Thursday, August 1, 2019

ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက် သည့်မူဝါဒချမှတ်အကောင်အထည်ဖော်ရေး အစိုးရအားတိုက်တွန်းကြောင်းအဆိုကို လွှတ်တော်က အတည်ပြု
Image may contain: one or more people, people sitting, hat and beard
နေပြည်တော် ဇူလိုင် ၃၁
ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာ သုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့် မူဝါဒ ချမှတ် အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ကိုယ်စားလှယ်များက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုခဲ့သည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို တင်သွင်းသည့် "ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့် မူဝါဒချမှတ် အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်း ကြောင်း"အဆိုနှင့်စပ်လျဉ်း၍ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက ဆေးလိပ်၊ ဆေးရွက်ကြီးအပေါ်တွင် အခွန် ကောက်ခံမှုကို ယခင်ကထက် တစ်ဆင့်တိုးမြှင့် ကောက်ခံခြင်းဖြင့် အခြားနိုင်ငံများ ဆောင်ရွက်သကဲ့သို့ သီးခြားသတ်မှတ်အခွန်နှင့် အပိုဆောင်းအခွန်များကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောကြားထား သည်ကို သိရှိပါကြောင်း၊ အခွန်များ ပိုမိုကောက်ခံရသည့် ရည်ရွယ်ချက်သည် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာများ သုံးစွဲမှုကြောင့် ပေါ်ပေါက်လာမည့် ကျန်းမာရေး ထိခိုက်မှုကို လျော့နည်းစေရန်ဖြစ်ပါကြောင်း။
တစ်ဖက်တွင်လည်း ရရှိထားသော အခွန်များဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများအတွက် လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းအခွန်များမှ သုံးစွဲငွေများသည် ပြည်သူပြည်သားများအတွက် ထိရောက်သော အသုံးစရိတ်များဖြစ်ရန် လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။
ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေးက ထိရောက်သော ကွမ်းယာအပါအဝင် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်၌ တစ်က္ဘာလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် လူဦးရေ ရှစ်သန်းကျော်သေဆုံးမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ၈၀ ရာခိုင်နှုန်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူ့ စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေး၊ ကျန်းမာရေး ကုန်ကျစရိတ်များ လျှော့ချနိုင်ရေး၊ မျိုးချစ်လူငယ်များ အနာဂတ်ကို ကွမ်းယာ၊ ဆေးလိပ်များဖြင့် မဖျက်ဆီးနိုင်ရေး အတွက် ထိရောက်သောမူဝါဒများ ချမှတ်ရာတွင် ထိန်းချုပ် ရေးမူဝါဒကို လေ့လာစောင့်ကြည့်ခြင်း၊ ပြည်သူများ အား ကွမ်းယာနှင့် ဆေးလိပ်ငွေ့အန္တရာယ်မှ အကာအကွယ်ပေး ခြင်း၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု စွန့်လွှတ်နိုင်ရန် အကူအညီပေးခြင်း၊ ကွမ်းယာ၊ ဆေးရွက် ကြီးထွက်ပစ္စည်း သုံးစွဲမှုအန္တရာယ်ကို သတိပေးခြင်း၊ ထိန်းချုပ်မှုကို အားပေးသည့် ဥပဒေများတွင် ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်စေရန် ဆောင်ရွက်ပေးခြင်း၊ ကွမ်းယာနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းများ အပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းများအား ထည့်သွင်း ပေးရန် အကြံပြုဆွေးနွေးသည်။
ထို့အတူ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း၊ လှည်းကူး မဲဆန္ဒနယ်မှ ဦးသိန်းတန်၊ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်နှင့် ပြင်ဦးလွင် မဲဆန္ဒ နယ်မှ ဒေါက်တာ ဦးအောင်ခင်တို့က ဆွေးနွေးကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမြင့်ထွေးက ယင်းအဆိုနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များမှ တင်ပြချက်များကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဥပဒေပါပြဋ္ဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များ နှင့်အညီ အလေးထားဆောင် ရွက်လျက်ရှိသောကြောင့် အဆိုအား အတည်ပြုသင့်ပါ ကြောင်း ပြောကြားရာ လွှတ်တော်က သဘောတူသည့် အတွက် ယင်းအဆိုကို အတည်ပြုခဲ့သည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးကော်မတီအဖွဲ့ဝင် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို အား အဖွဲ့ဝင်အဖြစ်မှ အနားယူခွင့်ပြုကြောင်း လွှတ်တော် သို့ အသိပေးကြေညာပြီး လွှတ်တော်ရေးရာ စွမ်းရည်မြှင့် တင်ရေးအကြံပေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ အဖွဲ့ ခေါင်းဆောင်၏ အမည်စာရင်းနှင့် တာဝန်ပေးအပ်ဖွဲ့စည်း သွားမည့်အခြေအနေများကို လွှတ်တော်သို့တင်ပြသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၏ "စစ်တွေမြို့ တွင် ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ}}မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ ပြန်ကြား ရေးဝန်ကြီးဌာန၏ ၁၉၆၉ ခုနှစ် ဇူလိုင် ၁ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်အရ ပြည်သူပိုင်ပြုလုပ်ခဲ့သည့် ရုပ်ရှင်ရုံ လေးရုံရှိပါကြောင်း၊ ယင်းတို့မှာ "မြို့မ"ရုပ်ရှင်ရုံ၊ "မြ" ရုပ်ရှင်ရုံ၊ "အသံထွက်"ရုပ်ရှင်ရုံနဲ့ "ဇိမ်"ရုပ်ရှင်ရုံတို့ ဖြစ်ကြပါကြောင်း။
အဆိုပါ ရုပ်ရှင်ရုံ(၄)ရုံအနက် " မြို့မ " ရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်စွဲပါ အမိန့်အမှတ် (၁၀၁/၂၀၁၀)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်သူ ဦးထွန်းမောင်သို့ ငွေကျပ်ကျပ် ၁၅၆ သန်းဖြင့် အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ပါ ကြောင်း၊ " မြ"ရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် ၏ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅ /၁၉၉၈)အရ ဒေါ်တင်မြသို့ ငွေကျပ်ကျပ် ၄ ဒသမ ၂၀ သန်းဖြင့် အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ပါ ကြောင်း၊ ယင်းရုပ်ရှင်ရုံဝယ်ယူသူ ရုပ်ရှင်ပြသမှုအစား အခြားစီးပွား ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန် တင်ပြ ခဲ့မှုအပေါ် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ (၂/၂၀၀၈) ကြိမ်မြောက် အစည်းအဝေးက လုပ်ငန်း ပြောင်းလဲလုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း။
"အသံထွက်" ရုပ်ရှင်ရုံမြေနေရာကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၂၀၀၆ ခုနှစ် မေ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၀၆) အရ ဒေါ်သူဇာဇံ သို့ ငွေကျပ်ကျပ် ၆ ဒသမ ၅၁ သန်းဖြင့် အပြီးအပိုင်လွှဲပြောင်း ရောင်းချပေးခဲ့ပါကြောင်း၊ ရောင်းချစဉ်က ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းမျဉ်းသတ်မှတ်ချက်မပါသည့် ရုပ်ရှင်ရုံဖြစ်ပါကြောင်း၊ "ဇိမ်"ရုပ်ရှင်ရုံကို ကုန်သွယ် ရေးဌာနသို့ ၁၉၇၃ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း။
အဆိုပါရုပ်ရှင်ရုံများအနက် "မြို့မ" ရုပ်ရှင်ရုံမှအပ ကျန်ရုပ်ရှင်ရုံများသည် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ရုပ်ရှင်ရုံများဖြစ်ပါ ကြောင်း၊ "မြို့မ" ရုပ်ရှင်ရုံဝယ်ယူသူ ဦးထွန်းမောင်က ရုပ်ရှင်ရုံကို ၂၀၁၃ ခုနှစ်အထိ ရုပ်ရှင်ပြသခြင်းအတွက် အသုံးပြုခဲ့ပြီးနောက်ပိုင်းတွင် ပြသခြင်းမရှိဘဲ ရုံပိတ်ထား သည့်အတွက် ရုပ်ရှင်ပြန်လည်ပြသရေးကို ပြန်ကြားရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် တွန်းအားပေးဆောင်ရွက် ၍ရသည့် ရုပ်ရှင်ရုံဖြစ်ပါကြောင်း။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က အပြီးအပိုင် ရောင်းချခဲ့သည့် နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် မူလရုပ်ရှင် ပြသခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် တာဝန်ရှိသည့် ရုပ်ရှင်ရုံများကို စာချုပ်ပါ ကတိကဝတ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီး ဌာနက စစ်တွေမြို့ "မြို့မ"ရုပ်ရှင်ရုံအပါအဝင် တစ်နိုင်ငံလုံး တွင်ရှိသည့် ရုပ်ရှင်ရုံဝယ်ယူသူများအားလုံးသို့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပါ ကြောင်း။
ယခုလက်ရှိတွင် "မြို့မ" ရုပ်ရှင်ရုံ၏ အောက်ထပ်၌ စားသောက်ဆိုင်ဖွင့်လှစ်ထားရှိပြီး အပေါ်ထပ်တွင် ရုပ်ရှင် ပြသနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ရုပ်ရှင်စတင်ပြသနိုင် မည့်နေ့ရက်ကို သတ်မှတ်နိုင်ခြင်းမရှိ သေးသည်ကို သိရှိရပါ ကြောင်း။
ရုပ်ရှင်ရုံ ၁၂၁ ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲ ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့် အထောက်အထား၊ စာရွက် စာတမ်းများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ သို့ လွှဲပြောင်း ပေးအပ်လျက်ရှိ
ရခိုင်ပြည်နယ်အတွင်းရှိ အခြားရုပ်ရှင်ရုံများမှာ ကျောက်ဖြူမြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ မောင် တောမြို့ရှိ အသံထွက်ရုပ်ရှင်ရုံ၊ သံတွဲမြို့ရှိ သိန်းရုပ်ရှင်ရုံနှင့် ရတနာ (စိတ်ဖြေရာ) ရုပ်ရှင်ရုံ များဖြစ်ပါကြောင်း၊ အဆိုပါရုပ်ရှင်ရုံ များကိုလည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က လုပ်ငန်းရှင်များသို့ အပြီးအပိုင် ရောင်းချခဲ့ပြီးဖြစ်သဖြင့် လွှဲပြောင်းရောင်းချခဲ့သည့် စာချုပ်တွင် မူလရုပ်ရှင်ပြသ ခြင်းလုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိ သည့် ရုပ်ရှင်ရုံများ ဖြစ်ပါကြောင်း၊ အဆိုပါရုပ်ရှင်ရုံများအား ဝယ်ယူသူများအနေဖြင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် ရုပ်ရှင်ပြသ နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် တွန်းအားပေးဆောင်ရွက်နေခဲ့ရသည့် ရုပ်ရှင်ရုံများဖြစ်ပါ ကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈^၂၀၁၈) အရ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ယူ၍ စီမံခန့်ခွဲလျက်ရှိသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ ရုံနှင့် ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့ သည့် ရုပ်ရှင်ရုံများအနက် ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင် ရုံ ၉၄ ရုံ စုစုပေါင်းရုပ်ရှင်ရုံ ၁၂၁ ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်သည့်အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ် လျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့သည့် ရုပ်ရှင်ရုံ ငါးရုံကို ကြီးကြပ် ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်သည့် အထောက်အထား၊ စာရွက်စာတမ်း များကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ယင်းသို့ လွှဲပြောင်းပေးအပ်လိုက်သည့် အတွက် သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်တိုက်တွန်းမှုများဖြင့် ပိုမိုအားစိုက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
သို့ပါ၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စစ်တွေ မြို့တွင် ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန် အစီအစဉ်မရှိပါ ကြောင်းနှင့် စာချုပ်ပါစည်းကမ်းအရ ရုပ်ရှင်ပြသမှုလုပ်ငန်း ဆောင်ရွက်ရမည့် "မြို့မ" ရုပ်ရှင်ရုံကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တွန်းအားပေးဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင် များက စစ်တွေမြို့တွင် ရုပ်ရှင်ရုံတည်ဆောက်ရန် အဆိုပြု လျှောက်ထားလာပါက ရခိုင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ကြီးကြပ်ဆောင်ရွက်သွားနိုင် မည်ဖြစ်ပါကြောင်း ရှင်းလင်း သည်။
တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ "နိုင်ငံတစ်ဝန်းမှ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားကြီး မပြသမီ ပညာပေး ဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေးဆောင်ပုဒ်များ ပြသပေးနိုင်ခြင်း ရှိ၊ မရှိ " မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာနတွင် ယခင်က မြန်မာ့ရုပ်ရှင်လုပ်ငန်း (မော်ကွန်းရုပ်ရှင်ရုံးခွဲ) ရှိခဲ့ပါကြောင်း၊ ယင်းရုံးတွင် မော်ကွန်းသတင်းမှတ်တမ်း ရိုက်ကူးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး နိုင်ငံတော်၏ မူဝါဒနှင့် သက်ဆိုင်သည့် သတင်းမှတ်တမ်းနှင့် ပညာပေးအစီအစဉ် များကို ရိုက်ကူးကာ ရုပ်ရှင်ဇာတ်ကားမပြသမီ ပြသခဲ့ပါ ကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ ရုပ်ရှင်ရုံများအား ဖလင်ဖြင့် ပြသသည့်စနစ်မှ Digital စနစ်သို့ ပြောင်းလဲ ဆောင်ရွက်ခဲ့ပြီးနောက် နည်းပညာကန့်သတ်ချက်အရ ရုပ်ရှင်ရုံများတွင် နိုင်ငံတော်သီချင်းကိုသာ ပြသနိုင်ခဲ့ပါ ကြောင်း၊ ပညာပေးဇာတ်လမ်းတိုများနှင့် ဆောင်ပုဒ်များကို Digital စနစ်ဖြင့် ရိုက်ကူးထားခြင်းမရှိသည့်အတွက် ပြသနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း။
သို့သော်လည်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးအစီအစဉ်များအဖြစ် ဇာတ်ဝင်ခန်း များ အတွင်း ဆေးလိပ်သောက်သည့် ပြကွက်များပါရှိပါက ရုပ်ရှင် ဇာတ်ကားအစတွင် "ဆေးလိပ်သောက်ခြင်းသည် သင် နှင့် သင့်ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးကို ဆိုးရွား စွာထိခိုက်ပျက်စီးစေပါသည်" ဆိုသည့် စာတန်းထိုးရန်၊ ထိုစာတန်းကို နောက်ခံအသံဖြင့်ပြောကြားပြီး ဆေးလိပ် မသောက်ရ Logo ရေးထိုးဖော်ပြရန်နှင့် ဇာတ်ဝင်ခန်းများ အတွင်း ဆေးလိပ်သောက်သည့် ပြကွက်များပါရှိပါကလည်း ဆေးလိပ်မသောက်ရ Logo ကို ထည့်သွင်းဖော်ပြစေခြင်း များကို ရုပ်ရှင်ဇာတ်လမ်းခွင့်ပြုစဉ်ကပင် လိုက်နာ ဆောင်ရွက်စေလျက်ရှိပါကြောင်း။
အလားတူ ရုပ်ရှင်ဇာတ်ကားများတွင် အရက် သောက်သည့်ပြကွက်များပါရှိပါက ဇာတ်ကားအစတွင် "သင်အရက်သောက်ခြင်းသည် အသည်းကိုပျက်စီးစေပြီး အသက်ကိုသေစေနိုင်ပါသည်" ဆိုသည့် စာတန်းနှင့် Logo ရေးထိုးဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ရုပ်ရှင်ရုံများတွင် ဇာတ်ကားမပြသမီ ပညာပေး ဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေးဆောင်ပုဒ်များ ပြသပေးရန် လိုအပ်မည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်း များမှ မူဝါဒနှင့် လမ်းညွှန်မှုများခံယူကာ သင့်တော်သည် များကို Digital စနစ်ဖြင့် ရိုက်ကူးပြီး အချိန်ကာလတစ်ခု သတ်မှတ်၍ နိုင်ငံတော်အလံ အလေးမပြုမီ ပြသပေး နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန များက ပညာပေး ပိုစတာများ ဝေငှလိုပါက ရုပ်ရှင်ကြည့် ပရိသတ်များ မြင်နိုင်သောနေရာတွင် ကပ်ထားပေးခြင်း နှင့် လက်ကမ်းစာစောင်များ ပေးပို့လာပါက ရုပ်ရှင်ကြည့် ပရိသတ်များအား ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ "ကိုယ်ထူ ကိုယ်ထ မီးလင်းရေးဖြင့် လျှပ်စစ်ဓာတ်အား ရရှိထားသည့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် သတ်မှတ်ထားသော ကြီးမြင့်သည့်နှုန်းကို မတတ်နိုင် သူများ၊ အများနည်းတူ လျှပ်စစ်မီးသုံးစွဲလိုသူများအတွက် လျှပ်စစ်ဓာတ် အားရရှိရေးကို ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ၊ မရှိ"မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံကိန်း (NEP) တွင် မပါဝင်သော လက်ရှိတွင် ကိုယ်ထူကိုယ်ထမီးလင်းရေးဖြင့် လျှပ်စစ်ဓာတ်အား ရရှိ ထားသည့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရန် သတ်မှတ်ထားသောဈေးနှုန်းကို မတတ်နိုင်သူများအား အများနည်းတူ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ အခြားနည်းလမ်းများဖြင့် ဆောင်ရွက် ပေးပါက ငွေကြေးထည့်ဝင်ပြီးခဲ့သူများနှင့် ငွေကြေးမထည့်ဝင်သူများအကြား မပြေလည် မှုများ ရှိလာနိုင်ပါကြောင်း၊ ယင်းအခြေအနေမျိုး ဖြစ်ပေါ်နိုင်သည့် ကျေးရွာများအတွက် လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာမီးလင်း ရေးကော်မတီများ၊ သတ်မှတ်ကြေးထည့်ဝင်၍ လက်ရှိ မီးလင်းနေသော အိမ်ထောင်စုများ၊ သတ်မှတ်ထားသော ငွေကြေးမ ထည့်ဝင်နိုင်သူများ စုပေါင်း၍ ညှိနှိုင်း ဆွေးနွေးကြပြီး ဖြေရှင်းရန်လိုအပ်ပါကြောင်း ရှင်းလင်း သည်။
ထို့ပြင် မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၏ " မက်မန်းမြို့ နယ်တွင် မြို့နယ်အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ဖွင့်လှစ်ပေးရန် (၁၂၀ _ ၉၀)ပေ အားကစားရုံနှင့် (၄၀၀ _ ၃၀၀)ပေ အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ"မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရှင်းလင်းသည်။
အလားတူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ "ပျော်ဘွယ်မြို့နယ် မြောက်ပိုင်းရှိ လျှပ်စစ်မီးမရရှိသေး သော ကျေးရွာပေါင်း ၃၀ ခန့် လျှပ်စစ်မီးရရှိ သုံးစွဲနိုင်ရန် အတွက် ယင်းတော်ရွာတွင် 33/11KVA 3MVA ဓာတ်အားခွဲရုံတစ်ရုံနှင့် ကျေးရွာများအတွက် 11KV ဓာတ်အားလိုင်း (၁၂) မိုင်ခန့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ "မေးခွန်း၊ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ "လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန်နှင့် လုံလောက်စွာရရှိနိုင်ရေးအတွက် အရန် ပမာဏထားရှိနိုင်ရန်အထိ တိုးမြှင့်ထုတ်လုပ်ခြင်းကို စီမံကိန်းချလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ "မေးခွန်းနှင့် ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ " မြန်မာနိုင်ငံ တောင်ပိုင်း လျှပ်စစ်ဓာတ် အားရရှိရေးအတွက် ရည်မှန်း တည်ဆောက်နေသော LNG ဓာတ်အားပေးစီမံကိန်း (ကံပေါက်)အား မည်ကဲ့သို့အကောင်အထည်ဖော်ဆောင် ရွက်နေသည်ကို သိလိုခြင်း"မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းသည်။
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြု၍ ပေးပို့လာသော "ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း" နှင့် စပ်လျဉ်း၍ အဆိုတင် သွင်းခြင်း နှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းပြီး ပြင်ဆင် ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာ သည့် "ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို စတုတ္ထ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း" တစ်ရပ်လုံးကို ပြင်ဆင်ထားသည့်အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာသည်။
သတင်း - မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ - ထိုက်ကြီး

No comments:

Post a Comment