Sunday, December 2, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


Image may contain: 4 people, people on stage and people standing

ကတ္တမန္ဒူး ဒီဇင်ဘာ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁ ရက်တွင် နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့ ၌ ကျင်းပသည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး(Asia Pacific Summit 2018- Nepal) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။
တက်ရောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင် များနှင့်အတူ ဒီဇင်ဘာ ၁ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ် တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Hyatt Regency Kathmandu ၌ ကျင်းပ သည့်
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး(Asia Pacific Summit 2018- Nepal) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဖွင့်မိန့်ခွန်းပြောကြား
ဖွင့်ပွဲအခမ်းအနားသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ သမ္မတနှင့် အခြား အာရှ-ပစိဖိတ်နိုင်ငံပေါင်း (၄၅) နိုင်ငံ တို့မှ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅ဝဝ ကျော် ပါဝင် တက်ရောက်ကြသည်။
အခမ်းအနားတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ ဒုတိယသမ္မတHon. Maria Leonor G. Robr edo နှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသည့် အာရှ-ပစိဖိတ်နိုင်ငံတို့မှ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အဖွင့်မိန့်ခွန်းပြောကြားကြသည်။
ဦးဆောင်ကျင်းပ
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ''အပြန်အလှန် မှီခိုမှု၊ အကျိုးတူ သာယာဝပြောမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို အလေးထားပြီး မျက်မှောက်ကာလမှာ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းကြရေး''ဟူသည့် ခေါင်းစဉ်ဖြင့် နီပေါနိုင်ငံအစိုးရ နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖောင်ဒေးရှင်း(Universal Peace Foundation-UPF)တို့က ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Shanker Ghimire ၊ အကြံပေးပုဂ္ဂိုလ် Mr. Sushil Bikram Shahi နှင့် အသင်းဝင်များအားSoaltee Crowne Plaza Hotel ၌ လက်ခံတွေ့ဆုံပြီး နီပေါ-မြန်မာနှစ်နိုင်ငံ ပြည်သူများအကြား အမြဲကောင်းမွန် သည့် ဆက်ဆံရေးကိုထိန်းသိမ်းပြီး ပိုမိုကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဖော်ဆောင် ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကတ္တမန္ဒူးမြို့ရှိ ဓမ္မကရီသီး သီလရှင်ကျောင်းတိုက်(DHARMA KIRTI BIHAR)သို့သွားရောက်ပြီး သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီအား ဂါရဝပြုဖူးမြော်ကန်တော့သည်။
သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီသည် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ယူခဲ့ပြီး နီပေါနိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး အတွက် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့ အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများအားBao Xuang Restaurant ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment