Sunday, December 2, 2018

အမျိုးသားစိတ်ဓာတ်နှင့် မျက်မှောက်ခေတ်တာဝန်



မြန်မာ့အလင်းအယ်ဒီတာအာဘော်


 ၁၉ ရာစု  နှောင်းပိုင်းကာလ  တိုင်းတစ်ပါး၏ ကျူးကျော်မှုကို တတိယ အကြိမ်မြောက်  ခုခံမှုများ  ရှုံးနိမ့်ခဲ့ရအပြီးတွင်  မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့တို့၏ သိမ်းပိုက်ခံလိုက်ရသည်။   သှူကျွန်ဘဝကျရောက်ခဲ့ရသည်ဟု   စာပေမှတ်တမ်းများတွင် သုံးနှုန်းသည်။ နယ်ချဲ့တို့၏ ကျူးကျော်စစ်ကို မြန်မာတို့၏ ခုခံမှုက အစည်းပြေနေသည့် ခုခံမှုများသာဖြစ်သည်။ စည်းလုံး ညီညွတ်မှုတို့ ဖြေလျော့နေချိန်၊ ဗဟိုအုပ်ချုပ်ရေးမှာလည်း အတွင်းပြဿနာ တို့ဖြင့်  လုံးထွေးနေရသည့်အချိန်တွင်  ပြင်ပမှ  ကျူးကျော်လာသည့် ရန်သူကို မတွန်းလှန်နိုင်တော့ဘဲ အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
သို့တိုင် တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူတို့မှာ အရှုံးကို အလွယ်တကူဖြင့်    လက်ခံတတ်သူများ  မဟုတ်ခဲ့။    ခေါင်းဆောင်အသီးသီးတို့၏ ဦးဆောင် မှုများဖြင့် ဒေသအသီးသီးမှာ တော်လှန်ပုန်ကန်မှု အများအပြား ပေါ်ပေါက် ခဲ့ရာ   အင်ပါယာအစိုးရက အင်အားအမြောက်အမြား  အသုံးပြုပြီး             ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သည်။ မြန်မာ့ဦးစွန်းကို ချိုးနှိမ်၍ မြန်မာ့ လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုပါ နင်းခြေခဲ့ရာ  ''စာဇင်တောင်   ဒူးချလို့၊ ပလူးရ ပြေးကြို့ခါခါ၊ ခွေးသို့ပမာ''ဟု အချုပ်တန်းဆရာဖေ ရေးဖွဲ့ခဲ့သည့် အတိုင်း ပုလိပ်ဆာဂျင်အဆင့်လောက်ကိုပင် လက်အုပ်ချီ ဒူးထောက်ကာ ဘုရားထူးခဲ့ရသည့်   အခြေအနေသို့  ဆိုက်ရောက်ခဲ့ရသည်။  နယ်ချဲ့ သံဖနောင့်အောက်တွင်  အမျိုးသားရေးစိတ်ဓာတ်တို့  ကြေမွခဲ့ရခြင်း ပင်တည်း။
အင်ပါယာအုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်အနည်းငယ်ကြာပြီး သည့်နောက်  ယာယီငုပ်လျှိုးနေခဲ့ရသည့်  အမျိုးသားရေးစိတ်ဓာတ်တို့ ပြန်လည် နိုးထလာသည်။ ၂ဝ ရာစု ဆန်းစကာလ မြန်မာမျိုးဆက်သစ်တို့က အင်ပါယာ အရှင်သခင်တို့ကို ပညာရေးမျက်နှာစာမှ အန်တုဖက်ပြိုင်ကာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ  ရှင်သန်လာစေရန် တစ်မျိုးသားလုံးကို နှိုးဆော်ခဲ့ခြင်းပင်ဖြစ်သည်။ နယ်ချဲ့တို့၏ ပညာရေးကို ကျွန်ပညာရေးဟု တစ်နိုင်ငံလုံးကို သိစေခဲ့ပြီး အမျိုးသားပညာရေးစနစ်ကိုပါ ထူထောင်ပြသခဲ့ သည်။  ၁၉၂ဝ   ပြည့်နှစ် ဒီဇင်ဘာလ   ၅  ရက်နေ့  (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့)တွင် ဆင်နွှဲခဲ့ကြသော တက္ကသိုလ် သပိတ်ကြီးသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို တပ်လှန့်နှိုးဆော်ခဲ့သည့် အရေးတော်ပုံကြီးတစ်ရပ်ဟု ဆိုအပ်သည်။
၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်သပိတ်ကြီးကအစပြုကာ အနာဂတ်တွင် တောင်သူလယ်သမား၊    အလုပ်သမားတို့၏     တော်လှန်ရေးများ၊ အရေးတော်ပုံများ ဆင့်ကဲပေါ်ပေါက်လာပြီး နိုင်ငံ၏လွတ်လပ်ရေးဆီသို့ ဦးတည်ချီတက်နိုင်ခဲ့ကြခြင်း  ဖြစ်သည့်အလျောက်  အမျိုးသားရေး စိတ်ဓာတ်ကို ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့သည့်  အမျိုးသားအောင်ပွဲနေ့ အဖြစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
သတိပြုအပ်သည်မှာ အမျိုးသားရေးစိတ်ဓာတ်ကို လူမျိုးရေးအစွန်း ရောက်ဝါဒနှင့်မရောထွေးဖို့ပင်ဖြစ်သည်။ မိမိနေထိုင်ရာ တိုင်းပြည်ကို ချစ်ရန်၊   မိမိတို့၏စာပေကို  မြတ်နိုးရန်၊  မိမိတို့၏ဘာသာစကားကို လေးစားရန်အတွက် မိမိတို့၏ ဘိုးဘေး အမျိုးသားရေးခေါင်းဆောင်ကြီး များက တိုက်တွန်းòန်ပြခဲ့ကြခြင်းဖြစ်ပြီး စစ်မှန်သော၊ မွန်မြတ်သော အမျိုးသားရေး စိတ်ဓာတ်ဖြင့်သာ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော လူမျိုးဘဝကို အရယူခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ ၉၈ နှစ်ပြည့်မြောက်ပြီ ဖြစ်သည့် အမျိုးသားအောင်ပွဲနေ့အခါသမယတွင်မူ အမျိုးသားရေး စိတ်ဓာတ်ကို အရင်းတည်ကာ  ပြည်ထောင်စုစိတ်ဓာတ်    ရှင်သန်ထက်မြက် ရေး၊  ပြည်ထောင်စုငြိမ်းချမ်းရေး  ပူးပေါင်းပါဝင်တည်ဆောက်ရေး၊ တိုင်းရင်း သားအားလုံး     ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊    ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဟူသော မျက်မှောက်ကာလ သမိုင်းပေး တာဝန်များကို  အမျိုးသားရေးတာဝန်များအဖြစ်   ကျေပွန်အောင် ထမ်းဆောင်ကြရပါမည့်အကြောင်း။        ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


Image may contain: 4 people, people on stage and people standing

ကတ္တမန္ဒူး ဒီဇင်ဘာ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁ ရက်တွင် နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့ ၌ ကျင်းပသည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး(Asia Pacific Summit 2018- Nepal) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။
တက်ရောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင် များနှင့်အတူ ဒီဇင်ဘာ ၁ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ် တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Hyatt Regency Kathmandu ၌ ကျင်းပ သည့်
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး(Asia Pacific Summit 2018- Nepal) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဖွင့်မိန့်ခွန်းပြောကြား
ဖွင့်ပွဲအခမ်းအနားသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ သမ္မတနှင့် အခြား အာရှ-ပစိဖိတ်နိုင်ငံပေါင်း (၄၅) နိုင်ငံ တို့မှ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅ဝဝ ကျော် ပါဝင် တက်ရောက်ကြသည်။
အခမ်းအနားတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ ဒုတိယသမ္မတHon. Maria Leonor G. Robr edo နှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသည့် အာရှ-ပစိဖိတ်နိုင်ငံတို့မှ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အဖွင့်မိန့်ခွန်းပြောကြားကြသည်။
ဦးဆောင်ကျင်းပ
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ''အပြန်အလှန် မှီခိုမှု၊ အကျိုးတူ သာယာဝပြောမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို အလေးထားပြီး မျက်မှောက်ကာလမှာ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းကြရေး''ဟူသည့် ခေါင်းစဉ်ဖြင့် နီပေါနိုင်ငံအစိုးရ နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖောင်ဒေးရှင်း(Universal Peace Foundation-UPF)တို့က ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Shanker Ghimire ၊ အကြံပေးပုဂ္ဂိုလ် Mr. Sushil Bikram Shahi နှင့် အသင်းဝင်များအားSoaltee Crowne Plaza Hotel ၌ လက်ခံတွေ့ဆုံပြီး နီပေါ-မြန်မာနှစ်နိုင်ငံ ပြည်သူများအကြား အမြဲကောင်းမွန် သည့် ဆက်ဆံရေးကိုထိန်းသိမ်းပြီး ပိုမိုကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဖော်ဆောင် ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကတ္တမန္ဒူးမြို့ရှိ ဓမ္မကရီသီး သီလရှင်ကျောင်းတိုက်(DHARMA KIRTI BIHAR)သို့သွားရောက်ပြီး သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီအား ဂါရဝပြုဖူးမြော်ကန်တော့သည်။
သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီသည် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ယူခဲ့ပြီး နီပေါနိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး အတွက် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့ အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများအားBao Xuang Restaurant ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။
သတင်းစဉ်

Saturday, December 1, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံ

Image may contain: 2 people, people standing and child
ကတ္တမန္ဒူး နိုဝင်ဘာ ၃ဝ
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေ သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊ ကွန်ဂရက်ပါတီဥက္ကဋ္ဌ တို့နှင့် သီးခြားစီတွေ့ဆုံသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီနှင့် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ကတ္တမန္ဒူးမြို့ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မြဲ ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ပိုမိုထိတွေ့ဆက်ဆံရေး၊ ဘုရားဖူးခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လက်မှတ်ရေးထိုး
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ အိမ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီနှင့် ကတ္တမန္ဒူးမြို့ရှိ Hotel Annapurna ၌ သီးသန့် တွေ့ဆုံသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာအိုလီတို့သည် Hotel Annapurna ၌ ကျင်းပသည့် မြန်မာ-နီပေါ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
လာရောက်လည်ပတ်ရေး ဖိတ်ကြား
နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် များ ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နီပေါနိုင်ငံဝန်ကြီးချုပ်အနေ ဖြင့် နှစ်ဖက်အဆင်ပြေမည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် နိုင်ရေး ဖိတ်ကြားခဲ့သည်။
နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နီပေါဖက်ဒရယ်ဒီမို ကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
စာချွန်လွှာ လက်မှတ်ရေးထိုး
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာအိုလီတို့သည် အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပသည့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီး ချုပ်တို့ ရှေ့မှောက်၌ ''မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာကို'' အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kumar Gyawaliတို့က လက်မှတ် ရေးထိုကြပြီး အပြန်အလှန် လဲလှယ် ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် အဖွဲ့ဝင်များနှင့်အတူ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်ကHotel Annapurna ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက် ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ဒေသစံတော်ချိန် ညနေ ၅ နာရီ တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် ကွန်ဂရက်ပါတီဥက္ကဋ္ဌ Mr. Sher Bahadur Deubaက Soaltee Crowne Plaza Hotel ၌ လာရောက် တွေ့ဆုံသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ဝင်များနှင့်အတူ Soaltee Crowne Plaza Hotel Ballroom ၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေး သို့ တက်ရောက်လာသည့် နိုင်ငံ့အကြီး အကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ အား ကြိုဆိုဂုဏ်ပြုသည့် ညစာစားပွဲ သို့ တက်ရောက်သည်။
သတင်းစဉ်

တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Image may contain: 4 people, food and outdoor
ရန်ကုန် နိုဝင်ဘာ ၃ဝ
(၂၁)ရာစုပင်လုံညီလာခံကို ထောက်ခံဂုဏ် ပြုသောအားဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်နိုးကြားစေရန်ရည်ရွယ်၍ တိုင်းရင်း သားလူမျိုးပေါင်းစုံမှ ရိုးရာအစားအစာနှင့် အသုံးအဆောင်ပစ္စည်းများ တစ်နေရာတည်း တွင် စုစည်းရရှိမည့် ငြိမ်းချမ်းရေးဈေးရောင်း ပွဲတော်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြကျွန်းသာရှေ့ရင်ပြင် (ဆီဒိုးနားဟိုတယ် အရှေ့)တွင် ကျင်းပကြောင်း သိရသည်။
''ဒီပွဲတော်ကျင်းပရတဲ့အဓိက ရည်ရွယ် ချက်ကတော့ တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ရေးနဲ့ ပင်လုံညီလာခံကြီးအောင် အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်းပြီးမြောက် ပြီးတော့ တကယ့်ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ကြီးပြည့်ဝရေးက ကျွန်တော်တို့ရဲ့အန္တိမရည်မှန်းချက်ပါ။ ဒီအတွက်လည်းလူထု ကြိုဆိုထောက်ခံရေး တောက်လျှောက်လုပ်ခဲ့ တာပါ''ဟု (၂၁)ရာစုပင်လုံညီလာခံလူထု ထောက်ခံပွဲကျင်းပရေးကော်မတီ ဒုတိယ တာဝန်ခံဦးရဲဝေဖြိုးက ပြောသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများ အပါအဝင် ကမန်၊ ကဒူးကနန်း၊ အင်းသား၊ ပလောင်၊ ဓနု၊ ပအိုဝ်း စသည့်တိုင်းရင်းသား မျိုးနွယ်စုများ အပါအဝင် တိုင်းရင်းသားလူမျိုး ၃ဝ ခန့်မှ ပါဝင်ရောင်းချခြင်းဖြစ်ပြီး စုစုပေါင်း ဆိုင်ခန်း ၁၄ဝ ရှိကြောင်း သိရသည်။
''ကျွန်တော်တို့က ရခိုင်တိုင်းရင်းသား မျိုးနွယ်စုမှာပါတဲ့ ကမန်မျိုးနွယ်စုပါ။ ဒီဘက်မှာ ကျွန်တော်တို့ကို သိပ်မသိကြဘူး။ ဒီပွဲမှာ ကျွန်တော်တို့ ရိုးရာအစားအစာတွေကို ဖော်ထုတ်ချင်တာလည်းပါတယ်။ ကျွန်တော် တို့ကို သိစေချင်တာလည်းပါတယ်။ ဒီပွဲမှာ ပါဝင်ရောင်းချရတဲ့အတွက် ပီတိဖြစ်ပါတယ်။ ပြည်သူတွေဒီပွဲတော်လာရင် ကောင်းပါတယ်။ ကျွန်တော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေးပွဲတော်ကို ထောက်ခံသလိုဖြစ်ပါ တယ်။ ပြည်သူတွေပါဝင်မှ ငြိမ်းချမ်းရေး အဓွန့်ရှည်မှာပါ''ဟု ရခိုင် မျိုးနွယ်စုကမန်တိုင်းရင်းသား ကိုရန်နိုင်စိုးက ပြောသည်။
အဆိုပါပွဲသို့ လာရောက်ကြည့်ရှုသည့် ဒေါ်ပန်းသီက ''ဒီပွဲတော်ကို ကျွန်မတို့လိုပဲ အားလုံးကို လာစေချင်တယ်။ တစ်နေရာတည်း မှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကို လည်း တွေ့ရတယ်။ မစားဖူးတဲ့ တိုင်းရင်းသား အစားအစာတွေလည်းစားရတယ်။ တကယ်ကို ပျော်ရွှင်စရာ ကောင်းပြီး စိတ်အပန်းပြေတယ်။ ဗဟုသုတလည်းရတယ်။ တိုင်းရင်းသားတွေ အကုန်လုံး ဖော်ဖော်ရွေရွေနဲ့ မြင်ရတွေ့ရ တော့ ဝမ်းသာပီတိဖြစ်မိပါတယ်''ဟု ပြော သည်။
အဆိုပါပွဲတော်တွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံ၏ ဖျော်ဖြေပွဲများနှင့် အလှအကများ ပါဝင်ပြီး ပွဲတော်ကို နိုင်ဝင်ဘာ ၃ဝ ရက်မှ အမျိုးသားအောင်ပွဲနေ့ဖြစ်သည့် ဒီဇင်ဘာ ၂ ရက်အထိမွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ
ဇာနည်မောင်

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ (၁ဝ)ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများအစည်းအဝေး တက်ရောက်

Image may contain: 6 people, people smiling, people standing
နေပြည်တော် နိုဝင်ဘာ ၃ဝ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် (၁ဝ)ကြိမ်မြောက် အာဆီယံ + ၃ အလုပ် သမားဝန်ကြီးများ အစည်းအဝေး (ALMM +3) သို့ တက်ရောက်သည်။
အစည်းအဝေးတွင် နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် (၁၆) ကြိမ် မြောက် အာဆီယံ+၃ အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာကိုအတည်ပြုခြင်း၊ ၂၅ ကြိမ်မြောက် အာဆီယံ အလုပ်သမား ဝန်ကြီးများ အစည်းအဝေး၏ အနှစ်သာရဖြစ်သော ''အာဆီယံအသိုက်အဝန်း၏ အလုံးစုံတိုးတက်မှုနှင့် ညီမျှမှုအတွက် သစ်လွင်လတ်ဆတ်သော အလုပ်အကိုင် များ တိုးမြှင့်ရေးဆိုင်ရာ အာဆီယံကြေညာစာတမ်း'' အပေါ် အာဆီယံနိုင်ငံ များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့က ၎င်းတို့၏ အမြင်နှင့် သုံးသပ်ချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
ပူးပေါင်းဆောင်ရွက်သွားမည်
ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက 25th ALMM ၏ အနှစ်သာရကို အခြေခံ၍ သစ်လွင်လတ်ဆတ်သော အစိမ်းရောင်၏စွမ်းအား ကို အပြုသဘောဆောင်၍ ရှုထောင့်အမျိုးမျိုးမှ စဉ်းစားသုံးသပ်ပြီး ရှေ့ဆက် ဆောင်ရွက်မည့် နည်းလမ်းဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် တည်ဆောက် နိုင်မည်ဟု ရှုမြင်သုံးသပ်ကြောင်း၊ ယနေ့ခေတ်တွင် မိမိတို့၏ ကြုံတွေ့နေရသော ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရာ၌ နည်းလမ်းသစ်တစ်ရပ် လိုအပ် ပါကြောင်း၊ ''အစိမ်းရောင်''ဟူသော စကားလုံးကို ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မပြုရုံသာမက ငြိမ်းချမ်း မှု၊ သဟဇာတဖြစ်မှု၊ လေးစားမှု၊ ဝေမျှခံစားမှု၊ တန်းတူရည်တူရှိမှုနှင့် ကရုဏာ ထားမှုတို့ကို ဖော်ပြပါကြောင်း၊ အနာဂတ်တွင် အာဆီယံကို စိမ်းလန်း၊ လုံခြုံ စိတ်ချရ၍ ချမ်းသာကြွယ်ဝသောဒေသတစ်ခုဖြစ်စေရန် မျှော်မှန်းပြီး အတူ တကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြန်လည်ရောက်ရှိ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၅ ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ သည်။
သတင်းစဉ်

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ပထမနေ့ကျင်းပ



Image may contain: 1 person, sitting, table and indoor










ရန်ကုန် နိုဝင်ဘာ ၃ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင် ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တ အဂ္ဂဓမ္မက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
လျှောက်ထားလိုသောအကြောင်းအရာ လေးမျိုးရှိ
ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက် အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူရာ၌ ယခု သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမ အစည်းအဝေး၌ လျှောက်ထားလိုသောအကြောင်းအရာ လေးမျိုးရှိပါကြောင်း။
ပထမတစ်မျိုးမှာ ဆရာတော်များ သိရှိပြီးဖြစ်တော်မူသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတိမမူ ဂူမမြင်ဆိုသကဲ့သို့ ဖြစ်နေမည်စိုးရိမ်သဖြင့် သတိပေးစကားလျှောက်ထားလိုခြင်းဖြစ်ပါကြောင်း၊ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းအခန်း (၆) အပိုဒ်(၁၁၁)၏အနှစ်ချုပ်မှာ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာလုပ်ငန်းများ ဆောင်ရွက်ရန်ပင် ဖြစ်ပါကြောင်း၊ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းတာဝန်ကိုဆောင်ရွက် ရန်ဖြစ်ပြီး တာဝန်ပေးအပ်ထားခြင်းမရှိသောလုပ်ငန်းများကို မလုပ်ဆောင်ရန် အထူးသတိပြုစေလိုပါကြောင်း။
ဒုတိယအချက်အနေဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူအစား ထိုးခြင်း၊ သံဃာ့အဖွဲ့အစည်း သက်တမ်းသတ်မှတ်ခြင်း ကိစ္စရပ်များကို ဤအစည်း အဝေးသို့တင်ပြအဆုံးအဖြတ်ခံယူမည်ဟု သိရှိထားသည့်အားလျော်စွာ သတိ ဆောင်၍ အမှားအယွင်းမရှိအောင် သုံးသပ်ဆုံးဖြတ်နိုင်ရေး လျှောက်ထားလိုပါ ကြောင်း။
သီလရှင်အဖွဲ့အစည်းကိစ္စ လျှောက်ထား
စတုတ္ထအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအပြီးတွင် သံဃာ့ အဖွဲ့အစည်းသက်တမ်းသတ်မှတ်ချက် ပြောင်းလဲခဲ့ပါကြောင်း၊ သက်တမ်း သတ်မှတ်ချက်သာမက ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယက၊ သံဃာ့ ဝန်ဆောင်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်များ၊ မြို့နယ်ဝိနည်းဓိုရ်များ၊ တိုင်း ဒေသကြီး၊ ပြည်နယ်သံဃာ့ဝန်ဆောင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝိနည်းဓိုရ် များ၊ သမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်များ စသည်ဖြင့် အဆင့်ဆင့်သောဝန်ဆောင်များနှင့် ဝိနည်းဓိုရ်များ၊ သြဝါဒါစရိယဆရာတော်များသည် သက်တမ်းသတ်မှတ်ချက် မရှိသဖြင့် အသစ်ပြောင်းလဲရောက်ရှိသော ပဉ္စမသက်တမ်းတွင် ထပ်မံအတည် ပြုရန် မလိုတော့ပါကြောင်း။
သို့ဖြစ်ရာ ယခင်က ဆောင်ရွက်ခဲ့သော နည်းလမ်းများနှင့် ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော လုပ်ထုံးလုပ်နည်းအသစ်များနှီးနှော၍ သေသပ်ကျနစွာ အဆုံး အဖြတ်ပြုနိုင်ရန် လိုအပ်ကြောင်း လျှောက်ထားအပ်ပါကြောင်း။
တတိယအချက်အနေဖြင့် သီလရှင်အဖွဲ့အစည်းကိစ္စ လျှောက်ထားလိုပါ ကြောင်း၊ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမ အစည်းအဝေးက သီလရှင်အမှုဆောင်အဖွဲ့သစ်များ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များသို့လည်း ညွှန်ကြားပြီးဖြစ်ပါ ကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးချယ်ဖွဲ့စည်းတင်ပြ လာခြင်းမရှိသေးသဖြင့် ထပ်မံနှိုးဆော်သင့်ပါကြောင်း၊ ရွေးချယ်ဖွဲ့စည်း တင်ပြ လာသည့်အဖွဲ့များကိုလည်း အတည်ပြုပြန်တမ်းထုတ်ပြန်၍ သီလရှင်စည်းမျဉ်း လုပ်ထုံးလုပ်နည်းက ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်စေ သင့်ပါကြောင်း၊ သို့မှသာ ဘိက္ခုနီသာသနာ အဆက်ပြတ်ခဲ့သောနေရာ၌ သာသနာ့နွယ်ဝင်သီလရှင်များ အစားထိုး၍ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးလုပ်ငန်းများကို တစ်တပ်တစ်အား အားဖြည့်ဆောင်ရွက်နိုင်သော သီလရှင်၊ သိက္ခာရှင် အလုပ်အမှုဆောင်အဖွဲ့အစည်းများ၏အင်အားကို ရယူ ပြီးဖြစ်မည်ဖြစ်ပါကြောင်း။
စတုတ္ထအချက်အနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရေးဆွဲ ပြဋ္ဌာန်းသော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ရေးဆွဲ၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့က ပြဋ္ဌာန်းသော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ၏ ရည်ရွယ်ချက်များ မျက်ခြည်မပြတ်ရေးပင်ဖြစ်ပါကြောင်း၊ ၁၉၈ဝ ပြည့်နှစ် ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ရာ နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး အဖွဲ့ဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့တို့က အခါအားလျော်စွာ ပြင်ဆင်ရေးဆွဲသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းလက်စွဲကျမ်းများ၌ ခိုင်မာသည့်အခြေခံမူများ၊ ရည်မှန်းချက် များ၊ လုပ်ငန်းတာဝန်များ သတ်မှတ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာ၌ လုပ်ငန်းရည်မှန်းချက် မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ ရည်မှန်းချက် မျက်ခြည်ပြတ်ပါက အချိန်ကုန်၊ အင်အားကုန် ပင်ပန်းပြီး အကျိုးမဲ့၊ အချည်းနှီးဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ အကျိုးမဲ့အလဟဿ၊ အဟော သိကံမဖြစ်စေရေး ဂရုပြုကြရမည်ဖြစ်ပါကြောင်း။
ပြဋ္ဌာန်းခဲ့သော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ၏ ရည်မှန်းချက် အတိုင်း ဆောင်ရွက်ကြရေး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဦးဆောင်သော အဖွဲ့အစည်းအသီးသီးအနေဖြင့် အထူးဂရုပြုစေလိုကြောင်း တိုက်တွန်းလျှောက် ထားအပ်ပါကြောင်း သြဝါဒကထာမြွက်ကြားသည်။
ဝါဆိုသံဃာစာရင်း ကောက်ယူ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေး ဆိုင်ရာများ လျှောက်ထားရာတွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ကိစ္စများကို ဆောင်ရွက်ရာ၌ ရဟန်းကောင်း၊ ရဟန်းမြတ်၊ ရဟန်းစစ်၊ ရဟန်း မှန်များနှင့် အသိအမှတ်ပြု သာသနာဝင်စိစစ်ရေးကတ်ပြားပင်မရှိသော ရဟန်းတု၊ ရဟန်းယောင်များ၊ သာသနာဝင် စိစစ်ရေးကတ်ပြားရှိသော်လည်း သာသနာကို အကာအကွယ်ပြုလျက် လုပ်ကိုင်စားသောက်နေသော အဓမ္မဝါဒီ များ၊ မစင်ကြယ်သော အလဇ္ဇီ၊ ဒုဿီလ၊ အသုဒ္ဓပုဂ္ဂိုလ်များကို ခွဲခြားအရေးယူနိုင် ရန်အတွက် ကျောင်းနေဝါဆိုသံဃာစာရင်းအမှန်ရရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယက ညွှန်ကြားလွှာအမှတ် (၂၅)တွင် ဝါဆိုသံဃာ စာရင်းကို မြို့နယ်သံဃနာယကအဖွဲ့များ (ဂိုဏ်းအားလုံး)သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ် (၂၂)အရ ကျောင်းအင်္ဂါ နှင့် ညီညွတ်သော ဘုန်းတော်ကြီးကျောင်းများကိုသာ ကျောင်းစာရင်းရေးသွင်း စေပြီး သံဃနာယကလက်စွဲ အခန်း (၉)၊ အပိုဒ် ၁၈၅ အရ ရပ်ကွက်/ကျေးရွာ အုပ်စုသံဃနာယကအဖွဲ့များ၏ ကန့်ကွက်ခြင်းမခံရသော သံဃာတော်များကို သာ ဝါဆိုသံဃာစာရင်းတွင် ထည့်သွင်းကောက်ယူရပါကြောင်း။
ဝါဆိုသံဃာစာရင်း အမှန်ရရှိခြင်းအားဖြင့် ပထမပြန်၊ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုရေးများအပါအဝင် ပညာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လည်း ကောင်း၊ သာသနာတော်သန့်ရှင်းရေးအတွက် ဝိနိစ္ဆယရေးရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း များစွာသောအထောက်အပံ့များ ရရှိမည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ဝါဆိုသံဃာစာရင်းများ ကောက်ယူရေးဆိုင်ရာ ညွှန်ကြားလွှာ လုပ်ထုံးလုပ်နည်းများ ရှိပြီးဖြစ်သဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့က လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပေးရေး ထပ်မံ ညွှန်ကြားသင့်သည်ဟု လျှောက်ထားအပ်ပါကြောင်း။
ဓမ္မဝိနယဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်
ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ မြို့နယ်အသီးသီးတွင် သမဏသာရုပ္ပဂုဏ်ကို မဆောင်သည့် ကိုယ်တိုင်ကားမောင်းခြင်း၊ ကိုယ်တိုင် ဆိုင်ကယ်မောင်းခြင်း၊ ရထားဘူတာရုံ၊ အဝေးပြေးကားဂိတ်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် အချိန်အခါမဲ့ အလှူခံခြင်းတို့ကို ဣနြေ္ဒကင်းမဲ့စွာ ပြုလုပ်နေသော ရဟန်းသာမဏေ၊ သီလရှင်များ တစ်စတစ်စ တိုးပွားလာနေ သည်ဟု ကြားသိနေရပါကြောင်း၊ အဆိုပါ ရဟန်းသာမဏေ၊ သီလရှင်များကို ကြိုတင်ဟန့်တားမှု မပြုနိုင်ပါက ''အလဇ္ဇီတစ်ပါးသည် အလဇ္ဇီတစ်ရာကို ပြုနိုင်၏'' ဟူသော အဋ္ဌကထာဆရာ၏ မိန့်မှာချက်နှင့်အညီ သမဏသာရုပ္ပဂုဏ် ကို မဆောင်သော ရဟန်းသာမဏေတစ်ပါးမှ သမဏသာရုပ္ပဂုဏ်ကို မဆောင် သော ပုဂ္ဂိုလ်အစုလိုက် အဆမတန်တိုးပွားများပြားလာနိုင်ပါကြောင်း၊ ထိုအခါ ''အပ်ဖြင့် ထွင်းရမည့်အရာကို ပုဆိန်ဖြင့် ပေါက်ရသကဲ့သို့'' ဖြစ်လာနိုင်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ သမဏသာရုပ္ပဂုဏ်ကိုမဆောင်သည့် စောင့်စည်းမှုကင်းမဲ့ သော ရဟန်းသာမဏေများကို ဓမ္မဝိနယဥပဒေများနှင့်အညီ အရှိန်အဟုန်မြှင့် ၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့များထံ ထပ်မံညွှန်ကြားသင့်ပါကြောင်း။
လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထား
မြန်မာနိုင်ငံတစ်ဝန်း မြို့အနှံ့၊ ရွာအနှံ့ တရားပွဲများကျင်းပပြီး တရားဟော ဓမ္မကထိကများက တရားရေအေး အမြိုက်ဆေးတိုက်ကျွေးလျက်ရှိရာ အလွန် ပင် ဝမ်းမြောက်ဖွယ်ဖြစ်ပြီး အားပေးချီးမြှောက်ထိုက်ပါကြောင်း၊ တစ်ချိန်တည်း တွင် ဗုဒ္ဓဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို ဟောကြား ပြသရာ အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အနေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်သံဃနာယကအဖွဲ့များ အနေဖြင့်လည်းကောင်း၊ ရိပ်သာတရားပြဆရာတော်များ၊ တရားဟောဓမ္မ ကထိကဆရာတော်များအား အချိန်အခါအားလျော်စွာ တွေ့ဆုံမှုများပြုလုပ်ပြီး လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်သင့်ပါကြောင်းကိုလည်း အကြံပြု လျှောက်ထားလိုပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄ အရ ဘာသာအသီးသီးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသည်နှင့်အညီ နိုင်ငံအတွင်းဘာသာရေးကို အခြေခံသည့် ပဋိပက္ခများမဖြစ်ပွားရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးရရှိရန်မှာ အလွန်အရေးကြီးပါကြောင်း၊ ၈-၈-၂ဝ၁၈ ရက်နေ့တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ ၁၂၉ ဖွဲ့ကိုလည်း ၂ဝ၁ဝ ပြည့်နှစ် ကာလများကတည်းက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့များက တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဖြစ်ပွားခဲ့သော သဘောမတူသောသူများ၏ လူမှုရေးကိုအခြေခံသည့် အငြင်းပွားမှုများ၊ ပဋိပက္ခအများအပြားကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အကျယ်အကျယ် မငြိမ်းဖွယ်များ မဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း။
ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိလိုက်နာပြီး ကိုယ်ကျင့်သီလ ပိုမိုစောင့်ထိန်းလာနိုင်စေရန်အတွက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ ချုပ်နှင့် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းကြီးအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင်လည်း အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အကြိမ်ပေါင်း ၁၇၈ဝ၊ သင်တန်းသား သင်တန်းသူ ၁၃၃ဝဝဝဝ ကျော်ရှိခဲ့ပြီး ဖြစ်ပါ ကြောင်း။
ဟန်ချက်ညီစွာဆောင်ရွက်
သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဟူသော မဏ္ဍိုင်သုံးရပ်ကို အခြေခံကာ ဓမ္မဝိနယ နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်းဒေသကြီး၊ ပြည်နယ်သံဃနာယကအဖွဲ့များ၏ ကြီးကြပ်မှု၊ မြို့နယ်၊ ရပ်/ကျေးသံဃနာယကအဖွဲ့များ၏ အနီးကပ် ထိန်းကျောင်းဆောင်ရွက်မှု တို့ဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက်ပါလျှင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးသည် ပြည်တွင်းသာမက ပြည်ပသို့တိုင် ထွန်းကားပြန့်ပွားမည်မှာ မလွဲဧကန်ဖြစ်ပါ ကြောင်း လျှောက်ထားသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(တတိယ အဖွဲ့ခွဲ)၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင် ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရာဘိဝံသက လည်းကောင်း၊ ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းနှင့် သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယ ဆိုင်ရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို အဖွဲ့ဝင် ဆရာတော်ကြီးများက လည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားပြီး တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြကာ အစည်းအဝေးကို မွန်းလွဲ ပိုင်းတွင် ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများအား နေ့ဆွမ်းအလှူရှင်များအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)နှင့် ဒေါ်ကြိုင်ကြိုင်မိသားစု၊ ဒုတိယဗိုလ်ချုပ် မှူးကြီးမောင်အေး(ငြိမ်း)နှင့် ဒေါ်မြမြစန်း မိသားစု၊ မဟာသရေစည်သူ (ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး)နှင့် ဒေါ်ခင်သန်းနွဲ့ မိသားစု၊ အဂ္ဂမဟာသရေ စည်သူ ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ဒေါ်ခင် ခင်ဝင်းမိသားစု၊ မဟာသရေစည်သူ (ဗိုလ်ချုပ်ကြီးစိုးဝင်း)နှင့် ဒေါ်သန်းသန်းနွဲ့ မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း)နှင့် (ဒေါ်ကြည်ကြည်အုန်း) မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ်တင်ငွေ(ငြိမ်း)နှင့် ဒေါ်နန်းခင်လှဝင်းမိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း (ငြိမ်း)နှင့် ဒေါ်မာလာတင့်မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး(ငြိမ်း)နှင့် ဒေါ်ခင်နှင်းဝေမိသားစု၊ မဟာသရေစည်သူ (ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို-ငြိမ်း)နှင့် ဒေါ်ခင်လေးမြင့်မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်း(ငြိမ်း)နှင့်(ဒေါ်စမ်းစမ်းရီ)မိသားစု၊ မဟာသရေ စည်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်(ငြိမ်း)နှင့်ဒေါက်တာတင်လင်းမြင့် မိသားစု တို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အရုဏ်ဆွမ်းအလှူရှင်အဖြစ် လမ်းမတော်မြို့နယ် ၁၅ လမ်းနေ ကွယ်လွန် သူ ဦးဝင်းလှိုင်အားရည်စူး၍ ဒေါ်ဝင်းဝင်းအေးမိသားစုတို့က ဆက်ကပ်လှူဒါန်း ကြသည်။
သတင်းစဉ်

ဆင်ခြင်တုံတရားနှင့် ယုံကြည်လက်ခံမှု . . .

မြန်မာ့အလင်းအယ်ဒီတာအာဘော်


နည်းပညာတိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်မားလာသည့်အခါ သတင်း ပျံ့နှံ့မှုနှုန်းက အလွန်လျင်မြန်လာပါသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာ များပေါ်ကတစ်ဆင့် မိမိ၏သဘောဆန္ဒနှင့် အယူအဆယုံကြည်မှုတို့ကို မျှဝေဖြန့်ဖြူးမှုများသည်လည်း အချိန်တိုအတွင်း တယ်လီဖုန်းခလုတ်တစ်ခု နှိပ်ရုံမျှဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်နေသည်။
အခြေခံလူ့အခွင့်အရေးအရ မည်သူမဆို မိမိသဘောဆန္ဒအလျောက် ယုံကြည်ချင်ရာကို ယုံကြည်နိုင်ခွင့်ရှိ၏။ မိမိယုံကြည်လိုရာကို ယုံကြည်နိုင် သကဲ့သို့ မိမိမယုံကြည်ရာကို မယုံကြည်နိုင်ခွင့်ကိုလည်း ဥပဒေကပေးထား ၏။ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးဟု ခေါ်ရပါမည်။ သို့သော် မိမိ၏ယုံကြည်မှုကိုသော် လည်းကောင်း၊ မယုံကြည်မှုကိုသော်လည်းကောင်း အခြေပြု၍ သူတစ်ပါးကို မထိခိုက်မနစ်နာရအောင်လည်း ဥပဒေက ထိန်းသိမ်းစောင့်ရှောက်ပေးထားပါ၏။
ထို့ပြင် ယနေ့ကာလ မြန်မာနိုင်ငံရှိ လူတစ်ယောက်၏ မိမိယုံကြည်ရာ ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဆိုသည်ကလည်း ယခင်ကာလများနှင့် နှိုင်းစာလျှင် အလွန့်အလွန် ကွာခြားလှစွာ ပွင့်လင်းသည့်အချိန်ဟု ဆိုရ ပါမည်။
အမှောင်ခေတ်ကာလများတုန်းကလို စိုးရိမ်ထိတ်လန့်စရာမလိုတော့ သည့်အတွက် တစ်ခါတစ်ရံ၌ ပြင်းထန်သောအရေးအသားများ၊ ဝေဖန် ပြစ်တင်မှုများ၊ အချို့ဆိုလျှင် အလွန်တရာရက်စက်ကြမ်းကြုတ်မှု ဓာတ်ပုံ နှင့် စာသားများ ဖြန့်ဖြူးလာကြသည်ကိုပင် တွေ့သိရပါသည်။
ပညာတတ်များဟုယူဆရသော အဝန်းအဝိုင်းအတွင်းမှာပင် အထောက်အထားမရှိ မည်သို့မျှ ယုံကြည်နိုင်စရာမရှိသည့် ယုံတမ်းစကား များ၊ သတင်းများနှင့် ရွှေပေလွှာများကို အားရပါးရ ယုံယုံကြည်ကြည် ဖြန့်ဝေနေသည်ကို တွေ့ရသည်။ ခေါင်းငါးလုံးနှင့် မြွေ၊ အနှစ် ၈ဝဝ ကျော် ကြာမှ တစ်ခါကြုံရသည့် စနေ၊ တနင်္ဂနွေ၊ တနင်္လာ ငါးရက်စီရှိသော ဒီဇင်ဘာလ၊ ဆုတောင်းပြည့်သစ်ကိုင်းခြောက် ဓာတ်ပုံစသည် စသည်....။
ဤနေရာ၌ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးအရ မိမိယုံကြည် လိုသည့်အတိုင်း ယုံကြည်နိုင်ခွင့်ရှိသော်လည်း နေ့စဉ် လူမှုဘဝတွင်းက အချို့သောကိစ္စများတွင်မူ ဆင်ခြင်တုံတရားနှင့် စဉ်းစားဉာဏ်ဖြင့် ယုံကြည် လျှင် ပိုမိုသင့်လျော်ကောင်းမွန်မည်ဟု ယူဆစရာများလည်း တွေ့မြင်ရ ပါသည်။
အထူးတလည် အားစိုက်စရာမလိုဘဲ အနည်းငယ်ဆင်ခြင်ကြည့်လျှင်ပင် ယုံကြည်လောက်စရာမရှိသည်တို့ကို ယုံကြည်နေကြခြင်းက လောဘ ဒေါသ မောဟ တိမ်သလ္လာတို့ ကွယ်ဆီးထားသည်လားဟု တွေးမိရပါသည်။ လိုချင်စိတ်ပြင်းပြလွန်းနေ၍ သို့မဟုတ် မုန်းတီးစိတ်လွန်နေ၍ ဘာကိုမှ အမှန်တိုင်းမြင်၍မရတော့သည့် အတ္တ မာနတို့က ဦးဆောင်နေ၍။
သို့တည်းမဟုတ် အခြားအကြောင်းတစ်ခုခုဖြင့် တမင်ပင် မမှန်သတင်း များကို ယုံကြည်ယောင်ပြုနေကြရော့လားဟု တွေးမိနေပါသည်။ ထို့အတူ ကိုယ်ကျိုးစီးပွားပေါ်အခြေခံပြီး မဟုတ်မမှန်မှုများကို ကျင့်ဝတ်သိက္ခာမဲ့စွာ ဖန်တီးရေးသား ဖြန့်ဝေနေမှုများကို သိမြင်နားလည်နိုင်ရန်လည်း လိုပါ မည်။
အချုပ်အားဖြင့်ဆိုရပါလျှင် နိုင်ငံသားများ၏ ဆင်ခြင်တွေးတောမှု၊ ဉာဏ်ပညာပါသော ယုံကြည်လက်ခံမှုတို့က နိုင်ငံနှင့် လူမျိုး၏ တိုးတက် မြင့်မားရေးနှင့် ဂုဏ်သိက္ခာတို့အတွက် အရေးပါသောလိုအပ်ချက်များ ဖြစ်ပါမည်ဟု ယုံကြည်ကြောင်း တင်ပြလိုက်ရပါသည်။ ။