Saturday, December 1, 2018

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ (၁ဝ)ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများအစည်းအဝေး တက်ရောက်

Image may contain: 6 people, people smiling, people standing
နေပြည်တော် နိုဝင်ဘာ ၃ဝ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် (၁ဝ)ကြိမ်မြောက် အာဆီယံ + ၃ အလုပ် သမားဝန်ကြီးများ အစည်းအဝေး (ALMM +3) သို့ တက်ရောက်သည်။
အစည်းအဝေးတွင် နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် (၁၆) ကြိမ် မြောက် အာဆီယံ+၃ အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာကိုအတည်ပြုခြင်း၊ ၂၅ ကြိမ်မြောက် အာဆီယံ အလုပ်သမား ဝန်ကြီးများ အစည်းအဝေး၏ အနှစ်သာရဖြစ်သော ''အာဆီယံအသိုက်အဝန်း၏ အလုံးစုံတိုးတက်မှုနှင့် ညီမျှမှုအတွက် သစ်လွင်လတ်ဆတ်သော အလုပ်အကိုင် များ တိုးမြှင့်ရေးဆိုင်ရာ အာဆီယံကြေညာစာတမ်း'' အပေါ် အာဆီယံနိုင်ငံ များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့က ၎င်းတို့၏ အမြင်နှင့် သုံးသပ်ချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
ပူးပေါင်းဆောင်ရွက်သွားမည်
ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက 25th ALMM ၏ အနှစ်သာရကို အခြေခံ၍ သစ်လွင်လတ်ဆတ်သော အစိမ်းရောင်၏စွမ်းအား ကို အပြုသဘောဆောင်၍ ရှုထောင့်အမျိုးမျိုးမှ စဉ်းစားသုံးသပ်ပြီး ရှေ့ဆက် ဆောင်ရွက်မည့် နည်းလမ်းဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် တည်ဆောက် နိုင်မည်ဟု ရှုမြင်သုံးသပ်ကြောင်း၊ ယနေ့ခေတ်တွင် မိမိတို့၏ ကြုံတွေ့နေရသော ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရာ၌ နည်းလမ်းသစ်တစ်ရပ် လိုအပ် ပါကြောင်း၊ ''အစိမ်းရောင်''ဟူသော စကားလုံးကို ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မပြုရုံသာမက ငြိမ်းချမ်း မှု၊ သဟဇာတဖြစ်မှု၊ လေးစားမှု၊ ဝေမျှခံစားမှု၊ တန်းတူရည်တူရှိမှုနှင့် ကရုဏာ ထားမှုတို့ကို ဖော်ပြပါကြောင်း၊ အနာဂတ်တွင် အာဆီယံကို စိမ်းလန်း၊ လုံခြုံ စိတ်ချရ၍ ချမ်းသာကြွယ်ဝသောဒေသတစ်ခုဖြစ်စေရန် မျှော်မှန်းပြီး အတူ တကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြန်လည်ရောက်ရှိ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၅ ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ သည်။
သတင်းစဉ်

No comments:

Post a Comment