Wednesday, April 1, 2020

ထိခိုက်မှုနည်းအောင် အသိတရားဖြင့်ပါဝင်ကူညီ



အယ်ဒီတာ့အာဘော်
================


မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကိုဗစ်- ၁၉ ရောဂါတွေ့ရှိသူ ၁၅ ဦးရှိပြီ ဖြစ်သည်။ ယင်းတို့အနက် ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လာခဲ့သည့် မြန်မာနိုင်ငံသား တစ်ဦးသည် မတ်လ ၂၉ ရက်နေ့ ဓာတ်ခွဲနမူနာအဖြေအရ ကိုဗစ်- ၁၉ ရောဂါ ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

မြဝတီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သူများ သည် လက်ရှိတွင် လူဦးရေ နှစ်သောင်းကျော်ရှိနေပြီး နောက်ထပ်လည်း ထပ်မံဝင်ရောက်လာရန် ရှိနေသည်။ အဆိုပါအခြေအနေအရ နယ်စပ်ဂိတ် များမှ အစုလိုက်အပြုံလိုက် ပြန်လည်ဝင်ရောက်လာသူအချင်းချင်းကြား တွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါ ကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီးဖြစ်ပွားရန် အလားအလာ အလွန် များ နေသည့်သဘောဖြစ်လာသည်။

အစောပိုင်းက မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို ၁၄ ရက် စောင့်ကြည့်စစ်ဆေးရန် အခက်အခဲအမျိုးမျိုး ရှိသောကြောင့် ၎င်းတို့နေရပ်ဒေသများတွင်သာ အသွားအလာကန့်သတ် ထားရှိပြီး မြို့နယ်အလိုက်စာရင်းနှင့် မြေပုံစာရင်းများ ရေးဆွဲထားရှိခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ် ထားသော အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းကို ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဌာနများအပြင် ရပ်ရွာနေပြည်သူများက ပူးပေါင်းပါဝင်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အချို့နေရာများ၌ သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာမှုမရှိဘဲ အားနည်းချက်၊ ဖောက်ဖျက်ချက် တို့ရှိသည်ကို တွေ့ရသည်။ ဒေသတစ်ခုတွင် အသွားအလာကန့်သတ်ခံရသူ အမျိုးသားသည် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ထိန်းသိမ်းမှု၊ တရားစွဲအရေးယူမှုများ ပြုလုပ်ရသည်ကိုလည်း ကြားသိရသည်။ သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်ခြင်းသည် အများပြည်သူဘေးအန္တရာယ်ဖြစ်စေနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။

ယခုအခါ နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူ အားလုံးကို မိမိတို့နေရပ်ဌာနေများသို့ တိုက်ရိုက်ပြန်ခွင့်ပြုတော့မည် မဟုတ်ဘဲ နိုင်ငံတော်အစိုးရက စီစဉ်ပေးထားသော သတ်မှတ်နေရာများတွင် သာ ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို ၁၄ ရက် မဖြစ်မနေခံယူကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများထပ်မံတိုးချဲ့ စီစဉ်ဆောင်ရွက်နေဆဲဖြစ်၍ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာမည့် သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ်ရက်သတ္တနှစ်ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီလ ၁၅ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက် ကြပါရန် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်သူများ အား ပန်ကြားထားသည်။

လတ်တလောကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံးသည် ကြီးမားသည့်လုပ်ငန်းတာဝန်များနှင့် ဖိအား အမျိုးမျိုးအကြား ဆောင်ရွက်နေရသည်။ သဘောထားမတိုက်ဆိုင်မှုများ၊ နားလည်မှုလွဲခြင်းများရှိပါကလည်း ကိစ္စအားလုံးသည် ပြည်သူများအားလုံး ရောဂါဖြစ်ပွားပျံ့နှံ့မှုမရှိစေရေး၊ အသက်သေဆုံးမှုမရှိစေရေးနှင့် ပြည်သူ ပြည်သားများအကျိုးအတွက် ဦးတည်ဆောက်ရွက်နေခြင်းဖြစ်၍ နားလည်မှု ပေးရန်လိုအပ်သည်။ အခက်အခဲများရှိပါက တိုင်ပင်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များကို တိကျစွာလိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူခြင်းခံရနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။

သို့ဖြစ်ရာ ရောဂါကပ်ဘေးကြီးသည် တစ်ကမ္ဘာလုံးဖြစ်ပွားနေသော အရေးဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကြုံတွေ့နေရပြီဖြစ်ရာ အမျိုးသား ရေးအသိဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများအပြင် ရပ်ရွာနေပြည်သူများ ပူးပေါင်းပါဝင်ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသောကြောင့် ပြည်သူများအနေဖြင့် မိမိတို့အတွက် အရေး ကြီး ဆုံး အရေးဖြစ်သည်ဟု သဘောထား၍ လုပ်ငန်းများပိုမိုထိရောက်အောင် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။


No comments:

Post a Comment