Sunday, December 2, 2018

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

Image may contain: one or more people, people standing, wedding, sky, crowd, house and outdoor
နေပြည်တော် ဒီဇင်ဘာ ၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုတို့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့၌ တွေ့ဆုံ၍ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းတံတား ဖောက်လုပ်မှုလုပ်ငန်းများနှင့် တန်ဖိုး နည်းအိမ်ရာ တည်ဆောက်မှုလုပ်ငန်း များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်သည့် တန်ဖိုး နည်းအိမ်ရာ အလုံး ၁ဝဝ ကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံတိုင်းရင်းသား များအား နေရာချထားပေးနိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်၍ ဒေသခံများ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ၂ဝ၁၂ -၂ဝ၁၃ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မောင်တော - ဝေသာလီ - ဥဒေါင်း ကွန်ကရစ်လမ်း(၁၃/ဝ) မိုင်နှင့် အေးရှားဝေါလ်ကုမ္ပဏီမှ ဆောင်ရွက် လျက်ရှိသည့် အငူမော် - အင်းဒင်- ကျောက်ပန္ဒူ - ဥဒေါင်း ကွန်ကရစ် လမ်းကို စက်ယန္တရားကြီးများဖြင့် ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာ နှစ် ပထမခြောက်လပတ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရွှေဇား- ပြင်ဖြူ ကွန်ကရစ်လမ်း (၁/၃)မိုင် ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တာဝန်ခံအင်ဂျင်နီယာက လမ်းဖောက်လုပ်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ လိုအပ် ချက်များကို မှာကြားသည်။
ဆက်လက်၍ ပြင်ဖြူ - လှဖိုးခေါင်- ကျီးကန်းပြင် ကျောက်ချောလမ်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။
နိုဝင်ဘာ ၃ဝ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘူးသီး တောင် - တောင်ပဇာလမ်းပိုင်း ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ဘူးသီးတောင် မြို့နယ် တောင်ပဇာကျေးရွာရှိ ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် တန်ဖိုးနည်း အိမ်ရာ ၆၃ လုံးတွင် နေရာချထားပြီး သော မြိုနှင့် သက် တိုင်းရင်းသားများ ကိုတွေ့ဆုံ၍ ဆိုလာမီးများ ထောက်ပံ့ ပေးအပ်ကာ ¤င်းတို့၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် စစ်တွေမြို့နယ် ပလ္လင် ပြင် - အောင်ဒိုင် - ကျက်တောပြင် ကွန်ကရစ်လမ်း(၃/၁)မိုင်၊ ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရွှေမင်းဂံလမ်းဆုံမှ ကံ့ကော်ကျွန်း - ရွာသစ်ကေ မြေသား လမ်း (၃/၁)မိုင် ဖောက်လုပ်မည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေ ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဖြစ်သော လမ်း၊ တံတား၊ စိုက်ပျိုး ရေ၊ သောက်သုံးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးဆိုင်ရာများ၊ ဆိုလာမီးများနှင့် တန်ဖိုးနည်းအိမ်ရာ များ ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင် ပြည်နယ်အတွင်း ဒေသခံတိုင်းရင်း သားများအတွက် နေအိမ်ဆောက်လုပ် ပေးခြင်း လုပ်ငန်းများအနေဖြင့် မောင်တောမြို့နယ်ရှိ ရွှေဗဟိုကျေးရွာ တွင် နေအိမ်အလုံး ၅ဝ၊ ကျောက်ပန္ဒူ ကျေးရွာတွင် နေအိမ်အလုံး ၁ဝဝ၊ နန်းရာကိုင်းကျေးရွာတွင် နေအိမ် အလုံး ၅ဝ၊ ခုံတိုင်ကျေးရွာတွင် နေအိမ် ၁၈ လုံး၊ ဘူးသီးတောင် မြို့နယ်၌ တောင်ပဇာကျေးရွာတွင် နေအိမ် ၆၃ လုံး၊ ရသေ့တောင်မြို့နယ် ၌ အဝတာကျေးရွာတွင် နေအိမ် ၄၆ လုံးတို့ကို နှစ်အလိုက် ဆောင်ရွက်ပေး ခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် လိုအပ်ချက်ရှိသည့် ကျေးရွာများကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment