Sunday, December 2, 2018

မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးနှင့် ဒါရိုက်တာဘုတ်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

Image may contain: 3 people, people sitting, table and indoor

ရန်ကုန် ဒီဇင်ဘာ ၁
မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် ဒါရိုက်တာဘုတ်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂ဝ၁၅ ခုနှစ်တွင် ပေါ်ပေါက်သည့် မြန်မာနိုင်ငံရုပ်မြင် သံကြားနှင့် အသံလွှင့်ဥပဒေနှင့် ဆက်စပ်၍ မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ရုပ်သံဥပဒေတွင် အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့၊ ရုပ်သံကောင်စီနှင့် ရုပ်သံလုပ်ငန်းလုပ်ကိုင်သူများ အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းရန် ပါဝင်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်နှင့် ထိုကာလမတိုင်မီကရှိသည့် အနေအထားများကို သဘာဝကျကျ စဉ်းစားဆောင်ရွက်ခဲ့သည်ဟု မြင်ပါ ကြောင်း၊ သို့သော် မူလစဉ်းစား ဆောင်ရွက်ခဲ့သည်များနှင့် ပြောင်းလဲလာသည့် အခြေအနေများအပေါ်မူတည်၍ လိုအပ်လာသည့်အတွက် လျော်ညီသော ဥပဒေများကို ချမှတ်ဆောင်ရွက်ရသည်များ ရှိပါကြောင်း။
ထိုကဲ့သို့ ဥပဒေများကို ကျင့်သုံးဆောင်ရွက်ရင်း အခြားပေါ်ပေါက်လာသည့် အနေအထားအသစ်များနှင့် လျော်ညီစွာ ဥပဒေများကို ပြန်လည်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ တစ်ခါတစ်ရံ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ရပါ ကြောင်း၊ ရုပ်သံဥပဒေ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ဆက်စပ်သည့် နည်းဥပဒေကို ရေးဆွဲနေဆဲ ဖြစ်ပါကြောင်း၊ ရုပ်သံနည်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရုပ်သံကောင်စီ ဖွဲ့စည်း၍ ကောင်စီ၏လုပ်ငန်းများလည်ပတ်မည်ဖြစ်ကာ မြန်မာနိုင်ငံ ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းနှင့် ချိတ်ဆက်မည်ဖြစ်ပါကြောင်း။
ရုပ်သံထုတ်လွှင့်သူများ၊ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အသင်းအဖွဲ့ တစ်ခုရှိသင့်သည်ဟု လက်ခံယုံကြည်ပါကြောင်း၊ ယနေ့တွင် အသင်း၏ အလုပ်များ ပိုမိုသွက်လက်စွာ လုပ်ကိုင်နိုင်ရန် စည်းမျဉ်းအချို့ ပြင်ဆင်မည်ကို တွေ့ရပါကြောင်း၊ နည်းဥပဒေထွက်လာပါက ရုပ်သံကောင်စီ ပေါ်ပေါက်လာပြီး အနေအထားပြောင်းလဲမှုများအပေါ်တွင်မူတည်၍ အသင်းကို မည်သည့်ပုံစံဖြင့် ဆက်လက်ဆောင်ရွက်မည်ကို စဉ်းစားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် သူများအသင်း၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း၏ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းများနှင့် ဖွဲ့စည်းခြင်းဆိုင်ရာအသင်းအဖွဲ့စည်းမျဉ်းပြင်ဆင်ချက်များကို အတည်ပြုခြင်း၊ လက်ရှိဒါရိုက်တာအဖွဲ့ဝင်များ နုတ်ထွက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဒါရိုက်တာအဖွဲ့သစ် ရွေးချယ်ခြင်းကိုဆောင်ရွက်ရာ ဒုတိယသက်တမ်း သုံးနှစ်တာ ကာလအတွက် ဥက္ကဋ္ဌအဖြစ် ရွှေသံလွင်မီဒီယာဂရု(ပ်)မှ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ အဖြစ်Forever Groupကုမ္ပဏီလီမိတက်မှ ဦးခင်မောင်ဌေး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် Myanmar International Television (MITV) မှ ဦးဇော်သက်မောင်အပါအဝင် ဒါရိုက်တာအဖွဲ့ဝင် ၁၆ ဦးတို့ကို ရွေးချယ်အတည် ပြုခဲ့သည်။
ယင်းနောက် အသစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော မြန်မာနိုင်ငံရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းဥက္ကဋ္ဌ ဦးကိုကိုက နှုတ်ခွန်းဆက်စကား ပြောကြားပြီး သဘာပတိအဖြစ် ဆောင်ရွက်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ထွေးကနိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းမှ အသင်းသူ အသင်းသားများ၊ ရုပ်သံလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များ၊ ရုပ်သံလုပ်ငန်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရုပ်သံလုပ်ငန်း လုပ်ကိုင်နေကြသည့် အသင်းဝင်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် သူများ အသင်းကို ၂ဝ၁၅ ခုနစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင် ၁၆ဝ ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment