Tuesday, February 28, 2017

ဂေဟစနစ်ကိုထိန်းသိမ်းစောင့်ရှောက်


Image may contain: text
ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲခြင်း (Climate Change) ဖြစ်ပေါ်နေ သည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ရာသီဥတုဆိုင်ရာ အန္တရာယ်ရှိ အညွှန်းကိန်းအရ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်များအား မြန်မာနိုင်ငံအနေဖြင့် ဒုတိယအမြင့်ဆုံးခံစားရသည့်နိုင်ငံ ဖြစ်လာနိုင် ကြောင်း ခန့်မှန်းထားသည်။
ရာသီဥတုပြောင်းလဲခြင်း၏အကျိုးဆက်ကို မြန်မာနိုင်ငံတွင် ယမန် နှစ်က လက်တွေ့ကျကျ တွေ့ကြုံခံစားခဲ့ကြရပြီးဖြစ်သည်။ နေ့အပူချိန် မြင့်မားလာခြင်း၊ မုတ်သုံရာသီဥတု တိုတောင်းလာပြီး မိုးခေါင်ခြင်း၊ မိုးများ ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ ကောက်ပဲသီးနှံများ အထွက်နှုန်း ကျဆင်းခြင်း စသည့်အကျိုးဆက်များကို ဆက်တိုက်ကြုံတွေ့လာသည်။
ရာသီဥတုပြောင်းလဲခြင်းကို ပြည်သူအများစုအနေဖြင့် မိုးများ ခြင်းထက် အပူချိန်တိုးခြင်းကို ပိုမိုခံစားအသိအမှတ်ပြုကြသည်။ အေးခြင်းထက် ပူခြင်းက ပိုမိုထိလွယ်ရှလွယ်ခံစားရသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီး ခြင်းမှာလည်း အပူချိန်တိုးခြင်းကို အခြေခံကာဖြစ်ပေါ်လာသည်။ အပူ လွန်ကဲလာလျှင် သဘာဝပတ်ဝန်းကျင် လျင်မြန်စွာပျက်စီးနိုင်သည်။
ယခု ရာသီဥတုပြောင်းလဲခြင်းများ ထိခိုက်ခံစားရနိုင်မှု တိုင်းတာ စစ်ဆေးခြင်းကို သက်ဆိုင်ရာဌာနများနှင့်အဖွဲ့အစည်းများ ပူးပေါင်းပြီး ကွင်းဆင်းလေ့လာခဲ့ကြရာ စစ်ဆေးခြင်းရလဒ်ကို ဖေဖော်ဝါရီလ ပထမ ပတ်က တရားဝင်ထုတ်ပြန်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် နှစ်ပေါင်း ၃ဝ ကျော်အတွင်း လက်ရှိအပူချိန်ထက် ၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တိုးလာနိုင်ကြောင်း အသိပေးထားသည်။
လပွတ္တာမြို့နယ်သာမက မြန်မာနိုင်ငံရှိ နေရာဒေသအတော်များများ တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် အပူချိန်များမှာ တစ်နှစ်ထက် တစ်နှစ် အပူချိန်တိုး၍ပူပြင်းလာသည်ကိုတွေ့ရသည်။ ယခုလက်ရှိနွေရာသီ အပူချိန်ကို ပြည်သူများပြင်းထန်စွာခံစားနေကြရပြီး လာမည့်အနှစ် ၃ဝ ကာလအတွင်း ယခုအပူချိန်ထက် နှစ် ဒီဂရီစင်တီဂရိတ်ကျော် တိုးလာ မည်ဆိုပါက ဖြစ်ပေါ်လာမည့်ဆိုးကျိုးများမှာ စိုးရိမ်ပူပန်ဖွယ်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာနည်းပညာကျွမ်းကျင်သူတို့က ဂေဟ စနစ်၊ အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အခြေခံ၍ အပူချိန်တိုးခြင်းဖြစ်ပေါ်လာသည်ဟု ဆိုထားသည်။ ဥပမာအားဖြင့် လပွတ္တာမြို့နယ်အတွင်း ၂ဝဝ၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့်နာဂစ်မုန်တိုင်းဒဏ်နှင့် သဘာဝပတ်ဝန်းကျင်ထွက်ကုန်များအား ထုတ်ယူမှုမြင့်မားသော ကြောင့် ဒီရေတောများပျက်စီးကာ ဂေဟစနစ်ပျက်ယွင်းခြင်း၊ လူနေ ထူထပ်ပြီး အဆောက်အအုံများ များပြားလာခြင်း၊ မိုးရွာသွန်းမှုအချိန် တိုတောင်းခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ ဆားငန်ရေဝင်ရောက်ခြင်း၊ သီးနှံ အထွက်နှုန်းလျော့ကျခြင်း စသည်တို့ဖြစ်ပေါ်လာသည်။
အကျိုးဆက်အားဖြင့် ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်းနိုင်မှု ခက်ခဲလာပြီး ကျေးရွာနေလူငယ်များမှာ အလုပ်အကိုင်ရှားပါးလာခြင်း ကြောင့် အလုပ်အကိုင်ရှိရာ အခြားအရပ်များသို့ ပြောင်းရွှေ့ထွက်ခွာသွား ကြပြီး ဒေသဖွံ့ဖြိုးမှုတစ်စတစ်စလျော့ကျသွားနိုင်သည်။ အပူချိန်တိုးခြင်း သည် ပတ်ဝန်းကျင်ပျက်စီးခြင်းသာမက လူမှုဘဝယိုယွင်းခြင်းကိုဖြစ်စေသည့်အပြင် ရေရှားခြင်း၊ မီးလောင်ခြင်း၊ ရောဂါဘယထူပြောခြင်းတို့ကိုပါ ဖြစ်စေနိုင်သည်။
ဤသည်မှာ လပွတ္တာမြို့နယ်ကို အခြေခံထား၍ ပြောဆိုခြင်းဖြစ်သည်။ အခြားသော မြန်မာပြည်အလယ်ပိုင်းမှ မူလအခြေခံမိုးနည်းရေရှားဒေသ များတွင်လည်း အပူချိန်တိုးလာဦးမည်ဖြစ်သောကြောင့် လာမည့် ၂ဝ၅ဝ ခုနှစ်အတွင်း ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ယခုကတည်းက ကြိုတင်ပြင်ဆင်ကာကွယ်တားဆီး သွားကြရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကို မလွဲမသွေရင်ဆိုင်ရမည်ဖြစ် သော်လည်း ပိုမိုသက်သာစွာခံစားနိုင်ရန် လူတို့ကပင် ပြောင်းလဲကြိုးပမ်း စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် လူမှုဘဝဖွံ့ဖြိုးရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သော အစီအမံများကို ကြိုတင် စီမံဆောင်ရွက်ကြပြီး မိမိတို့ပတ်ဝန်းကျင် မပျက်ယွင်းစေရေးကို အသိ တရားရှိရှိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment