Thursday, August 1, 2019

တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းစေဖို့

 
မြန်မာ့အလင်းအယ်ဒီတာအာဘော် 
 



၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ကို ကျင့်သုံးနေသည်မှာ ဆယ်စုနှစ်တစ်ခုဆီသို့ပင် ချဉ်းကပ်လာပြီဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီစနစ်၏အခြေခံဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍မူ မချင့်မရဲ သံသယများစွာဖြင့်မေးခွန်းထုတ်နေရဆဲ။ မြန်မာ့ လူ့ဘောင်တွင် တရားဥပဒေစိုးမိုးရေးခိုင်မာအားကောင်းလာစေဖို့ သတိ ပေးနေရဆဲ၊ ကြိုးပမ်းအားထုတ်နေရဆဲ၊ အသိပညာပေးနေရဆဲ အခြေ အနေမျှသာ။ ဆယ်စုနှစ်များစွာ အမိန့်၊ ညွှန်ကြားချက်များဖြင့်သာ ယဉ်ပါး ခဲ့ကြရသည့်အလျောက် ဥပဒေနှင့်ပတ်သက်လာလျှင် သိနားလည်မှုတို့မှာ လည်း မပြည့်စုံမှု၊ လွဲမှားမှု၊ အုပ်စိုးသူတို့စွဲကိုင်သည့် လက်နက်တစ်ခု အဖြစ် ဥပဒေကို ကြောက်ရွံ့ မှုတို့ကသာ လွှမ်းမိုးနေခဲ့သည်။
စင်စစ်အားဖြင့် ဥပဒေဟူသည် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်း တို့ တည်ငြိမ်အေးချမ်းစေရန်၊ တည်တံ့ခိုင်မြဲစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ စည်းစနစ်ကျနမျှတစေရန် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ပင်ဖြစ်သည်။ ဥပဒေက မည်သည့်အရာသည်မှန်၍ မည်သည်ကမှားကြောင်း ကို တိကျစွာပြဆိုသည်။ မည်သည်တို့ကိုပြုလုပ်ရန်နှင့် မည်သည်တို့ကို ရှောင်ကြဉ်ရန်လည်း အသေးစိတ်òန်ပြသည်။ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုနှင့်အညီကျခံရမည့်ပြစ်ဒဏ်များကိုလည်း သတ်မှတ် ပြဋ္ဌာန်းထားသည်။ ဥပဒေသည်အထွတ်အထိပ်ဖြစ်၍ ဥပဒေ၏အထက်တွင် မည်သူမျှမရှိသော သဘောတရားအရ တိုင်းသိပြည်သိ ထုတ်ပြန်ထား သော၊ လူတိုင်းအပေါ်တန်းတူသက်ရောက်သော၊ လွတ်လပ်စွာစီရင်ပိုင်ခွင့် ရှိသော၊ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီသောဥပဒေတို့ကို အားလုံး က လိုက်နာကြရသည်။ အားလုံးဟုဆိုရာတွင် လူပုဂ္ဂိုလ်အားလုံး၊ အစိုးရ ယန္တရားအားလုံး၊ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးတို့ အပါအဝင်ဖြစ်ပြီး အုပ်ချုပ်သည့်တာဝန်ရှိသူ အစိုးရများတွင်ရော အုပ်ချုပ်ခံပြည်သူများတွင်ပါ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ရှိရသည်။ သို့မှသာ တရားဥပဒေစိုးမိုးသည့် လူ့ဘောင်ဟုဆိုနိုင်မည်။
ပြဋ္ဌာန်းထားပြီးဖြစ်သည့်ဥပဒေများကို မသိ၍၊ နားမလည်၍ ပြစ်မှု ကျူးလွန်မိပါသည်ဟူသော အကြောင်းပြချက်ဖြင့် ရှောင်လွှဲ၍ မရနိုင် ကြောင်းကို လူတိုင်းသိထားကြရမည်ဖြစ်သလို နိုင်ငံသားများဥပဒေကိုသိနားလည်ရန်၊ လေးစားလိုက်နာရန် အစိုးရတွင် တာဝန်ရှိသည်။ ထို့အပြင် အစိုးရဝန်ကြီးဌာနများနှင့် လက်အောက်ခံလုပ်ငန်းဌာနအဖွဲ့အစည်းအသီးသီးတို့က တာဝန်ယူကျင့်သုံးနေကြသည့် ဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ညွှန်ကြားချက်များကို ပြည်သူများအား အသိပညာပေးခြင်း၊ မိမိတို့ဌာနကဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများ ကို ပြည်သူများအား ပွင့်လင်းမြင်သာစွာ အသိပေးခြင်းပြုလုပ်ရန် လိုအပ်သည်။
တရားဥပဒေစိုးမိုးရေး ခိုင်မာအားကောင်းစေရန်အတွက် အုပ်ချုပ်သူ အစိုးရ၏အာဏာကျင့်သုံးမှုတွင် အကန့်အသတ်ရှိရသည်။ တစ်နည်း အားဖြင့် အာဏာရှင်အစိုးရမဖြစ်စေရ။ အဂတိလိုက်စားမှုတို့လည်း ကင်းစင်သန့်ရှင်းရမည်။ အုပ်ချုပ်ရေးစနစ်ကလည်း ပွင့်လင်းမြင်သာမှုရှိရ မည်။ နိုင်ငံသူ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်၊ နိုင်ငံသားအခွင့်အရေးများ ပြဋ္ဌာန်းရရှိပြီး ဖြစ်ရမည်။ လူ့အဖွဲ့အစည်းကလည်း တည်ငြိမ်မှုနှင့်လုံခြုံ မှုတို့ရှိရမည်။ တရားမမှုနှင့် ပြစ်မှုဆိုင်ရာတရားရေးစနစ်တို့အပေါ် ယုံကြည် ကိုးစားမှုတို့လည်း ရှိနေရမည်။
အထက်ကဆိုခဲ့သည့်အချက်များနှင့် ဆန့်ကျင်စွာပင် မိမိတို့နိုင်ငံ၌ အတိတ်က နှစ်ပေါင်းများစွာကြာမြင့်အောင် အာဏာကို ဥပဒေ၏အထက် တွင်ထား၍ ကျင့်သုံးခဲ့ခြင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတို့ ထူပြောခဲ့ခြင်း၊ အစိုးရ ယန္တရား အသီးသီးတွင်လည်း တာဝန်ယူမှုတာဝန်ခံမှု တို့အားနည်းခဲ့ခြင်း၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးစံနှုန်းများ နိမ့်ကျခဲ့ခြင်း၊ တရားရေးစနစ်အပေါ်ယုံကြည်ကိုးစားမှုလျော့နည်းခြင်းတို့ကိုသာ တွေ့ကြုံဖြတ်သန်းခဲ့ကြရခြင်းဖြစ်သည့်အလျောက် လက်ရှိ အခြေအနေတွင် ဥပဒေကိုစွဲကိုင်ကျင့်သုံးသူများရော ပြည်သူများကပါတရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ကြိုးပမ်း အားထုတ်ကြရဦးမှာဖြစ်သည်။
တရားဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီစနစ်၏ မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဆိုခဲ့ပြီးဖြစ်သည်။ ပြဋ္ဌာန်းထားသည့် ဥပဒေတို့ကို ခေတ်နှင့်လျော်ညီစွာ၊ ခေတ်ကာလ၏တောင်းဆိုမှုများအတိုင်း ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်း ခြင်းတို့ဖြင့် ဥပဒေပြုခြင်းများကို ပြည်သူတို့ကရွေးချယ်တင်မြှောက်ထား သည့် လွှတ်တော်များက ဆောင်ရွက်လျက်ရှိသည်။ ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာကြပြီး ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်ကြမှသာ ရှင်သန်သည့်ဥပဒေများအဖြစ် နိုင်ငံ့ အကျိုး၊ နိုင်ငံသူနိုင်ငံသား ပြည်သူများ၏အကျိုးတို့ကို သယ်ပိုးနိုင်မည်ဖြစ် ပါကြောင်း။ ။

No comments:

Post a Comment