအနှံ့သွားလာနေခြင်းသည် “ကိုယ်ယောင်ဖျောက်ကူးစက်ပျံ့နှံ့မှု”ကို ပိုမိုဖြစ်စေပြီး ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ တရုတ်နိုင်ငံအစိုးရရဲ့ ဆောလျင်စွာ အဝင်၊ အထွက်ပိတ်ခြင်း၊ ခရီးသွားလာမှုကို ကန့်သတ် ခြင်းတွေဟာ ရောဂါကို ထိန်းချုပ်ရေးမှာ အလွန် ထိရောက်ကြောင်း တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ သို့သော် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကို အပြီးတိုင် တားဆီး နိုင်ပါ့မလားဆိုတာကတော့ မသေချာသေးတဲ့ အခြေအနေဖြစ်ကြောင်း သုတေသနပညာရှင်တွေက သုံးသပ်ပါတယ်။

ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးသူတွေမှာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ရတဲ့အကြောင်းရင်းများ

သုတေသနပညာရှင်တွေ၊ ဆေးပညာရှင်တွေက ကိုဗစ်- ၁၉ ရောဂါကြောင့်သေဆုံးသူတွေကို ဘာကြောင့် သေဆုံးကြရလဲဆိုတာကို လေ့လာကြပါတယ်။ ထင်သာ တဲ့ တွေ့ရှိချက်အနေနဲ့ အသက်အရွယ်ကြီးသူများ အထူးသဖြင့် အသက် ၆၅ နှစ်အထက်မှာ သေဆုံးနှုန်း သိသိသာသာများကြောင်း တွေ့ရပါတယ်။ သေဆုံးသူ တွေရဲ့ ၆၃ ရာခိုင်နှုန်းမှာ နဂိုရောဂါအခံရှိသူများ ဖြစ်ကြောင်း၊ အများစုသည် နှလုံးရောဂါအခံရှိသူများ ဖြစ်ကြပါတယ်။ ထပ်မံလေ့လာတွေ့ရှိချက်များအနေနဲ့ သေဆုံးသူ ထက်ဝက်ကျော် ၅၃ ရာခိုင်နှုန်းဟာ ရုတ်တရက် အဆုတ်အလုပ်မလုပ်တော့ခြင်း (Respiratory Failure) ကြောင့် သေဆုံးရပြီး ခုနစ်ရာခိုင်နှုန်းခန့်တွင် ပြင်းထန်နှလုံးကြွက်သားရောင်ရမ်းခြင်း (Fulminant Myocarditis) ရှိကာ သေဆုံးသူတွေရဲ့ သုံးပုံတစ်ပုံကျော် ၃၃ ရာခိုင်နှုန်းက ဖော်ပြပါဖြစ်စဉ် နှစ်ရပ်လုံးကြောင့် သေဆုံးရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ခြုံငုံသုံးသပ်ရရင်တော့
- အသက်အရွယ်ကြီးသူများ
- နဂိုရောဂါအခံရှိသူများ

(အထူးသဖြင့် နှလုံးရောဂါအခံရှိသူများ)သည် ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးနိုင်ခြေများကြောင်း တွေ့ရှိရတဲ့အတွက် ထိုသူများက ပိုပြီးအသွားအလာ ဆင်ခြင်ခြင်းနှင့် ထုတ်ပြန်ထားသော လိုက်နာရန်အချက် များကို တိတိကျကျ လိုက်နာ ဆောင်ရွက်သင့်လှပါတယ်။

နိဂုံးချုပ်
- ကိုဗစ်- ၁၉ ရောဂါကြောင့် ခန့်မှန်းသေဆုံးနှုန်း (Estimated Case Fatality Rate) သည် ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၈ ဒသမ ၄ ရာခိုင်နှုန်းဖြစ်၍ အရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေနဲ့ယှဉ်ရင် သေဆုံးနှုန်းလည်းမများပါဘူး။ သို့သော် ကူးစက်ဖြစ်ပွားသူ အရေအတွက်သည် ပိုများ သည့်အတွက် သေဆုံးသူလည်း များနေတာ ဖြစ်ပါတယ်။ ၅- ၈ ရာခိုင်နှုန်းဆိုတာလည်း သေဆုံးနှုန်း နည်းတယ်လို့တော့ မဆိုသာပါဘူး။

- ခန့်မှန်းရောဂါပိုးကူးစက်မှုညွှန်းကိန်း RO သည် 1.6 - 4.2 ဖြစ်သောကြောင့် အရင်ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေနဲ့ယှဉ်ရင် သိပ်ကွာခြားမှုမရှိ ပါဘူး။

- ဒါကြောင့် အသိ၊ သတိဖြင့် ကောလာဟလ သတင်းတွေကို မယုံဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာစရာတွေကို လိုက်နာပါ။

- လက်ကို မကြာခဏဆေးပါ။

- တတ်နိုင်သမျှ လူစုလူဝေးကို ရှောင်ပါ။

“ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက သင့်ကျန်းမာ ရေးအတွက် ဆေးရုံမှာရှိနေမှာဖြစ်ပြီး သင်တို့က သင့်ကျန်းမာရေးအတွက် မိမိအိမ်မှာနေခြင်းဖြင့် ကူညီပါ”


မြန်မာနိုင်ငံကြီး ကျန်းမာပါစေ။ ။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများ ကြိုတင်ညှိနှိုင်းဆွေးနွေး





နေပြည်တော် မတ် ၃၁

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များတွင် ဝန်ကြီးဌာနက ကဏ္ဍအလိုက် ပူးပေါင်းဆောင် ရွက်နိုင်မည့် လုပ်ငန်းများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ကြိုးပမ်း

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ် နိုင်ရန် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား သတ်မှတ်နေရာအဆောက်အဦများတွင် ထားရှိပြီး အသွား အလာကန့်သတ်ခြင်းအစီအစဉ် (Community Based Facility Quarantine) ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဤအစီအစဉ်တွင် ပါဝင်သော သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မသန် စွမ်းသူများအတွက် အလေးထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ရောဂါပိုးကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့ ခဲ့သူများကို အမြန်ဆုံး စုံစမ်းရှာဖွေဖော်ထုတ် စစ်ဆေးနိုင် ရန် နည်းပညာအကူအညီများ အသုံးပြုနိုင်ရေး ကြိုးပမ်း ကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှု ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင် ရွက်ရန် အရေးကြီးကြောင်း။

ယခုကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် စီမံခန့်ခွဲမှုတိုင်းတွင် လက်တွေ့ကျရန် လိုအပ် ကြောင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်မည့်သူများ စာရင်းကို ညှိနှိုင်းတောင်းခံ စာရင်းပြုစုထားရန် လိုအပ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းနှင့် ထပ်ဆင့် ပြန့်ပွားခြင်းမရှိရန် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြား ချက်များကို အတိအကျသိရှိရန်နှင့် လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန် အဆင့်ဆင့်ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ်များကို ကြိုတင်လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ လိုအပ်သော အကာအကွယ် အသုံးအဆောင်ပစ္စည်းများ ကို လုံလောက်စွာ ပုံမှန်ရရှိရန်နှင့် ကုန်ကျစရိတ်များကို ကြိုတင်တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထား သော ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ တည်ဆဲဥပဒေများကို ပြည်သူများက သိရှိလိုက်နာဆောင် ရွက်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆက်လက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြား သည်။

ပူးပေါင်းဆောင်ရွက်

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဦးစီးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းများနှင့် အင်တာနက် ကွန်ရက်အသုံးပြု Video Conferencing ဖြင့် ညှိနှိုင်း ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် နေပြည်တော် ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး ရှိ ဦးစီးဌာနများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်နိုင်သော အဖွဲ့အစည်းများ ချိတ်ဆက် ထားရှိမှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေး

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ် များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီး အဖွဲ့များ ကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နှင့် ဝိဿခါဖောင်ဒေးရှင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ တာဝန် ရှိသူများက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ရာတွင် ပြည်သူများကို အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်ရေး၊ စေတနာ့ဝန်ထမ်းများ စာရင်း ပြုစုပြီး ပါဝင်ဆောင်ရွက်ရေး၊ လိုအပ်သော အကာအကွယ် အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများကို လိုအပ် ချက်အရ လှူဒါန်းနိုင်ရေး၊ စေတနာ့ဝန်ထမ်း လုပ်အားပေး မည့်သူများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် အဆင့်ဆင့် ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ်များအတွက် သင်တန်းများ ရရှိရေးတို့နှင့်ပတ်သက်၍ အသင်းလိုက် ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့် အဖွဲ့နှင့် ဆွေးနွေး




နေပြည်တော် မတ် ၃၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှု အေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001 မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator, Mr. Geert De Bruycker နှင့်အဖွဲ့ အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ဆွေးနွေးသည်။

ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ် ၄၀/၄၂ ဗိုလ်ဆွန်ပက်လမ်းရှိ Center for Tourism Development မြေညီထပ်ပြုပြင်မွမ်းမံမှု၊ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ၂၀၂၀-၂၀၃၀ ရေးဆွဲရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် သင်တန်းများကို On Campus သင်ကြားခြင်းအား ရပ်နားထားစဉ်ကာလအတွင်း Online မှတစ်ဆင့် သင်တန်းများစီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းများ နှင့် အခြားဘာသာရပ်ဆိုင်ရာသင်တန်းများကို Online စနစ် ဖြင့် စဉ်ဆက်မပြတ်ပို့ချနိုင်ရေး၊ ကိုဗစ်-၁၉ ကာလအလွန် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လိုအပ်သောငွေကြေးနှင့် နည်းပညာပံ့ပိုးမှု များ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ပြောကြားသည်။

ထို့နောက် စီမံကိန်းတာဝန်ခံ Mr. Geert De Bruycker နှင့် CTD သင်တန်းတာဝန်ခံ ဒေါ်အိရွှေဇင်အောင်တို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်




နေပြည်တော် မတ် ၃၁

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၈ နာရီခွဲတွင် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သည့် အရေးပေါ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေး (The First Video Conference of the ASEAN Coordinating Council Working Group on Public Health Emer- gencies) သို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင် တက်ရောက်ခဲ့သည်။

ဆွေးနွေးအမြင်ချင်းဖလှယ်

အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကိုဗစ် -၁၉ ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ် ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် နိုင်ငံ အလိုက် ဆောင်ရွက်နေကြသည့် အစီအမံများ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ဖလှယ်ရေး၊ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကိုဗစ် -၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ် လာမည့် အကျိုးသက်ရောက်မှုများကို ပူးပေါင်းဖြေရှင်းရေး၊ ကိုဗစ် -၁၉ ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ ရန်ပုံငွေတစ်ရပ် ထူထောင်ရေး စသည့်ကိစ္စရပ်များအပြင် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ Video Conferencing အစည်းအဝေး ကျင်းပရေးအတွက် ကြိုတင်ပြင်ထားရှိမှု အခြေအနေများနှင့် ကိုဗစ် -၁၉ ဆိုင်ရာ အာဆီယံသီးသန့်ထိပ်သီးအစည်းအဝေး နှင့် အာဆီယံအပေါင်းသုံး သီးသန့်ထိပ်သီး အစည်းအဝေး ကို Video Conferencing ပုံစံဖြင့် ကျင်းပရေးကိစ္စ ရပ်များအပေါ်တွင် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

ပါဝင်တက်ရောက်

အဆိုပါ Video Conferencing အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အဆင့်မြင့်ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

ထိခိုက်မှုနည်းအောင် အသိတရားဖြင့်ပါဝင်ကူညီ



အယ်ဒီတာ့အာဘော်
================


မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကိုဗစ်- ၁၉ ရောဂါတွေ့ရှိသူ ၁၅ ဦးရှိပြီ ဖြစ်သည်။ ယင်းတို့အနက် ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လာခဲ့သည့် မြန်မာနိုင်ငံသား တစ်ဦးသည် မတ်လ ၂၉ ရက်နေ့ ဓာတ်ခွဲနမူနာအဖြေအရ ကိုဗစ်- ၁၉ ရောဂါ ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

မြဝတီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သူများ သည် လက်ရှိတွင် လူဦးရေ နှစ်သောင်းကျော်ရှိနေပြီး နောက်ထပ်လည်း ထပ်မံဝင်ရောက်လာရန် ရှိနေသည်။ အဆိုပါအခြေအနေအရ နယ်စပ်ဂိတ် များမှ အစုလိုက်အပြုံလိုက် ပြန်လည်ဝင်ရောက်လာသူအချင်းချင်းကြား တွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါ ကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီးဖြစ်ပွားရန် အလားအလာ အလွန် များ နေသည့်သဘောဖြစ်လာသည်။

အစောပိုင်းက မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို ၁၄ ရက် စောင့်ကြည့်စစ်ဆေးရန် အခက်အခဲအမျိုးမျိုး ရှိသောကြောင့် ၎င်းတို့နေရပ်ဒေသများတွင်သာ အသွားအလာကန့်သတ် ထားရှိပြီး မြို့နယ်အလိုက်စာရင်းနှင့် မြေပုံစာရင်းများ ရေးဆွဲထားရှိခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ် ထားသော အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းကို ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဌာနများအပြင် ရပ်ရွာနေပြည်သူများက ပူးပေါင်းပါဝင်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အချို့နေရာများ၌ သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာမှုမရှိဘဲ အားနည်းချက်၊ ဖောက်ဖျက်ချက် တို့ရှိသည်ကို တွေ့ရသည်။ ဒေသတစ်ခုတွင် အသွားအလာကန့်သတ်ခံရသူ အမျိုးသားသည် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ထိန်းသိမ်းမှု၊ တရားစွဲအရေးယူမှုများ ပြုလုပ်ရသည်ကိုလည်း ကြားသိရသည်။ သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်ခြင်းသည် အများပြည်သူဘေးအန္တရာယ်ဖြစ်စေနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။

ယခုအခါ နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူ အားလုံးကို မိမိတို့နေရပ်ဌာနေများသို့ တိုက်ရိုက်ပြန်ခွင့်ပြုတော့မည် မဟုတ်ဘဲ နိုင်ငံတော်အစိုးရက စီစဉ်ပေးထားသော သတ်မှတ်နေရာများတွင် သာ ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို ၁၄ ရက် မဖြစ်မနေခံယူကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများထပ်မံတိုးချဲ့ စီစဉ်ဆောင်ရွက်နေဆဲဖြစ်၍ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာမည့် သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ်ရက်သတ္တနှစ်ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီလ ၁၅ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက် ကြပါရန် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်သူများ အား ပန်ကြားထားသည်။

လတ်တလောကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံးသည် ကြီးမားသည့်လုပ်ငန်းတာဝန်များနှင့် ဖိအား အမျိုးမျိုးအကြား ဆောင်ရွက်နေရသည်။ သဘောထားမတိုက်ဆိုင်မှုများ၊ နားလည်မှုလွဲခြင်းများရှိပါကလည်း ကိစ္စအားလုံးသည် ပြည်သူများအားလုံး ရောဂါဖြစ်ပွားပျံ့နှံ့မှုမရှိစေရေး၊ အသက်သေဆုံးမှုမရှိစေရေးနှင့် ပြည်သူ ပြည်သားများအကျိုးအတွက် ဦးတည်ဆောက်ရွက်နေခြင်းဖြစ်၍ နားလည်မှု ပေးရန်လိုအပ်သည်။ အခက်အခဲများရှိပါက တိုင်ပင်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များကို တိကျစွာလိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူခြင်းခံရနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။

သို့ဖြစ်ရာ ရောဂါကပ်ဘေးကြီးသည် တစ်ကမ္ဘာလုံးဖြစ်ပွားနေသော အရေးဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကြုံတွေ့နေရပြီဖြစ်ရာ အမျိုးသား ရေးအသိဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများအပြင် ရပ်ရွာနေပြည်သူများ ပူးပေါင်းပါဝင်ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသောကြောင့် ပြည်သူများအနေဖြင့် မိမိတို့အတွက် အရေး ကြီး ဆုံး အရေးဖြစ်သည်ဟု သဘောထား၍ လုပ်ငန်းများပိုမိုထိရောက်အောင် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း





စုပေါင်းအင်အားနဲ့ အတူတကွ ရင်ဆိုင်ကြမယ်ဆိုရင် ကပ်ရောဂါဘေးကို
တည်ငြိမ်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့ အပြည့်အဝယုံကြည်
--------------------------------------------------------------------------------------------------------------------------------------------------------------------

နေပြည်တော် မတ် ၃၁

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူပြည်သားအပေါင်းရှင့်
COVID-19 နဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေများကို ကျွန်မ တင်ပြ အစီရင်ခံပါမယ်။ ဒီကနေ့နံနက်မှာ ရောဂါရှိကြောင်း တွေ့ထားပြီး ဆေးရုံတင် ကုသနေတဲ့ (ယခုချိန်အထိ) လူနာ (၁၄) ယောက်အနက် (၁)ယောက် ကွယ်လွန် အနိစ္စရောက်သွားပါတယ်။ ကွယ်လွန်သွားသူမှာ ရောဂါအခံ (နှာခေါင်းကင်ဆာ ရှိပြီး) စင်ကာပူနိုင်ငံမှတစ်ဆင့် သြစတြေးလျနိုင်ငံမှ မကြာမီက ပြန်ရောက်လာ သူဖြစ်ပါတယ်။ COVID-19 ရဲ့ သဘောသဘာဝအရ ရောဂါအခံကြောင့်၊ အသက် အရွယ်ကြီးခြင်းကြောင့် ကိုယ်ခံစွမ်းအားနည်းနေသူများအတွက် အထူးစိုးရိမ် ရပါတယ်။ ဆေးကုသမှုနောက်ကျခြင်းကလည်း အန္တရာယ်ကိုပိုစေပါတယ်။ ဒါကြောင့် သံသယဖြစ်စရာ လက္ခဏာတွေကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှူကျပ်ခြင်း တွေဖြစ်နေပါက အမြန်ဆုံးကျန်းမာရေးဌာနကို ဆက်သွယ်ဖို့လိုပါတယ်။

COVID-19 ရဲ့ အဆိုးရွားဆုံးအချက်ကတော့ ကူးစက်ပျံ့နှံ့မှု အလွန်မြန်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုးကပ်နေနိုင်ခြေရှိသူတွေကို Quarantine ထားရတာပါ။ အခြားသူတွေနဲ့ မထိတွေ့ရအောင်၊ အခြားသူများ မကူးစက်သွားရ အောင်ပါ။ COVID-19 က ပြည်ပက
စဝင်လာတယ်ဆိုပေမယ့် ပြည်တွင်းရောက်တော့ အချင်း ချင်းထိတွေ့မှုကနေ အများကြီး အမြန်ကြီး ပြန့်သွားနိုင် ပါတယ်။ အထိရောက်ဆုံး အကာအကွယ်၊ အထိန်းအချုပ် ကတော့ ထိတွေ့မှုတွေ ရှောင်ဖို့ပါပဲ။ ဒါကြောင့် အများနဲ့ အနီးကပ်ဖြစ်ရမယ့်နေရာတွေကို မသွားပါနဲ့၊ အိမ်ပြင်မှာ ဖြစ်ဖြစ်၊ အိမ်တွင်းမှာဖြစ်ဖြစ် လူစုလူဝေးရှောင်ပါ။ ဆွေမျိုး မိတ်ဆွေတွေစုပြီး အိမ်ထဲမှာဆုံကြ၊ နီးနီးကပ်ကပ်နေကြ တာဟာ အပြင်ထွက်ပြီး လူအုပ်ထဲတိုးတာလိုပဲ အန္တရာယ်ရှိ ပါတယ်။ ဒီအချိန်မှာ “ဝေးလေ ကောင်းလေ” ဆိုတဲ့အသိနဲ့ ကိုယ့်ကျန်းမာရေးနဲ့ အများကျန်းမာရေးကို ဂရုစိုက် ကာကွယ်ပေးကြပါ။ တတ်နိုင်သမျှ ကိုယ့်အိမ်မှာပဲနေကြပါ။ အိမ်နေရာထိုင်ခင်းမကျယ်တဲ့ မိသားစုတွေအတွက် အခက် အခဲရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အချိန်ကာလ အတိုင်းအတာတစ်ခုအထိကို ကျွန်မတို့ ပြည်သူတွေအားလုံး စိတ်ကိုတင်းပြီး အခက်အခဲတွေကို သည်းခံကြ၊ တစ်ဦးချင်း တစ်ဦးချင်း တာဝန်သိစိတ်အပြည့်နဲ့ COVID–19 မပြန့်ပွား ရေးအတွက် ဆောင်ရွက်ပေးကြမယ်ဆိုရင် ဒီစိန်ခေါ်မှုကြီး ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ Quarantine ၁၄ ရက် နေရပေမယ့် ပြည်သူတွေက ဒီအချိန်လေးကို အများအပေါ် စေတနာစိတ်နဲ့ သည်းခံကျော်ဖြတ်ပေးပါ။ Quarantine လုပ်ခံရတဲ့သူတွေဟာ ရောဂါကူးစက်နိုင်တဲ့ အနေအထား ရှိသူတွေဖြစ်ပါတယ်။ ဒီတော့ Quarantine မှာနေပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ခံရတာဟာ ကိုယ့် အတွက်လည်း အကျိုးများပါတယ်။ ရောဂါလက္ခဏာလေး ပေါ်လာတာနဲ့ ဆေးကုသမှုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောသိရလို့ ကုသမှုအောင်မြင်ကိန်း မြင့်မားလာပါ တယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ပါပဲ။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ကပ်ရောဂါ ကြီး (Big Outbreak) ဖြစ်နိုင်တဲ့ ကြေညာချက်ထုတ်ပြန်ပြီး တဲ့နောက်ပိုင်း ပြည်သူများအကြားမှာ Lock Down လုံး၀ ပိတ်လှောင်မှု မလုပ်သေးဘူးလား တိုက်တွန်းနေသူများလည်း ရှိကြပါတယ်။ ဒီလိုတိုက်တွန်းချက်တွေကြောင့် ဘယ်တော့ Lock Down လုပ်မလဲဆိုပြီး စိုးရိမ်နေတာတွေလည်း ရှိကြ ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအကျိုးလိုအပ်ရင် အချို့ သောနေရာတွေမှာ အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သို့ ကန့်သတ်မှုများကို ဆောင်ရွက်ကောင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရန်ရှိရင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး စတာ တွေ မပြတ်လပ်စေရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို စနစ် တကျဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယသမ္မတ(၁) ဦးစီးတဲ့ ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ Community Quarantine ဆောင်ရွက်ရန်ရှိရင်လည်း စောနိုင်သမျှ စောစောကြိုတင်ပြီးတော့ အသိပေးပါမယ်။ ပြည်သူများက နားလည်မှုရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်။

COVID -19 နဲ့ပတ်သက်တဲ့ စီးပွားရေးအကျိုးဆက်တွေ ကို တွက်ချက်ပြီး ပြည်သူများ ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်စေဖို့ နိုင်ငံတော်အစိုးရက အစီအစဉ်တွေ ချမှတ် ထားပါတယ်။ အလိုအပ်ဆုံးလုပ်ငန်းတွေအတွက် ချေးငွေ ပေးခြင်းတွေ စနေပါပြီ။ အလုပ်သမားတွေကို လုပ်ခပေးနိုင် ဖို့၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ဖြစ်ပါတယ်။ COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အချိန်ပြည့် အခြေအနေ တွေကိုလေ့လာပြီး သင့်တော်တဲ့ အစီအစဉ်တွေချမှတ် အကောင်အထည်ဖော်နေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အစဉ်တစိုက် နားထောင်လိုက်နာကြဖို့ လိုပါတယ်။ ကျွန်မ တို့အားလုံး တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကိုယ့် ကျန်းမာရေး၊ အခြားသူများ ကျန်းမာရေးနှစ်မျိုးလုံးအတွက် တာဝန်သိစိတ်အပြည့်အဝနဲ့ တညီတညွတ်တည်း ကြိုးစားကြပါ၊ ညီညွတ်ခြင်းဟာ အင်အား၊ ပြည်သူတွေဟာ အဓိက၊ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ လုပ်သင့်လုပ်ထိုက် တာအားလုံးကိုလုပ်မယ်ဆိုရင် ကျွန်မတို့အတွက် အောင်မြင် ခြင်းတရားပါပဲ။

လက်ရှိအချိန် ကမ္ဘာ့နိုင်ငံအသီးသီးမှာ COVID-19 ကူးစက်ပြန့်ပွားမှုကို အပြင်းအထန် ရုန်းကန်ရင်ဆိုင်ရတဲ့ အချိန်ဖြစ်တဲ့အားလျော်စွာ မြန်မာနိုင်ငံဟာလည်း အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလိုကြိုးပမ်းရာမှာ ပြည်သူများ မိမိတို့အသိစိတ်ဓာတ်နဲ့ ကျရာကဏ္ဍ၊ နိုင်ရာ နယ်ပယ်အသီးသီးက ပံ့ပိုးကူညီဆောင်ရွက်နေမှုများကို အားရကျေနပ်ဖွယ်ရာ တွေ့မြင်ရပါတယ်။ ကျွန်မတို့တစ်‌တွေ ရဲ့ စုပေါင်းအင်အားနဲ့ အတူတကွ ရင်ဆိုင်ကြမယ်ဆိုရင် ကပ်ရောဂါဘေးကို တည်ငြိမ်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်မယ် လို့လည်း အပြည့်အဝယုံကြည်ပါတယ်။

လက်ရှိအချိန်မှာ မပြည့်စုံတဲ့ကြားက စိတ်ဓာတ်မြင့်မြင့် မားမားနဲ့ ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာ‌ရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ၎င်းတို့ဟာ ပြည်သူများအတွက် တိုက်ပွဲ ဝင်နေတဲ့ သူရဲကောင်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနဲ့ အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ နောက်ပြီး တော့ ဝိုင်းဝန်းကူညီပေးနေတဲ့ ပြည်သူတွေအားလုံးကို နိုင်ငံ တော်ရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားလိုပါ တယ်။

ကျွန်မတို့ ပြည်ထောင်စုမြန်မာနိုင်ငံကို မှီတင်းနေထိုင် သူများအားလုံး ကျန်းမာကြပါစေ။ ဘေးအန္တရာယ်အမျိုးမျိုး က ကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။