Wednesday, April 1, 2020

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်




နေပြည်တော် မတ် ၃၁

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၈ နာရီခွဲတွင် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သည့် အရေးပေါ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေး (The First Video Conference of the ASEAN Coordinating Council Working Group on Public Health Emer- gencies) သို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင် တက်ရောက်ခဲ့သည်။

ဆွေးနွေးအမြင်ချင်းဖလှယ်

အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကိုဗစ် -၁၉ ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ် ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် နိုင်ငံ အလိုက် ဆောင်ရွက်နေကြသည့် အစီအမံများ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ဖလှယ်ရေး၊ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကိုဗစ် -၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ် လာမည့် အကျိုးသက်ရောက်မှုများကို ပူးပေါင်းဖြေရှင်းရေး၊ ကိုဗစ် -၁၉ ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ ရန်ပုံငွေတစ်ရပ် ထူထောင်ရေး စသည့်ကိစ္စရပ်များအပြင် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ Video Conferencing အစည်းအဝေး ကျင်းပရေးအတွက် ကြိုတင်ပြင်ထားရှိမှု အခြေအနေများနှင့် ကိုဗစ် -၁၉ ဆိုင်ရာ အာဆီယံသီးသန့်ထိပ်သီးအစည်းအဝေး နှင့် အာဆီယံအပေါင်းသုံး သီးသန့်ထိပ်သီး အစည်းအဝေး ကို Video Conferencing ပုံစံဖြင့် ကျင်းပရေးကိစ္စ ရပ်များအပေါ်တွင် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

ပါဝင်တက်ရောက်

အဆိုပါ Video Conferencing အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အဆင့်မြင့်ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment