Tuesday, February 28, 2017

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေရေး စီမံကိန်းအတွက် ကျိန်ခရန်ချောင်း ရေသွယ်တန်းမှုကို ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

Image may contain: one or more people, child, outdoor and nature
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ နှစ်ရှည်ချေးငွေကျပ်သန်း ၆ဝဝဝ ဖြင့် မြစ်ကြီးနားမြို့မြောက်ဘက်ရှိ ကျိန်ခရန်ချောင်းရေကို သွယ်တန်း၍ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းနေရာသို့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကွင်းဆင်းစစ်ဆေးကြသည်။
ရှေးဦးစွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်နေရာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က JICA ချေးငွေဖြင့် စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်များ၊ တင်ဒါစနစ်ဖြင့် ပစ္စည်းများဝယ်ယူစုဆောင်းထားရှိမှု၊ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စီမံကိန်းပြီးစီးပါက ရေဖြန့်ဝေသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းရေအား သိုလှောင်ထားမည့် ရေစုကန်နှင့် ရေစစ်ကန် ဆောက်လုပ်နေမှုနှင့် ချောင်းရေစီးဆင်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး အာလာမ်ကျေးရွာ၌ ပိုက်လိုင်းများအတွက် မြေတူးဖော်၍ ၁၄ လက်မ PVC ပင်မရေပို့ပိုက်များ သွယ်တန်းတပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စည်ပင်သာယာရေးအဖွဲ့၏ လက်ရှိရေပေးနိုင်မှုမှာ မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၌ ရေဂါလန် ၁ ဒသမ ၅ သိန်းသာ ပေးဝေနိုင်လျက်ရှိရာ အဆိုပါစီမံကိန်းပြီးစီးပါက မြစ်ကြီးနားမြို့ပေါ်ရှိ တပ်ကုန်း၊ စီတာပူ၊ ဒူကထောင်၊ မြေမြင့်၊ ယုဇန၊ မြို့သစ်၊ ရန်ကြီးအောင်၊ ရှမ်းစုတောင်နှင့် မြောက်ရပ်ကွက်များတွင် တစ်ရက်လျှင် ရေဂါလန် ၁၄ ဒသမ ၄ သိန်းဖြင့် အိမ်ခြေပေါင်း ၇၉ဝဝ သို့ ဖြန့်ဝေပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment