Wednesday, April 1, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း





စုပေါင်းအင်အားနဲ့ အတူတကွ ရင်ဆိုင်ကြမယ်ဆိုရင် ကပ်ရောဂါဘေးကို
တည်ငြိမ်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့ အပြည့်အဝယုံကြည်
--------------------------------------------------------------------------------------------------------------------------------------------------------------------

နေပြည်တော် မတ် ၃၁

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူပြည်သားအပေါင်းရှင့်
COVID-19 နဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေများကို ကျွန်မ တင်ပြ အစီရင်ခံပါမယ်။ ဒီကနေ့နံနက်မှာ ရောဂါရှိကြောင်း တွေ့ထားပြီး ဆေးရုံတင် ကုသနေတဲ့ (ယခုချိန်အထိ) လူနာ (၁၄) ယောက်အနက် (၁)ယောက် ကွယ်လွန် အနိစ္စရောက်သွားပါတယ်။ ကွယ်လွန်သွားသူမှာ ရောဂါအခံ (နှာခေါင်းကင်ဆာ ရှိပြီး) စင်ကာပူနိုင်ငံမှတစ်ဆင့် သြစတြေးလျနိုင်ငံမှ မကြာမီက ပြန်ရောက်လာ သူဖြစ်ပါတယ်။ COVID-19 ရဲ့ သဘောသဘာဝအရ ရောဂါအခံကြောင့်၊ အသက် အရွယ်ကြီးခြင်းကြောင့် ကိုယ်ခံစွမ်းအားနည်းနေသူများအတွက် အထူးစိုးရိမ် ရပါတယ်။ ဆေးကုသမှုနောက်ကျခြင်းကလည်း အန္တရာယ်ကိုပိုစေပါတယ်။ ဒါကြောင့် သံသယဖြစ်စရာ လက္ခဏာတွေကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှူကျပ်ခြင်း တွေဖြစ်နေပါက အမြန်ဆုံးကျန်းမာရေးဌာနကို ဆက်သွယ်ဖို့လိုပါတယ်။

COVID-19 ရဲ့ အဆိုးရွားဆုံးအချက်ကတော့ ကူးစက်ပျံ့နှံ့မှု အလွန်မြန်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုးကပ်နေနိုင်ခြေရှိသူတွေကို Quarantine ထားရတာပါ။ အခြားသူတွေနဲ့ မထိတွေ့ရအောင်၊ အခြားသူများ မကူးစက်သွားရ အောင်ပါ။ COVID-19 က ပြည်ပက
စဝင်လာတယ်ဆိုပေမယ့် ပြည်တွင်းရောက်တော့ အချင်း ချင်းထိတွေ့မှုကနေ အများကြီး အမြန်ကြီး ပြန့်သွားနိုင် ပါတယ်။ အထိရောက်ဆုံး အကာအကွယ်၊ အထိန်းအချုပ် ကတော့ ထိတွေ့မှုတွေ ရှောင်ဖို့ပါပဲ။ ဒါကြောင့် အများနဲ့ အနီးကပ်ဖြစ်ရမယ့်နေရာတွေကို မသွားပါနဲ့၊ အိမ်ပြင်မှာ ဖြစ်ဖြစ်၊ အိမ်တွင်းမှာဖြစ်ဖြစ် လူစုလူဝေးရှောင်ပါ။ ဆွေမျိုး မိတ်ဆွေတွေစုပြီး အိမ်ထဲမှာဆုံကြ၊ နီးနီးကပ်ကပ်နေကြ တာဟာ အပြင်ထွက်ပြီး လူအုပ်ထဲတိုးတာလိုပဲ အန္တရာယ်ရှိ ပါတယ်။ ဒီအချိန်မှာ “ဝေးလေ ကောင်းလေ” ဆိုတဲ့အသိနဲ့ ကိုယ့်ကျန်းမာရေးနဲ့ အများကျန်းမာရေးကို ဂရုစိုက် ကာကွယ်ပေးကြပါ။ တတ်နိုင်သမျှ ကိုယ့်အိမ်မှာပဲနေကြပါ။ အိမ်နေရာထိုင်ခင်းမကျယ်တဲ့ မိသားစုတွေအတွက် အခက် အခဲရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အချိန်ကာလ အတိုင်းအတာတစ်ခုအထိကို ကျွန်မတို့ ပြည်သူတွေအားလုံး စိတ်ကိုတင်းပြီး အခက်အခဲတွေကို သည်းခံကြ၊ တစ်ဦးချင်း တစ်ဦးချင်း တာဝန်သိစိတ်အပြည့်နဲ့ COVID–19 မပြန့်ပွား ရေးအတွက် ဆောင်ရွက်ပေးကြမယ်ဆိုရင် ဒီစိန်ခေါ်မှုကြီး ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ Quarantine ၁၄ ရက် နေရပေမယ့် ပြည်သူတွေက ဒီအချိန်လေးကို အများအပေါ် စေတနာစိတ်နဲ့ သည်းခံကျော်ဖြတ်ပေးပါ။ Quarantine လုပ်ခံရတဲ့သူတွေဟာ ရောဂါကူးစက်နိုင်တဲ့ အနေအထား ရှိသူတွေဖြစ်ပါတယ်။ ဒီတော့ Quarantine မှာနေပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ခံရတာဟာ ကိုယ့် အတွက်လည်း အကျိုးများပါတယ်။ ရောဂါလက္ခဏာလေး ပေါ်လာတာနဲ့ ဆေးကုသမှုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောသိရလို့ ကုသမှုအောင်မြင်ကိန်း မြင့်မားလာပါ တယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ပါပဲ။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ကပ်ရောဂါ ကြီး (Big Outbreak) ဖြစ်နိုင်တဲ့ ကြေညာချက်ထုတ်ပြန်ပြီး တဲ့နောက်ပိုင်း ပြည်သူများအကြားမှာ Lock Down လုံး၀ ပိတ်လှောင်မှု မလုပ်သေးဘူးလား တိုက်တွန်းနေသူများလည်း ရှိကြပါတယ်။ ဒီလိုတိုက်တွန်းချက်တွေကြောင့် ဘယ်တော့ Lock Down လုပ်မလဲဆိုပြီး စိုးရိမ်နေတာတွေလည်း ရှိကြ ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအကျိုးလိုအပ်ရင် အချို့ သောနေရာတွေမှာ အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သို့ ကန့်သတ်မှုများကို ဆောင်ရွက်ကောင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရန်ရှိရင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး စတာ တွေ မပြတ်လပ်စေရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို စနစ် တကျဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယသမ္မတ(၁) ဦးစီးတဲ့ ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ Community Quarantine ဆောင်ရွက်ရန်ရှိရင်လည်း စောနိုင်သမျှ စောစောကြိုတင်ပြီးတော့ အသိပေးပါမယ်။ ပြည်သူများက နားလည်မှုရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်။

COVID -19 နဲ့ပတ်သက်တဲ့ စီးပွားရေးအကျိုးဆက်တွေ ကို တွက်ချက်ပြီး ပြည်သူများ ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်စေဖို့ နိုင်ငံတော်အစိုးရက အစီအစဉ်တွေ ချမှတ် ထားပါတယ်။ အလိုအပ်ဆုံးလုပ်ငန်းတွေအတွက် ချေးငွေ ပေးခြင်းတွေ စနေပါပြီ။ အလုပ်သမားတွေကို လုပ်ခပေးနိုင် ဖို့၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ဖြစ်ပါတယ်။ COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အချိန်ပြည့် အခြေအနေ တွေကိုလေ့လာပြီး သင့်တော်တဲ့ အစီအစဉ်တွေချမှတ် အကောင်အထည်ဖော်နေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အစဉ်တစိုက် နားထောင်လိုက်နာကြဖို့ လိုပါတယ်။ ကျွန်မ တို့အားလုံး တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကိုယ့် ကျန်းမာရေး၊ အခြားသူများ ကျန်းမာရေးနှစ်မျိုးလုံးအတွက် တာဝန်သိစိတ်အပြည့်အဝနဲ့ တညီတညွတ်တည်း ကြိုးစားကြပါ၊ ညီညွတ်ခြင်းဟာ အင်အား၊ ပြည်သူတွေဟာ အဓိက၊ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ လုပ်သင့်လုပ်ထိုက် တာအားလုံးကိုလုပ်မယ်ဆိုရင် ကျွန်မတို့အတွက် အောင်မြင် ခြင်းတရားပါပဲ။

လက်ရှိအချိန် ကမ္ဘာ့နိုင်ငံအသီးသီးမှာ COVID-19 ကူးစက်ပြန့်ပွားမှုကို အပြင်းအထန် ရုန်းကန်ရင်ဆိုင်ရတဲ့ အချိန်ဖြစ်တဲ့အားလျော်စွာ မြန်မာနိုင်ငံဟာလည်း အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလိုကြိုးပမ်းရာမှာ ပြည်သူများ မိမိတို့အသိစိတ်ဓာတ်နဲ့ ကျရာကဏ္ဍ၊ နိုင်ရာ နယ်ပယ်အသီးသီးက ပံ့ပိုးကူညီဆောင်ရွက်နေမှုများကို အားရကျေနပ်ဖွယ်ရာ တွေ့မြင်ရပါတယ်။ ကျွန်မတို့တစ်‌တွေ ရဲ့ စုပေါင်းအင်အားနဲ့ အတူတကွ ရင်ဆိုင်ကြမယ်ဆိုရင် ကပ်ရောဂါဘေးကို တည်ငြိမ်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်မယ် လို့လည်း အပြည့်အဝယုံကြည်ပါတယ်။

လက်ရှိအချိန်မှာ မပြည့်စုံတဲ့ကြားက စိတ်ဓာတ်မြင့်မြင့် မားမားနဲ့ ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာ‌ရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ၎င်းတို့ဟာ ပြည်သူများအတွက် တိုက်ပွဲ ဝင်နေတဲ့ သူရဲကောင်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနဲ့ အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ နောက်ပြီး တော့ ဝိုင်းဝန်းကူညီပေးနေတဲ့ ပြည်သူတွေအားလုံးကို နိုင်ငံ တော်ရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားလိုပါ တယ်။

ကျွန်မတို့ ပြည်ထောင်စုမြန်မာနိုင်ငံကို မှီတင်းနေထိုင် သူများအားလုံး ကျန်းမာကြပါစေ။ ဘေးအန္တရာယ်အမျိုးမျိုး က ကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။


No comments:

Post a Comment