Tuesday, February 28, 2017

ကင်မွန်းစခန်းတောင်ခြေအနီးရှိ ရာမညရေတံခွန်နှင့် အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်မှု များပြား


Image may contain: people sitting, outdoor, water and nature
ကျိုက်ထို ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်ဖူးမြော်ကြသော ဘုရားဖူးပြည်သူ များအနေဖြင့် ဘုရားဖူးခရီးစဉ်အပြင် ကင်မွန်းစခန်း တောင်ခြေအနီးရှိ ရာမညရေတံခွန်နှင့် အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ထီးရိုးစေတီတော်သို့ နှစ်စဉ် ပြည်တွင်းဘုရားဖူး များအပြင် ပြည်ပဘုရားဖူး အများဆုံးလာရောက်လျက်ရှိရာ ဘုရားဖူးများ၊ ခရီးစဉ်စီစဉ်သူများအနေဖြင့် အဆိုပါ ခရီးစဉ်တစ်ဝိုက် အခြားသောအပန်းဖြေ နားနေနိုင်သည့် ရေတံခွန်၊ စမ်းချောင်းများသို့လည်း လာရောက် လည်ပတ်ကြသောကြောင့် စည်ကားလျက်ရှိသည်ဟု သိရသည်။
''ကျိုက်ထီးရိုးတောင်ပေါ်မှ ဆင်းတဲ့ ကင်မွန်းစခန်း ကနေ နည်းနည်းထပ်သွားရတဲ့ ကဒက်ချောင်းဆိုတာ ရှိပါတယ်။ ဒီရာသီကတော့ ရေနည်းပါတယ်။ ရေများတဲ့ အချိန်ဆိုရင် စမ်းချောင်းထဲမှာ ရေလာကစားသူတွေ၊ ဓာတ်ပုံလာရိုက်သူတွေနဲ့ အပန်းဖြေသူတွေ များပါတယ်။ အခုအချိန်မှာ ကိုယ်ပိုင်ယာဉ်တွေနဲ့ စင်းလုံးငှားယာဉ်တွေ လာကြပါတယ်။ ကဒက်ချောင်းကနေ ၁ဝ မိုင်၊ ၁၅ မိုင် လောက်ထပ်သွားရင် ရာမညရေတံခွန်နဲ့ အပန်းဖြေ စခန်းဆိုတာ ရှိပါတယ်။ လမ်းလည်း ကောင်းပါတယ်။ အဲဒီကိုလည်း အခုဆိုရင်လာလည်တဲ့သူတွေ များလာပါ တယ်''ဟု ကင်မွန်းစခန်း တောင်ခြေရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
အဆိုပါ ရာမညရေတံခွန်နှင့် အပန်းဖြေစခန်းဟု အမည်တပ်ထားသော နားနေစခန်းသို့ ကိုယ်ပိုင်ယာဉ်များ၊ စင်းလုံးငှားယာဉ်များနှင့် လာရောက်ကြသော ခရီးသွား များ လာရောက်မှုများပြားပြီး ရေတံခွန်၊ စမ်းချောင်းနှင့် သဘာဝအလျောက် ဖြစ်တည်နေသည့် ကျောက်တုံးများ၊ တောင်ကုန်းများ၊ သစ်ပင်ပန်းမန်များကြောင့် သဘာဝ တောတွင်းအရသာကိုခံစားကြရပြီး အပန်းဖြေနား နေနိုင်ကြောင်းသိရသည်။ ''ဒီအပန်းဖြေစခန်းကို ရန်ကုန်က လုပ်ငန်းရှင် တွေနဲ့ ဒေသခံလုပ်ငန်းရှင်တွေ ပေါင်းလုပ်တယ်လို့တော့ ပြောနေတာ ကြားရတာပဲ။ အပန်းဖြေစခန်းက သဘာဝ အပန်းဖြေစခန်းဆိုပေမယ့် နားနေနိုင်တဲ့ ဘန်ဂလိုတွေ၊ စားသောက်ဆိုင်တွေ၊ လျှောက်လမ်းတွေ လုပ်ထားပါ တယ်။ ဒါပေမဲ့ ဒီစခန်းကို ဝင်ကြေးအနေနဲ့ တစ်ယောက် ကို ငွေကျပ် ၅ဝဝ ပေးရပါတယ်။ ဘယ်သူတွေက ဘယ်လို တင်ဒါစနစ်နဲ့လုပ်လည်းတော့ မသိပါဘူး။ ဒါမှမဟုတ် အပိုင်လားဆိုတာတော့ မသိပါဘူး။ သဘာဝအလျောက် ရေတံခွန်နဲ့ စမ်းချောင်းတစ်လျှောက် သာသာယာယာရှိ တော့ အပန်းဖြေနားနိုင်တာပေါ့။ သဘာဝကျောက်တုံးတွေ ကလည်း ဓာတ်ပုံရိုက်လို့ လှတော့လာတဲ့ သူတွေက သဘောကျကြပါတယ်။ ဝင်ကြေးတစ်ယောက်ကို ငွေကျပ် ၅ဝဝ ပေးရတာတော့ရှိပါတယ်''ဟု ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်နှင့် ရာမညအပန်းဖြေစခန်းသို့ သွားရောက် ပို့ဆောင်ပေးခဲ့သူ ပြည်တွင်းဘုရားဖူးနှင့် အပန်းဖြေခရီး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အခြေခံပညာအဆင့် စာမေးပွဲ အချို့ ဖြေဆိုပြီးစီးပြီဖြစ်သည့်အတွက် ဘုရားဖူးနှင့် အပန်းဖြေခရီးစဉ်များကို သွားရောက်သူများပြားလျက် ရှိပြီး ရက်ရှည်ခရီးစဉ်များထက် ရက်တိုခရီးစဉ်များ၊ အပန်းဖြေခရီးစဉ်အသစ်များကို ပိုမိုစိတ်ဝင်စားပြီး လည်ပတ်မှုများပြားလာကြောင်း ပြည်တွင်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment