Monday, December 3, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Image may contain: 9 people, people smiling, people standing and suit

နေပြည်တော် ဒီဇင်ဘာ ၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့၌ ကျင်းပသည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး ဒီဇင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲ တွင် အထူးလေယာဉ်ဖြင့် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ မှ နေပြည်တော်သို့ ထွက်ခွာကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အားနီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး မစ္စတာ အစ်ရှ်ဝါ ပိုကာရယ်၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ နီပေါဖက်ဒရယ် ဒီမို ကရက်တစ်သမ္မတနိုင်ငံ သံအမတ် ကြီး၊ မြန်မာသံရုံးမိသားစုများနှင့် တာဝန်ရှိသူများက ကတ္တမန္ဒူးမြို့ ထရီဗူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ကြရာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံး ယာယီတာဝန်ခံနှင့် တာဝန်ရှိသူ များက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများလည်း ပြန်လည်လိုက်ပါလာ ကြသည်။
သတင်းစဉ်

Sunday, December 2, 2018

မမေ့မလျော့အသက်ဝင် အမျိုးသားအောင်ပွဲဆင်

Image may contain: text

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ (ယနေ့)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ နှစ်ပေါင်း တစ်ရာနီးပါး ရှိပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် ဤနေ့ဤရက်ရောက်တိုင်း နိုင်ငံတစ်ဝန်းကျင်းပလာခဲ့သည်မှာ အမျိုးသားရေးစိတ်ဓာတ် နိုးကြား ထက်သန်နေကြောင်း၊ အမျိုးသားနေ့ကို မမေ့မလျော့ရှိနေကြောင်း အသိ အမှတ်ပြုသောအားဖြင့် ဂုဏ်ပြုကြခြင်းဖြစ်သည်။
၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့။ ယူနီဗာစီတီအက်ဥပဒေကို ကျောင်းသားများ ကန့်ကွက်သပိတ်မှောက် သည့်နေ့။ အမျိုးသားရေးစိတ်ဓာတ်ဖြင့် အောင်ပွဲရရှိစေရန် သန္ဓေတည်ခဲ့ သည့်နေ့သည် မြန်မာတစ်ပြည်လုံး လုံးဝလွတ်လပ်ခြင်း၊ အချုပ်အခြာ အာဏာပိုင်သည့် ပြည်ထောင်စုကြီးအတွင်း လွတ်လွတ်လပ်လပ်၊ ဂုဏ် သိက္ခာရှိရှိ ရပ်တည်နေထိုင်ခွင့်ရရှိအောင် ဖော်ဆောင်ပေးနိုင်ခဲ့သည့် နေ့ထူးနေ့မြတ် နေ့တစ်နေ့ ဖြစ်သည်။ ထိုသို့ ဆက်လက်ရပ်တည်နေထိုင် နိုင်အောင် အမျိုးသားရေးစိတ်ဓာတ်များကို တိုင်းရင်းသားပြည်သူအားလုံး နှစ်ပေါင်းထောင်ချီ ဆက်လက်မွေးမြူထားကြရမည်ဖြစ်သည်။
ထိုသို့သော အမျိုးသားရေးစိတ်ဓာတ်ဖြင့် လွတ်လပ်သောနိုင်ငံသား များအဖြစ် ရပ်တည်နေထိုင်လျက်ရှိကြသည်ဟုဆိုသော်လည်း လွတ်လပ် သောနိုင်ငံသားများ၏ ဂုဏ်ဒြပ်နှင့်လျော်ညီစွာ တင့်တင့်တယ်တယ်၊ မြင့်မြင့်မားမား နေထိုင်နိုင်အောင်လည်း ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။ လွတ်လပ်ပင်လွတ်လပ်သည်ဆိုသော်ငြားလည်း လွတ်လပ်ရေး နှင့်အတူ ပေါ်ပေါက်လာသော တိုင်းရင်းသားအချင်းချင်းကြားတွင် နိုင်ငံရေးခံယူချက်ကွဲပြားမှု၊ သံသယဖြစ်ပေါ်မှု စသည့်အကြောင်းများ ကြောင့် ပြည်တွင်းပဋိပက္ခများ နှစ်ပေါင်းရှည်ကြာဖြစ်ပေါ်ခဲ့ပြီး ပဋိပက္ခ ဒေသများအတွင်းမှ တိုင်းရင်းသားပြည်သူများ ဒုက္ခရောက်မှု၊ နိုင်ငံ တိုးတက်ရေး နောက်ကျကျန်နေရမှုတို့ကို သတိမူရမည်ဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့မှ ပေါ်ပေါက်လာသည့် အမျိုးသားရေးစိတ်ဓာတ် များ နိုးကြားနေရုံဖြင့်လည်း မပြီးသေးချေ။ မိမိတို့ပြည်ထောင်စုကြီး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်း ရပ်တည်နေထိုင်နိုင်အောင် ကြိုးပမ်းအားထုတ်ကြရဦးမည်ဖြစ်သည်။ ထိုသို့ရပ်တည်နေထိုင်နိုင်ရန်အတွက် တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းအောင်၊ သာယာဝပြောအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သမိုင်းကြောင်း၏ အမွေဆိုး များကို သင်ခန်းစာယူ၍ စည်းလုံးညီညွတ်ပြီး အေးချမ်းသာယာသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ကြရမည်။
ထိုသို့တည်ဆောက်နိုင်ရန်အတွက် တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေး ရရှိစေမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံကို ကျင်းပနေသည်။ မတူကွဲပြားမှုများကို ဘေးဖယ်ထားပြီး တူရာများကို စုစည်း၍ ငြိမ်းချမ်းရေးအောင်မြင်အောင်၊ ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်း လက်တွဲကြိုးပမ်းဖော်ဆောင်ကြရမည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသည်နှင့် အမျှ တိုင်းရင်းသားပြည်သူအားလုံးအတွက် ညီညွတ်မျှတပြီး ဖွံ့ဖြိုး တိုးတက်သည့် အသီးအပွင့်များအား မျှဝေခံစားနိုင်ရေးကို အမျိုးသားရေး စိတ်ဓာတ်အရင်းခံပြီး အင်တိုက်အားတိုက် လက်တွဲညီညာအားထုတ်ကြရ မည်ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်များသည် အမျိုးသားအောင်ပွဲ နေ့မှ စတင်အခြေခံလာပြီး ပင်လုံညီလာခံဖြင့် စုစည်းညီညာမှုကို ဖော်ထုတ် နိုင်ကာ လုံးဝလွတ်လပ်သော အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ပြီး ဖြစ်သည်။
အမျိုးသားရေးစိတ်ဓာတ်များ စတင်နိုးကြားလာခဲ့သည်မှာ ၉၈ နှစ် တိုင် ရှိခဲ့ပြီဖြစ်သည်။ နိုးကြားရှင်သန်ခဲ့သော အမျိုးသားရေးစိတ်ဓာတ် အောင်ပွဲဆင်နိုင်ခဲ့သည်ကို မမေ့မလျော့ဘဲ အသက်ဝင်ရှင်သန်အောင် ဆက်လက်ကြိုးပမ်းအားထုတ်ပြီး ရရှိဖြစ်ထွန်းလာသော ထိုအောင်စိတ် ဖြင့်ပင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ငြိမ်းချမ်းရေးကို ညီညွတ်သောစွမ်းအားဖြင့် ရယူကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံတကာအလယ်တွင် တင့်တင့်တယ်တယ် ဝင့်ဝင့်ကြွားကြွား တိုင်းရင်းသားပြည်သူအားလုံး ရပ်တည်နေထိုင်နိုင်အောင် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ။

တစ်နိုင်ငံလုံးအမျိုးသားအုံကြွမှုကြီး(သို့မဟုတ်)အမျိုးသားအောင်ပွဲနေ့

Image may contain: 1 person
ကျော်စွာမင်း
''ကျောင်းသားသပိတ်ဟာကျွန်ပညာရေးဆန့်ကျင်လှုပ်ရှားမှုကြီးတစ်ခုကနေ အမျိုးသားအုံကြွမှုကြီးအထိ ဖြစ်စေခဲ့တယ်''ဟု ဆရာကြီး ဦးတင်မောင်ထွန်း ပြောခဲ့သည်ကို အမှတ်ရမိသည်။
လွန်ခဲ့သော ၁ဝ နှစ်လောက်က ဖြစ်သည်။ ကျွန်တော်သည် အမျိုးသား အောင်ပွဲနေ့မတိုင်မီ ရန်ကုန်မြို့ရှိ မြို့မကျောင်းကို ပုံမှန်ရောက်ဖြစ်ခဲ့သည်။ အမျိုးသားအောင်ပွဲနေ့အကြောင်း ဆောင်းပါးရေးရန် ဆရာကြီးနှင့် စကားပြောဖြစ်ခဲ့သည်။
''ပညာရေးလှုပ်ရှားမှုကနေ အမျိုးသားလှုပ်ရှားမှုကို စတင်မွေးဖွား ပေးခဲ့တဲ့ နေ့ရက်လို့ ဆိုနိုင်တယ်။ ဒီလှုပ်ရှားမှုကနေ လွတ်လပ်ရေးရယူ လိုစိတ်တွေကို အစပျိုးပေးလိုက်တာပဲ'' ဆရာကြီး ဦးတင်မောင်ထွန်း ပြောခဲ့သည်။
ဆရာကြီး ဦးတင်မောင်ထွန်းသည် ထိုအချိန်က မြို့မကျောင်းအုပ် ဆရာကြီးဖြစ်သည်။ ယခု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကျဉ်း
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝရက် (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်) နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ဆန့်ကျင်ခဲ့ရာမှ စသည်။ မြန်မာနိုင်ငံ၌ ၁၉၂ဝ ပြည့်နှစ်အထိ တက္ကသိုလ်အဆင့် မရှိသေးပေ။ ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင် (ယခင် ယုဒသန်ကောလိပ်) ကောလိပ်သာရှိသည်။ ယင်းတို့မှာ ကာလကတ္တားယူနီဗာစီတီ၏လက်အောက်ခံ ကောလိပ် ကျောင်းခွဲမျှသာ ဖြစ်သည်။ ဝိုင်အမ်ဘီအေက မြန်မာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြားရှိရမည်ဟု တိုက်တွန်းပြောဆိုခဲ့သည်။
ပညာမင်းကြီး မစ္စတာ မက်သယူးဟန်တား ဦးစီးသည့် ယူနီဗာစီတီ အက်ဥပဒေရေးဆွဲရေး ကော်မတီတစ်ရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီသည် တက္ကသိုလ်ဥပဒေတစ်ရပ်ကိုရေးဆွဲပြီး ၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလတွင် ဥပဒေတင်သွင်းခဲ့သည်။ ယင်းနောက် ဥပဒေပြုကောင်စီက အတည်ပြုခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဒုတိယဘုရင်ခံချုပ်ကလည်းကောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘုရင်ခံချုပ်ကလည်းကောင်း သဘောတူလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့ တွင် အာဏာတည်ခဲ့သည်။
ထိုဥပဒေတွင် ယူနီဗာစီတီဟူ၍ မြန်မာနိုင်ငံတွင် ဤတစ်ကျောင်းသာ ရှိရမည်ဟုလည်းကောင်း၊ ယင်းယူနီဗာစီတီ၏အောက်တွင်လည်း ကောလိပ် တစ်ကျောင်းသာ ရှိရမည်ဟုလည်းကောင်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်နေရာသည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည်ဟုလည်းကောင်း၊ သင်ကြားရမည့်သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ် ကျောင်းစား များသာ ဖြစ်စေရမည်ဟုလည်းကောင်း ကန့်သတ်ချုပ်ချယ်ချက်ပေါင်း များစွာပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။
ယင်းယူနီဗာစီတီအက်ဥပဒေသည် ငွေကုန်ကြေးကျခံနိုင်သော မြေရှင်၊ ဓနရှင် လူတန်းစားနှင့် ဗျူရိုကရက် အရာရှိကြီးတို့၏ အနွယ်များမှတစ်ပါး သာမန်ပြည်သူတို့နှင့် မအပ်စပ်သောဥပဒေ ဖြစ်သည်။ ထို့ကြောင့်လည်း ဥပဒေကြမ်း ထွက်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်စွာ ပြစ်တင်ဝေဖန် ကြသည်။ ကျောင်းသားမိဘများကလည်း မကျေမနပ် ဖြစ်လာကြသည်။ ၁၉၂ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေသည် အုပ်စိုးသူဗြိတိသျှတို့အကြိုက် ပုံစံမျိုးသာ
ဖြစ်သည်။ ယင်းတို့၏ ဗျူရိုကရေစီယန္တရား လည်ပတ်နိုင်ရေးအတွက် ဖြစ်သည်။ မြန်မာတို့က ထိုပညာရေးကို ကျွန်ပညာရေးဟု ခေါ်ဆိုကြသည်။
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုယူနီဗာစီတီအက်ဥပဒေ နှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီဗာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့ မည်ဟု ဘုရင်ခံက ကြေညာသည်။ (နောက်တွင် ကျောင်းသားသပိတ်ကြောင့် မူလကြေညာထားသော ယူနီဗာစီတီဖွင့်ပွဲကို ဘုရင်ခံသည် ရက်ပြောင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့သည်) ရန်ကုန်ကောလိပ်မှ ကျောင်းသား ကြီးများသည် ရန်ကုန်တက္ကသိုလ်ဥပဒေပျက်စီးရန်၊ ရန်ကုန်တက္ကသိုလ် မဖွင့်လှစ်နိုင်ရန် တိုင်ပင်ကြသည်။ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်)နေ့လယ်တွင် ရန်ကုန်ကောလိပ်မှ ကျောင်းသားကြီး ၁၁ ဦးတို့သည် ရွှေတိဂုံအနောက်တောင်ထောင့် (စနေ ထောင့်)တွင် သပိတ်မှောက်ရေး လျှို့ဝှက်ဆွေးနွေးခဲ့သည်။
ထိုကျောင်းသား ၁၁ ဦးမှာ ကိုဘရှင်၊ ကိုညီိပိတ်၊ ကိုဖိုးကွန်း၊ ကိုအေး၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်၊ ကိုဘခင်၊ ကိုအောင်ဒင်၊ ကိုဘဦးတို့ ဖြစ်သည်။ (ယခုအခါ ထိုနေရာတွင် အထိမ်းအမှတ်ကျောက်စာ တိုင် စိုက်ထူထားသည်)။ အမိနိုင်ငံ၏ ဂုဏ်သိက္ခာကို ကယ်တင်နိုင်ရေးအတွက် ကောလိပ်ကျောင်းများကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် ကောလိပ်နှစ်ခုမှ ကျောင်းသား ၆ဝဝ ခန့် စည်းဝေးကြသည်။
အစည်းအဝေးတွင် ဆုံးဖြတ်ချက် သုံးခုချမှတ်ခဲ့သည်။ (၁) ၁၉၂ဝ ပြည့် နှစ် ဒီဇင်ဘာလ ၇ ရက် (အင်္ဂါနေ့)တွင် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံချုပ် ရန်ကုန်ကောလိပ်ကျောင်းသို့လာရောက်ပြီး ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ကြောင်း ကြေညာသောအခါ ကျောင်းသားကြီးများသည် မိမိတို့စာအုပ်များကိုပိုက်၍ ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက်ပြီ ဟုအော်ဟစ်ကာ ကျောင်းများမှ ထွက်လာရန်၊ (၂) သပိတ်မှောက်ပြီးမှ ထိုရန်ကုန်တက္ကသိုလ်ဥပဒေသည် မြန်မာများ အထက်တန်းပညာသင်ကြားရေးအတွက် နစ်နာအောင် ချုပ်ချယ် သည့်ဥပဒေသများဖြစ်၍ ယင်းတို့ကိုပြုပြင်ပေးရန် အင်္ဂလိပ်ဗျူရိုကရက်အစိုးရ သို့ အရေးဆိုရန်နှင့် (၃) ပြုပြင်ပေးရန် တောင်းဆိုသောအချက်များကို ပြုပြင် ၍ မပေးသမျှကာလပတ်လုံး ကျောင်းပြန်၍မတက်ရန်တို့ ဖြစ်သည်။
သပိတ်မှောက်ကိစ္စနှင့်ပတ်သက်ပြီး ကိစ္စအဝဝကို ဆောင်ရွက်သွားရန် ၂၆ ဦး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ယူနီဗာစီတီအက်ဥပဒေ ပျက်စီးပါစေ၊ ဆာရယ်ဂျီနယ်ကရက်ဒေါက် ပြန်သွား ဆိုသည့် လှုံ့ဆော်စာများဖြန့်ဝေခဲ့သည်။ ကျောင်းသားများ ကျောင်းပြန်မတက်ရေး၊ စည်းလုံးညီညွတ်ရေးတရားများကို ကျောင်းသားခေါင်းဆောင်များက ဟောကြားကြသည်။
ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကောလိပ်နှစ်ခုတွင် ကျောင်းသားများ မရှိသလောက် နည်းပါးသွားခဲ့သည်။ သပိတ်မှောက်လှုပ်ရှားမှုသည် အောင်မြင်ခဲ့သည်။ သပိတ်မှောက်ကောင်စီသည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တိုင်းပြည်သို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
''ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ရှိ ကျွန်တော်တို့ ကျောင်းသား အားလုံးတို့သည် အဆုံး၌ ဘယ်လိုဖြစ်မည်ကို သေချာမသိသေးရသေးသော ကိစ္စတစ်ခုကို စတင်၍ ပြုလုပ်ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် တရားနည်းလမ်း မှန်ကန်ကြောင်းကို ကောင်းမွန်ခိုင်မြဲစွာ သိရှိပါသည်။ ကျွန်တော်တို့သည် တစ်တိုင်းပြည်လုံး ကျွန်တွင်းက မည်သည့်အခါမှ မလွတ်ကင်းမည့် ဗျူရိုကရက်တို့၏ သိပ္ပံကျောင်းဥပဒေကို ထုချေဖျက်ဆီးရန် အကြံရှိပါသည်။ ကျွန်တော်တို့သည် တိုင်းသူပြည်သားတို့၏ စိတ်အား ထက်သန်သော အကူအညီအားဖြင့် လူငယ်များတို့က ခုခံဖြိုဖျက်ခြင်းမှတစ်ပါး အခြားသောနည်းဖြင့် တိုင်းပြည်ကို ကယ်ဆယ်ဖို့ရာ နည်းလမ်းမရှိပြီဟု ယုံကြည်ပါ၏။ ကျွန်တော်တို့သည် မြန်မာနိုင်ငံရှိ လူအများစုတို့၏ အဆီ အနှစ်ဖြင့်ပြည့်စုံသော ကျောင်းသားများဖြစ်မည်ကို ရည်သန်၍ ကူညီ စောင်မဖို့ရာ တောင်းပန်ပြောကြားပါသည်။ ကျွန်တော်တို့စိတ်ထဲ၌ စွဲမြဲစွာ ယုံကြည်သော ဤလုပ်ငန်းကြီးသည် တိုင်းပြည်၌ လိုအပ်သောအချက်ကြီး တစ်ခုကို ထုတ်ဖော်ပြောဆိုခြင်းပင်မည်ပါသည်။ (ဤကား အခြားမဟုတ် အမျိုးသားသိပ္ပံကျောင်းကြီးပေတည်း) ထိုကျောင်းကြီးမှာ မြန်မာနိုင်ငံ၏ သားသမီးများနှင့်သင့်လျော်သော ပညာရပ်များကို ရနိုင်ပေရာသည်။ အိန္ဒိယနိုင်ငံ၌ အမျိုးသားကျောင်းတွေ အလိုအလျောက် ပေါ်လာကြပေရာ မြန်မာနိုင်ငံကလည်း နောက်မကျရအောင် မြန်မာတို့သည် နိုင်ငံသားစစ်၍ ချစ်ခဲ့ပါလျှင် ဘယ်နံရောအခါမျှ မတည်ထောင်နိုင်ဘဲ ရှိလိမ့်မည်မဟုတ်ပါ။ စိတ်ပါလက်ပါလုပ်လျှင် မုချဖြစ်ပါလိမ့်မည်။''
ထိုကြေညာချက်ထုတ်ပြန်ပြီးနောက် ကျောင်းသားခေါင်းဆောင်များ သည် သပိတ်မှောက်ကျောင်းသားများအတွင်း စည်းကမ်းထိန်းသိမ်းရေး၊ ပြည်သူပြည်သားများထံမှ ထောက်ခံအားပေးမှုရယူရေး အစရှိသည့် လုပ်ငန်း များကို လုပ်ကိုင်ကြသည်။
ဤသို့ဖြင့် ရန်ကုန်မြို့ပေါ်ရှိ ကျောင်းများအားလုံးသည်လည်း သပိတ် မှောက်ကြလေသည်။ ရန်ကုန်တက္ကသိုလ်သပိတ်သည် ရန်ကုန်ကျောင်းပေါင်းစုံ ပါဝင်သော သပိတ်အထိ ကျယ်ပြန့်လာခဲ့သည်။
ဗြိတိသျှကိုလိုနီပညာရေးလက်အောက်တွင် တက္ကသိုလ်ပညာ၏ အမြင့်ဆုံးအတန်းဖြစ်သော ဘီအေ၊ ဘီအက်စ်စီ၊ နောက်ဆုံးတန်းမှ မူလတန်း အထိဖြစ်သော ကျောင်းသား ကျောင်းသူများပါဝင်သည့် သပိတ်အဖြစ် လှုပ်ရှားပေါ်ပေါက်လာခဲ့သည်။ ထိုမှ မြန်မာတစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွား ခဲ့သည်။
မန္တလေးကျောင်းသားများသပိတ်က ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် စတင်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ၁ဝ ရက်တာကာလအတွင်း မန္တလေး၊ မော်လမြိုင်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ လက်ပံတန်း၊ သာယာဝတီ၊ ညောင်တုန်း၊ သထုံ၊ ပျဉ်းမနား၊ စစ်ကိုင်း၊ ရွှေတောင်၊ မြင်းခြံ၊ ဟင်္သာတ၊ သုံးခွ၊ မင်းဘူး၊ မြန်အောင်မြို့တို့သို့ သပိတ်ကူးစက်သွားပြီး ကျောင်းပေါင်း ၄၄ ကျောင်း သပိတ်မှောက်ခဲ့ကြသည်။
ယူနီဗာစီတီဥပဒေများသည် အမျိုးသားအပေါင်းတို့အား သခင်ဖြစ်ရန် ပညာမျိုးမဟုတ်။ ''ကျွန်''ဖြစ်ရန် ပညာဟု ယုံကြည်ကြသောကြောင့် သပိတ် မှောက်ခြင်းဖြစ်သည်ဟု မိဘပြည်သူများကို ရှင်းပြခဲ့သည်။
ထိုကျောင်းသားလှုပ်ရှားမှုသပိတ်အရေးတော်ပုံသည် တစ်မျိုးသားလုံး ၏ အရေးတော်ပုံကြီးအဖြစ် တစ်ဟုန်ထိုးကြီးထွားလာခဲ့သည်။ ပြည်သူလူထု၏ အြုံ<ွကမှုအရေးတော်ပုံကြီး ဖြစ်လာခဲ့သည်။
ဗြိတိသျှဗျူရိုကရက် ကိုလိုနီဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုကြီးအထိ ကျယ်ပြန့်နက်ရှိုင်းစွာ ဖြစ်ပေါ်လာခဲ့သည်။ ထိုအရေးတော်ပုံသည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝသို့ကျရောက်ပြီးနောက် ပထမဆုံးသော အကြမ်းမဖက်သော ကိုလိုနီဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှုကြီး စတင်ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးခံစားနေရသော ပြည်သူပြည်သားတို့အား အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာစေခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်ကျောင်းသားသပိတ်သည် အမျိုးသားပညာရေးလှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့သည်။ ပညာရေးအဆင်မပြေမှုကို အခြေခံခဲ့သော်လည်း တစ်မျိုးသားလုံး နှင့်သက်ဆိုင်သော အမျိုးသားလှုပ်ရှားမှုအဆင့်အထိ ပြောင်းလဲသွားခဲ့သည်။
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလမှ ၁၉၂၁ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်းများ တည်ထောင်ခဲ့ကြသည်။ အမျိုးသားကျောင်းများ တည်ထောင်ခဲ့ကြပြီးနောက် ထိုကျောင်းများမှ အောင်မြင်လာသည့် ကျောင်းသားများ ဆက်လက်ပညာသင်နိုင်ရေးအတွက် အမျိုးသားကောလိပ်ကို တည်ထောင်ဖွင့်လှစ်ရန် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကပြုလုပ်သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
၁၉၂၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက်ကြီးအတွင်းတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ် ခဲ့သည်။
အမျိုးသားပညာရေးကောင်စီဟုလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။
အမျိုးသားအောင်ပွဲနေ့သတ်မှတ်ခြင်း
၁၉၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ကျောင်းသားများ၏ ကွန်ဖရင့်က ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် နေ့ကို အမှတ်တရဂုဏ်ပြုသည့်အနေဖြင့် ကျောင်းများပိတ်ပေးရန် အမျိုးသား ပညာရေးအဖွဲ့ချုပ်ထံတင်ပြရန် အတည်ပြုခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေး၌ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေကွန်ဖရင့်က အမျိုးသားနေ့ သတ်မှတ်နိုင်ရေးကို စတင်ဆွေးနွေးခဲ့သည်။ သီပေါမင်း နန်းကျသည့် ပါတော်မူနေ့၊ ဦးဥတ္တမထောင်ကျသောနေ့၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်သည့်နေ့ တစ်နေ့နေ့ကို အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ရန် အကြမ်းသဘောတူကြသည်။
ထို့နောက် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ကျင်းပသော ဂျီစီဘီအေအသင်းချုပ်ကြီးကွန်ဖရင့်က ၁၉၂ဝ ပြည့် ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ် ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုနေ့သည် ဗြိတိသျှအစိုးရကို တော်လှန်သောနေ့၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သည့်နေ့၊ အမျိုးသားတော်လှန်ရေး စတင်သည့်နေ့ဖြစ်ခြင်းတို့ကြောင့် အမျိုးသားအောင်ပွဲနေ့အဖြစ် တညီ တညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။
ရက်သတ်မှတ်ရာတွင်ပင် အမျိုးသားအောင်ပွဲနေ့၏ အဓိပ္ပာယ် ပြည့်စုံပေါ်လွင်ပီပြင်စေရန် တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သော အင်္ဂလိပ်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၅ ရက်နေ့ဟု မသတ်မှတ်ဘဲ မြန်မာရက် ဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ဟု တမင်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် အမျိုးသားရေးလက္ခဏာသည် ပို၍ပေါ်လွင်ထင်ရှား စေခဲ့သည်။
အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသည်။ တို့ဗမာအစည်းအရုံးကာလတွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့သည် လူသိများလာခဲ့သည်။ ''ကျွန်တော် တို့ လွတ်လပ်ရေးရတာဟာ ဒီနေ့ကြောင့်ပဲ''ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်မပြတ် ကျင်းပလာခဲ့သော အမျိုးသားအောင်ပွဲနေ့သည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၉၈ နှစ်ပြည့်ပြီ။ နောက်လာမည့် နှစ်နှစ်အကြာ ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ် ၁ဝဝ ပြည့်တော့မည်။
ဆိုရသော် လွန်ခဲ့သော ၉၈ နှစ်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်)။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ဆန့်ကျင်ခဲ့ရာမှ အမျိုးသားလှုပ်ရှားမှုမှသည် လွတ်လပ်ရေးရယူ လိုစိတ်များ မွေးဖွားပေးလိုက်သည့် မြန်မာတစ်မျိုးသားလုံးနှင့်ဆိုင်သည့် အမျိုးသားအောင်ပွဲနေ့ပင် ဖြစ်ပေတော့သည်။
ကိုးကား
၁။ မြန်မာနိုင်ငံသမိုင်း
၂။ အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှုသမိုင်း (အမျိုးသားနေ့ ရွှေရတုသဘင်အထူးထုတ်)

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

Image may contain: one or more people, people standing, wedding, sky, crowd, house and outdoor
နေပြည်တော် ဒီဇင်ဘာ ၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုတို့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့၌ တွေ့ဆုံ၍ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းတံတား ဖောက်လုပ်မှုလုပ်ငန်းများနှင့် တန်ဖိုး နည်းအိမ်ရာ တည်ဆောက်မှုလုပ်ငန်း များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်သည့် တန်ဖိုး နည်းအိမ်ရာ အလုံး ၁ဝဝ ကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံတိုင်းရင်းသား များအား နေရာချထားပေးနိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်၍ ဒေသခံများ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ၂ဝ၁၂ -၂ဝ၁၃ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မောင်တော - ဝေသာလီ - ဥဒေါင်း ကွန်ကရစ်လမ်း(၁၃/ဝ) မိုင်နှင့် အေးရှားဝေါလ်ကုမ္ပဏီမှ ဆောင်ရွက် လျက်ရှိသည့် အငူမော် - အင်းဒင်- ကျောက်ပန္ဒူ - ဥဒေါင်း ကွန်ကရစ် လမ်းကို စက်ယန္တရားကြီးများဖြင့် ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာ နှစ် ပထမခြောက်လပတ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရွှေဇား- ပြင်ဖြူ ကွန်ကရစ်လမ်း (၁/၃)မိုင် ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တာဝန်ခံအင်ဂျင်နီယာက လမ်းဖောက်လုပ်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ လိုအပ် ချက်များကို မှာကြားသည်။
ဆက်လက်၍ ပြင်ဖြူ - လှဖိုးခေါင်- ကျီးကန်းပြင် ကျောက်ချောလမ်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။
နိုဝင်ဘာ ၃ဝ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘူးသီး တောင် - တောင်ပဇာလမ်းပိုင်း ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ဘူးသီးတောင် မြို့နယ် တောင်ပဇာကျေးရွာရှိ ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် တန်ဖိုးနည်း အိမ်ရာ ၆၃ လုံးတွင် နေရာချထားပြီး သော မြိုနှင့် သက် တိုင်းရင်းသားများ ကိုတွေ့ဆုံ၍ ဆိုလာမီးများ ထောက်ပံ့ ပေးအပ်ကာ ¤င်းတို့၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် စစ်တွေမြို့နယ် ပလ္လင် ပြင် - အောင်ဒိုင် - ကျက်တောပြင် ကွန်ကရစ်လမ်း(၃/၁)မိုင်၊ ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရွှေမင်းဂံလမ်းဆုံမှ ကံ့ကော်ကျွန်း - ရွာသစ်ကေ မြေသား လမ်း (၃/၁)မိုင် ဖောက်လုပ်မည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေ ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဖြစ်သော လမ်း၊ တံတား၊ စိုက်ပျိုး ရေ၊ သောက်သုံးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးဆိုင်ရာများ၊ ဆိုလာမီးများနှင့် တန်ဖိုးနည်းအိမ်ရာ များ ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင် ပြည်နယ်အတွင်း ဒေသခံတိုင်းရင်း သားများအတွက် နေအိမ်ဆောက်လုပ် ပေးခြင်း လုပ်ငန်းများအနေဖြင့် မောင်တောမြို့နယ်ရှိ ရွှေဗဟိုကျေးရွာ တွင် နေအိမ်အလုံး ၅ဝ၊ ကျောက်ပန္ဒူ ကျေးရွာတွင် နေအိမ်အလုံး ၁ဝဝ၊ နန်းရာကိုင်းကျေးရွာတွင် နေအိမ် အလုံး ၅ဝ၊ ခုံတိုင်ကျေးရွာတွင် နေအိမ် ၁၈ လုံး၊ ဘူးသီးတောင် မြို့နယ်၌ တောင်ပဇာကျေးရွာတွင် နေအိမ် ၆၃ လုံး၊ ရသေ့တောင်မြို့နယ် ၌ အဝတာကျေးရွာတွင် နေအိမ် ၄၆ လုံးတို့ကို နှစ်အလိုက် ဆောင်ရွက်ပေး ခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် လိုအပ်ချက်ရှိသည့် ကျေးရွာများကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား ငြိမ်းချမ်းရေးဆိုင်းဘုတ်တင်အခမ်းအနားသို့ တက်ရောက်

Image may contain: 8 people, people smiling, people standing, outdoor and nature

နေပြည်တော် ဒီဇင်ဘာ ၁
''ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား တို့လိုချင်တဲ့ ငြိမ်းချမ်းရေးနှုတ်က ဖွင့်ဟပြောကြားပေး'' မြန်မာပြည်ငြိမ်းချမ်းပါစေ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်အနီး ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး ကရင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် ငြိမ်းချမ်းရေးတွဲလက်များ မိတ်သဟာအဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာနကို ဖွင့်လှစ်၍ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် မဟာဗျူဟာများ တိကျစွာဖော်ထုတ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုလက်မှတ်ရေးထိုး၍ ကျယ်ပြန့် စွာ ပူးပေါင်းပါဝင်လာမှုကြောင့် အောင်မြင်မှုရရှိနေသော် လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိသည့်အဖွဲ့များ ပါဝင် လာရေး လိုအပ်နေဆဲအခြေအနေတွင် ရှိပါကြောင်း၊ သို့ပါ၍NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော အဖွဲ့များကလည်း ကျင်းပနေသည့် NCA လက်မှတ် ရေးထိုးပွဲ ငြိမ်းချမ်းရေးစကားဝိုင်းများသို့ လာရောက် ပူးပေါင်းကြရေး တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် ငြိမ်းချမ်းရေးတွဲလက်များမိတ်သဟာအဖွဲ့ ခေါင်းဆောင် ဦးသိန်းလွင်၊ စာရေးဆရာဇေယျမင်းရှိန်တို့က ငြိမ်းချမ်းရေး နှုတ်ခွန်းဆက်စကားအသီးသီး ပြောကြားခဲ့ကြပြီး တက်ရောက် လာကြသူများက အမုန်းစကားများရပ်၊ စစ်ပွဲများရပ်၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေဟူသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ပြည်မြို့ဆိပ်ကမ်းတွင် ရပ်နား ထားသည့် ငြိမ်းချမ်းရေးမိတ်သဟာအဖွဲ့ တင်ဆောင် လာသော ပြည်ကြီးတံခွန်(၄) သင်္ဘောပေါ်တွင် ငြိမ်းချမ်းရေး စကားဝိုင်းကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်သည့် အဖွဲ့အစည်းအားလုံး၏ တူညီသောသဘော ထားအမြင်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများတွင် အားလုံးပါဝင် သောမူဘောင်ကို စတင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက် နိုင်ခြင်းဖြင့် မဝေးသောကာလတွင် ပြည်ထောင်စုငြိမ်းချမ်း ရေးရရှိလာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် ငြိမ်းချမ်းရေးတွဲလက်များ မိတ်သဟာအဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်၊ စာရေးဆရာဇေယျမင်းရှိန်တို့က ငြိမ်းချမ်းရေး အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တက္ကသိုလ်မှဆရာ ဆရာမများက ဒေသခံပြည်သူများနှင့်အတူ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ခဲ့ကြသည်။
ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွား လျက် ငြိမ်းချမ်းရေးအောင်မြင်ဖို့ တွဲလက်များဖြင့် ကြိုးပမ်း စို့ အစီအစဉ်သည် ပြည်ကြီးတံခွန်(၄) သင်္ဘောဖြင့် မြန်မာ နိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီးမှ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးအပါအဝင် ပဲခူးတိုင်းဒေသကြီးမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအထိ ငြိမ်းချမ်းရေး သင်္ဘောဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်သောငြိမ်းချမ်း ရေးဖြစ်စဉ် လှုပ်ရှားမှုများပေါ်ပေါက်ရေးကို ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးနှင့် ဒါရိုက်တာဘုတ်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

Image may contain: 3 people, people sitting, table and indoor

ရန်ကုန် ဒီဇင်ဘာ ၁
မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် ဒါရိုက်တာဘုတ်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂ဝ၁၅ ခုနှစ်တွင် ပေါ်ပေါက်သည့် မြန်မာနိုင်ငံရုပ်မြင် သံကြားနှင့် အသံလွှင့်ဥပဒေနှင့် ဆက်စပ်၍ မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ရုပ်သံဥပဒေတွင် အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့၊ ရုပ်သံကောင်စီနှင့် ရုပ်သံလုပ်ငန်းလုပ်ကိုင်သူများ အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းရန် ပါဝင်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်နှင့် ထိုကာလမတိုင်မီကရှိသည့် အနေအထားများကို သဘာဝကျကျ စဉ်းစားဆောင်ရွက်ခဲ့သည်ဟု မြင်ပါ ကြောင်း၊ သို့သော် မူလစဉ်းစား ဆောင်ရွက်ခဲ့သည်များနှင့် ပြောင်းလဲလာသည့် အခြေအနေများအပေါ်မူတည်၍ လိုအပ်လာသည့်အတွက် လျော်ညီသော ဥပဒေများကို ချမှတ်ဆောင်ရွက်ရသည်များ ရှိပါကြောင်း။
ထိုကဲ့သို့ ဥပဒေများကို ကျင့်သုံးဆောင်ရွက်ရင်း အခြားပေါ်ပေါက်လာသည့် အနေအထားအသစ်များနှင့် လျော်ညီစွာ ဥပဒေများကို ပြန်လည်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ တစ်ခါတစ်ရံ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ရပါ ကြောင်း၊ ရုပ်သံဥပဒေ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ဆက်စပ်သည့် နည်းဥပဒေကို ရေးဆွဲနေဆဲ ဖြစ်ပါကြောင်း၊ ရုပ်သံနည်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရုပ်သံကောင်စီ ဖွဲ့စည်း၍ ကောင်စီ၏လုပ်ငန်းများလည်ပတ်မည်ဖြစ်ကာ မြန်မာနိုင်ငံ ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းနှင့် ချိတ်ဆက်မည်ဖြစ်ပါကြောင်း။
ရုပ်သံထုတ်လွှင့်သူများ၊ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အသင်းအဖွဲ့ တစ်ခုရှိသင့်သည်ဟု လက်ခံယုံကြည်ပါကြောင်း၊ ယနေ့တွင် အသင်း၏ အလုပ်များ ပိုမိုသွက်လက်စွာ လုပ်ကိုင်နိုင်ရန် စည်းမျဉ်းအချို့ ပြင်ဆင်မည်ကို တွေ့ရပါကြောင်း၊ နည်းဥပဒေထွက်လာပါက ရုပ်သံကောင်စီ ပေါ်ပေါက်လာပြီး အနေအထားပြောင်းလဲမှုများအပေါ်တွင်မူတည်၍ အသင်းကို မည်သည့်ပုံစံဖြင့် ဆက်လက်ဆောင်ရွက်မည်ကို စဉ်းစားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် သူများအသင်း၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း၏ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းများနှင့် ဖွဲ့စည်းခြင်းဆိုင်ရာအသင်းအဖွဲ့စည်းမျဉ်းပြင်ဆင်ချက်များကို အတည်ပြုခြင်း၊ လက်ရှိဒါရိုက်တာအဖွဲ့ဝင်များ နုတ်ထွက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဒါရိုက်တာအဖွဲ့သစ် ရွေးချယ်ခြင်းကိုဆောင်ရွက်ရာ ဒုတိယသက်တမ်း သုံးနှစ်တာ ကာလအတွက် ဥက္ကဋ္ဌအဖြစ် ရွှေသံလွင်မီဒီယာဂရု(ပ်)မှ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ အဖြစ်Forever Groupကုမ္ပဏီလီမိတက်မှ ဦးခင်မောင်ဌေး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် Myanmar International Television (MITV) မှ ဦးဇော်သက်မောင်အပါအဝင် ဒါရိုက်တာအဖွဲ့ဝင် ၁၆ ဦးတို့ကို ရွေးချယ်အတည် ပြုခဲ့သည်။
ယင်းနောက် အသစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော မြန်မာနိုင်ငံရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းဥက္ကဋ္ဌ ဦးကိုကိုက နှုတ်ခွန်းဆက်စကား ပြောကြားပြီး သဘာပတိအဖြစ် ဆောင်ရွက်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ထွေးကနိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းမှ အသင်းသူ အသင်းသားများ၊ ရုပ်သံလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များ၊ ရုပ်သံလုပ်ငန်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရုပ်သံလုပ်ငန်း လုပ်ကိုင်နေကြသည့် အသင်းဝင်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် သူများ အသင်းကို ၂ဝ၁၅ ခုနစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင် ၁၆ဝ ရှိကြောင်း သိရသည်။
သတင်းစဉ်

ရှေ့နေနှင့် ဓမ္မ


No automatic alt text available.
ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
''ဆရာ''
''ဗျာ''
''ဆရာမျက်နှာမကောင်းပါလား''
''အေးဗျာ''
''ပူပင်သောကများ ရှိနေလို့လား''
''အေးဗျာ''
''တရားဓမ္မနှင့် ဖြေကြည့်ပါလားဆရာ''
''အေးဗျာ''
''ဆရာကလည်း အေးဗျာတွေချည်းပဲ''
''အေးဗျာ''
''ဘာလို့ အေးဗျာတွေချည်း ပြောနေရတာလဲ။ မရှင်း
ဘူး''
''သြော် - သောကဆိုတာကတော့ လူတိုင်းရှိတတ်
တာမျိုးပဲ။ အပူမီးလို့ခေါ်မလား''
''သောကကိုဘယ်လို ပြေပျောက်အောင်လုပ်ကြ
မှာလဲဆရာ''
''ဒီလိုလေဗျာ''
ဓမ္မနှင့်ကင်းကွာနေရခြင်း
ဓမ္မနှင့်ကင်းကွာနေရခြင်းသည် လွတ်ငြိမ်းမှုနှင့် ကင်းကွာပြီး နေရခြင်းဖြစ်၏။
(စာရေးဆရာကြီး ပါရဂူ ဘာသာပြန်သော ငှက်ဓမ္မ
သဘင်စာအုပ်မှ အလွန်မှန်ကန်၍ နှစ်ခြိုက်ဖွယ်ကောင်း
လှသော စာပိုဒ်ဖြင့် နိဒါန်းပြုပါရစေ။)
ဆရာကြီးပါရဂူ
စာရေးဆရာကြီး ပါရဂူသည် အလွန်ထင်ရှားသူ
ဖြစ်ပါ၏။ အတွေးအခေါ်စာပေများ ရေးသားသူဖြစ်ပါ၏။
စာပေရေးရာစုံလင်စွာ ကျွမ်းကျင်သူဖြစ်ပါ၏။
ကျွန်တော်ငယ်စဉ် ကျောင်းသားဘဝကတည်းက ဆရာ
ကြီးပါရဂူ၏ စာအုပ်များကို ဖတ်ဖူးပါ၏။ ဆရာကြီး၏
စာပေဟောပြောပွဲများသို့လည်း ရှာဖွေတက်ရောက်ခဲ့
ဖူးပါ၏။ ဆရာကြီး၏ စာကြည့်တိုက်သို့လည်း ရောက်ဖူးပါ
၏။ ဆရာကြီးပါရဂူ၏ စာအုပ်စာပေများကို ကျွန်တော်
လေးလေးစားစား ရှာဖွေဖတ်ရှုမိပါ၏။
ငှက်ဓမ္မသဘင်
ရန်ကုန်ရွှေစာပေတိုက်က ထုတ်ဝေသည့် စာရေး
ဆရာကြီးပါရဂူ ဘာသာပြန်သော ငှက်ဓမ္မသဘင် စာအုပ်
ကလေးမှာ သေးသေးကလေးဖြစ်ပါ၏။ ဤစာအုပ်သေး
သေးက ကျွန်တော်၏ရင်ကို အေးမြစေပါ၏။ သောကပွေ
သော အမှုအခင်းများကို ကျွန်တော်နေ့စဉ်ကြုံတွေ့နေရ
ပါသည်။ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေ
သော၊ မတရားသော ၊ အဂတိလိုက်စားသောအမှုများ၊ အဖြစ်အပျက်များကို နေ့စဉ်ကြားသိနေရပါ၏။ ဖတ်ရှု
နေရပါ၏။ သူများအပူ ကိုယ့်အပူဖြစ်နေပါ၏။ အပူတွေ
ကို ဘယ်လိုဖြေရှင်းရပါ့။ ဘယ်လိုကိုင်တွယ်ရပါ့။ စနစ်
တကျ ဖြေရှင်းပေးလိုပါ၏။ အေးချမ်းစေလိုပါ၏။ တရား
ဓမ္မသည်သာ အားကိုးရာဖြစ်ပါပေ၏။ ထိုအချိန် ထိုအခါ
တွင် ဆရာကြီးပါရဂူ၏ ငှက်ဓမ္မသဘင်စာအုပ်က များစွာ
သင်ပြပေးပေသည်။ သောကအပူမီးကို ငြိမ်းအေးပေးပေ
သည်။ ကျေးဇူးကြီးလှပေစွ။
တိဗက်စာပေ (ကျမ်းနှစ်ကျမ်း)
တိဗက်ရှေးဟောင်းစာပေ၌ ဓမ္မနှင့်ပတ်သက်သော ကဗျာအဖွဲ့အနွဲ့ အများအပြားပါဝင်ပါသည်။ အင်္ဂလိပ်
ဘာသာပြန်ထားသော တိဗက်ဓမ္မကဗျာ ကျမ်းနှစ်ကျမ်း
ရှိသည်ဆိုပါ၏-
(၁) The Mila Grubum
(The Hundred Thousand Songs of Milarepa)
(၂) Bya Chos rinchen phren-ba
(The Dharma among the Birds,
a precious garland )
(၃) ဓမ္မဆိုင်ရာ ဂန္ထဝင်ကဗျာများထဲက အကြီးကျယ်
ဆုံး ကဗျာကျမ်းတစ်ကျမ်းဖြစ်ပါသည်။
တိဗက်မူရင်း ကဗျာစာအုပ်ကို ၁၉ဝ၄ ခုနှစ်
ကာလကတ္တားမြို့၌ ပုံနှိပ်ထုတ်ဝေသည်။ ယင်းကဗျာ
ကျမ်းကို နာမည်ကျော် ဗုဒ္ဓစာပေပညာရှင် အက်ဒွပ်
ကွန်ဇေက ၁၉၅၅ ခုနှစ်တွင် တိဗက်ဘာသာမှ အင်္ဂလိပ်
ဘာသာသို့ ပြန်သည်။ အင်္ဂလိပ်ဘာသာပြန်စာအုပ် အမည်မှာ " The Buddha's Law Among the Birds "
ဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်ကို ပထမဆုံး အင်္ဂလန်
၌ ထုတ်ဝေခဲ့သည်။ ငှက်ဓမ္မသဘင်သည် " The Buddha's
Law Among the Birds" ကို မြန်မာစကားပြေ ပြန်ထား
ခြင်းဖြစ်သည်။ ဓမ္မနှင့်ကဗျာကို ပေါင်းစပ်ထားသည်။ ၂ဝဝဝ ပြည့်နှစ်တွင် တိုင်းလင်းစာပေက ထုတ်ဝေသည်။ ကျွန်တော်နှစ်ခြိုက်မိသမျှ ကောက်နုတ်တင်ပြပါရစေ။
ရှေးရှေးတုန်းက
ရှေးရှေးတုန်းက ဘဒ္ဒကပ်ကမ္ဘာ ကာလအတွင်း
ဇမ္ဗူဒိပ်နှင့် တိဗက်နယ်စပ်၌ 'ရမ္မရတနာ' အမည်ရှိ
တောထူထပ်သည့် သာယာကြည်နူးဖွယ် တောင်တစ်
တောင်ရှိသည်။ တရားကျင့်ကြံ အားထုတ်ရာ ဆိတ်ငြိမ်
ဒေသဖြစ်သည်။ ကျေးငှက်များနေကြသည်။ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်စသောသတ္တဝါများသည်လည်း
ခုန်ပေါက်ပြေးလွှား ပျော်ပါးကစားနေကြသည်။ ကျောက်
ဆောင်များသည် တောင်၏ လေးဘက်လေးတန်ကို အလှ
ဆင်ထားကြသည်။ တောင်ခြေတစ်ခွင်၌မူ လင်းတ၊
လင်းယုန်နှင့် အခြားတော်ဝင်ငှက်များ ပျံသန်းနေကြ
သည်။ စမ်းချောင်းများ၊ ရေကန်များ၊ ရေအိုင်များ၊ ရေတံခွန်
များလည်း တည်ရှိနေကြသည်။ ကျောက်ဆောင်များနှင့် ရေခဲပြင်များမှ တသွင်သွင်စီးကျလာသောရေသည် ဝမ်းဘဲ၊ စင်ရော်စသော ရေငှက်များနှင့် ပနံရနေသည်။ ဥဒေါင်း၊ ကြက်တူရွေး၊ ကျီးကန်းစသော သစ်ပင်ပျော်ငှက်
များကြောင့်လည်း တောစိုး သစ်ပင်ထိပ်ဖျားများသည် တင့်တယ်လှပနေသည်။
ငှက်ဘုရင်
ထိုတော၌ ကျေးငှက်များကို တရားဓမ္မဟောပြရန်
အတွက် ငှက်ဘုရင်ဥသြငှက်သည် စန္ဒကူးပင်ကြီးတစ်ပင်
အောက်၌ နှစ်ပရိစ္ဆေဒကြာမြင့်စွာ တစ်နေ့လုံး တစ်ညလုံး
မလှုပ်မယှက် သမာဓိဝင်စားနေသည်။
(၄) တစ်နေ့သ၌ ကျေးသားတစ်ကောင်က ငှက်ဘုရင်
ဥသြငှက်ရှေ့ရောက်လာပြီး နှုတ်ခွန်းဆက်သလိုက်
သည်။
''ယနေ့အထိ တစ်နှစ်တာပတ်လုံး ဤစန္ဒကူးပင်
အောက်၌ စကားလည်းမပြော၊ လှုပ်လည်းမလှုပ်၊ တိတ်
ဆိတ်ငြိမ်သက်စွာ ဝပ်နေ၏။
''တစ်စုံတစ်ခုသော အကြောင်းအရာသည် သင်၏ စိတ်နှလုံးကို အနှောင့်အယှက်ပြုနေပါသလော။
သင်၏ သမာဓိကို မည်သည့်အချိန်၌ အဆုံးသတ်ပြီး
လျှင် အစာအာဟာရအားလုံးထဲက အနံ့အရသာနှင့် အပြည့်စုံဆုံး ဤသစ်စေ့ကို သုံးဆောင်မည်နည်း။
ငှက်ဘုရင်က ပြန်ကြား
စကားအရာ လိမ္မြာ<ွကယ်ဝသော ''အို-ကျေးသား--- နားထောင်ပါလော့။
''ကျွန်ုပ်သည် ဘဝသံသရာအကြောင်းကို ဆင်ခြင်
စဉ်းစားနေ၏ ။ ဤဘဝသံသရာ၌ အနှစ်သာရ ဘာတစ်ခု
မှမတွေ့ရပေ။ ယခုအချိန်ထိ မျိုးဆက်သစ်တွေ တစ်ဆက်
ပြီးတစ်ဆက် ကွယ်လွန်သေဆုံးကြသည်ကိုသာ တွေ့မြင်
နေရ၏။
''သတ္တဝါများသည် အစားအသောက်အတွက် အသတ်ခံကြရ၏။ မည်မျှသနားစရာကောင်းသနည်း။
''ခံတပ်များလည်း ပြိုကျပျက်စီးသွားမည်။ အသစ်ဆုံး
ခံတပ်သည်ပင် ပြိုကျပျက်စီးသွားပြီ။
''မြေအဆောက်အအုံ၊ ကျောက်အဆောက်အအုံ
များလည်း ပြိုကျပျက်စီးသွားကြပြီ။ မည်မျှဝမ်းနည်း
ဖွယ်ကောင်းသနည်း။
''ရန်သူများသည် သိုမှီးသိမ်းဆည်းထားသော ပစ္စည်း
များကို ကုန်ဆုံးပျက်စီးသွားအောင် လုပ်ပစ်လိုက်ကြပြီ။
ဤဥစ္စာဓနကို လောဘရမ္မက်ကြီးစွာဖြင့် စုဆောင်းသိုမှီး
ထားခြင်းသည် မည်မျှသနားစရာကောင်းသနည်း။
''အရင်းနှီးဆုံးမိတ်ဆွေများနှင့် ကွဲကွာသွားရပြီး နောက်ဆုံးအဆင့်ရောက်သွားကြရပြီ။ မည်မျှသနား
စရာကောင်းသနည်း။
''ကိုယ့်မိတ်ဆွေ ကိုယ့်သားသမီးများကို ခင်တွယ်ကြ
၏။ အရာဝတ္ထုအားလုံးသည် ရေပွက်ပမာ အနိစ္စတရား
များသာ ဖြစ်ကြ၏။
''အနှစ်သာရရှိသည့်အရာဝတ္ထု ဘာတစ်ခုမှ မတွေ့
ရပေ။
''ကျွန်ုပ်သည် ယခု ယင်းလှုပ်ရှားမှုမှန်သမျှကို အားလုံး
စွန့်ပစ်လိုက်ပြီ။
''မိမိ၏ အဓိဋ္ဌာန်ခိုင်မာစေရန်အတွက် ဤငြိမ်းချမ်း
သော စန္ဒကူးပင်အောက်၌ ကျွန်ုပ်တစ်ကိုယ်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ၏။ သမာဓိရအောင် တရားဘာဝနာ ပွားများနေ၏။
(၅) ''မိတ်ဆွေကျေးသား၊ ကျွန်ုပ်ပြောပြသော စကား
ကို ကြီးကြီးငယ်ငယ် ရွယ်ရွယ်စားစား ကျေးငှက်တွေ
အားလုံးအား တစ်ဆင့်ပြောပြပါလေ။ (စာ-၉)
ကြီးကြီးငယ်ငယ်ရွယ်ရွယ်စားစား
အရပ်ရှစ်မျက်နှာ ကျေးငှက်များဖြစ်ကြကုန်သော ဥဒေါင်း၊ လင်းတ၊ ဘဲငန်း၊ ရစ်ဖြူ၊ ကြက်ဖ စသည့် ကြီးကြီးငယ်ငယ် ရွယ်ရွယ်စားစား ငှက်ပရိသတ်တို့သည် ဥသြငှက်ထံ ချဉ်းကပ်လာပြီး တရားဓမ္မဟောပြောရန် တောင်းပန်ကြသည်-
(၁) အဝိဇ္ဇာကို ခွင်းပစ်မည့် အလင်းရောင်ပေးပါရန်၊
(၂) ကိလေသာ အညစ်အကြေးမှန်သမျှကို ဖယ်ရှား
ပစ်မည့် တရားဓမ္မကို ဟောပြောရန် တောင်းပန်ကြခြင်း
ဖြစ်ပါ၏။ (စာ-၁၄)
တရားဓမ္မ
''အနိစ္စတရားနှင့် မရဏတရားကို စဉ်းစားဆင်ခြင်
ရမည်။
''မကောင်းမှုအကုသိုလ်ကို မည်သည့်နည်းနှင့်မျှ
မကျူးလွန်ပါနှင့်။
''ရတနာသုံးပါးကို အချိန်မှန် ရှိခိုးဦးခိုက်ကြ လော့။
''တွယ်တာတပ်မက်မှု မှန်သမျှ ဖယ်ရှား
ဖျောက်ဖျက်ကြ။
''သတိဝီရိယရှိကြ။
''စိတ်နှလုံးလှုပ်ရှားထွေပြားမရှိကြနှင့်။ (စာ-၁၇)
လိုက်နာကျင့်သုံး
တွယ်တာတပ်မက်မှုကို ငြင်းပယ်ခြင်း၊ အလုပ်
ကိုယုံကြည်ခြင်း၊ အနိစ္စတရားကို သတိရှိခြင်း
သည် ထူးထူးခြားခြားတန်ဖိုးကြီးမားသော ဓမ္မသို့
ချဉ်းကပ်ရောက်ရှိသွားခြင်း၏ အမှတ်လက္ခဏာ ဖြစ်ပေ၏။
မကောင်းမှုကျူးလွန်ပြုလုပ်သူများ
မကောင်းမှုကျူးလွန် ပြုလုပ်သူများအတွက်
ဤငရဲပြည်သည် နက်လည်းနက်၏။ ကျယ်
လည်းကျယ်၏။
အဝတ်နှင့်အစားအတွက် လောဘသည် နက်
လည်းနက်၏။ ကျယ်လည်းကျယ်၏။
အတ္တသံယောဇဉ်နှောင်ကြိုးသည် နက်လည်း
နက်၏။ ကျယ်လည်းကျယ်၏။
အလွန်နက်သော၊ အလွန်ကျယ်သော ဤဘဝ
သံသရာမှ ထွက်ခွာသွားနိုင်ရန်အတွက် အသင့်
ပြင်ဆင်ကြစို့။
(၆) ဓမ္မနှင့်ကင်းကွာနေရခြင်းသည် လွတ်ငြိမ်း
မှုနှင့် ကင်းကွာပြီးနေရခြင်းဖြစ်၏။ သဒ္ဓါတရားနှင့်
ကင်းကွာလျှင် ဆုမွန်နှင့် ကင်းကွာနေရလိမ့် မည်။
ပညာနှင့်ကင်းကွာနေလျှင် ကုသိုလ်ကောင်းမှု
နှင့် ကင်းကွာနေရလိမ့်မည်။
အကျင့်စာရိတ္တကောင်းနှင့် ကင်းကွာနေလျှင်
အဖော်ကောင်း၊ အဖော်မွန်နှင့် ကင်းကွာနေ
ရလိမ့်မည်။
စိတ်မချမ်းမြေ့စရာ
(၁) တရားဘာဝနာ ပွားများခြင်းမရှိဘဲ သေ
ဆုံးရသောအချိန်နာရီသည် မည်မျှ စိတ်
မချမ်းမြေ့စရာ ကောင်းသနည်း။
(၂) မှန်ကန်သော အဆုံးအဖြတ်မရှိသည့်
လူပုဂ္ဂိုလ်သည် မည်မျှစိတ်မချမ်းမြေ့
စရာ ကောင်းသနည်း။
(၃) ပညာမတတ်သော ဆရာဂုရုသည် မည်မျှ စိတ်မချမ်းမြေ့စရာကောင်းသနည်း။
(၄) ရိုသေကိုင်းရှိုင်းမှုမရှိသော တပည့်သည်
မည်မျှ စိတ်မချမ်းမြေ့စရာ ကောင်း
သနည်း။ မယုံကြည် စိတ်မချရသော
မိတ်ဆွေသည် မည်မျှစိတ်မချမ်းမြေ့စရာ ကောင်းသနည်း။
(၅) တူညီသော ရည်ရွယ်ချက်မရှိသည့် အိမ်
ထောင်မိသားစုသည် မည်မျှစိတ်မချမ်း
မြေ့စရာကောင်းသနည်း။ (စာ-၄၅)
ဓမ္မရသများ
ဓမ္မသည် သိပ္ပံနည်းကျလှသောဝါဒဟု ဆိုနိုင်
သည်။
A. Practical System
(လက်တွေ့ပြည့်စုံသောစနစ်)
B. ethical System
(ကိုယ်ကျင့်တရားပြည့်စုံသောစနစ်)
C. Spiritual System
(စိတ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်
ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
ငှက်ပေါင်းစုံ
အိမ်ကြက်ဖ၊ ငှက်တော်၊ မြေလူးငှက်၊ ဥဒေါင်း
ငှက်၊ ချိုး၊ သိမ်းငှက်၊ ကျေးသား၊ ဥသြငှက် ငှက်
အပေါင်း၏ ဓမ္မသဘင်အပြီးတွင် အားလုံး
ရွှင်လန်းချမ်းမြေ့ကြကုန်၏။ ဓမ္မရောင်ခြည်
ထွန်းတောက်ကြ၏။ ပီတိသောမနဿလွှမ်းခြုံ
ကြ၏။ ဓမ္မအနှစ်သာရ ရရှိခံစားကြကုန်၏။ ငှက်ပီတိသီချင်းသီဆိုကြ၊ ဝမ်းသာအားရ ကခုန်
ကြလေသည်။ (စာ-၁၂၁)
နိဂုံးသင်ခန်းစာ
စာရေးဆရာကြီးပါရဂူ ဘာသာပြန်ဆိုသော
'ငှက်ဓမ္မသဘင်' သည် ရွှင်လန်းသောဓမ္မတရား
ပေးစွမ်းပါသည်။ ချမ်းမြေ့သာယာရှိပါပေ
သည်။ ထို့ကြောင့် ဆရာကြီးပါရဂူနှင့် ပညာရှင်
များအား ရိုသေစွာ ရှိခိုးအပ်ပါသတည်း။