မြန်မာ့အလင်းအယ်ဒီတာအာဘော်
မိမိတို့နိုင်ငံကို မြေပေါ်မြေအောက်သဘာဝသယံဇာတများ ပေါကြွယ်ဝ
သောနိုင်ငံအဖြစ် မကြာခဏ ညွှန်းဆိုခဲ့ကြဖူးသော်လည်း ပြီးခဲ့သည့်
ဆယ်စုနှစ်အနည်းငယ်ခန့်မှစကာ ယင်းအဆိုကို ပြန်လည်ဆန်းစစ်ရတော့
မည့်အနေအထားသို့ ရောက်ခဲ့သည်။ အထူးသဖြင့် ထင်ထင်ရှားရှား၊ သိသိ
သာသာယုတ်လျော့လာသည့်အခြေအနေများကို သစ်တောကဏ္ဍဘက်တွင် တွေ့မြင်ရသည်။
သစ်နှင့်တကွ သစ်တောထွက်ပစ္စည်းများကို အလွန်အကျွံ
စည်းမဲ့ကမ်းမဲ့ထုတ်ယူမှုများ၊ ခိုးထုတ်မှုများကို အုံနှင့်ကျင်းနှင့်
ကျူးလွန်ခဲ့ ကြရာ ခရစ်နှစ် ၁၈၅၆ ခုနှစ်က တစ်နိုင်ငံလုံးဧရိယာ၏ ၇ဝ
ရာခိုင်နှုန်းကို ဖုံးလွှမ်းနေခဲ့သော သစ်တောများသည် လွန်ခဲ့သော
ခုနစ်နှစ်ခန့်က ၄၆ ဒသမ ၉ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့ကြောင်း
သတင်းထုတ်ပြန်ချက် များ၌ တွေ့ရှိရသည်။
၁၈၅၄ ခုနှစ်တွင်
အောက်မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်သွားခဲ့ပြီးနောက်
မြန်မာနိုင်ငံမှ စတင်ထုတ်ယူသော သယံဇာတ မှာ ကျွန်းသစ်ဖြစ်သည်။ သို့ရာတွင်
သဘာဝသယံဇာတဖြစ်သည့် ကျွန်းတော ကြီးများပျက်စီးကုန်ခန်းမသွားစေရေးအတွက်
သိပ္ပံနည်းကျသစ်တော အုပ်ချုပ်ရေးကိုချမှတ်ကာ သစ်တောများထာဝစဉ်တည်တံ့ရေးမူ
(၃)ချက်ဖြစ်သည့် -(၁)သစ်တောကထုတ်ပေးနိုင်သော သစ်ထွက်နိုင်မှုထက်
ပိုမခုတ်ရန်နှင့် သဘာဝသစ်တောများကိုကာကွယ်ရန်၊ (၂) သစ်တောကရရှိ
သောဝင်ငွေကို သစ်တောအုပ်ချုပ်မှုတွင် ပြန်သုံးပြီးနောက် အပိုငွေများရရှိ
စေရန်၊ (၃)သစ်တောအတွင်းနှင့်သစ်တောပတ်ဝန်းကျင်၌ နေထိုင်ကြသူ များသည်
သစ်တော၏ မိတ်ဆွေများဖြစ်လာစေရန်ဟူသော အချက်များကို ချမှတ်ပြီး
တိတိကျကျကျင့်သုံးခဲ့သည်။ သစ်ကုန်သည်များက ဈေးကွက်ဝင် ကျွန်းပင်အားလုံးကို
ခုတ်ယူရောင်းချလိုသည့်အတွက် ထိုခေတ် ကိုလိုနီ အစိုးရအာဏာပိုင်အဆင့်ဆင့်ကို
ချဉ်းကပ်ခဲ့ရာတွင် ကျွန်းသစ်များ ခုတ်ယူခွင့်ရရှိခဲ့သော်လည်း ထိုစဉ်က
သစ်တောအကြီးအကဲဖြစ်ခဲ့သူ ဂျာမန် လူမျိုးSir.Dietrich.Brandis က
ပဲခူးရိုးမကျွန်းတောကြီးများကို သစ်ထုတ်ခွင့်မပေးဘဲ ကာကွယ်ကာ
ဧရာဝတီမြစ်အနောက်ဘက်မှ သစ်တောများနှင့် မုတ္တမအနီးမှ သစ်တောများမှ
သင်းသတ်ပြီး ထုတ်ယူ သည့်နည်းဖြင့်သာ သစ်ထုတ်ယူခွင့်ပေးခဲ့ကြောင်း၊
သစ်ကုန်သည်များက လောဘဖြင့် ခုတ်ယူခဲ့ကြခြင်းကြောင့် အဆိုပါတောများ
ပြုန်းတီးခဲ့ရ ကြောင်း မြန်မာသစ်တောပညာရှင်တစ်ဦးက ရေးသားခဲ့ဖူးသည်။
လက်ရှိအခြေအနေတွင် သစ်တောများ ပြန်လည်ထိန်းသိမ်းနိုင်ရန် အတွက်
ကုစားလျက်ရှိရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက
သစ်ထုတ်လုပ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း သစ်ထုတ်လုပ်မှု
လုံးဝရပ်နားခြင်း၊ ပဲခူးရိုးမဒေသအား ၁ဝ နှစ်တာကာလ
သစ်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှ
သစ်ထုတ်လုပ်ခြင်းကို နှစ်စဉ် တောထွက်ပမာဏသတ်မှတ်ချက်ဘောင်အတွင်း
လျှော့ချထုတ်လုပ်ရန်စီမံထားခြင်းတို့အပြင် မြန်မာနိုင်ငံသစ်တောများ
ပြန်လည်တည်ထောင်ရေး စီမံကိန်း(၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၆ -၂ဝ၂၇ အထိ)ကို
ဆက်လက် အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတရုံးက အတည်ပြုခဲ့ပြီး အဆိုပါ
စီမံကိန်းအရ ခရိုင် ၈၁ ခုတွင် သစ်တောများပြုန်းတီးသွားသော နေရာ များနှင့်
သစ်တောအတန်းအစားကျဆင်းသွားသောနေရာများ၌ သင့်လျော်
သောသစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းစနစ်များဖြင့် အကောင်အထည်
ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဒုတိယ အကြိမ်
ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကာလအတွင်း ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာ့သစ်တောများအနေဖြင့် နယ်စွန်နယ်ဖျားဒေသများတွင် သာမက
အတွင်းပိုင်းဒေသများ၌ပါ ခိုးယူခံရမှုများရှိနေဆဲဖြစ်ပြီး ဈေး
ပေါပေါဖြင့်ဝယ်ယူရရှိနိုင်သည့် လက်ကိုင်စက်လွှများ၊ ထရပ်ကားများကို
အသုံးပြုကာ သစ်များခိုးထုတ်ကြောင်း၊ နယ်စပ်ထွက်ပေါက်များမှ ခိုးထုတ် ရန်
မလွယ်ကူတော့သည့်အခါ ရန်ကုန်သို့ လည်းကောင်း၊ ရန်ကုန်တွင်
ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လာသည့်အခါ မွန်ပြည်နယ်ဘက်သို့လည်း ကောင်း
လမ်းကြောင်းအမျိုးမျိုးပြောင်းကာ ထွက်ပေါက်ရှာ ခိုးထုတ်ရန်
ကြိုးပမ်းနေကြကြောင်း သတင်းများတွင် တွေ့ရှိနေရသည်။ စင်စစ်အားဖြင့်
သစ်ခိုးထုတ်မှုများကို လမ်းကြောင်းများမှ ပိတ်ဆို့ဖမ်းဆီးမှုများသာမက
မူလသစ်ထွက်ဒေသများ၌ တောတွင်းမှ သစ်ခိုးခုတ်မှုများ၊ သစ်စက်ပုန်းများ ထောင်ကာ
ခွဲစိတ်နေမှုများကိုနှိမ်နင်းခြင်းတို့ကပို၍ အရင်းမူလကျမည်ဖြစ် သည့်အလျောက်
မူးယစ်ဆေးဝါးကုန်သွယ်မှုကဲ့သို့ပင် အမြတ်အစွန်းများလှ သည့်
သစ်မှောင်ခိုကုန်သွယ်မှုများကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ မြန်မာ့
သစ်တောများ ပြန်လည်ထူထောင်မှုကို မျှော်မှန်းသလို ဆောင်ရွက်
အောင်မြင်နိုင်မည်ဟု အကြံပြုလိုပါကြောင်း။ ။
No comments:
Post a Comment