Tuesday, February 28, 2017

ချင်းပြည်နယ်တွင် ဆောင်ရွက်မည့် တောင်တန်းဒေသစီမံကိန်းနှင့် မိခင်နှင့်ကလေးများအား ငွေကြေးပံ့ပိုးမှုအစီအစဉ် မိတ်ဆက်ပွဲကျင်းပ

Image may contain: 6 people, people sitting, people standing and text
ဟားခါး ဖေဖော်ဝါရီ ၂၇
အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့မှ ပံ့ပိုးသည့် ချင်းပြည်နယ်တွင်ဆောင်ရွက်မည့် တောင်တန်းဒေသစီမံကိန်းနှင့် မိခင်နှင့် ကလေးများအား ငွေကြေးပံ့ပိုးမှုအစီအစဉ် မိတ်ဆက်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ကာဆင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ Roland Kobia က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး Lift Fund အဖွဲ့မှ စီမံကိန်း ဒါရိုက်တာ မစ္စတာ Andrew Kirkwood က မြန်မာနိုင်ငံရှိ Lift ၏ စီမံကိန်းများနှင့် ချင်းပြည်နယ်ရှိ Lift ၏ စီမံကိန်းများအကြောင်းကိုလည်းကောင်း၊ USH မှ Miss Teresa Mcghie က ဘဝအစ ရက်ပေါင်း ၁ဝဝဝ အရေးကြီးကြောင်းကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးနှင့် UNICEF မှ မစ္စတာ Samman Thapa တို့က ချင်းပြည်နယ်တွင်ပြုလုပ်
မည့် မိခင်နှင့်ကလေးများအား ငွေကြေးပံ့ပိုးမှုအစီအစဉ်များအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်အမျိုးသမီး မိခင်များအား အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းခြင်းများကို ပေးအပ်ကြပြီး ခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး လယ်မြေဧက ၅ဝဝ ဖော်ထုတ်ပေး

Image may contain: one or more people, sky, outdoor and nature
ဘားအံ ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ တောင်သူ ၅၈ ဦး၏ လယ်ယာမြေဧက ၅ဝဝ အား လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာ စနစ်တကျလယ်မြေဖော်ထုတ်ပေးခြင်းကို စက်မှုလယ်ယာဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှတောင်သူများ၏ တင်ပြတောင်းဆိုလာမှုအရ ကရင်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၉ဝ ဖြင့် ထုံအိုင်(ကော့သန်ခါ) ကျေးရွာတွင် တောင်သူ ၃၁ ဦးပိုင်ဆိုင်သော လယ်မြေဧက ၂ဝဝ၊ ကော့သင်း(ကော့လမု)ကျေးရွာတောင်သူ ၁၅ ဦးပိုင်ဆိုင်သော လယ်မြေဧက ၁၅ဝ နှင့် ခရားအတွင်း ကျေးရွာတောင်သူ ၁၂ ဦးပိုင်ဆိုင်သော လယ်မြေဧက ၁၅ဝ စုစုပေါင်း လယ်မြေဧက ၅ဝဝ ကို စက်မှုလယ်ယာစနစ်တကျ ဖော်ထုတ်ပေးခြင်းဖြစ်သည်။
တောင်သူများအနေဖြင့် စက်ယန္တရားများဖြင့် စိုက်ပျိုးနိုင်ပါက လုပ်သားရှားပါးမှု အခက်အခဲမရှိဘဲ အချိန်တိုအတွင်း စပါးအပြီး ပဲသီးနှံများကို နှစ်သီးသုံးသီးစိုက်ပျိုးနိုင်မှာဖြစ်ကြောင်း၊ လယ်မြေတစ်ကွက်လျှင် ပေ ၁၂ဝ၊ ပေ ၃၆ဝ အကျယ်၊
ရေသွင်း/ရေထုတ်မြောင်း သုံးပေစီ၊ ကုန်ထုတ်လမ်း ၁၂ ပေ ပါရှိပြီး မတ်လပိုင်းလဝက်ခန့်တွင် အပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း ထပ်မံ၍ ဧက ၁ဝဝဝ ဆောင်ရွက်ပေးရန်လျာထားပါကြောင်း စက်မှုလယ်ယာဦးစီးမှူး ဦးအောင်ဆန်းနိုင်က ပြောကြားသည်။
အဆိုပါ စက်မှုလယ်ယာစနစ်တကျ လယ်မြေဧက ၅ဝဝ ဖော်ထုတ်ခြင်းဖြင့် တောင်သူလယ်သမားများ၏ ခေတ်မီနည်းစနစ်များ၊ စပါးနှင့် ပဲသီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးချိန်မှအစ ရိတ်သိမ်းခြွေလှေ့သည်အထိ စက်ကိရိယာများဖြင့် ဆောင်ရွက်ကြရာတွင် စနစ်တကျရှိစေရေးအတွက် လိုအပ်သော မြေအကျယ်အဝန်းတိုင်းတာခြင်း၊ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးထယ်ချေခြင်း၊ မြေညှိခြင်း၊ သီးထပ်စား
စိုက်ပျိုးနိုင်ရေးအတွက် ရေသွင်းရေထုတ်စနစ်များနှင့် ထွက်ရှိလာသော စပါးသီးနှံများ သယ်ယူရောင်းချနိုင်ရေးအတွက် ကုန်ထုတ်လမ်းများကို အဆင့်ဆင့်ဆောင်ရွက်ရကြောင်းနှင့် တောင်သူများ၏ အကျိုးစီးပွားအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ဘားအံ)

အော်စကာဆုပေးပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးကေဇီအက်ဖ်လက်နဲ့ အမ်မာစတုန်းတို့ ယခုနှစ်ရဲ့ အကောင်းဆုံးဇာတ်ဆောင်ခု ဆွတ်ခူး


Image may contain: 3 people, beard
ဟောလိဝုဒ်အနုပညာလောကအတွက် အကြီးကျယ်ဆုံးသော ညတစ်ညဟာတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျရောက်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါညမှာတော့ ဟောလိဝုဒ်ရဲ့ အကယ်ဒမီဆုပေးပွဲကြီးဖြစ်တဲ့ အော်စကာ ဆုပေးပွဲကြီးကိုကျင်းပခဲ့ပြီး နာမည်ကျော်တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့အတူ ယခုနှစ်ရဲ့ ထူးချွန်တဲ့အနုပညာရှင် တွေနဲ့ အနုပညာလက်ရာတွေကိုရွေးချယ်ကာ ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ကာ အဆိုပါအနုပညာထူးချွန်ဆုပေးပွဲ ကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရပါတယ်။
ယခုနှစ်မှာ ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲကြီးဟာ (၈၉)ကြိမ်မြောက်ဖြစ်ပြီး အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှာ ရှိတဲ့ ဒေါ်ဘီသီရေတာမှာကျင်းပခဲ့ခြင်းဖြစ်ကာ အဆိုပါ ဆုပေးပွဲအခမ်းအနားရဲ့ စီစဉ်တင်ဆက်သူတွေအဖြစ် နာမည်ကျော်အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ဂျင်မီ ကမ်မယ်လ်က ဆောင်ရွက်ခဲ့ပြီး နာမည်ကျော်တေးသံရှင် တစ်ဦးဖြစ်တဲ့ ဂျက်စတင်တင်းဘားလိတ်ရဲ့ ဖျော်ဖြေတင်ဆက် မှုနဲ့အတူ အခမ်းအနားကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
၂ဝ၁၇ ခုနှစ် ဂရမ်မီဆုပေးပွဲကြီးမှာ ဆုအများဆုံး ဆွတ်ခူးခဲ့ကာ ယခုနှစ်ရဲ့ အအောင်မြင်ဆုံးသောရုပ်ရှင်လို့ ဆိုနိုင်တဲ့ ရုပ်ရှင်ကတော့ ဝင်ငွေအားဖြင့်လည်း အောင်မြင် ခဲ့တဲ့ တေးဂီတရုပ်ရှင် ''La La Land'' ဖြစ်ပါတယ်။ အော်စကာဆန်ခါတင်စာရင်း ထွက်ရှိစဉ်ကလည်း ဆုအရေ အတွက်အများဆုံးအဖြစ် ဆုပေါင်း ၁၄ ဆုအတွက် အမည်စာရင်းတင်သွင်းဖော်ပြခြင်းခံထားရတဲ့အဆိုပါရုပ်ရှင်ဟာ ဆုပေးပွဲညမှာလည်း ထူးချွန်ဆုပေါင်း လေးဆုကို သိမ်းပိုက် နိုင်ခဲ့ပြီး အကယ်ဒမီညရဲ့ အကြီးမားဆုံးသောအောင်နိုင် သူဖြစ်ခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။ ''La La Land''ဟာ အကောင်းဆုံးထုတ်လုပ်မှုဒီဇိုင်းဆုအပါအဝင် နောက်ထပ်ထူးချွန်ဆုသုံး ဆုကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါထူးချွန်ဆု တွေအနက် အော်စကာဆုပေးပွဲကြီးရဲ့ အမြင့်ဆုံးသောထူးချွန်ဆုတစ်ခုဖြစ်တဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုလည်း ယင်းရုပ်ရှင်ရဲ့ဇာတ်ဆောင် မင်းသမီး အမ်မာစတုန်းက သိမ်းပိုက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ယင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ ဒမ်မီယမ်ချာဇဲလ်ဟာလည်း အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ ယင်းရုပ်ရှင်ရဲ့ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ် တဲ့ ''City of Stars''ဟာလည်း အကောင်းဆုံးကိုယ်ပိုင်သံစဉ်တေးသီချင်းဆုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုတော့ ''Manchester by the sea'' ရုပ်ရှင်ရဲ့ ဇာတ်ဆောင် မင်းသားကေဇီအက်ဖ်လက်က ဆွတ်ခူးသွားနိုင်ခဲ့ပြီး အမှတ် တရစကားလက်ဆောင်ပြောကြားစဉ်မှာတော့ သူ့အနေနဲ့ ဟောလိဝုဒ်အသိုင်းအဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်းကို အမှန်တကယ်ပဲ ဝမ်းသာဂုဏ်ယူမိကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယခုနှစ်ရဲ့ ဟောလိဝုဒ်အကယ်ဒမီဆုပေးပွဲကြီးမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုတော့ ''Moonlight'' ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မဟာရှာလာ အလီက ဆွတ်ခူးနိုင်ခဲ့ပြီးသူဟာ အော်စကာဆုပေးပွဲသမိုင်း တစ်လျှောက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ မွတ်စ်လင်ဘာသာဝင် အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုတော့ ''Fences''ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဗီအိုလာဒေးဗစ်က သိမ်းပိုက် သွားနိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆုပေးပွဲမှာ အကောင်းဆုံးသောရုပ်သံဖန်တီးမှု ရုပ်ရှင်အဖြစ် ဒစ်စနေရဲ့ အောင်မြင်ခဲ့တဲ့ရုပ်ရှင် ''Moana''ကို ကျော်ဖြတ်ကာ စုံထောက်ဟာသရုပ်ရှင်အမျိုးအစား ဖြစ်တဲ့ ''Zootopia'' ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံး မြင်ကွင်းဖန်တီးမှုဆုအတွက် ရုပ်သံဖန်တီးမှုရုပ်ရှင်တစ်ခု ဖြစ်တဲ့ ''The Jungle Book''ကို ရွေးချယ်ခဲ့ကြပါတယ်။ အကောင်းဆုံးလိုက်ဖ်အက်ရှင်ရုပ်ရှင်ဆုကိုတော့ မင်းသမီး စကားလတ်ဂျိုဟန်စန် ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင် ''Sing'' က ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကိုတော့ ''Hacksaw Ridge''ရုပ်ရှင်က သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းရုပ်ရှင်ဟာ ယခုနှစ်ရဲ့အကောင်းဆုံး အသံရောစပ်မှုဆုကိုပါ သိမ်းပိုက် သွားနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်ဖန်တီးမှုဆုအတွက် ''Suicide Squad'' ရုပ်ရှင်က ဆွတ်ခူးခဲ့ကာ အကောင်းဆုံးအဝတ်အစားဒီဇိုင်း ဆုကိုတော့ ''Fantastic Beasts and Where to Find Them''ရုပ်ရှင်က ရရှိခဲ့ပါတယ်။
ယခုနှစ်ရဲ့အကောင်းဆုံး နိုင်ငံခြားဘာသာစကား ရုပ်ရှင်ဆုကိုတော့ ''The Salesman'' ရုပ်ရှင်က ဆွတ်ခူး ခဲ့ပြီး ယခုနှစ်မှာ ထူးချွန်ဆုပေါင်း ၂၄ ဆုကို ချီးမြှင့်ခဲ့ ကြောင်းလည်း သိရပါတယ်။
အေးပြည့်

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေရေး စီမံကိန်းအတွက် ကျိန်ခရန်ချောင်း ရေသွယ်တန်းမှုကို ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

Image may contain: one or more people, child, outdoor and nature
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ နှစ်ရှည်ချေးငွေကျပ်သန်း ၆ဝဝဝ ဖြင့် မြစ်ကြီးနားမြို့မြောက်ဘက်ရှိ ကျိန်ခရန်ချောင်းရေကို သွယ်တန်း၍ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းနေရာသို့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကွင်းဆင်းစစ်ဆေးကြသည်။
ရှေးဦးစွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်နေရာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က JICA ချေးငွေဖြင့် စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်များ၊ တင်ဒါစနစ်ဖြင့် ပစ္စည်းများဝယ်ယူစုဆောင်းထားရှိမှု၊ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စီမံကိန်းပြီးစီးပါက ရေဖြန့်ဝေသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းရေအား သိုလှောင်ထားမည့် ရေစုကန်နှင့် ရေစစ်ကန် ဆောက်လုပ်နေမှုနှင့် ချောင်းရေစီးဆင်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး အာလာမ်ကျေးရွာ၌ ပိုက်လိုင်းများအတွက် မြေတူးဖော်၍ ၁၄ လက်မ PVC ပင်မရေပို့ပိုက်များ သွယ်တန်းတပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စည်ပင်သာယာရေးအဖွဲ့၏ လက်ရှိရေပေးနိုင်မှုမှာ မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၌ ရေဂါလန် ၁ ဒသမ ၅ သိန်းသာ ပေးဝေနိုင်လျက်ရှိရာ အဆိုပါစီမံကိန်းပြီးစီးပါက မြစ်ကြီးနားမြို့ပေါ်ရှိ တပ်ကုန်း၊ စီတာပူ၊ ဒူကထောင်၊ မြေမြင့်၊ ယုဇန၊ မြို့သစ်၊ ရန်ကြီးအောင်၊ ရှမ်းစုတောင်နှင့် မြောက်ရပ်ကွက်များတွင် တစ်ရက်လျှင် ရေဂါလန် ၁၄ ဒသမ ၄ သိန်းဖြင့် အိမ်ခြေပေါင်း ၇၉ဝဝ သို့ ဖြန့်ဝေပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

ရုရှားစစ်ဘက်ကလေယာဉ်နှင့် ရဟတ်ယာဉ်များ ထပ်မံတိုးချဲ့ဖြည့်တင်းမှုများပြုလုပ်



မော်စကို ဖေဖော်ဝါရီ ၂၇ 

ရုရှားစစ်ဘက်က ယခုနှစ်တွင် လေယာဉ်နှင့် ရဟတ်ယာဉ်စုစုပေါင်း အစင်း ၁၆ဝ တိုးချဲ့တာဝန်ထမ်းဆောင် စေမည်ဖြစ်ကြောင်း လေတပ်ဦးစီးချုပ် ဘွန်ဒါရပ်ဗ်ကယမန်နေ့က ပြောကြားခဲ့ သည်။ဘွန်ဒါရပ်ဗ်က ရုရှားနိုင်ငံတပ်ဖွဲ့ များအနေဖြင့် စက်ယ္တရားသစ်များကို ဆက်လက်ဝယ်ယူသွားမည်ဖြစ်ပြီး လက်ရှိ တွင် စက်ရုံများမှ စီမံထားသည့် အစီ အစဉ်အလိုက် ထုတ်လုပ်မှုများကို ဆောင်ရွက်နေသောကြောင့် ပစ္စည်း ကိရိယာ ပြတ်လပ်မှုရှိမည်မဟုတ်ကြောင်း ပြောခဲ့သည်။ 

  လေယာဉ်နှင့် ရဟတ်ယာဉ်စုစုပေါင်း အစင်း ၁၆ဝ ကို တာဝန်ထမ်းဆောင်စေ ခြင်းဖြင့် ရုရှားနိုင်ငံလေတပ် လေယာဉ် နှင့် ရဟတ်ယာဉ် စုစုပေါင်း အစင်း ၁၆ဝ ကို တာဝန်ထမ်းဆောင်စေခြင်းဖြင့် ရုရှား နိုင်ငံလေတပ်ဖွဲ့သည် ရာနှုန်းပြည့် ပစ္စည်းကိရိယာပြည့်စုံမှုသို့ ရောက်ခဲ့ပြီး ၄င်းတို့အနက် ၅၅ ရာခိုင်နှုန်းမှာ နည်း ပညာသစ်ပစ္စည်းများဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ 

ရုရှားစစ်ဘက်ဆိုင်ရာ အစီအစဉ် အရ ၂ဝ၂ဝ ပြည့်နှစ်တွင် လေယာဉ်နှင့် ရဟတ်ယာဉ်သစ် အစင်း ၉ဝဝ ကျော်ကို လေတပ်အတွက် တာဝန်ထမ်းဆောင်စေ မည်ဖြစ်ကြောင်း၊ လေယာဉ်အစင်း ၉ဝဝ ၏ပြုပြင်မွမ်းမံရေးလုပ်ငန်းများကိုလည်း တာဝန်ယူလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (ဆင်ဟွာ)

လွှတ်တော်အမတ် ဒီလီမာကိုထောက်ခံသည့် ဆီးနိတ်လွှတ်တော်အမတ်များအား ရာထူးမှဖယ်ရှား


မနီလာ ဖေဖော်ဝါရီ ၂၇

သမ္မတဒူတက်တေး၏ မူးယစ်ဆန့်ကျင်သည့် ဆောင်ရွက်ချက်များအပေါ် အပြင်းအထန်ဝေဖန်သူအားထောက်ခံသည့် ဖိလစ်ပိုင်ဥပဒေပြုအမတ် လေးဦးသည် တနင်္လာနေ့က ဆီးနိတ်လွှတ်တော်၏ အရေးကြီးသည့် ရာထူးတာဝန်များမှ ရပ်စဲလိုက်ကြောင်း သိရသည်။
သမ္မတဒူတက်တေး၏ နီးကပ်သောမဟာမိတ်နှင့် ဆီးနိတ်လွှတ်တော်အမတ် မန်နီပက်ကွီယိုတို့၏ ညွှန်ကြားဆောင်ရွက်မှုများအရ ဆီးနိတ် လွှတ်တော်အမတ်သုံးဦးသည် ဥပဒေပြုလွှတ်တော်၏ အရေးပါသည့် ရာထူးတာဝန်များကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး လွှတ်တော်အမတ်တစ်ဦးကိုမူ ရာထူးမှ ခေတ္တထုတ်ပယ်ထားခြင်းဖြစ်သည်။

 ရာထူးမှရပ်စဲခံရသူလေးဦးစလုံးသည် သမ္မတဒူတက်တေး၏ မူးယစ်တိုက်ဖျက်သည့် စစ်ဆင်ရေးကိုဆန့်ကျင်သည့် ဆီးနိတ်လွှတ်တော်အမတ် လိုင်လာဒီလီမာကို ထောက်ခံကြသူများဖြစ်သည်။ 

လိုင်လာဒီလီမာအား ပြီးခဲ့သည့် သောကြာနေ့ကမူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် အရေးယူ ဆောင်ရွက်မှုပြုလုပ်ခဲ့ပြီး ဥပဒေအရစစ်ဆေးဆောင်ရွက်လျက်ရှိသည်။နိုင်ငံရေးဆိုင်ရာလေ့လာစောင့်ကြည့်သူများက သမ္မတဒူတက်တေးသည် ¤င်း၏အာဏာတည်မြဲရေးအတွက် လုပ်ပိုင်ခွင့်အာဏာရှိသည့် ဆီးနိတ်လွှတ်တော်ရာထူးနေရာ ၂၄ ခုကို ချိန်ညှိမှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ဝေဖန်ပြော ဆိုခဲ့ကြသည်။

 ပြီးခဲ့သည့်ရှစ်လအကြာက သမ္မတဒူတက်တေး၏ မူးယစ်ဆန့်ကျင်သည့်စစ်ဆင်ရေးအတွင်း ရဲများ၏ စီးနင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၇ဝဝ ကျော် သေဆုံးခဲ့ရသည်။ နိုင်ငံရေးတက်ြ<ွကလှုပ်ရှားသူများက သေဆုံးသွားသူများအနက် အများစုသည် မတရားသတ်ဖြတ်ခံရခြင်းဖြစ်သည် ဟု စွပ်စွဲခဲ့ကြသော်လည်း အာဏာပိုင်များက ငြင်းဆန်ခဲ့သည်။ (ရိုက်တာ)

မောင်တောမြို့နယ် ဒုချီးယားတန်း တောင်ရွာ၌ မီးလောင်မှုဖြစ်ပွား



နေပြည်တော် ဖေဖော်ဝါရီ ၂၇ 

မောင်တောမြို့နယ် ဒုချီးယားတန်းတောင် ရွာတွင် ယမန်နေ့ မွန်းတည့်ချိန်က နေအိမ် တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ဆုံးရှုံး
မောင်တောမြို့နယ် နယ်မြေ ၇ ဒုချီးယားတန်းတောင်ရွာနေ ဖာတေမာ ခါတူ နေအိမ်၌ မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် ဖေဖော်ဝါရီ ၂၆ ရက် မွန်းတည့် ချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရ သည်။
(သတင်းစဉ်)

ပျောက်ဆုံးနေသော ခမီးလူမျိုးတစ်ဦး၏ အလောင်းအားတွေ့ရှိ



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

မောင်တောမြို့နယ် သရေကုန်းဘောင် ကျေးရွာ အနီးတောစပ်၌ ခမီးလူမျိုး နှစ်ဦးအား လူ သုံးဦးက ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက ပုဆိန်၊ ဓားများဖြင့် တိုက်ခိုက်မှု ဖြစ်ပွားစဉ် ပျောက်ဆုံးနေသူ ၏ အလောင်းအား ယမန်နေ့မွန်းလွဲပိုင်း က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရ သည်။

  အဆိုပါဖြစ်စဉ်တွင် ခမီးလူမျိုး အောင်ကျော်စိန် (၄၆ နှစ်)၏ ယာ ကျောတွင် ပြတ်ရှဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ထားပြီး ခမီးလူမျိုး ထွန်းသာမောင် (၂၈ နှစ်)မှာ ပြန်လည် ရောက်ရှိလာခြင်းမရှိသဖြင့် လုံခြုံရေး အဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက လိုက်လံ ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ပိုင်းတွင် ကိုင်းကြီး(မြို)ရွာအနီးရှိ လက်ဝဲ ဒဏ်ချောင်းဖျားတွင် ထွန်းသာမောင် ၏ အလောင်းအား ယာလည်ပင်း၊ ကျောကုန်း ပြတ်ရှဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် တိုက်ခိုက် သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

မိုးမိတ်မြို့ ဟင်ခုတ်ကျေးရွာတောင်ဘက် ထင်းသွားခုတ်သည့်ရွာသား တိုက်မိုင်းထိမိပေါက်ကွဲ၍ ဒဏ်ရာရရှိ



နေပြည်တော် ဖေဖော်ဝါရီ ၂၇


မိုးမိတ်မြို့နယ် အရှေ့တောင်ဘက် ၂၁ မိုင်ခန့်အကွာ၌ ဖော်ဖော်ဝါရီ ၂၅ ရက် မွန်းတည့်ချိန်ကTNLAလက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိ ပေါက်ကွဲရာမှ ပြည်သူတစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

  မိုးမိတ်မြို့နယ် ဟင်ခုတ်ကျေးရွာနေ ဦးလထော်ဂမ်သည် ရွာတောင်ဘက်သို့ ထင်းသွားခုတ်စဉ် TNLA လက်နက်ကိုင်များ ထောင်ထားသည့် တိုက်မိုင်းအား တိုက်မိရာမှ ပေါက်ကွဲခဲ့ပြီး ညာခြေထောက်ကျိုး၊ ဘယ်ဘက် ခြေထောက်နှင့် မျက်စိတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ လူနာအား မိုးကုတ်ပြည်သူ့ဆေးရုံပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

မောင်တောမြို့နယ် နွားရုံတောင်ကျေးရွာရာအိမ်မှူး ဓားခုတ်ခံရ



 နေပြည်တော် ဖေဖော်ဝါရီ ၂၇ 

မောင်တောမြို့နယ် နွားရုံတောင်ကျေးရွာ ၌ ဖေဖော်ဝါရီ ၂၄ရက် ညပိုင်းက ရာအိမ် မှူးတစ်ဦး ဓားခုတ်ခံရကြောင်း သိရ သည်။

 ဖမ်းဆီးရမိရေးဆောင်ရွက်
မောင်တောမြို့နယ် နွားရုံတောင် ကျေးရွာ၌ ဖေဖော်ဝါရီ ၂၄ ရက် ည ၈ နာရီက ရာအိမ်မှူး အဒူဇော်လီ (၃၈ နှစ်) သည် ကျေးရွာလုံခြုံရေး ကင်းနေရာ ချထားရေးဆောင်ရွက်ပြီး နေအိမ်သို့ ပြန်လာစဉ် အိမ်အနီး၌ လူတစ်ဦးက ရုတ်တရက် ဓားဖြင့်ခုတ်ခဲ့မှုကြောင့် လက်ဖျံ၌ ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
(သတင်းစဉ်)

တရားမဝင်ကုန်စည်များတားဆီးထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ


 နေပြည်တော် ဖေဖော်ဝါရီ ၂၇

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ဆောင် ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက တရားမဝင်ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်ရေးစီမံချက်အား မတ် ၁ ရက်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင်ရှိသော ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ စီမံချက်အောင်မြင်မည် ဖြစ်ကြောင်း။

 ဆက်လက်၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် တရားမဝင် ကုန်စည်သယ်ဆောင်မှုများ တားဆီးရေးကိုရေရှည်နှင့် ကာလတို လုပ်ငန်းစဉ် နှစ်ရပ်ဖြင့် တားဆီးထိန်းချုပ်မည့် အစီအမံအား ပထမအဆင့် ကချင်ပြည်နယ်၊ ဒုတိယအဆင့် ရှမ်း၊ ကရင်၊ ပဲခူး တိုင်းဒေသကြီး၊ တတိယအဆင့် စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 နယ်စပ်ဂိတ်များတွင် ကုန်စည်စီးဆင်းမှုအား နှစ်ဖက်နိုင်ငံ အကောက်ခွန်ဦးစီးဌာနတို့ ညှိနှိုင်း၍ ခွင့်ပြုသင့် /ခွင့်မပြုသင့် သည့် ပစ္စည်းများအား ညှိနှိုင်းသွားရန်ဖြစ်ကြောင်း၊ ပြည်တွင်း တရားမဝင်ကုန်စည်များ မရောင်းချနိုင်ရန် အသိပညာပေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တရားဥပဒေ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းမှန်ပေါ်သို့ ရောက်အောင် ဆွဲတင်ရမည်ဖြစ်ကြောင်း။ 

 ထို့အပြင် စစ်ဆေးရေးဂိတ်များတွင်စစ်ဆေးသည့် သတင်း များနှင့် ဖမ်းဆီးရရှိသည့်သတင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး မီဒီယာများနှင့် ဆက်သွယ်ဆောင်ရွက်ထား ကြောင်း၊ ဖမ်းဆီးရမိသည့်ပစ္စည်း၏ ၅ဝ ရာခိုင်နှုန်းကို ဆု ချီးမြှင့်မည်ဖြစ်ပြီး ပါဝင်ဖမ်းဆီးသည့် ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

 အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။ (သတင်းစဉ်)

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး လာရောက်လေ့လာ



နေပြည်တော် ဖေဖော်ဝါရီ ၂၇ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး နဝမနေ့ကျင်းပနေမှုအား ရန်ကုန်တက္ကသိုလ် ဥပဒေပညာ ဌာနနှင့် မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာသင်တန်းများမှ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး နဝမနေ့သို့ လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် လာရောက် လေ့လာသူ ၂၉၄ ဦးနှင့် စတင်ကျင်းပသည့် အချိန်မှ ယနေ့ထိ ၂၁၆၄၉ ဦးရှိကြောင်းနှင့် လွှတ်တော်လေ့လာရေးအတွက် ညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ သုံးရက်ကြိုတင်ပေးပို့နိုင် ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ချေးငွေများကို အလေအလွင့် အယိုအဖိတ်မရှိစေရန် စနစ်တကျသုံးစွဲ ဝယ်ယူသည့်ပစ္စည်းများတန်ရာတန်ဖိုးဖြစ်စေရေး သုံးစွဲသည့်ဌာနများက အလေးထားဆောင်ရွက်



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

ယခုရယူမည့် KfW Development Bankချေးငွေသည် ဆိုင်းငံ့ကာလ ၁ဝ နှစ် ပြန်ဆပ်ကာလ နှစ် ၃ဝ ဖြင့် ချေးငွေ သက်တမ်း နှစ် ၄ဝ ဖြစ်ကြောင်း ဘဏ္ဍာ ရေးနှင့် စီမံကိန်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြား သည်။

ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့ တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက်ကောင်းမွန်ရေး စီမံကိန်းဆောင်ရွက်ရန် KfW Development Bank မှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက ထိုသို့ ရှင်းလင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြန်ဆပ်ကာလ နှစ် ၃ဝ ဖြစ်၍ တစ်နှစ် လျှင် အရင်း ယူရို ဝ ဒသမ ၁၆၇ သန်းခန့် ပေးချေရမည်ဖြစ်ပြီး အတိုးအနေဖြင့် တစ်နှစ်လျှင် ယူရို ဝ ဒသမ ဝ၃၇ သန်းခန့် ပေးချေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်ဆပ်ကာလအတွင်း၌ အကြမ်းအားဖြင့် တစ်နှစ်လျှင် ယူရို ဝ ဒသမ ၂ဝ၄ သန်းခန့် (မြန်မာကျပ်ငွေ၂၉၂သန်းခန့်) ပေးချေရ မည်ဖြစ်ကြောင်း၊ အရင်းဆပ်ပြီးသည့် အခြေအနေအပေါ်မူတည်၍ကျသင့်အတိုး ငွေ သည်လည်း လျော့နည်းသွားမည်ဖြစ် ကြောင်း၊ စီမံကိန်းအကောင်အထည် ဖော်မှုများကို စောင့်ကြည့်သုံးသပ်ရေး၊ စီမံကိန်းအစီရင်ခံစာတင်ပြရေး၊ ချေးငွေ များကို အလေအလွင့် အယိုအဖိတ်မရှိ စေရန် စနစ်တကျ သုံးစွဲရေး၊ ချေးငွေဖြင့် ဝယ်ယူသည့် ပစ္စည်းများ တန်ရာတန်ဖိုး ဖြစ်စေရေး စသည်တို့ကို ချေးငွေသုံးစွဲ သည့် ဌာနများက အလေးထားဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ချေးငွေ စာချုပ်ချုပ်ဆိုရန် နှစ်ဦးနှစ်ဖက် ညှိနှိုင်း သည့်အခါ မိမိနိုင်ငံအတွက် နစ်နာမှုမရှိ စေရန် အသေးစိတ်စိစစ်၍ ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြား သည်။

ထို့အပြင်ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးကလည်း နိုင်ငံတော်သမ္မတ ထံမှ ပေးပို့သည့် မြန်မာ့မီးရထားဒီဇယ် စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက် ကောင်းမွန်ရေး စီမံကိန်းဆောင်ရွက်ရန် KfW Development Bankမှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)တိုးတက်ကောင်းမွန်ရေး စီမံကိန်းဆောင် ရွက်ရန်KfW Development Bank မှ ယူရို ၅သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း ၍ လွှတ်တော်၏ သဘောထားဆန္ဒကို စက်ခလုတ်နှိပ်အသုံးပြုရယူပြီး ထောက်ခံ မဲ ၅ဝ၆ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ကြားနေမဲ ၆ မဲ ဖြင့် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက က အာဆီယံပါလီမန် များ ညီလာခံဆိုင်ရာပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ၂ဝ၁၆ ခုနှစ် မတ် ၁ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် လွှတ်တော် ၏ သဘောတူညီချက်ရယူ၍ သက်တမ်း (၁) နှစ် သတ်မှတ်ဖွဲ့စည်းခဲ့သည့်အတွက် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ် ကြောင်း၊ အာဆီယံပါလီမန်များ ညီလာခံ ဆိုင်ရာပူးပေါင်းကော်မတီနှင့်နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီတို့၏ သက်တမ်းကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်ထိ နောက်ထပ် (၁) နှစ် သက်တမ်းတိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း ၍ လွှတ်တော်၏သဘောထားဆန္ဒ ရယူ လိုကြောင်းပြောကြားပြီး လွှတ်တော်၏ သဘောထားဆန္ဒရယူကာ အဆိုပါ ပူးပေါင်းကော်မတီများအတွက် နောက် ထပ် (၁) နှစ်သက်တမ်းတိုးမြှင့်နိုင်ရေး ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို လွှတ်တော်၏ သဘောတူညီ ချက်ဖြင့် ၂ဝ၁၆ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဖွဲ့ဝင် ၃၈ ဦး ဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မရှင်စတင် ဖွဲ့စည်းစဉ်က သက်တမ်း(၁)နှစ် သတ်မှတ် ထားသည့်အတွက် ၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီ ၂၈ ရက်တွင် (၁) နှစ်ပြည့်မြောက်ပြီ ဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာပင် ကော်မရှင်အဖွဲ့ဝင်များအနက် မွန် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးကျင်ဖေအား ¤င်း၏ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုပါရန်နှင့် မကွေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးရဲမြင့်အား ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်သို့ တင်ပြလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သက်တမ်းတိုးမြှင့်ခြင်း၊ အဖွဲ့ဝင် တစ်ဦး နုတ်ထွက်ခွင့်ပြုခြင်း၊ အစားထိုး ခန့်အပ်ခြင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော် ၏ သဘောထားဆန္ဒရယူရာ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် သက်တမ်းတိုးမြှင့် ခြင်းကို ကန့်ကွက်သည်။

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယက က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် သက်တမ်းတိုးမြှင့် ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘော ထားဆန္ဒကို စက်ခလုတ်နှိပ်အသုံးပြုရယူ ရာ ထောက်ခံမဲ ၃၃၃ မဲ၊ ကန့်ကွက်မဲ ၁၈၉ မဲ၊ ကြားနေမဲ ၆ မဲ ဖြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် သက်တမ်းတိုးမြှင့် ခြင်းကို အတည်ပြုကြောင်း ကြေညာ သည်။

ယင်းနောက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်း လုပ်ငန်းနှင့်စပ်လျဉ်း၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ ဦးမျိုးဝင်းက ခေတ်အဆက်ဆက် အစီရင်ခံစာများ ကြောင့် နိုင်ငံသည် အချမ်းသာဆုံးနိုင်ငံ အဖြစ်မှ အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ကျဆင်းခဲ့ပါကြောင်း၊ ငွေလွှဲနှုန်းကို အရှိ ကိုအရှိအတိုင်း တင်ပြထားသည့် အစီရင် ခံစာဖြင့်သာ အခြေအနေမှန်ကို သုံးသပ် နိုင်မည်ဖြစ်ကြောင်း၊ ဆောင်ရွက်ထား သည့် စီမံကိန်းတစ်ခုချင်းကို အသေးစိတ် ပြန်လည်လေ့လာရန် လိုအပ်လျက်ရှိပြီး အရှိကိုအရှိအတိုင်း သုံးသပ်မှသာ ဆက်လက်ဆောင်ရွက်သင့်၊ ရပ်နားသင့်၊ ဖက်စပ်လုပ်သင့်နှင့် ဖျက်သိမ်းသင့်ဆို သည်များ ပေါ်ထွက်လာမည်ဖြစ်ပြီး နိုင်ငံ့ ဘဏ္ဍာယိုဖိတ်မှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း။

အထည်ချုပ်လုပ်ငန်းများ၊ အိမ်တွင်း အသေးစားနှင့် အလတ်စားစက်မှုလုပ်ငနှ်းနြ များနှင့်ွှသကမငျာ လုပ်ငန်းများ ဖွံ့ဖြိုးလာရန် ဦးစွာရင်းနှီးမြှုပ်နှံသင့်ပါ ကြောင်း၊ မှန်ကန်သည့်စီမံကိန်းများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ပါ ကြောင်း ဆွေးနွေးသည်။

ထို့အပြင် ဆိပ်ကြီးခနောင်တို မဲဆန္ဒ နယ်မှ ဦးတင်ထွန်းနိုင်၊ ကျိုက်လတ် မဲ ဆန္ဒနယ်မှ ဦးရန်လင်း၊ လင်းခေးမဲဆန္ဒနယ် မှ ဦးစိုင်းဘသိန်း၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်း၊ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်း သန့်ဇင်၊ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာ အောင်ခင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ် (၅)မှ ဦးရဲထွဋ်၊ လွိုင်လင်မဲ ဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆)မှ ဒေါ်နန်းနီနီအေး၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၊ ပျဉ်းမနား မဲဆန္ဒနယ်မှ ဦးသန်းစိုးအောင်၊ ရန်ကုန် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁ဝ)မှ နော်လှလှစိုး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၄)မှ ဦးကျော်ကျော်၊ ညောင် တုန်း မဲဆန္ဒနယ်မှ ဦးအုန်းလွင်၊ ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ လှိုင်မဲဆန္ဒ နယ်မှ ဦးအောင်ကျော်ကျော်ဦးနှင့် ပေါင်းတည်မဲဆန္ဒနယ်မှ ဦးအေးမင်း အောင်တို့ကလည်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအဝင် စီမံ ကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ နောက် ဆက်တွဲ ၂ (က)ပါ စီမံကိန်းလုပ်ငန်းများ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များသည် အချို့ စီမံကိန်းလုပ်ငန်းများကို ငြင်းပယ်ရန်နှင့် လျော့၍ခွင့်ပြုရန် အဆိုများ ပါဝင်နေ သည့်အတွက် လိုအပ်ပါက ပူးပေါင်း ကော်မတီနှစ်ရပ်၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြင်ဆင်ချက်အဆိုတင်သွင်း ဆွေးနွေး ထားသည့် လွှတ်တော်ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေးပြီး ပိုမိုကောင်းမွန် သည့် ပြင်ဆင်ချက်များရရှိပါက အဆုံး အဖြတ်ရယူရာတွင် တစ်ပါတည်း တင်ပြ အတည်ပြုနိုင်ရေးအတွက် ညှိနှိုင်းဆောင် ရွက်ကြရန်ဖြစ်ကြောင်း။

အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင် ခံစာတွင်ပါရှိသည့် မူသဘောအကြံပြု ချက်များနှင့် လွှတ်တော်ကိုယ်စားလှယ် များ၏မူနှင့် အခြေခံသဘော ဆွေးနွေး ချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်များ က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း အစီ အစဉ်ကို လာမည့် ၂ဝ၁၇ ခုနှစ် မတ်လ ၁ ရက်တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများအပေါ် အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျော့၍ ခွင့်ပြုခြင်းများနှင့် စပ်လျဉ်း၍ အဆို တင်သွင်းခြင်း၊ သက်ဆိုင်ရာပြည်ထောင်စု အဆင့် အဖွဲ့အစည်းများက ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ၂ဝ၁၇ ခုနှစ် မတ် ၆ ရက်တွင် ဆက်လက်ဆောင်ရွက် ရန် လျာထားကြောင်း ကြေညာသည်။
(သတင်းစဉ်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လေ့လာ



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင် များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက်လေ့လာသော မ္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံ ရေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်သီတာထွန်း ဦးဆောင် သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ဖွဲ့စည်းပုံ၊ မဲဆန္ဒနယ်သတ်မှတ် ကြေညာခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနှင့် စိစစ်ခြင်း၊ ရွေးကောက်ပွဲရလဒ် ကြေညာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုများ အား စစ်ဆေးခြင်းနှင့် အယူခံမှုများအား စုံညီခုံရုံးဖြင့် စစ်ဆေးခြင်းတို့အား ရှင်းလင်းပြောကြားသည်။

 ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်(၃)ရပ် ဖွဲ့စည်းမှု၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှု တို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးကြားနာခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြား ကြသည်။

 ထို့နောက် ကျောင်းသား ကျောင်းသူများ၏ မေးမြန်းချက်များကို ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန် ရှိသူတို့မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ USIP ဥက္ကဋ္ဌMs.Nancy Lindborgါ နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး
တွေ့ဆုံစဉ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ကော်မတီအတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

ရွှေ့ပြောင်းသွားလာခြင်းနှင့်ပတ်သက်၍ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂၇

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် IOMတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ ရွှေ့ပြောင်း သွားလာခြင်းနှင့်ပတ်သက်၍ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်Kempinski Hotel၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။

 ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ၌ ရွှေ့ပြောင်း သွားမှုဖြစ်စဉ်များကို လေ့လာရာတွင် ဝင်ငွေတိုးတက်ရန်၊ လက်ရှိ ဘဝအဆင့်အတန်းထက် မြင့်မားရန်၊ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်များရရှိရန်၊ သဘာဝဘေးအန္တရာယ် ကျရောက် ခြင်းကြောင့်လည်းကောင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် လည်းကောင်း၊ ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားခြင်းကြောင့် လည်းကောင်း အမျိုးမျိုးသော ရွှေ့ပြောင်းသွားလာမှုကို ဖြစ်ပေါ် စေပါကြောင်း၊ လူသားများ ရွှေ့ပြောင်းသွားလာခြင်းသည် မြန်မာ နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် အလွန်ရှုပ်ထွေးပြီး အရေး ကြီးသည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်ဆိုင်ရာမူဝါဒကို ၂ဝ၁၂ ခုနှစ်တွင် လည်းကောင်း၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒကို ၂ဝ၁၃ ခုနှစ်တွင် လည်းကောင်း ချမှတ်ရေးဆွဲနိုင်ခဲ့ပါကြောင်း။

 နောင်လာမည့် ငါးနှစ်စီမံကိန်း (၂ဝ၁၈-၂ဝ၂၃) ကို ယခင် စီမံကိန်းကာလမှ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်များ၊ အားသာချက်များအပေါ် စိစစ်၍ ပိုမိုပြည့်စုံ သည့် စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ အကြံဉာဏ်ဖြင့် ရေးဆွဲအကောင် အထည်ဖော်နိုင်ရန် မျှော်လင့်ပါကြောင်း။

 ပြည်ပနိုင်ငံများသို့ တရားဝင်သွားရောက်လုပ်ကိုင်နေ သည့် အလုပ်သမားများစာရင်းနှင့် ယင်းတို့လွှဲပို့သည့် မိသားစု လွှဲပို့ငွေနှင့် နှိုင်းယှဉ်ပါက အင်မတန်နည်းပါးနေသည်ကို တွေ့ရှိရ ပါကြောင်း၊ နိုင်ငံအတွင်း လွှဲပို့ငွေဝင်ရောက်မှုများပြားပါက နိုင်ငံ တော်၏​GDP လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြည်ပ နိုင်ငံများမှ ပြန်လည်ပေးပို့သည့်ငွေများ တိုးတက်ရရှိလာစေရန် ကောင်းမွန်သည့်နည်းလမ်း၊ လုပ်ထုံးလုပ်နည်းများ၊ အတွေ့ အကြုံများကို တက်ရောက်လာသူများမှ ဆွေးနွေးပေးစေလိုပါ ကြောင်း ပြောကြားသည်။

 ထို့နောကKonrad-Adenauer Stiftung(KAS) နှင့်IOM မှ ကိုယ်စားလှယ်တို့က ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ကိုယ်စားလှယ်များက ရွှေ့ပြောင်းသွား လာခြင်းနှင့်ပတ်သက်၍ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်း၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။ 

 အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ IOM မှ Chief of Mission ဖြစ်သူ Mr. Kiern-Gorman Bestနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

နှစ်နိုင်ငံအကြားတည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတောင့်တင်းခိုင်မာလာမည်ဟု ယုံကြည်



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မြန်မာ နိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေ သော ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီး ချုပ် မစ္စတာ ဟော်နမ်ဟောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ညစာစားပွဲတွင် ‘ဒုတိယသမ္မတ ဦးမြင့်ဆွေက နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားပါ ကြောင်း၊ ၁၉၅၅ ခုနှစ်က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင် ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများ ပုံမှန်တိုးတက် လာခဲ့သည်ကို ဝမ်းမြောက်စွာ တွေ့မြင် ရပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့သည် သမိုင်းကြောင်း၊ အာရှတန်ဖိုးသတ်မှတ်ချက်များနှင့် စိတ် နေစိတ်ထား တူညီရုံသာမက ဒေသတွင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သဟဇာတရှိရေး တို့အပေါ် တူညီသည့် သန္နိဋ္ဌာန်များချမှတ် ဖော်ဆောင်လျက်ရှိသည့် နိုင်ငံများဖြစ်ပါ ကြောင်း။

မိမိတို့နှစ်နိုင်ငံသည် ပိုမိုကောင်းမွန် ခိုင်မာသည့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းများကို လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတောင့်တင်း ခိုင်မာလာလျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အပြန်အလှန် ခရီးစဉ်များသည် နှစ်နိုင်ငံရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သိသိသာသာ အထောက်အကူဖြစ်စေပါ ကြောင်း၊ မကြာသေးမီက နိုင်ငံတော် သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံ သို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပါ ကြောင်း၊ အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များအတွက် အခွင့်အလမ်းသစ် များကို ဖော်ဆောင်ပေးနိုင်ခဲ့ပါကြောင်း။

သဟဇာတဖြစ်ပြီး သာယာဝပြော သည့် အာဆီယံအသိုက်အဝန်း ထူထောင် ရန်နှင့် မိမိတို့ဒေသ၏ လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများ ဖြေရှင်းသွားနိုင် ရန်အတွက် မြန်မာနိုင်ငံသည် ကမ္ဘော ဒီးယားနိုင်ငံအပြင် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း။

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့သည် ပိုမိုတောက်ပသည့် အနာဂတ် ဆီသို့ ဦးတည်လျက်ရှိပြီး ခိုင်မာသော ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်တို့နှင့် အဆိုပါ အနာဂတ်ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနေကြသည့် နိုင်ငံများဖြစ်ပါ ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား တည်ရှိ နေသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အချိန်နှင့် အမျှ ပိုမိုတောင့်တင်းခိုင်မာလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ် ဟောင်က
ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်နှင့် အတူ ဂုဏ်ပြုညစာကို သုံးဆောင်သည်။

ညစာစားပွဲသို့ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ ညစာစားပွဲမကျင်းပမီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ နှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရတို့အကြား ၂ဝ၁၇-၂ဝ၂၁ ကာလအတွင်း ပညာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ်ကို ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ကမ္ဘော ဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အုန်းစီးယန်း(န်)တို့က ဒုတိယသမ္မတနှင့် ဒုတိယဝန်ကြီးချုပ်တို့ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
(သတင်းစဉ်)

ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

ဒုတိယသမ္မတဦးမြင့်ဆွေသည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်နှင့် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ မန္တလေး၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေနှင့် ကမ္ဘောဒီးယားရှိ အန်ကောဝပ် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

နိုင်ငံတော်၏ သယံဇာတပစ္စည်းများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှင်းလင်း



နေပြည်တော် ဖေဖော်ဝါရီ ၂၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်အရာရှိ ကြီးများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် တိုင်းမှူးများ၊ တပ်မမှူးများ တက်ရောက်ကြသည်။ 

 အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး၊ နိုင်ငံတော်၏ သယံဇာတ ပစ္စည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်၊ ပြည်သူ့ အကျိုးစီးပွားဖော်ဆောင်ရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပညာ ရေး၊ လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက် ရေးတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

 ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်း ရေးအဖွဲ့ (USIP- United States Institute of Peace) ဥက္ကဋ္ဌ Ms. Nancy Lindborg နှင့် အဖွဲ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ဆောက်သမ်တန်ကို အနိုင်ရရှိပြီး အီးအက်ဖ်အယ်လ်ဖလား မန်ယူဆွတ်ခူး လီဗာပူးအသင်း၏ ဆုဖလား ၄၁ လုံး ရရှိမှုကို မန်ယူအသင်း လိုက်မီခဲ့

Image may contain: 2 people
မန်ယူအသင်းသည် အီးအက်ဖ် အယ်လ်ဖလား နောက်ဆုံးဗိုလ်လုပွဲ အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်ညပိုင်းက ဆောက်သမ်တန်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး အီးအက်ဖ်အယ်လ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါပွဲစဉ်တွင် မန်ယူအသင်းနှင့် ဆောက်သမ်တန်အသင်းတို့သည် အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းပွဲ ကစားချိန်အတွင်မန်ယူအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေရာမှ တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပွဲကစား ချိန် ၈၇ မိနစ်တွင် ဂိုးသွင်းယူပေး နိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်းက ဆောက်သမ်တန်အသင်းအား အနိုင်ရရှိကာ အီးအက်ဖ်အယ်လ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
မန်ယူ အသင်းသည် အင်္ဂလန်ကလပ်အသင်း များအနက် အောင်မြင်မှုအများဆုံး ဆွတ်ခူးနိုင်ခဲ့သည့် လီဗာပူးအသင်း၏ အောင်မြင်မှုရလဒ်နှင့် တူညီသွားခဲ့ပြီလည်းဖြစ်သည်။ လီဗာပူးသည် လက်ရှိ တွင် ဆုဖလား ၄၁ လုံးအထိ ဆွတ်ခူး ထားနိုင်ခဲ့သည့်အသင်းဖြစ်ပြီး မန်ယူအသင်းသည်လည်း ယခုဆုဖလားရရှိခဲ့ခြင်းကြောင့် လီဗာပူးအသင်း၏ ဆုဖလားရရှိမှုစံချိန်နှင့် တူညီသွားခဲ့ပြီဖြစ်သည်။
(ငွေကြယ်)

အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး




 နေပြည်တော် ဖေဖော်ဝါရီ ၂၇

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက် ရှိသည့်အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် SMEs ဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ လွှဲပြောင်းရရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်း ပညာများကို လွှဲပြောင်းလက်ခံရယူရန် အဆင်သင့်ဖြစ်နေအောင်လည်း ကြိုတင် ပြင်ဆင်ထားကြရန်လိုကြောင်း ဆွေးနွေး မှာကြားပြီးSMEs လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။

 မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် အရှေ့ဒဂုံစက်မှုဇုန်ရှိ သစ် အခြေခံနှင့် သစ်အချောထည်စက်ရုံ၊ ခေါက်ဆွဲစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ် သည့်နည်းပညာများနှင့် အန္တရာယ် ကင်းရှင်းရေးတို့ကို ကူညီထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ စက်ရုံဝန်ထမ်းများ ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များကို ကူညီထောက်ပံ့ပေးရန် လိုကြောင်း၊ ဈေးကွက်သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရန်လို ကြောင်း၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ SMEs ဖွံ့ဖြိုးတိုးတက်မှသာ အကြီးစားစက်မှု လုပ်ငန်းများအဖြစ်သို့ ကူးပြောင်းနိုင် မည်ဖြစ်ပြီး အားလုံးတက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရမည် ဖြစ် ကြောင်း၊ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန် အတွေးအခေါ်ကောင်းများဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ (သတင်းစဉ်)

သစ်မှောင်ခိုမှုများ အမြစ်ပြတ်ဖို့လို

မြန်မာ့အလင်းအယ်ဒီတာအာဘော်

မိမိတို့နိုင်ငံကို မြေပေါ်မြေအောက်သဘာဝသယံဇာတများ ပေါကြွယ်ဝ သောနိုင်ငံအဖြစ် မကြာခဏ ညွှန်းဆိုခဲ့ကြဖူးသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်ခန့်မှစကာ ယင်းအဆိုကို ပြန်လည်ဆန်းစစ်ရတော့ မည့်အနေအထားသို့ ရောက်ခဲ့သည်။ အထူးသဖြင့် ထင်ထင်ရှားရှား၊ သိသိ သာသာယုတ်လျော့လာသည့်အခြေအနေများကို သစ်တောကဏ္ဍဘက်တွင် တွေ့မြင်ရသည်။ သစ်နှင့်တကွ သစ်တောထွက်ပစ္စည်းများကို အလွန်အကျွံ စည်းမဲ့ကမ်းမဲ့ထုတ်ယူမှုများ၊ ခိုးထုတ်မှုများကို အုံနှင့်ကျင်းနှင့် ကျူးလွန်ခဲ့ ကြရာ ခရစ်နှစ် ၁၈၅၆ ခုနှစ်က တစ်နိုင်ငံလုံးဧရိယာ၏ ၇ဝ ရာခိုင်နှုန်းကို ဖုံးလွှမ်းနေခဲ့သော သစ်တောများသည် လွန်ခဲ့သော ခုနစ်နှစ်ခန့်က ၄၆ ဒသမ ၉ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက် များ၌ တွေ့ရှိရသည်။

၁၈၅၄ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်သွားခဲ့ပြီးနောက် မြန်မာနိုင်ငံမှ စတင်ထုတ်ယူသော သယံဇာတ မှာ ကျွန်းသစ်ဖြစ်သည်။ သို့ရာတွင် သဘာဝသယံဇာတဖြစ်သည့် ကျွန်းတော ကြီးများပျက်စီးကုန်ခန်းမသွားစေရေးအတွက် သိပ္ပံနည်းကျသစ်တော အုပ်ချုပ်ရေးကိုချမှတ်ကာ သစ်တောများထာဝစဉ်တည်တံ့ရေးမူ (၃)ချက်ဖြစ်သည့် -(၁)သစ်တောကထုတ်ပေးနိုင်သော သစ်ထွက်နိုင်မှုထက် ပိုမခုတ်ရန်နှင့် သဘာဝသစ်တောများကိုကာကွယ်ရန်၊ (၂) သစ်တောကရရှိ သောဝင်ငွေကို သစ်တောအုပ်ချုပ်မှုတွင် ပြန်သုံးပြီးနောက် အပိုငွေများရရှိ စေရန်၊ (၃)သစ်တောအတွင်းနှင့်သစ်တောပတ်ဝန်းကျင်၌ နေထိုင်ကြသူ များသည် သစ်တော၏ မိတ်ဆွေများဖြစ်လာစေရန်ဟူသော အချက်များကို ချမှတ်ပြီး တိတိကျကျကျင့်သုံးခဲ့သည်။ သစ်ကုန်သည်များက ဈေးကွက်ဝင် ကျွန်းပင်အားလုံးကို ခုတ်ယူရောင်းချလိုသည့်အတွက် ထိုခေတ် ကိုလိုနီ အစိုးရအာဏာပိုင်အဆင့်ဆင့်ကို ချဉ်းကပ်ခဲ့ရာတွင် ကျွန်းသစ်များ ခုတ်ယူခွင့်ရရှိခဲ့သော်လည်း ထိုစဉ်က သစ်တောအကြီးအကဲဖြစ်ခဲ့သူ ဂျာမန် လူမျိုးSir.Dietrich.Brandis က ပဲခူးရိုးမကျွန်းတောကြီးများကို သစ်ထုတ်ခွင့်မပေးဘဲ ကာကွယ်ကာ ဧရာဝတီမြစ်အနောက်ဘက်မှ သစ်တောများနှင့် မုတ္တမအနီးမှ သစ်တောများမှ သင်းသတ်ပြီး ထုတ်ယူ သည့်နည်းဖြင့်သာ သစ်ထုတ်ယူခွင့်ပေးခဲ့ကြောင်း၊ သစ်ကုန်သည်များက လောဘဖြင့် ခုတ်ယူခဲ့ကြခြင်းကြောင့် အဆိုပါတောများ ပြုန်းတီးခဲ့ရ ကြောင်း မြန်မာသစ်တောပညာရှင်တစ်ဦးက ရေးသားခဲ့ဖူးသည်။ 

လက်ရှိအခြေအနေတွင် သစ်တောများ ပြန်လည်ထိန်းသိမ်းနိုင်ရန် အတွက် ကုစားလျက်ရှိရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သစ်ထုတ်လုပ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း သစ်ထုတ်လုပ်မှု လုံးဝရပ်နားခြင်း၊ ပဲခူးရိုးမဒေသအား ၁ဝ နှစ်တာကာလ သစ်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှ သစ်ထုတ်လုပ်ခြင်းကို နှစ်စဉ် တောထွက်ပမာဏသတ်မှတ်ချက်ဘောင်အတွင်း လျှော့ချထုတ်လုပ်ရန်စီမံထားခြင်းတို့အပြင် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း(၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၆ -၂ဝ၂၇ အထိ)ကို ဆက်လက် အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတရုံးက အတည်ပြုခဲ့ပြီး အဆိုပါ စီမံကိန်းအရ ခရိုင် ၈၁ ခုတွင် သစ်တောများပြုန်းတီးသွားသော နေရာ များနှင့် သစ်တောအတန်းအစားကျဆင်းသွားသောနေရာများ၌ သင့်လျော် သောသစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းစနစ်များဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကာလအတွင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာ့သစ်တောများအနေဖြင့် နယ်စွန်နယ်ဖျားဒေသများတွင် သာမက အတွင်းပိုင်းဒေသများ၌ပါ ခိုးယူခံရမှုများရှိနေဆဲဖြစ်ပြီး ဈေး ပေါပေါဖြင့်ဝယ်ယူရရှိနိုင်သည့် လက်ကိုင်စက်လွှများ၊ ထရပ်ကားများကို အသုံးပြုကာ သစ်များခိုးထုတ်ကြောင်း၊ နယ်စပ်ထွက်ပေါက်များမှ ခိုးထုတ် ရန် မလွယ်ကူတော့သည့်အခါ ရန်ကုန်သို့ လည်းကောင်း၊ ရန်ကုန်တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လာသည့်အခါ မွန်ပြည်နယ်ဘက်သို့လည်း ကောင်း လမ်းကြောင်းအမျိုးမျိုးပြောင်းကာ ထွက်ပေါက်ရှာ ခိုးထုတ်ရန် ကြိုးပမ်းနေကြကြောင်း သတင်းများတွင် တွေ့ရှိနေရသည်။ စင်စစ်အားဖြင့် သစ်ခိုးထုတ်မှုများကို လမ်းကြောင်းများမှ ပိတ်ဆို့ဖမ်းဆီးမှုများသာမက မူလသစ်ထွက်ဒေသများ၌ တောတွင်းမှ သစ်ခိုးခုတ်မှုများ၊ သစ်စက်ပုန်းများ ထောင်ကာ ခွဲစိတ်နေမှုများကိုနှိမ်နင်းခြင်းတို့ကပို၍ အရင်းမူလကျမည်ဖြစ် သည့်အလျောက် မူးယစ်ဆေးဝါးကုန်သွယ်မှုကဲ့သို့ပင် အမြတ်အစွန်းများလှ သည့် သစ်မှောင်ခိုကုန်သွယ်မှုများကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ မြန်မာ့ သစ်တောများ ပြန်လည်ထူထောင်မှုကို မျှော်မှန်းသလို ဆောင်ရွက် အောင်မြင်နိုင်မည်ဟု အကြံပြုလိုပါကြောင်း။ ။

ပေ၊ ပုရပိုက်နှင့် လက်ရေးစာမူများ စုဆောင်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျ စုဆောင်းထိန်းသိမ်းသွားမည်



နေပြည်တော် ဖေဖော်ဝါရီ ၂၇ 

မြန်မာနိုင်ငံသည် ရှေးဟောင်း ပေ၊ ပုရပိုက်နှင့် ရိုးရာလက်ရေးစာမူများ ပေါများ ကြွယ်ဝသော နိုင်ငံဖြစ်သော်လည်း အဆိုပါ ရှေးမှတ်တမ်းများသည် မြန်မာနိုင်ငံအနှံ့ အပြား၌ တစ်ကွဲတစ်ပြားစီ တည်ရှိနေကြသည့်အတွက် ပေ၊ ပုရပိုက်နှင့် လက်ရေး စာမူများ စုဆောင်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျ စုဆောင်းထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အကွဲကွဲအပြားပြားဖြင့် တည်ရှိနေကြသော ပေ၊ ပုရပိုက်နှင့် လက်ရေး စာမူများကို တစ်နေရာတည်း၌ စုဆောင်းသိမ်းဆည်း ထိန်းသိမ်းထားရှိခြင်းဖြင့် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင် မည်ဖြစ်ရာ ပေ၊ ပုရပိုက်နှင့် လက်ရေးစာမူများကို ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အမျိုးသားကော်မရှင် (National Centre for the Preservation and Conservation of Manuscripts)ကို ၁၉၉၄ ခု၊ စက်တင်ဘာ ၈ ရက်က ပညာရေးဝန်ကြီး ဌာန၏ လက်အောက်ခံအဖွဲ့အစည်း အဖြစ် ဖွဲ့စည်းခဲ့သော်လည်း အမျိုးသား ကော်မရှင်သည် ၁၉၉၄ ခုနှစ်တစ်နှစ် တည်းသာ လုပ်ငန်းဆောင်ရွက်နိုင်ပြီး နောက်ပိုင်းတွင် လုပ်ငန်းများ ရပ်တန့် သွားခဲ့သည်။

သို့ဖြစ်၍ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပေ၊ ပုရပိုက် စုဆောင်းထိန်းသိမ်းရေးအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ဒေါက်တာသော်ကောင်း၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ ကျော်ဝင်း (အတွင်းရေးမှူး၊ မြန်မာသမိုင်း အဖွဲ့)၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါက်တာကေသီထွေး [ညွှန်ကြားရေး မှူး၊ အမျိုးသားစာကြည့်တိုက် (နေပြည် တော်)] တို့အပြင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဆက်သွယ်ဆောင်ရွက်နိုင်
ရှေးဟောင်း ပေ၊ ပုရပိုက်နှင့် လက်ရေးစာများသည် စဉ်ဆက်မပြတ် သော မြန်မာ့သမိုင်းဖြစ်ရပ်အမှန် ပြုစုရေး အတွက် အရေးပါသော သမိုင်းအထောက် အထား ဖြစ်သည်သာမက မြန်မာစာပေ သမိုင်း ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်တွင် လည်း အရေးပါသော စာပေအထောက် အထားများဖြစ်ကြသဖြင့် ရှေးဟောင်း စာပေ၊ ပုရပိုက်၊ လက်ရေးစာများ စုဆောင်းထားရှိသူများအနေဖြင့် လှူဒါန်း လိုလျှင်သော်လည်းကောင်း၊ စုဆောင်း ထားရှိသောနေရာ၌ စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ရန်နှင့် ပြုပြင် ထိန်းသိမ်းခြင်း၊ စာရင်းပြုစုခြင်းများ ဆောင်ရွက်လိုလျှင်သော်လည်းကောင်း ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ အား လက်ခံတွေ့ဆုံ




နေပြည်တော် ဖေဖော်ဝါရီ ၂၇


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ (USIP- United States Institute of Peace) ဥက္ကဋ္ဌMs. Nancy Lindborg နှင့် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့Ms. Nancy Lind-borg နှင့်အတူ Asia Center ၏ အဆင့်မြင့်အကြံပေး (ယခင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး)Mr. Derek Mitchell ESifh Asia Center ၏ ဒုတိယဥက္ကဋ္ဌMr. Andrew Wilder တို့လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ဟဲဟိုးမြို့တွင် ငွေကျပ်သိန်းပေါင်း ၆ဝ၅ဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Image may contain: one or more people, sky and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၇
မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်က ဟဲဟိုးမြို့အနီး ဘဝသံသရာတံတား မိုင်တိုင်အမှတ်(၉၈)တွင် တောင်ကြီးမြို့ဘက်မှ မိတ္ထီလာမြို့ဘက်သို့ ကျော်ထွန်းလှိုင် မောင်းနှင်ပြီး စိုင်းသူရအောင် လိုက်ပါလာသည့် ခြောက်ဘီး မော်တော်ယာဉ်ကိုရှာဖွေရာ ဆာလာအိတ် ၃၁ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆ဝ ဒသမ ၅ သိန်း(တန်ဖိုးငွေကျပ်သိန်းပေါင်း ၆ဝ၅ဝဝ)ကို သိမ်းဆည်းရမိသဖြင့် ကျော်ထွန်းလှိုင် (ခ)အငယ်လေး(၃၈)နှစ်နှင့် စိုင်းသူရအောင်(ခ)အောင်ဘု(၃၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(ကြေးမုံ)

လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာတွင် ဆိုင်ကယ် ကာဘရိုက်တာဆေးရာမှ မီးလောင်မှုဖြစ်

Image may contain: 1 person, sky and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ပန်းလှိုင်အိမ်ရာဝင်းအနီးရှိ ဒိုင်စုကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီ ၂၅ မိနစ်က ဆိုင်ကယ်ပြင်ဆိုင်မှ မီးစတင်လောင်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးအချို့ ပျောက်ဆုံးကာ အိမ်ခြေ ၇ဝ ခန့် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ညနေပိုင်းက ဆိုင်ကယ် ပြင်ဆိုင်မှ ကာဘရိုက်တာကို ဓာတ်ဆီဖြင့် ဆေးနေစဉ် အနီးရှိ မီးသွေးမီးဖို မှ မီးကူးစက်လောင်ခဲ့ရာ အိမ်ခြေ ၇ဝ ခန့် မီးလောင်ဆုံးရှံးခဲ့ပြီး လူဦးရေ ၄ဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒိုင်စု ကျေးရွာ မဟာဝိဇယရာမကျောင်း တိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားကြာင်း သိရသည်။
မီးလောင်ရာသို့ ရန်ကုန်တိုင်း ဒေသကြီးမီးသတ်တပ်ဖွဲ့က LEVEL (3) အဆင့်ရှိ မီးငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၅ဝ တွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးအချို့ ပျောက်ဆုံး နေကြောင်း၊ ကျူးကျော်တဲ ၇ဝ နှင့် ဂရမ်အိမ်တစ်လုံး မီးလောင်ခဲ့၍ ကယ်ဆယ်ရေးအတွက် တာဝန်ရှိသူ များနှင့် လူမှုအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ည ၈ နာရီ ၅ မိနစ်တွင် မီးလောင်ရာ နေရာသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနှင့် မြောက် ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး၊ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး၊ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ လာရောက်ကြည့်ရှု၍ မီးဘေးသင့် ပြည်သူများကို အားပေးစကားပြော ကြားခဲ့ကြောင်း သိရသည်။
(အောင်သန်းဦး)

အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကမ္ဘောဇဘဏ်မှတစ်ဆင့် တိုက်ရိုက်ငွေလွှဲနိုင်ပြီ


Image may contain: 1 person, standing
ရန်ကုန် ဖေဖော်ဝါရီ ၂၇
မြန်မာ့ဘဏ္ဍာရေးကဏ္ဍ၏ သမိုင်းမှတ်တိုင် တစ်ခုအဖြစ် ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံတကာဘဏ်တစ်ခုဖြစ်သော Sumitomo Mitsui Banking Corporation ၏ နယူးယောက် (SMBC NY) ဘဏ်ခွဲနှင့်အတူ USD Settlement Account စတင် ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို အမေရိကန်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ SMBC Yangon မှ General Manager Mr.Nobuyasu Akagi နှင့် SMBC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘောဇဘဏ်လီမိတက်မှ ဒုတိယဥက္ကဋ္ဌ-၂ ဦးသန်းချို၊ ကမ္ဘောဇဘဏ်လီမိတက်မှ ဒုတိယ ဥက္ကဋ္ဌ-၃ ဦးမောင်မောင်၊ ကမ္ဘောဇဘဏ် လီမိတက် နိုင်ငံတကာဘဏ်လုပ်ငန်းဌာနမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းလွင်နှင့် ကမ္ဘောဇ ဘဏ်လီမိတက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းမီဒီယာအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ-၃ ဦးမောင်မောင်၊ SMBC Yangon မှ General Manager Mr.Nobuyasu Akagi၊ ကမ္ဘောဇဘဏ်လီမိတက် နိုင်ငံတကာဘဏ်လုပ်ငန်းဌာနမှ အုပ်ချုပ်မှု ဒါရိုက်တာဦးဝင်းလွင်တို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြပြီး တာဝန်ရှိသူ များက မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြသည်။
''ကျွန်တော်တို့ရဲ့ မိတ်ဖက်ဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ အခုလိုကြီးမားတဲ့ အောင်မြင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်တာကြောင့် ကျွန်တော်တို့ အနေနဲ့ အဘက်ဘက်ကနေ အကောင်းဆုံး ပံ့ပိုးပေးခြင်းဟာ တစ်ဖက်ကကြည့်ရင် မြန်မာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်တိုက်အားတိုက် ပူးပေါင်းလုပ်ဆောင်ပေးခွင့်ကို ရရှိလိုက်တာ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက ဘဏ်တစ်ခုအနေနဲ့ အခုလို USD အကောင့် ဖွင့်လှစ်လိုက်ခြင်းဟာ မြန်မာ့ဘဏ္ဍာရေး လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းကို ဝင်ရောက်ပူးပေါင်းနိုင်ရေးအတွက် ကြိုးပမ်းနေတယ်ဆိုတဲ့အချက်ကို သက်သေ သာဓက ပြလိုက်တာပါပဲ''ဟု Mr.Nobuyasu Akagi (General Manager of SMBC Yangon)က ပြောကြားသည်။
ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံတကာ ဘဏ်တစ်ခုဖြစ်သော Sumitomo Mitsui Banking Corporation ၏ နယူးယောက် (SMBC NY) ဘဏ်ခွဲနှင့်အတူ USD Settlement Account တစ်ခုကို ဖွင့်လှစ်ခဲ့ ခြင်းဖြင့် ပိုမိုထိရောက်သည့် ငွေလွှဲဝန်ဆောင်မှု များကို မြန်ဆန်စွာဝန်ဆောင်မှုပေးနိုင်တော့ မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ပိုမိုအဆင်ပြေကောင်းမွန်သည့် ငွေကြေးကုန်သွယ်မှု(USD Settlement Account)နှင့် ငွေလွှဲပြောင်းမှုများကို လုပ်ဆောင်နိုင် မည်ဖြစ်သည်။
ထို့အပြင် နှစ်နိုင်ငံအကြားရှိ စီးပွားရေးဖြစ်ထွန်းမှုကို တွန်းအားဖြစ်စေ မည်ဖြစ်ပြီး ကမ္ဘောဇဘဏ်၏ Customer များသည် ငွေလွှဲပြောင်းမှုများပြုလုပ်ရာတွင် အချိန်ကုန်သက်သာ စေပြီး SMBC နယူးယောက်၏ USD စာရင်းရှင်းဝန်ဆောင်မှု များကို ၂၄ နာရီပတ်လုံး အသုံးပြုနိုင်တော့မည် ဖြစ်သည်။
(ဝ၁ဝ)

အကြမ်းဖက်မှုအန္တရာယ် ဗြိတိန်နိုင်ငံ ရင်ဆိုင်နေရ

Image may contain: 1 person

လန်ဒန် ဖေဖော်ဝါရီ ၂၇
၁၉၇ဝ ပြည့်လွန်နှစ်များက အိုင်းရစ် ရီပတ်ဘလီကန်တပ်ဖွဲ့ (အိုင်အာရ် အေ) သူပုန်အဖွဲ့က ဗုံးခွဲတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ချိန်နောက်ပိုင်း မကြုံ စဖူး ထူးထူးကဲကဲ အကြမ်းဖက်မှု အန္တရာယ်ကို ဗြိတိန်နိုင်ငံ ရင်ဆိုင်နေရပြီဖြစ်ကြောင်း တရား ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး အဖွဲ့ (အိုင်အက်စ်)မှ အကြမ်းဖက် သမားများသည် အပြစ်မဲ့ အရပ်သူ အရပ်သားများကို အလွန်အကျွံ တိုက်ခိုက်လျက်ရှိကြောင်း၊ လွန်ခဲ့ သည့် နှစ်ပေါင်း ၄ဝ က အိုင်အာရ်အေ တပ်ဖွဲ့ဝင်များပြုလုပ်သည့် အကြမ်း ဖက်မှုပုံစံမျိုးနှင့် တူညီလှကြောင်း ဗြိတိန်နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများကို ပြန်လည်သုံးသပ်လေ့လာရန် တာဝန် အပ်နှင်းခံထားရသူ ရှေ့နေ မက်ဒ် ဟီးလ်က ဆန်းဒေးတယ်လီဂရပ်ဖ် သတင်းစာသို့ ပြောကြားသည်။
ဘာသာရေးအစွန်းရောက်သမား များသည် ဗြိတိန်နိုင်ငံ၏ မြို့ကြီးများ ကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း၊ မိမိတို့ လုံးဝ လျစ်လျူရှုထားရန် မသင့်သော အကြမ်းဖက်မှု အန္တရာယ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း ဟီးလ်က ပြောကြားသည်။
ဗြိတိန်နိုင်ငံသား ဘာသာရေး အစွန်းရောက်သူ ရာပေါင်းများစွာ သည် ဆီးရီးယားနိုင်ငံ၌ အိုင်အက်စ် အဖွဲ့နှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြ ပြီးနောက် နေရင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြသဖြင့် ၄င်းတို့က ပြည်တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှု များကို ပြုလုပ်လာနိုင်သည့် အန္တရာယ်ရှိနေကြောင်း ၄င်းက ဆန်းဒေးတယ်လီဂရပ်ဖ်သတင်းစာသို့ ပြောကြားသည်။
ဗြိတိန်နိုင်ငံရှိ ဆယ်ကျော်သက် အရွယ် လူငယ်များကို အစွန်းရောက် သမားများက အမုန်းစကားများကို ဗီဒီယိုများဖြင့် အွန်လိုင်းပေါ်တင်ကာ လှုံ့ဆော်စည်းရုံးလျက်ရှိနေကြကြောင်း ၄င်းက သတိပေးပြောကြားသည်။
ဗြိတိန်နိုင်ငံ၌ ၁၉၇ဝ ပြည့်လွန်နှစ် များက အိုင်အာရ်အေ တပ်ဖွဲ့ဝင်များ က ဘားခန်းများ၊ ရထားဘူတာရုံများ နှင့် ပါလီမန်အဆောက်အအုံတို့ကို ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်မှု များကို ကြိမ်ဖန်တလဲလဲ ပြုလုပ်ခဲ့ကြ သည်။ ယနေ့ကာလတွင် အိုင်အက်စ် အဖွဲ့က မိမိတို့နိုင်ငံအား ပစ်မှတ် ထားကာ တိုက်ခိုက်လာနိုင်သည့် အန္တရာယ်များကို အထင်အရှား တွေ့မြင်နေရပြီဖြစ်ကြောင်း ဟီးလ်က ပြောကြားသည်။
ရိုက်တာ။

ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာမြှင့်တင်ရန် အမေရိကန်အစိုးရ၏ အဆိုပြုဘတ်ဂျက်တွင်ဖော်ပြ




Image may contain: one or more people and people sitting
ဝါရှင်တန် ဖေဖော်ဝါရီ ၂၇
အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ မကြာမီတင်သွင်းရန် စီစဉ်လျက်ရှိသော အဆိုပြုဘတ်ဂျက်တွင် ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ မြှင့်တင်ရန်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ၊ နိုင်ငံခြား ရေးဌာနနှင့် အခြားသော ဖက်ဒရယ်အေဂျင်စီများ၏ အသုံးစရိတ်များကို ဖြတ်တောက်လျှော့ချရန်လည်းကောင်း ဖော်ပြထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဖေဖော်ဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပြုထားသော ဘတ်ဂျက်၏ အဓိကအချက် အလက်များကို အစောဆုံး ဖေဖော်ဝါရီ ၂၇ ရက်တွင် အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာမည်ဖြစ် ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူနှစ်ဦးက ပြောကြား ကြသော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။ သမ္မတ ဒေါ်နယ်လ်ထရန့်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကွန်ဂရက် လွှတ်တော်အမတ်များအား မိန့်ခွန်းပြောကြား ရန် စီစဉ်ထားကြောင်း အမည်မဖော်သူ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ဖက်ဒရယ်အစိုးရအဖွဲ့က အဆိုပြုထားသည့် ဘတ်ဂျက် အရ ကာကွယ်ရေးဘတ်ဂျက် အသုံးစရိတ်ကို မြှင့်တင်မည် ဖြစ်ကြောင်း၊ သင်္ဘောများတည်ဆောက်ခြင်း၊ စစ်လေယာဉ် များ ဖြည့်တင်းခြင်း၊ ဟော်မုဇ်ရေလက်ကြားနှင့် တောင် တရုတ်ပင်လယ်တို့ကဲ့သို့ အရေးပါသည့် ပင်လယ် ရေကြောင်းလမ်းများတွင် အမေရိကန်က လုံခြုံရေးအရ တည်ရှိခြင်းတို့အတွက် သုံးစွဲနိုင်ရန် ထရန့်၏ အစိုးရ အဖွဲ့က အဆိုပြုမည်ဆို၏။
နိုင်ငံခြားရေးဌာန၏ ဘတ်ဂျက်ကို ၃ဝ ရာခိုင်နှုန်းအထိ လျှော့ချဖြတ်တောက်နိုင်ကြောင်း၊ ယင်းကဲ့သို့ ဖြတ်တောက် ခြင်းဖြင့် နိုင်ငံခြားရေးဌာနက အကောင်အထည်ဖော် မည့် အစီအစဉ်အချို့ကို ပြန်လည်ဖျက်သိမ်းရနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမေရိကန်သမိုင်းတွင် အကြီးကျယ်ဆုံးသော စစ်ရေး တည်ဆောက်မှုကို ပြုလုပ်မည်ဟု သမ္မတ ထရန့်က မကြာ သေးမီက ကတိပြုပြောကြားခဲ့သည်။
အမေရိကန်၏ စစ်ရေးအသုံးစရိတ်မှာ လောလော ဆယ်မှာပင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၆ဝဝ အထိ ရှိနေပြီးဖြစ်ရာ အဘယ်ကြောင့် ကာကွယ်ရေး ဘတ်ဂျက်ကို ထပ်မံတိုးမြှင့်ရန် လိုအပ်သနည်းဟု ကာကွယ် ရေးကျွမ်းကျင်သူအချို့က မေးခွန်းထုတ်ထားသည်။
အိမ်ဖြူတော်သည် ဘတ်ဂျက်လုပ်ငန်းစဉ်အရ ဖက်ဒရယ်အစိုးရဌာနများနှင့် အေဂျင်စီများထံသို့ ဘတ်ဂျက်အစီအစဉ်များကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပေးပို့မည်ဟု မျှော်လင့်ရသည်။
ရိုက်တာ။

ဂေဟစနစ်ကိုထိန်းသိမ်းစောင့်ရှောက်


Image may contain: text
ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲခြင်း (Climate Change) ဖြစ်ပေါ်နေ သည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ရာသီဥတုဆိုင်ရာ အန္တရာယ်ရှိ အညွှန်းကိန်းအရ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်များအား မြန်မာနိုင်ငံအနေဖြင့် ဒုတိယအမြင့်ဆုံးခံစားရသည့်နိုင်ငံ ဖြစ်လာနိုင် ကြောင်း ခန့်မှန်းထားသည်။
ရာသီဥတုပြောင်းလဲခြင်း၏အကျိုးဆက်ကို မြန်မာနိုင်ငံတွင် ယမန် နှစ်က လက်တွေ့ကျကျ တွေ့ကြုံခံစားခဲ့ကြရပြီးဖြစ်သည်။ နေ့အပူချိန် မြင့်မားလာခြင်း၊ မုတ်သုံရာသီဥတု တိုတောင်းလာပြီး မိုးခေါင်ခြင်း၊ မိုးများ ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ ကောက်ပဲသီးနှံများ အထွက်နှုန်း ကျဆင်းခြင်း စသည့်အကျိုးဆက်များကို ဆက်တိုက်ကြုံတွေ့လာသည်။
ရာသီဥတုပြောင်းလဲခြင်းကို ပြည်သူအများစုအနေဖြင့် မိုးများ ခြင်းထက် အပူချိန်တိုးခြင်းကို ပိုမိုခံစားအသိအမှတ်ပြုကြသည်။ အေးခြင်းထက် ပူခြင်းက ပိုမိုထိလွယ်ရှလွယ်ခံစားရသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီး ခြင်းမှာလည်း အပူချိန်တိုးခြင်းကို အခြေခံကာဖြစ်ပေါ်လာသည်။ အပူ လွန်ကဲလာလျှင် သဘာဝပတ်ဝန်းကျင် လျင်မြန်စွာပျက်စီးနိုင်သည်။
ယခု ရာသီဥတုပြောင်းလဲခြင်းများ ထိခိုက်ခံစားရနိုင်မှု တိုင်းတာ စစ်ဆေးခြင်းကို သက်ဆိုင်ရာဌာနများနှင့်အဖွဲ့အစည်းများ ပူးပေါင်းပြီး ကွင်းဆင်းလေ့လာခဲ့ကြရာ စစ်ဆေးခြင်းရလဒ်ကို ဖေဖော်ဝါရီလ ပထမ ပတ်က တရားဝင်ထုတ်ပြန်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် နှစ်ပေါင်း ၃ဝ ကျော်အတွင်း လက်ရှိအပူချိန်ထက် ၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တိုးလာနိုင်ကြောင်း အသိပေးထားသည်။
လပွတ္တာမြို့နယ်သာမက မြန်မာနိုင်ငံရှိ နေရာဒေသအတော်များများ တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် အပူချိန်များမှာ တစ်နှစ်ထက် တစ်နှစ် အပူချိန်တိုး၍ပူပြင်းလာသည်ကိုတွေ့ရသည်။ ယခုလက်ရှိနွေရာသီ အပူချိန်ကို ပြည်သူများပြင်းထန်စွာခံစားနေကြရပြီး လာမည့်အနှစ် ၃ဝ ကာလအတွင်း ယခုအပူချိန်ထက် နှစ် ဒီဂရီစင်တီဂရိတ်ကျော် တိုးလာ မည်ဆိုပါက ဖြစ်ပေါ်လာမည့်ဆိုးကျိုးများမှာ စိုးရိမ်ပူပန်ဖွယ်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာနည်းပညာကျွမ်းကျင်သူတို့က ဂေဟ စနစ်၊ အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အခြေခံ၍ အပူချိန်တိုးခြင်းဖြစ်ပေါ်လာသည်ဟု ဆိုထားသည်။ ဥပမာအားဖြင့် လပွတ္တာမြို့နယ်အတွင်း ၂ဝဝ၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့်နာဂစ်မုန်တိုင်းဒဏ်နှင့် သဘာဝပတ်ဝန်းကျင်ထွက်ကုန်များအား ထုတ်ယူမှုမြင့်မားသော ကြောင့် ဒီရေတောများပျက်စီးကာ ဂေဟစနစ်ပျက်ယွင်းခြင်း၊ လူနေ ထူထပ်ပြီး အဆောက်အအုံများ များပြားလာခြင်း၊ မိုးရွာသွန်းမှုအချိန် တိုတောင်းခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ ဆားငန်ရေဝင်ရောက်ခြင်း၊ သီးနှံ အထွက်နှုန်းလျော့ကျခြင်း စသည်တို့ဖြစ်ပေါ်လာသည်။
အကျိုးဆက်အားဖြင့် ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်းနိုင်မှု ခက်ခဲလာပြီး ကျေးရွာနေလူငယ်များမှာ အလုပ်အကိုင်ရှားပါးလာခြင်း ကြောင့် အလုပ်အကိုင်ရှိရာ အခြားအရပ်များသို့ ပြောင်းရွှေ့ထွက်ခွာသွား ကြပြီး ဒေသဖွံ့ဖြိုးမှုတစ်စတစ်စလျော့ကျသွားနိုင်သည်။ အပူချိန်တိုးခြင်း သည် ပတ်ဝန်းကျင်ပျက်စီးခြင်းသာမက လူမှုဘဝယိုယွင်းခြင်းကိုဖြစ်စေသည့်အပြင် ရေရှားခြင်း၊ မီးလောင်ခြင်း၊ ရောဂါဘယထူပြောခြင်းတို့ကိုပါ ဖြစ်စေနိုင်သည်။
ဤသည်မှာ လပွတ္တာမြို့နယ်ကို အခြေခံထား၍ ပြောဆိုခြင်းဖြစ်သည်။ အခြားသော မြန်မာပြည်အလယ်ပိုင်းမှ မူလအခြေခံမိုးနည်းရေရှားဒေသ များတွင်လည်း အပူချိန်တိုးလာဦးမည်ဖြစ်သောကြောင့် လာမည့် ၂ဝ၅ဝ ခုနှစ်အတွင်း ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ယခုကတည်းက ကြိုတင်ပြင်ဆင်ကာကွယ်တားဆီး သွားကြရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကို မလွဲမသွေရင်ဆိုင်ရမည်ဖြစ် သော်လည်း ပိုမိုသက်သာစွာခံစားနိုင်ရန် လူတို့ကပင် ပြောင်းလဲကြိုးပမ်း စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် လူမှုဘဝဖွံ့ဖြိုးရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သော အစီအမံများကို ကြိုတင် စီမံဆောင်ရွက်ကြပြီး မိမိတို့ပတ်ဝန်းကျင် မပျက်ယွင်းစေရေးကို အသိ တရားရှိရှိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကင်မွန်းစခန်းတောင်ခြေအနီးရှိ ရာမညရေတံခွန်နှင့် အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်မှု များပြား


Image may contain: people sitting, outdoor, water and nature
ကျိုက်ထို ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်ဖူးမြော်ကြသော ဘုရားဖူးပြည်သူ များအနေဖြင့် ဘုရားဖူးခရီးစဉ်အပြင် ကင်မွန်းစခန်း တောင်ခြေအနီးရှိ ရာမညရေတံခွန်နှင့် အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ထီးရိုးစေတီတော်သို့ နှစ်စဉ် ပြည်တွင်းဘုရားဖူး များအပြင် ပြည်ပဘုရားဖူး အများဆုံးလာရောက်လျက်ရှိရာ ဘုရားဖူးများ၊ ခရီးစဉ်စီစဉ်သူများအနေဖြင့် အဆိုပါ ခရီးစဉ်တစ်ဝိုက် အခြားသောအပန်းဖြေ နားနေနိုင်သည့် ရေတံခွန်၊ စမ်းချောင်းများသို့လည်း လာရောက် လည်ပတ်ကြသောကြောင့် စည်ကားလျက်ရှိသည်ဟု သိရသည်။
''ကျိုက်ထီးရိုးတောင်ပေါ်မှ ဆင်းတဲ့ ကင်မွန်းစခန်း ကနေ နည်းနည်းထပ်သွားရတဲ့ ကဒက်ချောင်းဆိုတာ ရှိပါတယ်။ ဒီရာသီကတော့ ရေနည်းပါတယ်။ ရေများတဲ့ အချိန်ဆိုရင် စမ်းချောင်းထဲမှာ ရေလာကစားသူတွေ၊ ဓာတ်ပုံလာရိုက်သူတွေနဲ့ အပန်းဖြေသူတွေ များပါတယ်။ အခုအချိန်မှာ ကိုယ်ပိုင်ယာဉ်တွေနဲ့ စင်းလုံးငှားယာဉ်တွေ လာကြပါတယ်။ ကဒက်ချောင်းကနေ ၁ဝ မိုင်၊ ၁၅ မိုင် လောက်ထပ်သွားရင် ရာမညရေတံခွန်နဲ့ အပန်းဖြေ စခန်းဆိုတာ ရှိပါတယ်။ လမ်းလည်း ကောင်းပါတယ်။ အဲဒီကိုလည်း အခုဆိုရင်လာလည်တဲ့သူတွေ များလာပါ တယ်''ဟု ကင်မွန်းစခန်း တောင်ခြေရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
အဆိုပါ ရာမညရေတံခွန်နှင့် အပန်းဖြေစခန်းဟု အမည်တပ်ထားသော နားနေစခန်းသို့ ကိုယ်ပိုင်ယာဉ်များ၊ စင်းလုံးငှားယာဉ်များနှင့် လာရောက်ကြသော ခရီးသွား များ လာရောက်မှုများပြားပြီး ရေတံခွန်၊ စမ်းချောင်းနှင့် သဘာဝအလျောက် ဖြစ်တည်နေသည့် ကျောက်တုံးများ၊ တောင်ကုန်းများ၊ သစ်ပင်ပန်းမန်များကြောင့် သဘာဝ တောတွင်းအရသာကိုခံစားကြရပြီး အပန်းဖြေနား နေနိုင်ကြောင်းသိရသည်။ ''ဒီအပန်းဖြေစခန်းကို ရန်ကုန်က လုပ်ငန်းရှင် တွေနဲ့ ဒေသခံလုပ်ငန်းရှင်တွေ ပေါင်းလုပ်တယ်လို့တော့ ပြောနေတာ ကြားရတာပဲ။ အပန်းဖြေစခန်းက သဘာဝ အပန်းဖြေစခန်းဆိုပေမယ့် နားနေနိုင်တဲ့ ဘန်ဂလိုတွေ၊ စားသောက်ဆိုင်တွေ၊ လျှောက်လမ်းတွေ လုပ်ထားပါ တယ်။ ဒါပေမဲ့ ဒီစခန်းကို ဝင်ကြေးအနေနဲ့ တစ်ယောက် ကို ငွေကျပ် ၅ဝဝ ပေးရပါတယ်။ ဘယ်သူတွေက ဘယ်လို တင်ဒါစနစ်နဲ့လုပ်လည်းတော့ မသိပါဘူး။ ဒါမှမဟုတ် အပိုင်လားဆိုတာတော့ မသိပါဘူး။ သဘာဝအလျောက် ရေတံခွန်နဲ့ စမ်းချောင်းတစ်လျှောက် သာသာယာယာရှိ တော့ အပန်းဖြေနားနိုင်တာပေါ့။ သဘာဝကျောက်တုံးတွေ ကလည်း ဓာတ်ပုံရိုက်လို့ လှတော့လာတဲ့ သူတွေက သဘောကျကြပါတယ်။ ဝင်ကြေးတစ်ယောက်ကို ငွေကျပ် ၅ဝဝ ပေးရတာတော့ရှိပါတယ်''ဟု ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်နှင့် ရာမညအပန်းဖြေစခန်းသို့ သွားရောက် ပို့ဆောင်ပေးခဲ့သူ ပြည်တွင်းဘုရားဖူးနှင့် အပန်းဖြေခရီး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အခြေခံပညာအဆင့် စာမေးပွဲ အချို့ ဖြေဆိုပြီးစီးပြီဖြစ်သည့်အတွက် ဘုရားဖူးနှင့် အပန်းဖြေခရီးစဉ်များကို သွားရောက်သူများပြားလျက် ရှိပြီး ရက်ရှည်ခရီးစဉ်များထက် ရက်တိုခရီးစဉ်များ၊ အပန်းဖြေခရီးစဉ်အသစ်များကို ပိုမိုစိတ်ဝင်စားပြီး လည်ပတ်မှုများပြားလာကြောင်း ပြည်တွင်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။
(ဝဝ၁)

Monday, February 27, 2017

'Jurassic World 2' ရုပ်ရှင်စတင်ရိုက်ကူး

Image may contain: one or more people, tree and outdoor
စိတ်လှုပ်ရှားဖွယ်ရုပ်ရှင် ''Jurassic World 2''ရဲ့ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဒုတိယ မြောက်ရုပ်ရှင်ကို လတ်တလောမှာ စတင်ရိုက် ကူးနေပြီဖြစ်တယ်လို့ အဆိုပါရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပင်တိုင်ဇာတ်ဆောင် မင်းသမီးတစ်ဦးဖြစ်သူ ဘရေ့စ်ဒဲလက်စ် ဟောင်းဝက်ဒ်က ဖွင့်ဟပြောကြားလာခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ ''Jurassic World'' ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ ကလဲယာနေရာကနေပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ဘရေ့စ်ဒဲလက်စ်ဟောင်းဝက်ဒ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုပ်ရှင်သစ်ကို ရိုက်ကူးလျက်ရှိပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်း သူ့ရဲ့လူမှု ကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ် စာမျက်နှာပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြ ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
မင်းသမီးက ရုပ်ရှင်စတင်ကြောင်းဖော်ပြ ရေးသားချက်တွေနဲ့အတူ အဆိုပါရုပ်ရှင်သစ်ရဲ့ ရိုက်ကွင်းဓာတ်ပုံတစ်ပုံကို ဖော်ပြခဲ့ကြောင်းလည်း သိရပါတယ်။
မင်းသမီးဟောဝက်ဒ်နဲ့အတူအခြားသော နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခရစ်ပရက်ထ်နဲ့ ဘီဒီဝမ်န်တို့လည်း ရုပ်ရှင်သစ်မှာပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ခရစ်ပရက်ထ်ကတော့ ထုတ်လွှင့်ခဲ့ပြီး ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်အိုဝမ်နေရာကနေ ပြန်လည်ပါဝင် သရုပ်ဆောင်ထားကာ ဘီဒီဝမ်န်ကတော့ ဒေါက်တာဟင်နရီယုအဖြစ် ရုပ်ရှင်သစ်မှာ ပါဝင်ထားတာဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ယင်းရုပ်ရှင်သစ်မှာ ဂျိမ်းခရွန်ဝဲလ်၊ တက်ဒ်လက်ဗင်းန်၊ တိုဘီဂျုန်းစ်၊ ရက်ဖီစပဲလ်၊ ဂျက်စတစ်စမစ်သ်နဲ့ ဒန်နီယယ်ပိုင်းဒါအစရှိတဲ့ ဟောလိဝုဒ်သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားကြကြောင်းလည်း သိရပါတယ်။
လတ်တလောမှာ ယင်းရုပ်ရှင်သစ်အတွက် ဟောဝက်ဒ်ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံအရ ရုပ်ရှင်သစ်ရဲ့ဇာတ်လမ်းပိုင်းနဲ့ပတ်သက်ပြီး ထူးထူးခြားခြားခန့်မှန်းလို့ရနိုင်တာမရှိသေးကြောင်းနဲ့ ရုပ်ရှင်သစ်ရဲ့ဇာတ်လမ်းပိုင်းနဲ့ ပတ်သက်ပြီးလည်း လတ်တလောအချိန်အထိ တရားဝင်အနေနဲ့ ဇာတ်လမ်းအကျဉ်းကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။
ဒါပေမယ့်အဆိုပါ ရုပ်ရှင်သစ်ရဲ့ထုတ်လုပ်သူ တစ်ဦးဖြစ်တဲ့ ကောလင်းထရီဗောရိုးရဲ့ ပြောကြားချက်အရ အဆိုပါရုပ်ရှင်သစ်ဟာ ယခင်ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ရုပ်ရှင်ထက် ပိုမိုထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းမှာ ဖြစ်ကြောင်းနဲ့ ရုပ်ရှင်သစ်မှာ လူသားတွေနဲ့ ဒိုင်နိုဆောတွေအကြားမှာရှိတဲ့ ဆက်နွယ်မှုတွေကို ပိုမိုအလေးထားပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ယထမဆုံးသော ''Jurassic World'' ရုပ်ရှင် ကို ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်း ထုတ်လွှင့် ပြသခဲ့တာဖြစ်ပြီး သိပံ္ပစိတ်ကူးယဉ်စွန့်စားခန်း ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ အဆိုပါရုပ်ရှင်ဟာ မိုက်ကယ်ခရစ်တန်ရဲ့ ဝတ္ထုပေါ်အခြေခံ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ကာ ကမ္ဘာတစ်ဝန်းမှ ဝင်ငွေ ၁ ဒသမ ၆ သန်းရရှိခဲ့တာဖြစ်ပါတယ်။
လတ်တလောရိုက်ကူးလျက်ရှိတဲ့ ရုပ်ရှင် ''Jurassic World 2''ကိုတော့ လာမယ့် ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၂ ရက်မှာ အမေရိကန် နိုင်ငံတစ်ဝန်း စတင်ရုံတင်သွားနိုင်ရန်စီစဉ်ထားကြောင်းလည်း သိရပါတယ်။
အေးပြည့်