Wednesday, April 1, 2020

ကိုဗစ်- ၁၉ အသိပညာပေး စကားဝိုင်း



စာဖတ်တာကို များစေချင်တယ်။ စာများများဖတ်တဲ့အခါကျရင် စဉ်းစားဆင်ခြင်ဉာဏ်ကလည်း ပိုပိုပြီးတော့ များသွားမယ်။
အတန်းပညာတတ်ခြင်း၊ မတတ်ခြင်းထက် စာများများဖတ်ရင် ဗဟုသုတရှိမယ်

ဂျူး

ကိုဗစ်- ၁၉ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဒေါက်တာခင်မောင်လွင်

မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ နဲ့ ပတ်သက်လို့ လူတွေရဲ့ စိုးရိမ်စိတ်ပေါ်မှာ မူတည်ပြီး သတင်းတွေ အမျိုးမျိုးထွက်ပါတယ်။ ဒီသတင်း တွေမှာ သတင်းအမှန်ဖြန့်ချိရေးက ပို၍ အရေးကြီးပါတယ်။ ဒါကိုလည်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က တိုက်တွန်းအားပေးပါတယ်။ ပြည်သူတွေအနေနဲ့ သတင်းအမှန်ရရှိဖို့ လိုအပ် သလို တစ်ဖက်ကလည်း သတင်းအမှားတွေ ကြောင့် လူတွေရဲ့ စိုးရိမ်သောကဖြစ်မှုတွေကို လည်း ချေဖျက်ဖို့ လိုနေပါတယ်။ ပထမဦးဆုံး အနေနဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကနေပြီး ထုတ်ထားတဲ့ အချက်အလက် တွေထဲမှာ သတင်းမှားမဖြစ်စေရေး၊ သတင်းမှန် ဖြန့်ချိရေးအတွက် ဘယ်လိုပုံစံတွေနဲ့ လုပ်နေသလဲဆိုတာ ဆရာသန်းနိုင်စိုး နည်းနည်းပြောပြပေးပါဦး။

ဒေါက်တာသန်းနိုင်စိုး

ကိုဗစ်- ၁၉ စတင်တဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခု ကတော့ ဒီသတင်းအမှားတွေပါပဲ။ ကျွန်တော် တို့အနေနဲ့ ဒီ Right Information ကို Right Time ပေါ့ ၊ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်နိုင်ဖို့ ပေါ့။ ဒါတွေ ကျွန်တော်တို့က အစကတည်းက ကျွန်တော်တွေ့တာ Risk Communication လို့ခေါ်ပါတယ်။ ဒါ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင် နေရတယ်။ ဒါ ကျွန်တော်တို့အတွက်လည်း ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က Communicate လုပ်ရတာ ခက်ခဲပါတယ်။ ပုံမှန်ကျန်းမာရေးပညာ အသိပေး၊ သတိပေးတာတွေနဲ့ မတူဘူး။ တစ်ဖက်ကလည်း အပူကလည်း ရှိနေတယ်။ အဲဒီအချိန်မှာ နည်းနည်းဖြစ်တဲ့ဟာကို များများ ပြောသလို များများဖြစ်တဲ့ဟာကို နည်းနည်း ပြောပြီးတော့ ပြည်သူတွေကို လမ်းကြောင်း မှားအောင် လုပ်နေတဲ့ဟာတွေလည်း သတင်း တွေ အထူးသဖြင့် ဖေ့စ်ဘွတ်ပါ။ ကျွန်တော်တို့ လူမှုမီဒီယာက အင်မတန်မှ ထိန်းချုပ်ရခက်ပါ တယ်။ ဒီဟာကို ကျွန်တော်တို့က သိတဲ့အတွက် ကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာနကနေပြီး တော့ အချိန်မီသတင်းတွေကို ကျွန်တော်တို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တောက်လျှောက် လွှင့်တင်တယ်။ ပုံမှန်အတိုင်းဆို ည ၈ နာရီ တစ်ခေါက်၊ ည ၈ နာရီ ၁၅ မိနစ် တစ်ခေါက် လွှင့်တင်သလို ည ၁၀ နာရီမှာလည်း လွှင့်တင် ပါတယ်။
ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ဒီ Rumor Surveillance ဆိုပြီး ဒီ IT ကျွမ်းကျင်တဲ့ ဆရာဝန် တွေရယ်၊ နောက် IT ပညာရှင်တွေရယ် ပေါင်းပြီးတော့ ကျွန်တော်တို့အဖွဲ့လေး တစ်ခု ဖွဲ့ထားပါတယ်။ ဒီအဖွဲ့က တစ်ချိန်လုံး ဖေ့စ်ဘွတ်နဲ့ မီဒီယာမှာ ဘာတွေတက်သလဲ ဆိုတာ ကြည့်တယ်၊ တက်တာနဲ့အမျှ အချိန်နဲ့ တစ်ပြေးညီ ရှင်းလင်းပေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ Facebook Team နဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ညှိနှိုင်း ထားတာရှိပါတယ်။ ဖေ့စ်ဘွတ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ဆိုပြီးတော့ မြန်မာလို ရိုက်ကြည့်လိုက် ရင်လည်း အရင်ဆုံး Go to ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဆိုတဲ့ Facebook Page တက်ပါတယ်။ English လို ရိုက်လိုက်ရင်လည်း မြန်မာပြည်ဧရိယာထဲကနေပြီးတော့ ရိုက်လိုက် တာနဲ့ Facebook Team က Customize လုပ်ပေးထားပါတယ်။

နောက်တစ်ခုကတော့ ဒီပူပန်ကြောင့်ကြ မှုတွေဖြစ်လာရင် ဆက်သွယ်နိုင်မယ့် Hotline ထားပေးထားပါတယ်။ ကြေလည်း ကြေညာ ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် Airport Health အနေနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊ ဗဟို အနေနဲ့ ဆက်သွယ်နိုင်မယ့် 24/7 ဖုန်းနံပါတ် တွေ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေပြီးတော့ ပြောရေးဆိုခွင့်ရှိသူတွေ ရှိပါတယ်။ ဒေါက်တာဒေါ်ခင်ခင်ကြီးဆိုတာ အားလုံးလည်း သိကြမယ်ထင်ပါတယ်။ သူက တစ်ချိန်လုံး Media တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားပေး နေတယ်။ သူ့ Facebook Wall ပေါ်မှာလည်း တင်ပါတယ်။

သူက ကျွန်တော်တို့ ဝန်ကြီးဌာနက တင်ပြီးမှ တင်ပါတယ်။ Share လုပ်ပေးပါ တယ်။ ဒါတွေကတော့ ကျွန်တော်တို့ Risk Communication အပိုင်းနဲ့ပတ်သက်ပြီး ဆောင်ရွက်တာပါ။ နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်ကပဲ ကျွန်တော်တို့ Media Advocacy ပါ။ ဘာလို့လဲဆိုတော့ တချို့ Media ကြီးတွေကလည်း Source ကို သေချာမလိုက်မိဘဲနဲ့ ပြန် Share မိတဲ့ အပိုင်း တွေရှိတယ်။ အဲဒါကို ကျွန်တော်တို့ သေချာ လုပ်တဲ့အခါကျတော့ တကယ့် Media ကြီးတွေ ကိုယ်တိုင်က ကျွန်တော်တို့ Website က Source တွေကို ကြည့်ပြီးတော့ ပြန် Share လုပ်တဲ့အပိုင်းလည်း ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ သတင်းမီဒီယာကောင်စီ ကလည်း ဆရာကြီးပါမောက္ခ ဒေါက်တာ မြင့်မောင်မောင်တို့အဖွဲ့တွေ တက်ပါတယ်။ တက်ပြီး နားထောင်ပြီးတဲ့အခါကျတော့ လိုအပ်ရင် ဒီသတင်းတုတွေ၊ သတင်းမှား ဖြန့်တဲ့ဟာတွေ ကျွန်တော်တို့ မီဒီယာကောင်စီ ဥပဒေအရ အရေးယူနိုင်မယ့်အပိုင်းကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ထားရှိပါတယ်။

ဒေါက်တာခင်မောင်လွင်

ဒါတွေကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်နှိုက်က ခံနေရတဲ့ အပိုင်းတွေလည်း ရှိတာပေါ့။ မြန်မာပြည်တင် မကပါဘူး၊ တစ်ကမ္ဘာလုံးမှာလည်း လုပ်ကြံ ဖန်တီးထားတဲ့ သတင်းတွေကို Infodemic လို့ ပြောကြပါတယ်။ သတင်းကနေပြီး ရောဂါပြန့် နေတယ်။ သတင်းရောဂါက ရောဂါပိုးထက် ပိုဆိုးနေတယ်ဆိုတဲ့ အနေအထားမျိုး ထိရောက်မှုတွေရှိနေတယ်။

အခုဆိုရင် ပါနေတဲ့သတင်းတွေအကုန် လုံးက ပြည်သူလူထုတွေ အမှန်၊ အမှား မဝေခွဲ နိုင်တဲ့ ပြဿနာက အဓိကဖြစ်နေတယ်။ ဒီလို အမှန်၊ အမှားကို ဝေခွဲနိုင်အောင် ဘယ်လိုလုပ် သင့်သလဲ။ ပြည်သူတွေအနေနဲ့ပေါ့လေ၊ ဘယ်လိုအဆင့်မျိုးဖြစ်အောင် ကိုယ့်ကိုယ် ကိုယ် ကြိုးစားသင့်သလဲ။ ဒါလေးလည်း ဆွေးနွေးစေချင်ပါတယ်။

ဂျူး

အမှန်၊ အမှားသိဖို့ဆိုတာတော့ ပြည်သူ တွေပေါ့။ အဓိကက အခုလောလောဆယ် ကျွန်မတို့က မှားတာတွေ တွေ့နေရတာက Social Media မှာ မှားတာတွေ့နေရတယ်။ ဥပမာ- ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာ မှားတာမရှိဘူး။ မရှိသလောက်ပါပဲ။ အလွန်ဆုံးမှားရင် သတ်ပုံအမှားလောက်ပါပဲ။ အထားအသိုမှားမယ်။ အဲဒီလောက်ပဲ။ Social Media ကျတော့ Editor လည်းမရှိဘူး။ မရှိတော့ သူတို့တင်ချင်သလို တင်တယ်။ အများစုက သူတို့ သတင်းတစ်ခုကြားပြီဆို ဦးချင်တာ။ ဦးချင်တဲ့အတွက် အများအားဖြင့် မျှဝေကြတာပေါ့။ အဲဒီမျှဝေတဲ့ နေရာမှာ ကျွန်မ ဖြစ်စေချင်တာက ဟုတ်လား၊ မဟုတ် ဘူးလားဆိုတာသိအောင် အရင်စူးစမ်းလေ့လာ သင့်တယ်လို့ ထင်တယ်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုကိုကြားလို့ မျှဝေတော့မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ Facebook Page ကို ကျွန်မတို့ သွားကြည့်ပြီး ကျန်းမာရေးဌာနက ပြောတဲ့ဟာနဲ့ အဲဒီကနေ ပြောတဲ့ဟာနဲ့ ဟုတ်သလားပေါ့။ ကျွန်မဆိုရင် တချို့သောကိစ္စတွေကို အများအားဖြင့် မမျှဝေ တတ်ပါဘူး။ တစ်ခုခုသိချင်တယ်ဆိုရင် Google မှာ ကျွန်မ အရင်သွားရှာကြည့်လိုက်ပါတယ်။ Google ရဲ့ စိတ်ချရသော သတင်းဌာနတွေပေါ့။ စိတ်ကိုမလောဖို့ အရေးကြီးတယ်။ ကျွန်မက တော့ ဖြစ်စေချင်တာက သတင်းအမှားတွေကို Share မိရင် ပြန်ဖြုတ်ရတယ်။ ဖြုတ်လိုက်တာ တော့ ဟုတ်တယ်။ မှန်တယ်။ ဒါပေမယ့် တချို့ ကတော့ Screenshots ရိုက်ထားလိုက်တယ်။ ဒါမှမဟုတ်ရင် ကိုယ်က One Click နဲ့ Share လို့ရှိရင် Share ပြီးတဲ့နောက်မှာ ကိုယ့်လိုပဲ Share ပြီးတဲ့သူတွေ အများကြီးက လိုက်ဖြုတ် ချင်မှ ဖြုတ်တော့မှာပေါ့။ ကိုယ်ဖြုတ်သည် ဖြစ်စေ စိတ်မလောဖို့ ကျွန်မကတော့အားလုံးကို ပြောချင်တယ်။ စဉ်းစဉ်းစားစားလည်း လုပ်ပေါ့နော်။ စဉ်းစားဆင်ခြင်ရမယ်။ ပညာ သုံးရမှာပေါ့။

အဲဒီလို ပညာသုံးဖို့လိုရင်လည်း ကျွန်မ တော့ စာရေးဆရာဖြစ်နေလို့လား မသိဘူး။ စာဖတ်တာကို များစေချင်တယ်။ စာများများ ဖတ်တဲ့အခါကျရင် စဉ်းစားဆင်ခြင်ဉာဏ်က လည်း ပိုပိုပြီးတော့ များသွားမယ်။ အတန်း ပညာတတ်ခြင်း၊ မတတ်ခြင်းထက် စာများများ ဖတ်ရင် ဗဟုသုတရှိမယ်။ ရသစာပေ၊ သုတ စာပေ အကုန်လုံးဖတ်ထားတယ်ဆိုရင် စဉ်းစား တဲ့စိတ်က ဝင်သွားမယ်လို့ ကျွန်မထင်တယ်။ စဉ်းစားပြီးကာမှ လုပ်သင့်လား၊ မလုပ်သင့်ဘူး လား။ ဒီ One Click လေးနှိပ်ဖို့အတွက်ကို ကြိုတင်စဉ်းစားပြီးမှ လုပ်သင့်တယ်လို့ ကျွန်မ ထင်တယ်။ အဲဒါလေးကိုတော့ ပြောချင်ပါ တယ်။

ဒေါက်တာခင်မောင်လွင်

လူတွေဟာ သတင်းအမှန်ရဖို့အတွက် ကိုယ့်ဘက်က ဘယ်လိုများ တာဝန်ယူမလဲ။ ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်အနေနဲ့ ဘယ်လိုစဉ်းစားလဲ။

စိုင်းစိုင်းခမ်းလှိုင်

ကျွန်တော်ကတော့ အဓိကက ဒီသတင်း အရင်းအမြစ်ကို အရင်လိုက်ရှာပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီသတင်းတွေကို ပုံမှန်အားဖြင့်တော့ Share လေ့မရှိပါဘူး။ ကျွန်တော်က ဒါ အနုပညာလုပ်တာဖြစ်တဲ့ အတွက် ကျွန်တော့်ရဲ့ အနုပညာကိစ္စတွေရယ်၊ ပြီးတော့ ကျွန်တော့် Personal Facebook Account လည်းရှိတဲ့အတွက် Personal အကြောင်းအရာတွေကို Personal Account မှာ ကျွန်တော်ရေးတယ်။ တင်တယ်။ ကျွန်တော် ကဗျာတွေ၊ စာတွေရေးတယ်။ ကျွန်တော့်ရဲ့ Page မှာတော့ များသောအားဖြင့် အနုပညာ ကိစ္စတွေ၊ ကျွန်တော့်ရဲ့ လုပ်ငန်းတွေပဲ ကျွန်တော်က တင်ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးသတင်းတွေတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေကို အမြန်သိစေချင်တဲ့အခါမျိုး ကြရင် ကျွန်တော် Share လေ့ရှိပါတယ်။

ဥပမာ - မီးလောင်တဲ့ သတင်းလိုမျိုး၊ ဆိုပါတော့ ခုလောလောဆယ် အခု ကပ်ရောဂါ သတင်းဆိုရင်တော့ တော်တော်လေးကို ကျွန်တော် Share ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေထဲမှာ လူငယ်တွေရော၊ ကလေး တွေရောပါတဲ့အတွက် သတင်းတွေကို သိစေ ချင်တယ်။ မျှဝေချင်တယ်။ အဓိကကတော့ သတင်းအရင်းအမြစ်ကို ဘယ်ကတင်ထားတဲ့ သတင်းလဲ၊ ဘယ်သူရေးတဲ့သတင်းလဲဆိုတာ ကျွန်တော်ရှာပါတယ်။ အခု လောလောဆယ်မှာ တော့ ဒီရက်ပိုင်းမှာ ကျွန်တော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ကိုပဲ ကျွန်တော် အဓိကအားကိုးပြီးတော့ ဒီ Page ကိုပဲ ကျွန်တော်မျှဝေနေပါတယ်ဆရာ။

ဒေါက်တာခင်မောင်လွင်

အဆိုတော်ဖြိုးပြည့်စုံအနေနဲ့ လရိပ် ဆိုတဲ့ သီချင်းလိုပဲ Heart ထိအောင် ဒီ ကိုဗစ်- ၁၉ နဲ့ပတ်သက်ပြီးတော့ ဘယ်လိုများ ပရိသတ်ကို ခံစားအောင်လုပ်မယ်လို့ စိတ်ကူး ထားသလဲ။

ဖြိုးပြည့်စုံ

ကိုဗစ်- ၁၉ ကတော့ Heart ထိတာမျိုး မဟုတ်တော့ဘဲနဲ့ ဘယ်လိုပြောမလဲ Burst ပေါ့နော်။ ပေါက်ကွဲတာမျိုး၊ တုန်လှုပ်စေတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့။ လူတွေက ကိုဗစ်- ၁၉ လို့ ပြောလိုက်ရင်ကို သာသာ ယာယာလေး အေးအေးဆေးဆေး ခံစားရတာ မျိုးမဟုတ်တော့ဘဲနဲ့ Alarming နဲ့သွားရမယ့် Procedures မျိုးဖြစ်နေတာပေါ့။ ကျွန်တော့် အနေနဲ့ကတော့ ခုန ဆရာတို့ဆွေးနွေးသွား သလိုပဲ အဓိက Click တစ်ချက်ကတော့ အရေးကြီးတယ်။ အဓိက ကျွန်တော်တို့က Social Media ခေတ်ဖြစ်နေတဲ့အတွက် ဒီ Click တစ်ချက်ကို ရောက်သွားမယ့်သက်ရောက်မှုက အရေးကြီးပါတယ်။ အဲဒီမှာမှ Click လုပ်တဲ့ ပုဂ္ဂိုလ်ရဲ့ အရှိန်အဝါပေါ့။ ကိုစိုင်းတို့လို Follower များတဲ့သူတွေ တကယ့် Artists ထဲမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကကျတော့ မှန်ကန် တဲ့ သတင်းကို မှန်ကန်တဲ့ Source ကနေ Share လို့ သူ့နောက်ကနေ စံပြပုဂ္ဂိုလ်အနေနဲ့ သတ်မှတ် ထားလို့ အတုယူပြီး လိုက်လုပ်မယ့်လူတွေ အတွက် အများကြီး Information Courage ဖြစ်စေပါတယ်။


ဆိုတော့ ကျွန်တော့်အနေနဲ့လည်း ကျောင်းတက်တုန်းက ကျန်းမာရေးအသိပညာ ရခဲ့တာရယ်၊ ခုဆက်ပြီးတော့ Career အနေနဲ့ လုပ်နေတာကတော့ သီချင်းဆိုတာပေါ့နော်။ ဒါပေမယ့် ခေါင်းထဲမှာရှိပြီးသား ဗိုင်းရပ်စ် တွေရဲ့သဘောသဘာဝနဲ့ နောက်တစ်ခါ ကျတော့ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်တဲ့ Procedures တွေကို ကျွန်တော်ကိုယ်တိုင်လည်း ပြန်ပြီးတော့ နွှေးတာပေါ့နော်။ ဒီ ကိုဗစ်- ၁၉ ကတော့ ပထမ ဦးဆုံးအနေနဲ့ ရှေ့က ကိုရိုနာ တွေနဲ့မတူဘဲ အသစ်ဖြစ်လာတဲ့ဟာမျိုးဆိုတော့ ဒီရောဂါကို ဘယ်လိုထိန်းချုပ်ရမလဲ၊ အတတ်နိုင်ဆုံး ကျွန်တော့်ရဲ့ ပတ်ဝန်းကျင် အများကြီးကို မမျှဝေနိုင်ရင်တောင် နီးစပ်ရာ မိသားစုနဲ့ ကျွန်တော့်ရဲ့ အသိုင်းအဝိုင်း ပုဂ္ဂိုလ်၊ ချစ်ရတဲ့ မိတ်ဆွေတွေကိုတော့ ကျွန်တော် တတ်နိုင် သလောက် ပြောပါတယ်။

မှန်ကန်တဲ့သတင်းဌာနကို ကြည့်ရှုလေ့လာ ပြီးတော့ ကိုယ်သိတာကို မှန်ကန်တဲ့ အထောက် အထား ခိုင်ခိုင်လုံလုံနဲ့ အများကို ပြန်လည် မျှဝေပေးဖို့ ကျွန်တော်မျှဝေပါတယ်။ ဒီနည်း ကတော့ ဒါ လရိပ်လို ဘယ်လိုပြောမလဲ၊ Heart ထိစေတဲ့ Procedures မျိုး မဟုတ်ပေမယ့်လည်း ကောင်းတဲ့ အလေ့အထလေးတစ်ခုအနေနဲ့ အားလုံးအပေါ်မှာ ကျွန်တော်တို့ကို စံပြအနေနဲ့ သဘောထားပြီး မျှဝေပေးမယ်ဆိုရင်တော့ တစ်ဆင့်စကားတစ်ဆင့်နဲ့တော့ များများ ရောက်သွားမယ်လို့ ထင်ပါတယ်ခင်ဗျာ။

ဒေါက်တာခင်မောင်လွင်

အကယ်၍များ ကိုဖြိုးပြည့်စုံက ပေါက်ကွဲ သံစဉ်နဲ့ စပ်ရမယ်ဆိုရင် ဘယ်လိုမျိုးစပ်မလဲ။ ဘယ်လို သတင်းစကားထည့်မလဲ။

ဖြိုးပြည့်စုံ

ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့် ဘဝမှာ သာယာငြိမ့်ညောင်းပြီး အများ အားဖြင့် အလွမ်းအဆွေးသီချင်းနဲ့ ခွာပြဲတာ တွေ များတာပေါ့။ အဲဒီတော့ ကျွန်တော် မတတ်နိုင်ရင်တော့ တကယ် ထိထိရောက် ရောက် ပေါက်ကွဲနိုင်တဲ့ လူတွေကိုတော့ ကျွန်တော် လွှဲပြောင်းရမှာပေါ့။ သူတို့ အိုင်ဒီယာ တွေယူရမှာပေါ့။ အဓိကကတော့ အဘက်ဘက် မှာ ဒီ သတင်းမှန်တွေရဖို့ အရေးကြီးသလို လူတွေက တစ်ခုခုဆိုလို့ရှိရင် မှန်ကန်တဲ့ စဉ်းစားဆုံးဖြတ်ဖို့ အချိန်ယူဖို့ လိုပါတယ်။ ဝုန်းဒိုင်းဆိုပြီး ဆုံးဖြတ်တာဟာ များသောအား ဖြင့် မှန်တဲ့ရာခိုင်နှုန်းထက် မှားတဲ့ရာခိုင်နှုန်း ပိုများနိုင်တယ်ဆိုတဲ့ အသိလေးရယ် အချိန် တစ်ခု ယူပြီးတော့မှ ကိုယ့်ကိုထောက်ခံပေးမယ့်၊ ဒီသတင်းကို ထောက်ခံပေးမယ့် အဖြေတစ်ခု အတွက် ကျွန်တော်တို့ အချိန်တစ်ခုယူဖို့လိုမယ်။

လူတွေအတွေးမှာ Ventilator ကို ရောဂါဖြစ်ခဲ့ရင် ငါ့အတွက် ရှူစရာရှိပါ့မလား ဆိုတဲ့စိတ် ဖြစ်တာပေါ့။ ဒါပေမယ့် Ventilator လောက်ထိ မပူဘဲနဲ့ အရင်ဆုံး N95 Mask တွေ၊ PPE ဝတ်စုံတွေ လုံလုံလောက်လောက် ရှိရဲ့လား။ ဒီအပေါ်မှာ ကျွန်တော်တို့ အရင် အာရုံထားဖို့ လိုတာပေါ့။ False Message တွေနဲ့ Ventilator အထိ Skip ဖြစ်သွားတော့ ရှေ့ပိုင်း မှာ လိုအပ်ချက်တွေရှိတဲ့အခါကျတော့ အလှူရှင်တွေကလည်း လှူမယ်။ ဘာလှူမလဲ ဆိုတော့ Ventilator လှူမယ်ဆိုတာမျိုးတွေ ဖြစ်နေတော့ ဒီ Information ကလည်း ဥပမာ ထိရောက်တဲ့ လှူဒါန်းမှုမျိုးကမှ ထိရောက်တဲ့ ကုသမှုမျိုးအထိ သွားနိုင်တာပေါ့။ ဒါမျိုးလေး တွေအတွက်တော့ ကိုယ်ကိုယ်တိုင်လည်း မျှဝေပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ ပေါက်ကွဲသံစဉ်လောက်တော့ မရောက်ဘူး ပေါ့။

ဒေါက်တာခင်မောင်လွင်

ကျန်းမာရေးကနေပြီးတော့ ကျော်လွန် ထွက်နေတဲ့ လူမှုရေး၊ စီးပွားရေး နယ်ပယ် တွေမှာ ခံစားနေရတဲ့သူတွေ အများကြီးရှိပါ တယ်။ လောလောဆယ် ရပ်ဆိုင်းသွားတဲ့ ဘဝရပ်တည်မှုတွေလည်း ရှိနေတယ်။ ဒီဟာ အပေါ်မှာ ကျွန်တော်တို့ ဘယ်လိုဝိုင်းပြီးတော့ အားဖြည့်ကြရင် ကောင်းမလဲ။ ဆရာမကနေ စပြီးတော့ နည်းနည်းလောက် စဉ်းစားပေးပါ ဦး။

ဂျူး

ပြည်သူဆီကို မှန်ကန်တဲ့သတင်း ရောက်ဖို့အတွက်ကို တာဝန်ရှိတာပဲလေ။ အဲဒီ လိုပဲ စီမံ/ဘဏ္ဍာအနေနဲ့ကလည်း ထုတ်သုံးဖို့ လိုမယ့် ဘတ်ဂျက်ကို ထုတ်ပြီးတော့ သုံးရမှာပဲ။ ဘယ်ဟာက အရေးပေါ်လဲ၊ ဘယ်ဟာက အရေးပေါ် မဟုတ်ဘူးလဲဆိုတာ ဆုံးဖြတ်ရမယ့် တာဝန်လည်း ရှိတယ်။ ကျွန်မတို့ ပြည်သူလူထု အနေနဲ့ မျှော်လင့်တာကတော့ လူစုလူဝေးတွေ ဆီကို မသွားဖို့၊ လူစုလူဝေးမှာ ဘာသာတရား နဲ့ပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးနဲ့ပဲဖြစ်ဖြစ် ဘယ်လို နည်းမျိုးနဲ့မှ လူစုလူဝေးဆီကို မသွားဖို့ပေါ့။ မြန်မာ့အသံရှိမယ်။ ရုပ်မြင်သံကြားရှိမယ် ပေါ့နော်။ အဲဒီကနေ ကျွန်မတို့ ဘယ်လောက် အထိ ပေးလို့ရမလဲ။ ဒါ Information တစ်ခုပဲ ရှိသေးတယ်။ နောက် အခုရပ်သွားတဲ့ အထည်ချုပ်စက်ရုံတွေ၊ အဲဒီမှာ ရှိနေတဲ့သူတွေ၊ အဲဒီမှာ အလုပ်လုပ်နေတဲ့သူတွေ၊ ရွာကို ပြန်ရတော့မယ့်သူတွေပေါ့။ အဲဒီလူတွေ အတွက်ကရော တစ်နေ့လုပ်မှ တစ်နေ့စား ရတာမျိုးတွေဆိုရင် အခု အဲဒီလိုမျိုးတွေ မလုပ်နိုင်တော့တဲ့အတွက် တစ်လကြိုပြီးတော့ လစာပေးတာတို့၊ ဒါမှ မဟုတ်ရင် နှစ်လစာ၊ သုံးလစာ ကြိုပေးတာတို့ အဲဒီအတွက်ကို အလုပ်ရုံက သူတို့ကို ဘာတွေတာဝန်ယူ ပေးသလဲပေါ့။ အဲဒါတွေ အကုန်လုံးမှာ လိုက်ပြီးတော့ ဆက်စပ်ပြီးတော့ ဒါစီးပွားရေး အကျိုးသက်ရောက်မှု ဖြစ်သွားပြီ။ အဲဒီလို လိုက်လုပ်ဖို့က ဝန်ကြီးဌာနတွေ အများကြီး လည်း လိုအပ်မယ်လို့ ထင်တယ်။

ပြောရမယ်ဆိုရင် ကျွန်မတို့အားလုံးက ဒါတွေနဲ့ပတ်သက်ပြီး အဘက်ဘက်ကနေ ပြီးတော့ ပြည်သူလူထုကို စိတ်ငြိမ်သက်အောင် ရယ်၊ စီးပွားရေးလည်း လုံခြုံမှုရှိအောင်ရယ်၊ ကျန်းမာရေးလည်း လုံခြုံမှုရှိအောင်၊ လူမှုရေး လည်း လုံခြုံမှုရှိအောင် အားလုံးလုပ်ပေးဖို့ လိုတယ်။ ကျွန်မတို့လည်း တတ်နိုင်သမျှ ဝန်းရံဖို့အတွက် စိတ်ထဲမှာ တာဝန်မကင်းသလို ခံစားရပါတယ် ဆရာ။
(ဆက်လက်ဖော်ပြပါမည်)

မှတ်တမ်း-အောင်ကျော်ထက် (ပြန်/ဆက်)

ဓာတ်ပုံ- ရဲသူရအောင် (ပြန်/ဆက်)


No comments:

Post a Comment