Thursday, August 1, 2019

အလုပ်အကိုင်အခွင့်အလမ်း ၃၀၀၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြု
Image may contain: 3 people, people sitting, table, living room and indoor
ရန်ကုန် ဇူလိုင် ၃၁
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် ရှစ်ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အိမ်ရာအဆောက်အဦကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း ကိုးခုခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၀၁ ဒသမ ၁၇၂ သန်းနှင့် ငွေကျပ်ကျပ် ၁၁၀၇၀၃ ဒသမ ၈၀၀ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀၂၉ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇၅၂ ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၈၉၂ ဒသမ ၀၆၁ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၈ ရာခိုင် နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၁၃ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။
သတင်းစဉ်

ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက် သည့်မူဝါဒချမှတ်အကောင်အထည်ဖော်ရေး အစိုးရအားတိုက်တွန်းကြောင်းအဆိုကို လွှတ်တော်က အတည်ပြု
Image may contain: one or more people, people sitting, hat and beard
နေပြည်တော် ဇူလိုင် ၃၁
ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာ သုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့် မူဝါဒ ချမှတ် အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ကိုယ်စားလှယ်များက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုခဲ့သည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို တင်သွင်းသည့် "ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့် မူဝါဒချမှတ် အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်း ကြောင်း"အဆိုနှင့်စပ်လျဉ်း၍ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက ဆေးလိပ်၊ ဆေးရွက်ကြီးအပေါ်တွင် အခွန် ကောက်ခံမှုကို ယခင်ကထက် တစ်ဆင့်တိုးမြှင့် ကောက်ခံခြင်းဖြင့် အခြားနိုင်ငံများ ဆောင်ရွက်သကဲ့သို့ သီးခြားသတ်မှတ်အခွန်နှင့် အပိုဆောင်းအခွန်များကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောကြားထား သည်ကို သိရှိပါကြောင်း၊ အခွန်များ ပိုမိုကောက်ခံရသည့် ရည်ရွယ်ချက်သည် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာများ သုံးစွဲမှုကြောင့် ပေါ်ပေါက်လာမည့် ကျန်းမာရေး ထိခိုက်မှုကို လျော့နည်းစေရန်ဖြစ်ပါကြောင်း။
တစ်ဖက်တွင်လည်း ရရှိထားသော အခွန်များဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများအတွက် လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းအခွန်များမှ သုံးစွဲငွေများသည် ပြည်သူပြည်သားများအတွက် ထိရောက်သော အသုံးစရိတ်များဖြစ်ရန် လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။
ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေးက ထိရောက်သော ကွမ်းယာအပါအဝင် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်၌ တစ်က္ဘာလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် လူဦးရေ ရှစ်သန်းကျော်သေဆုံးမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ၈၀ ရာခိုင်နှုန်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူ့ စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေး၊ ကျန်းမာရေး ကုန်ကျစရိတ်များ လျှော့ချနိုင်ရေး၊ မျိုးချစ်လူငယ်များ အနာဂတ်ကို ကွမ်းယာ၊ ဆေးလိပ်များဖြင့် မဖျက်ဆီးနိုင်ရေး အတွက် ထိရောက်သောမူဝါဒများ ချမှတ်ရာတွင် ထိန်းချုပ် ရေးမူဝါဒကို လေ့လာစောင့်ကြည့်ခြင်း၊ ပြည်သူများ အား ကွမ်းယာနှင့် ဆေးလိပ်ငွေ့အန္တရာယ်မှ အကာအကွယ်ပေး ခြင်း၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု စွန့်လွှတ်နိုင်ရန် အကူအညီပေးခြင်း၊ ကွမ်းယာ၊ ဆေးရွက် ကြီးထွက်ပစ္စည်း သုံးစွဲမှုအန္တရာယ်ကို သတိပေးခြင်း၊ ထိန်းချုပ်မှုကို အားပေးသည့် ဥပဒေများတွင် ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်စေရန် ဆောင်ရွက်ပေးခြင်း၊ ကွမ်းယာနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းများ အပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းများအား ထည့်သွင်း ပေးရန် အကြံပြုဆွေးနွေးသည်။
ထို့အတူ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း၊ လှည်းကူး မဲဆန္ဒနယ်မှ ဦးသိန်းတန်၊ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်နှင့် ပြင်ဦးလွင် မဲဆန္ဒ နယ်မှ ဒေါက်တာ ဦးအောင်ခင်တို့က ဆွေးနွေးကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမြင့်ထွေးက ယင်းအဆိုနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များမှ တင်ပြချက်များကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဥပဒေပါပြဋ္ဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များ နှင့်အညီ အလေးထားဆောင် ရွက်လျက်ရှိသောကြောင့် အဆိုအား အတည်ပြုသင့်ပါ ကြောင်း ပြောကြားရာ လွှတ်တော်က သဘောတူသည့် အတွက် ယင်းအဆိုကို အတည်ပြုခဲ့သည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးကော်မတီအဖွဲ့ဝင် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို အား အဖွဲ့ဝင်အဖြစ်မှ အနားယူခွင့်ပြုကြောင်း လွှတ်တော် သို့ အသိပေးကြေညာပြီး လွှတ်တော်ရေးရာ စွမ်းရည်မြှင့် တင်ရေးအကြံပေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ အဖွဲ့ ခေါင်းဆောင်၏ အမည်စာရင်းနှင့် တာဝန်ပေးအပ်ဖွဲ့စည်း သွားမည့်အခြေအနေများကို လွှတ်တော်သို့တင်ပြသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၏ "စစ်တွေမြို့ တွင် ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ}}မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ ပြန်ကြား ရေးဝန်ကြီးဌာန၏ ၁၉၆၉ ခုနှစ် ဇူလိုင် ၁ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်အရ ပြည်သူပိုင်ပြုလုပ်ခဲ့သည့် ရုပ်ရှင်ရုံ လေးရုံရှိပါကြောင်း၊ ယင်းတို့မှာ "မြို့မ"ရုပ်ရှင်ရုံ၊ "မြ" ရုပ်ရှင်ရုံ၊ "အသံထွက်"ရုပ်ရှင်ရုံနဲ့ "ဇိမ်"ရုပ်ရှင်ရုံတို့ ဖြစ်ကြပါကြောင်း။
အဆိုပါ ရုပ်ရှင်ရုံ(၄)ရုံအနက် " မြို့မ " ရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်စွဲပါ အမိန့်အမှတ် (၁၀၁/၂၀၁၀)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်သူ ဦးထွန်းမောင်သို့ ငွေကျပ်ကျပ် ၁၅၆ သန်းဖြင့် အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ပါ ကြောင်း၊ " မြ"ရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် ၏ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅ /၁၉၉၈)အရ ဒေါ်တင်မြသို့ ငွေကျပ်ကျပ် ၄ ဒသမ ၂၀ သန်းဖြင့် အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ပါ ကြောင်း၊ ယင်းရုပ်ရှင်ရုံဝယ်ယူသူ ရုပ်ရှင်ပြသမှုအစား အခြားစီးပွား ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန် တင်ပြ ခဲ့မှုအပေါ် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ (၂/၂၀၀၈) ကြိမ်မြောက် အစည်းအဝေးက လုပ်ငန်း ပြောင်းလဲလုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း။
"အသံထွက်" ရုပ်ရှင်ရုံမြေနေရာကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၂၀၀၆ ခုနှစ် မေ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၀၆) အရ ဒေါ်သူဇာဇံ သို့ ငွေကျပ်ကျပ် ၆ ဒသမ ၅၁ သန်းဖြင့် အပြီးအပိုင်လွှဲပြောင်း ရောင်းချပေးခဲ့ပါကြောင်း၊ ရောင်းချစဉ်က ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းမျဉ်းသတ်မှတ်ချက်မပါသည့် ရုပ်ရှင်ရုံဖြစ်ပါကြောင်း၊ "ဇိမ်"ရုပ်ရှင်ရုံကို ကုန်သွယ် ရေးဌာနသို့ ၁၉၇၃ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း။
အဆိုပါရုပ်ရှင်ရုံများအနက် "မြို့မ" ရုပ်ရှင်ရုံမှအပ ကျန်ရုပ်ရှင်ရုံများသည် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ရုပ်ရှင်ရုံများဖြစ်ပါ ကြောင်း၊ "မြို့မ" ရုပ်ရှင်ရုံဝယ်ယူသူ ဦးထွန်းမောင်က ရုပ်ရှင်ရုံကို ၂၀၁၃ ခုနှစ်အထိ ရုပ်ရှင်ပြသခြင်းအတွက် အသုံးပြုခဲ့ပြီးနောက်ပိုင်းတွင် ပြသခြင်းမရှိဘဲ ရုံပိတ်ထား သည့်အတွက် ရုပ်ရှင်ပြန်လည်ပြသရေးကို ပြန်ကြားရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် တွန်းအားပေးဆောင်ရွက် ၍ရသည့် ရုပ်ရှင်ရုံဖြစ်ပါကြောင်း။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က အပြီးအပိုင် ရောင်းချခဲ့သည့် နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် မူလရုပ်ရှင် ပြသခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် တာဝန်ရှိသည့် ရုပ်ရှင်ရုံများကို စာချုပ်ပါ ကတိကဝတ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီး ဌာနက စစ်တွေမြို့ "မြို့မ"ရုပ်ရှင်ရုံအပါအဝင် တစ်နိုင်ငံလုံး တွင်ရှိသည့် ရုပ်ရှင်ရုံဝယ်ယူသူများအားလုံးသို့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပါ ကြောင်း။
ယခုလက်ရှိတွင် "မြို့မ" ရုပ်ရှင်ရုံ၏ အောက်ထပ်၌ စားသောက်ဆိုင်ဖွင့်လှစ်ထားရှိပြီး အပေါ်ထပ်တွင် ရုပ်ရှင် ပြသနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ရုပ်ရှင်စတင်ပြသနိုင် မည့်နေ့ရက်ကို သတ်မှတ်နိုင်ခြင်းမရှိ သေးသည်ကို သိရှိရပါ ကြောင်း။
ရုပ်ရှင်ရုံ ၁၂၁ ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲ ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့် အထောက်အထား၊ စာရွက် စာတမ်းများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ သို့ လွှဲပြောင်း ပေးအပ်လျက်ရှိ
ရခိုင်ပြည်နယ်အတွင်းရှိ အခြားရုပ်ရှင်ရုံများမှာ ကျောက်ဖြူမြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ မောင် တောမြို့ရှိ အသံထွက်ရုပ်ရှင်ရုံ၊ သံတွဲမြို့ရှိ သိန်းရုပ်ရှင်ရုံနှင့် ရတနာ (စိတ်ဖြေရာ) ရုပ်ရှင်ရုံ များဖြစ်ပါကြောင်း၊ အဆိုပါရုပ်ရှင်ရုံ များကိုလည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က လုပ်ငန်းရှင်များသို့ အပြီးအပိုင် ရောင်းချခဲ့ပြီးဖြစ်သဖြင့် လွှဲပြောင်းရောင်းချခဲ့သည့် စာချုပ်တွင် မူလရုပ်ရှင်ပြသ ခြင်းလုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိ သည့် ရုပ်ရှင်ရုံများ ဖြစ်ပါကြောင်း၊ အဆိုပါရုပ်ရှင်ရုံများအား ဝယ်ယူသူများအနေဖြင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် ရုပ်ရှင်ပြသ နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် တွန်းအားပေးဆောင်ရွက်နေခဲ့ရသည့် ရုပ်ရှင်ရုံများဖြစ်ပါ ကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈^၂၀၁၈) အရ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ယူ၍ စီမံခန့်ခွဲလျက်ရှိသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ ရုံနှင့် ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့ သည့် ရုပ်ရှင်ရုံများအနက် ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင် ရုံ ၉၄ ရုံ စုစုပေါင်းရုပ်ရှင်ရုံ ၁၂၁ ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်သည့်အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ် လျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့သည့် ရုပ်ရှင်ရုံ ငါးရုံကို ကြီးကြပ် ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်သည့် အထောက်အထား၊ စာရွက်စာတမ်း များကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ယင်းသို့ လွှဲပြောင်းပေးအပ်လိုက်သည့် အတွက် သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်တိုက်တွန်းမှုများဖြင့် ပိုမိုအားစိုက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
သို့ပါ၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စစ်တွေ မြို့တွင် ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန် အစီအစဉ်မရှိပါ ကြောင်းနှင့် စာချုပ်ပါစည်းကမ်းအရ ရုပ်ရှင်ပြသမှုလုပ်ငန်း ဆောင်ရွက်ရမည့် "မြို့မ" ရုပ်ရှင်ရုံကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တွန်းအားပေးဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင် များက စစ်တွေမြို့တွင် ရုပ်ရှင်ရုံတည်ဆောက်ရန် အဆိုပြု လျှောက်ထားလာပါက ရခိုင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ကြီးကြပ်ဆောင်ရွက်သွားနိုင် မည်ဖြစ်ပါကြောင်း ရှင်းလင်း သည်။
တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ "နိုင်ငံတစ်ဝန်းမှ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားကြီး မပြသမီ ပညာပေး ဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေးဆောင်ပုဒ်များ ပြသပေးနိုင်ခြင်း ရှိ၊ မရှိ " မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာနတွင် ယခင်က မြန်မာ့ရုပ်ရှင်လုပ်ငန်း (မော်ကွန်းရုပ်ရှင်ရုံးခွဲ) ရှိခဲ့ပါကြောင်း၊ ယင်းရုံးတွင် မော်ကွန်းသတင်းမှတ်တမ်း ရိုက်ကူးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး နိုင်ငံတော်၏ မူဝါဒနှင့် သက်ဆိုင်သည့် သတင်းမှတ်တမ်းနှင့် ပညာပေးအစီအစဉ် များကို ရိုက်ကူးကာ ရုပ်ရှင်ဇာတ်ကားမပြသမီ ပြသခဲ့ပါ ကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ ရုပ်ရှင်ရုံများအား ဖလင်ဖြင့် ပြသသည့်စနစ်မှ Digital စနစ်သို့ ပြောင်းလဲ ဆောင်ရွက်ခဲ့ပြီးနောက် နည်းပညာကန့်သတ်ချက်အရ ရုပ်ရှင်ရုံများတွင် နိုင်ငံတော်သီချင်းကိုသာ ပြသနိုင်ခဲ့ပါ ကြောင်း၊ ပညာပေးဇာတ်လမ်းတိုများနှင့် ဆောင်ပုဒ်များကို Digital စနစ်ဖြင့် ရိုက်ကူးထားခြင်းမရှိသည့်အတွက် ပြသနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း။
သို့သော်လည်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးအစီအစဉ်များအဖြစ် ဇာတ်ဝင်ခန်း များ အတွင်း ဆေးလိပ်သောက်သည့် ပြကွက်များပါရှိပါက ရုပ်ရှင် ဇာတ်ကားအစတွင် "ဆေးလိပ်သောက်ခြင်းသည် သင် နှင့် သင့်ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးကို ဆိုးရွား စွာထိခိုက်ပျက်စီးစေပါသည်" ဆိုသည့် စာတန်းထိုးရန်၊ ထိုစာတန်းကို နောက်ခံအသံဖြင့်ပြောကြားပြီး ဆေးလိပ် မသောက်ရ Logo ရေးထိုးဖော်ပြရန်နှင့် ဇာတ်ဝင်ခန်းများ အတွင်း ဆေးလိပ်သောက်သည့် ပြကွက်များပါရှိပါကလည်း ဆေးလိပ်မသောက်ရ Logo ကို ထည့်သွင်းဖော်ပြစေခြင်း များကို ရုပ်ရှင်ဇာတ်လမ်းခွင့်ပြုစဉ်ကပင် လိုက်နာ ဆောင်ရွက်စေလျက်ရှိပါကြောင်း။
အလားတူ ရုပ်ရှင်ဇာတ်ကားများတွင် အရက် သောက်သည့်ပြကွက်များပါရှိပါက ဇာတ်ကားအစတွင် "သင်အရက်သောက်ခြင်းသည် အသည်းကိုပျက်စီးစေပြီး အသက်ကိုသေစေနိုင်ပါသည်" ဆိုသည့် စာတန်းနှင့် Logo ရေးထိုးဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ရုပ်ရှင်ရုံများတွင် ဇာတ်ကားမပြသမီ ပညာပေး ဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေးဆောင်ပုဒ်များ ပြသပေးရန် လိုအပ်မည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်း များမှ မူဝါဒနှင့် လမ်းညွှန်မှုများခံယူကာ သင့်တော်သည် များကို Digital စနစ်ဖြင့် ရိုက်ကူးပြီး အချိန်ကာလတစ်ခု သတ်မှတ်၍ နိုင်ငံတော်အလံ အလေးမပြုမီ ပြသပေး နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန များက ပညာပေး ပိုစတာများ ဝေငှလိုပါက ရုပ်ရှင်ကြည့် ပရိသတ်များ မြင်နိုင်သောနေရာတွင် ကပ်ထားပေးခြင်း နှင့် လက်ကမ်းစာစောင်များ ပေးပို့လာပါက ရုပ်ရှင်ကြည့် ပရိသတ်များအား ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ "ကိုယ်ထူ ကိုယ်ထ မီးလင်းရေးဖြင့် လျှပ်စစ်ဓာတ်အား ရရှိထားသည့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် သတ်မှတ်ထားသော ကြီးမြင့်သည့်နှုန်းကို မတတ်နိုင် သူများ၊ အများနည်းတူ လျှပ်စစ်မီးသုံးစွဲလိုသူများအတွက် လျှပ်စစ်ဓာတ် အားရရှိရေးကို ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ၊ မရှိ"မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံကိန်း (NEP) တွင် မပါဝင်သော လက်ရှိတွင် ကိုယ်ထူကိုယ်ထမီးလင်းရေးဖြင့် လျှပ်စစ်ဓာတ်အား ရရှိ ထားသည့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရန် သတ်မှတ်ထားသောဈေးနှုန်းကို မတတ်နိုင်သူများအား အများနည်းတူ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ အခြားနည်းလမ်းများဖြင့် ဆောင်ရွက် ပေးပါက ငွေကြေးထည့်ဝင်ပြီးခဲ့သူများနှင့် ငွေကြေးမထည့်ဝင်သူများအကြား မပြေလည် မှုများ ရှိလာနိုင်ပါကြောင်း၊ ယင်းအခြေအနေမျိုး ဖြစ်ပေါ်နိုင်သည့် ကျေးရွာများအတွက် လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာမီးလင်း ရေးကော်မတီများ၊ သတ်မှတ်ကြေးထည့်ဝင်၍ လက်ရှိ မီးလင်းနေသော အိမ်ထောင်စုများ၊ သတ်မှတ်ထားသော ငွေကြေးမ ထည့်ဝင်နိုင်သူများ စုပေါင်း၍ ညှိနှိုင်း ဆွေးနွေးကြပြီး ဖြေရှင်းရန်လိုအပ်ပါကြောင်း ရှင်းလင်း သည်။
ထို့ပြင် မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၏ " မက်မန်းမြို့ နယ်တွင် မြို့နယ်အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ဖွင့်လှစ်ပေးရန် (၁၂၀ _ ၉၀)ပေ အားကစားရုံနှင့် (၄၀၀ _ ၃၀၀)ပေ အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ"မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရှင်းလင်းသည်။
အလားတူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ "ပျော်ဘွယ်မြို့နယ် မြောက်ပိုင်းရှိ လျှပ်စစ်မီးမရရှိသေး သော ကျေးရွာပေါင်း ၃၀ ခန့် လျှပ်စစ်မီးရရှိ သုံးစွဲနိုင်ရန် အတွက် ယင်းတော်ရွာတွင် 33/11KVA 3MVA ဓာတ်အားခွဲရုံတစ်ရုံနှင့် ကျေးရွာများအတွက် 11KV ဓာတ်အားလိုင်း (၁၂) မိုင်ခန့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ "မေးခွန်း၊ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ "လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန်နှင့် လုံလောက်စွာရရှိနိုင်ရေးအတွက် အရန် ပမာဏထားရှိနိုင်ရန်အထိ တိုးမြှင့်ထုတ်လုပ်ခြင်းကို စီမံကိန်းချလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ "မေးခွန်းနှင့် ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ " မြန်မာနိုင်ငံ တောင်ပိုင်း လျှပ်စစ်ဓာတ် အားရရှိရေးအတွက် ရည်မှန်း တည်ဆောက်နေသော LNG ဓာတ်အားပေးစီမံကိန်း (ကံပေါက်)အား မည်ကဲ့သို့အကောင်အထည်ဖော်ဆောင် ရွက်နေသည်ကို သိလိုခြင်း"မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းသည်။
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြု၍ ပေးပို့လာသော "ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း" နှင့် စပ်လျဉ်း၍ အဆိုတင် သွင်းခြင်း နှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းပြီး ပြင်ဆင် ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာ သည့် "ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို စတုတ္ထ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း" တစ်ရပ်လုံးကို ပြင်ဆင်ထားသည့်အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာသည်။
သတင်း - မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ - ထိုက်ကြီး
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဆားဗီးယားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Miodrag Nikolin အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဆားဗီးယား-မြန်မာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း၊ ပြည်သူ အချင်းချင်းချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ဆားဗီးယားသမ္မတနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ ကျင်းပမည့် (၁၄၁)ကြိမ်မြောက် Inter-Parliamentary - Union (IPU) အစည်းအဝေးတက်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

နိုင်ငံကို မှီတင်းနေထိုင်သူတွေအားလုံး လုံခြုံဖို့၊ တည်ငြိမ်ဖို့၊ တိုးတက်ဖို့ ကျွန်မတို့ ကြိုးစားနေ
Image may contain: 2 people, indoor
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဂျပန်နိုင်ငံက မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အားပေး ဆောင်ရွက်သွားမှာဖြစ်
===============================================================================
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို
နေပြည်တော် ဇူလိုင် ၃၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တာရိုခိုနို တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံကြသည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲ ဆက်လက် ကျင်းပရာ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးက "ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ကျွန်တော် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံခြား ရေးဝန်ကြီး အနေနဲ့ (၃)ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး အခုအချိန်မှာ အလည်အပတ် လာရောက်နိုင်တာကို အထူးပဲဝမ်းမြောက်မိပါတယ်။ ဒီနေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ ဂျပန်နိုင်ငံက စီးပွားရေး၊ လူမှုရေး အပါ အဝင် ဘက်ပေါင်းစုံက ကူညီထောက်ပံ့သွားမယ်လို့ ထပ်မံ အတည်ပြု ပြောကြားလိုပါတယ်။
"မြန်မာနိုင်ငံအနေနဲ့ ခက်ခဲတဲ့အခြေအနေတွေကို ကြုံတွေ့နေတဲ့အချိန်ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံက သမိုင်းဝင် မိတ်ဆွေနိုင်ငံတစ်နိုင်ငံအနေနဲ့ အတူစဉ်းစားသုံးသပ်ပြီး ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်း မှုက မဖြစ်မနေ လိုအပ်ပါတယ်။ ဂျပန်နိုင်ငံက မြန်မာ နိုင်ငံသူ နိုင်ငံသားတွေအတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းဆောင်ရွက်မှုကို တတ်နိုင်သမျှ အားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးရှိတဲ့ အမြင်ချင်း ဖလှယ်ဆွေးနွေးမှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဘက်ပေါင်းစုံ ကူးလူးဆက်ဆံ
"မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိ နေတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ရေးအတွက် ဖန်တီး ဆောင်ရွက်နေတာကို ဂျပန်နိုင်ငံအစိုးရက တန်ဖိုးထားပါ တယ်။ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အပါအဝင် ဆောင်ရွက်ချက်တွေကို ပိုမိုအဆင့်မြှင့်တင်ပြီး နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ဖို့ကို မျှော်လင့်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ ဒုတိယအဆင့် အကြိုပွဲမှာ နှစ်နိုင်ငံ အုပ်စုတစ်ခုတည်းက အတူယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ စက်တင်ဘာလမှာ ရန်ကုန်မှာ အတူ ကစားကြမှာဖြစ်ပါတယ်။ နှစ်ဖက်စလုံးက အပြိုင်အဆိုင် အားကြိုးမာန်တက် ကစားနိုင်လိ်မ့်မယ်လို့ မျှော်လင့်ပါ တယ်။
အခုလို ဘက်ပေါင်းစုံ ကူးလူးဆက်ဆံမှုကတစ်ဆင့် ဂျပန်-မြန်မာ ချစ်ကြည်မှုကို ပိုမိုတိုးတက်လာဖို့ မျှော်လင့် ပါတယ်"ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို အခုလို ကြိုဆိုနိုင်တဲ့ အတွက် ကျွန်မတို့ အများကြီးဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံ အကြား ရင်းနှီးခင်မင်မှု၊ မိတ်ဆွေဖြစ်မှုကို ကိုယ်စားပြုပြီး လာရောက်တယ်ဆိုတာ အပြည့်အဝယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ရေး ကို အဘက်ဘက်ကကူညီနေတဲ့ မိတ်ဆွေအနေနဲ့ ကျွန်မတို့ တန်ဖိုးထားပါတယ်။ မပြီးသေးတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တစိုက်မတ်မတ် ကူညီဆောင်ရွက်နေခဲ့တာကို လည်း ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ နောင်ကိုလည်း ဆက်လက်ကူညီမယ်ဆိုတာ ယုံကြည်ပါတယ်။
"တစ်ကမ္ဘာလုံးက အာရုံစူးစိုက်နေတဲ့ ကျွန်မတို့နိုင်ငံ ရဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့လည်း ဂျပန်နိုင်ငံက မိတ်ဆွေတစ်ယောက်အနေနဲ့ ကူညီဖြေရှင်း ချင်တယ်ဆိုတာကိုလည်း ကျွန်မတို့ ယုံကြည်ပါတယ်။ အဓိကအားဖြင့် နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ သို့သော်ငြားလည်း မိတ်ဆွေ များက စေတနာနဲ့ ပြေလည်အောင် ဆောင်ရွက် ပေးချင်တဲ့ဆန္ဒကိုလည်း ကျွန်မတို့ အလေးထား ပါတယ်။
အဘက်ဘက်က ကြိုးစားနေရ
"ကျွန်မတို့ နိုင်ငံကို မှီတင်းနေထိုင်သူတွေအားလုံး လုံခြုံဖို့အတွက်၊ တည်ငြိမ်ဖို့အတွက်၊ တိုးတက်ဖို့ အတွက်၊ ဖွံ့ဖြိုးဖို့အတွက်ဆိုတာ ကျွန်မတို့ရဲ့ ပန်းတိုင်ပဲ ဖြစ်ပါတယ်။ ဒီလိုပန်းတိုင်ကို ရောက်ဖို့ဆိုတာ ကျွန်မတို့က လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဘက်ဘက်က ကြိုးစားနေရပါတယ်။ ဒီလို ကြိုးစား မှုတွေမှာ ပါဝင်ကူညီနေတဲ့ ဂျပန်နိုင်ငံက မိတ်ဆွေတွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ မကြာခင်ကျင်းပမယ့် ဂျပန်နဲ့ မြန်မာနိုင်ငံအကြား ဘောလုံးပွဲကိုလည်း အားပေးဖို့ မျှော်လင့်နေပါ တယ်။ ဘောလုံးပွဲရဲ့ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့နှစ်နိုင်ငံရဲ့ ခင်မင်ရင်းနှီးမှု၊ မိတ်ဆွေဖြစ်မှုကို ပိုမိုပြီးဖန်တီးပေးနိုင် မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ အခု ကျွန်မတို့နိုင်ငံဟာ ကာလတစ်ခုကို ဖြတ်ကျော်နေရချိန်မှာ ကိုယ်တိုင်လည်း ခက်ခဲတဲ့ကာလတွေကို ဖြတ်ကျော်ခဲ့တဲ့ ဂျပန်နိုင်ငံသူ နိုင်ငံသားများဟာ ကျွန်မတို့အပေါ်မှာ စာနာလိမ့်မယ်၊ နားလည်မှုရှိမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီနေ့ တွေ့ဆုံပွဲကတစ်ဆင့် ဂျပန်နိုင်ငံသူ နိုင်ငံသားများ အားလုံးကို ကျွန်မတို့ မေတ္တာပို့ သနှုတ်ခွန်းဆက်ပါတယ်"ဟု ပြောကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများ မေးမြန်းသည့် သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အလားတူ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်အရေးကိစ္စတို့နှင့်စပ်လျဉ်းသည့် မေးခွန်းများ အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မတို့ သီလဝါအထူးစီးပွားရေးဇုန်က အင်မတန်မှ အောင်မြင်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒီစီးပွားရေးဇုန်ထဲမှာ အဓိက ပါဝင်နေတာက ဂျပန်နိုင်ငံက ကုမ္ပဏီတွေဖြစ်တာကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဘယ်လိုအသီး အပွင့်တွေရမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒီစီးပွားရေးဇုန် အောင်မြင်တာကြောင့် အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း အထူးစီးပွားရေးဇုန်တွေ လိုချင်လာ ကြပါတယ်။ အခုအချိန်မှာတော့ ကျောက်ဖြူ၊ ထားဝယ် နှစ်ခုပဲရှိပါတယ်။ ဒီနှစ်ခုကိုပဲ ကျွန်မတို့ စပြီးဆောင်ရွက်နေ ပါတယ်။ ခရီးကတော့ မရောက်သေးပါဘူး။
"သို့သော်လည်း ထားဝယ်မှာဆိုရင် လမ်းပန်း ဆက်သွယ်ရေးအပိုင်းကို ပထမဦးဆုံး ဂျပန်နဲ့စပြီး အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကတော့ ဒီလိုပဲ အောင်မြင် မယ် မျှော်လင့်ကြတယ်။ အကောင်အထည်ဖော်ဆောင်ရွက် စေချင်ကြတယ်။ အဓိက သီလဝါအထူးစီးပွားရေးဇုန်ရဲ့ အောင်မြင်မှုက ကျွန်မအမြင်ကတော့ အလုပ်အကိုင် ဖန်တီးရေး ပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်နေပါတယ်။ ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်အလုပ်အကိုင်နဲ့ကိုယ် ဘ၀ကိုရပ်တည်ပြီး ကိုယ့်ရဲ့တိုးတက်မှုကို ဖန်တီးနိုင်တဲ့ လူမျိုးဖြစ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
"ဒါကြောင့် သီလဝါအထူးစီးပွားရေးဇုန်က စီးပွားရေး တိုးတက်တာကိုလည်း ကျွန်မ အင်မတန်မှ အားရပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပြည်သူလူထုတွေက သိက္ခာရှိရှိနဲ့ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အခြေအနေကို ပေးတဲ့ အလုပ်အကိုင်ဖန်တီးရေးဆိုတာက အရေးကြီးပါ တယ်။ ဒါကြောင့် သီလဝါအထူးစီးပွားရေးဇုန်မှာပါဝင်တဲ့ ဂျပန်ကုမ္ပဏီတွေကိုလည်း ကျေးဇူးတင်ပါတယ်"ဟု ဖြေကြားသည်။
ဆက်လက်ကြိုးပမ်းဆောင်ရွက်
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုက"ဒီနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းက အင်မတန် ခက်ခဲတဲ့အခြေအနေမှာ ရှိပါတယ်လို့ ပြောကြားခဲ့ ပါတယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ရေး အကောင်အထည် ဖော်ဖို့ကိုလည်း မြန်မာအစိုးရအနေနဲ့ ဆက်လက်အဆင့် မြှင့်တင်ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့လည်း တတ်နိုင်သမျှ အားပေးတိုက်တွန်း သွားမယ်ဆိုတာ ပြောကြားခဲ့ပါတယ်။ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့က ယုံကြည်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက် သွားဖို့ကလည်း အရေးကြီးတယ်ဆိုတာ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ယမန်နေ့က လွတ်လပ် တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လို့ ရအောင်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ သဘောတူညီမှုရခဲ့တယ်ဆိုတာကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြောခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ဒီကိစ္စတွေ ဖြေရှင်းနိုင်ဖို့ကို မြန်မာအစိုးရနဲ့ လက်တွဲပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ပြန်လည်ရှင်းလင်းဖြေကြားသည်။
သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် ဇူလိုင် ၃၁
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုခိုနိုသည် ယနေ့တွင် မြန်မာနိုင်ငံသို့ တစ်ရက်တာခရီး လာရောက် သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုအား နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဝိုင်းဝန်းကူညီ
တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ဆက်လက်ကူညီသွားရေး၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်အရေးကိစ္စတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းကူညီသွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ် ရေးလုပ်ငန်းစဉ်ကို မြန်ဆန် စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါ နှင့်အတူ ပူးပေါင်းကူညီသွားရေး၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ ကို အကူအညီပေးရန် သဘောတူထား သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား Hilton ဟိုတယ်တွင် နေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်

တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းစေဖို့

 
မြန်မာ့အလင်းအယ်ဒီတာအာဘော် 
 



၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ကို ကျင့်သုံးနေသည်မှာ ဆယ်စုနှစ်တစ်ခုဆီသို့ပင် ချဉ်းကပ်လာပြီဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီစနစ်၏အခြေခံဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍မူ မချင့်မရဲ သံသယများစွာဖြင့်မေးခွန်းထုတ်နေရဆဲ။ မြန်မာ့ လူ့ဘောင်တွင် တရားဥပဒေစိုးမိုးရေးခိုင်မာအားကောင်းလာစေဖို့ သတိ ပေးနေရဆဲ၊ ကြိုးပမ်းအားထုတ်နေရဆဲ၊ အသိပညာပေးနေရဆဲ အခြေ အနေမျှသာ။ ဆယ်စုနှစ်များစွာ အမိန့်၊ ညွှန်ကြားချက်များဖြင့်သာ ယဉ်ပါး ခဲ့ကြရသည့်အလျောက် ဥပဒေနှင့်ပတ်သက်လာလျှင် သိနားလည်မှုတို့မှာ လည်း မပြည့်စုံမှု၊ လွဲမှားမှု၊ အုပ်စိုးသူတို့စွဲကိုင်သည့် လက်နက်တစ်ခု အဖြစ် ဥပဒေကို ကြောက်ရွံ့ မှုတို့ကသာ လွှမ်းမိုးနေခဲ့သည်။
စင်စစ်အားဖြင့် ဥပဒေဟူသည် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်း တို့ တည်ငြိမ်အေးချမ်းစေရန်၊ တည်တံ့ခိုင်မြဲစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ စည်းစနစ်ကျနမျှတစေရန် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ပင်ဖြစ်သည်။ ဥပဒေက မည်သည့်အရာသည်မှန်၍ မည်သည်ကမှားကြောင်း ကို တိကျစွာပြဆိုသည်။ မည်သည်တို့ကိုပြုလုပ်ရန်နှင့် မည်သည်တို့ကို ရှောင်ကြဉ်ရန်လည်း အသေးစိတ်òန်ပြသည်။ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုနှင့်အညီကျခံရမည့်ပြစ်ဒဏ်များကိုလည်း သတ်မှတ် ပြဋ္ဌာန်းထားသည်။ ဥပဒေသည်အထွတ်အထိပ်ဖြစ်၍ ဥပဒေ၏အထက်တွင် မည်သူမျှမရှိသော သဘောတရားအရ တိုင်းသိပြည်သိ ထုတ်ပြန်ထား သော၊ လူတိုင်းအပေါ်တန်းတူသက်ရောက်သော၊ လွတ်လပ်စွာစီရင်ပိုင်ခွင့် ရှိသော၊ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီသောဥပဒေတို့ကို အားလုံး က လိုက်နာကြရသည်။ အားလုံးဟုဆိုရာတွင် လူပုဂ္ဂိုလ်အားလုံး၊ အစိုးရ ယန္တရားအားလုံး၊ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးတို့ အပါအဝင်ဖြစ်ပြီး အုပ်ချုပ်သည့်တာဝန်ရှိသူ အစိုးရများတွင်ရော အုပ်ချုပ်ခံပြည်သူများတွင်ပါ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ရှိရသည်။ သို့မှသာ တရားဥပဒေစိုးမိုးသည့် လူ့ဘောင်ဟုဆိုနိုင်မည်။
ပြဋ္ဌာန်းထားပြီးဖြစ်သည့်ဥပဒေများကို မသိ၍၊ နားမလည်၍ ပြစ်မှု ကျူးလွန်မိပါသည်ဟူသော အကြောင်းပြချက်ဖြင့် ရှောင်လွှဲ၍ မရနိုင် ကြောင်းကို လူတိုင်းသိထားကြရမည်ဖြစ်သလို နိုင်ငံသားများဥပဒေကိုသိနားလည်ရန်၊ လေးစားလိုက်နာရန် အစိုးရတွင် တာဝန်ရှိသည်။ ထို့အပြင် အစိုးရဝန်ကြီးဌာနများနှင့် လက်အောက်ခံလုပ်ငန်းဌာနအဖွဲ့အစည်းအသီးသီးတို့က တာဝန်ယူကျင့်သုံးနေကြသည့် ဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ညွှန်ကြားချက်များကို ပြည်သူများအား အသိပညာပေးခြင်း၊ မိမိတို့ဌာနကဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများ ကို ပြည်သူများအား ပွင့်လင်းမြင်သာစွာ အသိပေးခြင်းပြုလုပ်ရန် လိုအပ်သည်။
တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းစေရန်အတွက် အုပ်ချုပ်သူ အစိုးရ၏အာဏာကျင့်သုံးမှုတွင် အကန့်အသတ်ရှိရသည်။ တစ်နည်း အားဖြင့် အာဏာရှင်အစိုးရမဖြစ်စေရ။ အဂတိလိုက်စားမှုတို့လည်း ကင်းစင်သန့်ရှင်းရမည်။ အုပ်ချုပ်ရေးစနစ်ကလည်း ပွင့်လင်းမြင်သာမှုရှိရ မည်။ နိုင်ငံသူ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်၊ နိုင်ငံသားအခွင့်အရေးများ ပြဋ္ဌာန်းရရှိပြီး ဖြစ်ရမည်။ လူ့အဖွဲ့အစည်းကလည်း တည်ငြိမ်မှုနှင့်လုံခြုံ မှုတို့ရှိရမည်။ တရားမမှုနှင့် ပြစ်မှုဆိုင်ရာတရားရေးစနစ်တို့အပေါ် ယုံကြည် ကိုးစားမှုတို့လည်း ရှိနေရမည်။
အထက်ကဆိုခဲ့သည့်အချက်များနှင့် ဆန့်ကျင်စွာပင် မိမိတို့နိုင်ငံ၌ အတိတ်က နှစ်ပေါင်းများစွာကြာမြင့်အောင် အာဏာကို ဥပဒေ၏အထက် တွင်ထား၍ ကျင့်သုံးခဲ့ခြင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတို့ ထူပြောခဲ့ခြင်း၊ အစိုးရ ယန္တရား အသီးသီးတွင်လည်း တာဝန်ယူမှုတာဝန်ခံမှု တို့အားနည်းခဲ့ခြင်း၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးစံနှုန်းများ နိမ့်ကျခဲ့ခြင်း၊ တရားရေးစနစ်အပေါ်ယုံကြည်ကိုးစားမှုလျော့နည်းခြင်းတို့ကိုသာ တွေ့ကြုံဖြတ်သန်းခဲ့ကြရခြင်းဖြစ်သည့်အလျောက် လက်ရှိ အခြေအနေတွင် ဥပဒေကိုစွဲကိုင်ကျင့်သုံးသူများရော ပြည်သူများကပါတရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ကြိုးပမ်း အားထုတ်ကြရဦးမှာဖြစ်သည်။
တရားဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီစနစ်၏ မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဆိုခဲ့ပြီးဖြစ်သည်။ ပြဋ္ဌာန်းထားသည့် ဥပဒေတို့ကို ခေတ်နှင့်လျော်ညီစွာ၊ ခေတ်ကာလ၏တောင်းဆိုမှုများအတိုင်း ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်း ခြင်းတို့ဖြင့် ဥပဒေပြုခြင်းများကို ပြည်သူတို့ကရွေးချယ်တင်မြှောက်ထား သည့် လွှတ်တော်များက ဆောင်ရွက်လျက်ရှိသည်။ ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာကြပြီး ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်ကြမှသာ ရှင်သန်သည့်ဥပဒေများအဖြစ် နိုင်ငံ့ အကျိုး၊ နိုင်ငံသူနိုင်ငံသား ပြည်သူများ၏အကျိုးတို့ကို သယ်ပိုးနိုင်မည်ဖြစ် ပါကြောင်း။ ။

Wednesday, July 31, 2019

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး





Image may contain: one or more people, table and indoor
နေပြည်တော် ဇူလိုင် ၃၀




၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာ ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းများချောမောအောင်မြင်အောင်ဆောင်ရွက်
အခမ်းအနားတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တစ်နိုင်ငံလုံးရှိ ကျောင်းသူ ကျောင်းသားအားလုံးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်သည့် လုပ်ငန်းသည် သာမန်စီးပွားရေးလုပ်ငန်းတစ်ခုမဟုတ်ဘဲ နိုင်ငံတော်အတွက် အလွန် အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က ကျောင်းသုံး စာအုပ်များရိုက်နှိပ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများအပေါ် အခြေခံ၍ အားနည်းချက်အနည်းဆုံးဖြစ်စေရန်နှင့် လုပ်ငန်းများ ချောမောအောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှုအပေါ် အကျဉ်းချုပ် သုံးသပ်ချက်နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ် များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီအတွင်း ရေးမှူး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာ ရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင် များအသင်း(MPPA) ၊ မန္တလေး တိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်း(MRAPA) တို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရမည့် အရွယ်အစား၊ တင်ဒါခေါ်ယူမည့်ကာလ၊ တင်ဒါခေါ်ယူရေးလုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းကြရာ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ သတင်းစဉ်