Saturday, December 1, 2018

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ပထမနေ့ကျင်းပ



Image may contain: 1 person, sitting, table and indoor










ရန်ကုန် နိုဝင်ဘာ ၃ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင် ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တ အဂ္ဂဓမ္မက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
လျှောက်ထားလိုသောအကြောင်းအရာ လေးမျိုးရှိ
ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက် အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူရာ၌ ယခု သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမ အစည်းအဝေး၌ လျှောက်ထားလိုသောအကြောင်းအရာ လေးမျိုးရှိပါကြောင်း။
ပထမတစ်မျိုးမှာ ဆရာတော်များ သိရှိပြီးဖြစ်တော်မူသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတိမမူ ဂူမမြင်ဆိုသကဲ့သို့ ဖြစ်နေမည်စိုးရိမ်သဖြင့် သတိပေးစကားလျှောက်ထားလိုခြင်းဖြစ်ပါကြောင်း၊ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းအခန်း (၆) အပိုဒ်(၁၁၁)၏အနှစ်ချုပ်မှာ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာလုပ်ငန်းများ ဆောင်ရွက်ရန်ပင် ဖြစ်ပါကြောင်း၊ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းတာဝန်ကိုဆောင်ရွက် ရန်ဖြစ်ပြီး တာဝန်ပေးအပ်ထားခြင်းမရှိသောလုပ်ငန်းများကို မလုပ်ဆောင်ရန် အထူးသတိပြုစေလိုပါကြောင်း။
ဒုတိယအချက်အနေဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူအစား ထိုးခြင်း၊ သံဃာ့အဖွဲ့အစည်း သက်တမ်းသတ်မှတ်ခြင်း ကိစ္စရပ်များကို ဤအစည်း အဝေးသို့တင်ပြအဆုံးအဖြတ်ခံယူမည်ဟု သိရှိထားသည့်အားလျော်စွာ သတိ ဆောင်၍ အမှားအယွင်းမရှိအောင် သုံးသပ်ဆုံးဖြတ်နိုင်ရေး လျှောက်ထားလိုပါ ကြောင်း။
သီလရှင်အဖွဲ့အစည်းကိစ္စ လျှောက်ထား
စတုတ္ထအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအပြီးတွင် သံဃာ့ အဖွဲ့အစည်းသက်တမ်းသတ်မှတ်ချက် ပြောင်းလဲခဲ့ပါကြောင်း၊ သက်တမ်း သတ်မှတ်ချက်သာမက ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယက၊ သံဃာ့ ဝန်ဆောင်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်များ၊ မြို့နယ်ဝိနည်းဓိုရ်များ၊ တိုင်း ဒေသကြီး၊ ပြည်နယ်သံဃာ့ဝန်ဆောင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝိနည်းဓိုရ် များ၊ သမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်များ စသည်ဖြင့် အဆင့်ဆင့်သောဝန်ဆောင်များနှင့် ဝိနည်းဓိုရ်များ၊ သြဝါဒါစရိယဆရာတော်များသည် သက်တမ်းသတ်မှတ်ချက် မရှိသဖြင့် အသစ်ပြောင်းလဲရောက်ရှိသော ပဉ္စမသက်တမ်းတွင် ထပ်မံအတည် ပြုရန် မလိုတော့ပါကြောင်း။
သို့ဖြစ်ရာ ယခင်က ဆောင်ရွက်ခဲ့သော နည်းလမ်းများနှင့် ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော လုပ်ထုံးလုပ်နည်းအသစ်များနှီးနှော၍ သေသပ်ကျနစွာ အဆုံး အဖြတ်ပြုနိုင်ရန် လိုအပ်ကြောင်း လျှောက်ထားအပ်ပါကြောင်း။
တတိယအချက်အနေဖြင့် သီလရှင်အဖွဲ့အစည်းကိစ္စ လျှောက်ထားလိုပါ ကြောင်း၊ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမ အစည်းအဝေးက သီလရှင်အမှုဆောင်အဖွဲ့သစ်များ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များသို့လည်း ညွှန်ကြားပြီးဖြစ်ပါ ကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးချယ်ဖွဲ့စည်းတင်ပြ လာခြင်းမရှိသေးသဖြင့် ထပ်မံနှိုးဆော်သင့်ပါကြောင်း၊ ရွေးချယ်ဖွဲ့စည်း တင်ပြ လာသည့်အဖွဲ့များကိုလည်း အတည်ပြုပြန်တမ်းထုတ်ပြန်၍ သီလရှင်စည်းမျဉ်း လုပ်ထုံးလုပ်နည်းက ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်စေ သင့်ပါကြောင်း၊ သို့မှသာ ဘိက္ခုနီသာသနာ အဆက်ပြတ်ခဲ့သောနေရာ၌ သာသနာ့နွယ်ဝင်သီလရှင်များ အစားထိုး၍ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးလုပ်ငန်းများကို တစ်တပ်တစ်အား အားဖြည့်ဆောင်ရွက်နိုင်သော သီလရှင်၊ သိက္ခာရှင် အလုပ်အမှုဆောင်အဖွဲ့အစည်းများ၏အင်အားကို ရယူ ပြီးဖြစ်မည်ဖြစ်ပါကြောင်း။
စတုတ္ထအချက်အနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရေးဆွဲ ပြဋ္ဌာန်းသော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ရေးဆွဲ၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့က ပြဋ္ဌာန်းသော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ၏ ရည်ရွယ်ချက်များ မျက်ခြည်မပြတ်ရေးပင်ဖြစ်ပါကြောင်း၊ ၁၉၈ဝ ပြည့်နှစ် ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ရာ နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး အဖွဲ့ဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့တို့က အခါအားလျော်စွာ ပြင်ဆင်ရေးဆွဲသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းလက်စွဲကျမ်းများ၌ ခိုင်မာသည့်အခြေခံမူများ၊ ရည်မှန်းချက် များ၊ လုပ်ငန်းတာဝန်များ သတ်မှတ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာ၌ လုပ်ငန်းရည်မှန်းချက် မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ ရည်မှန်းချက် မျက်ခြည်ပြတ်ပါက အချိန်ကုန်၊ အင်အားကုန် ပင်ပန်းပြီး အကျိုးမဲ့၊ အချည်းနှီးဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ အကျိုးမဲ့အလဟဿ၊ အဟော သိကံမဖြစ်စေရေး ဂရုပြုကြရမည်ဖြစ်ပါကြောင်း။
ပြဋ္ဌာန်းခဲ့သော စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ၏ ရည်မှန်းချက် အတိုင်း ဆောင်ရွက်ကြရေး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဦးဆောင်သော အဖွဲ့အစည်းအသီးသီးအနေဖြင့် အထူးဂရုပြုစေလိုကြောင်း တိုက်တွန်းလျှောက် ထားအပ်ပါကြောင်း သြဝါဒကထာမြွက်ကြားသည်။
ဝါဆိုသံဃာစာရင်း ကောက်ယူ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေး ဆိုင်ရာများ လျှောက်ထားရာတွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ကိစ္စများကို ဆောင်ရွက်ရာ၌ ရဟန်းကောင်း၊ ရဟန်းမြတ်၊ ရဟန်းစစ်၊ ရဟန်း မှန်များနှင့် အသိအမှတ်ပြု သာသနာဝင်စိစစ်ရေးကတ်ပြားပင်မရှိသော ရဟန်းတု၊ ရဟန်းယောင်များ၊ သာသနာဝင် စိစစ်ရေးကတ်ပြားရှိသော်လည်း သာသနာကို အကာအကွယ်ပြုလျက် လုပ်ကိုင်စားသောက်နေသော အဓမ္မဝါဒီ များ၊ မစင်ကြယ်သော အလဇ္ဇီ၊ ဒုဿီလ၊ အသုဒ္ဓပုဂ္ဂိုလ်များကို ခွဲခြားအရေးယူနိုင် ရန်အတွက် ကျောင်းနေဝါဆိုသံဃာစာရင်းအမှန်ရရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယက ညွှန်ကြားလွှာအမှတ် (၂၅)တွင် ဝါဆိုသံဃာ စာရင်းကို မြို့နယ်သံဃနာယကအဖွဲ့များ (ဂိုဏ်းအားလုံး)သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ် (၂၂)အရ ကျောင်းအင်္ဂါ နှင့် ညီညွတ်သော ဘုန်းတော်ကြီးကျောင်းများကိုသာ ကျောင်းစာရင်းရေးသွင်း စေပြီး သံဃနာယကလက်စွဲ အခန်း (၉)၊ အပိုဒ် ၁၈၅ အရ ရပ်ကွက်/ကျေးရွာ အုပ်စုသံဃနာယကအဖွဲ့များ၏ ကန့်ကွက်ခြင်းမခံရသော သံဃာတော်များကို သာ ဝါဆိုသံဃာစာရင်းတွင် ထည့်သွင်းကောက်ယူရပါကြောင်း။
ဝါဆိုသံဃာစာရင်း အမှန်ရရှိခြင်းအားဖြင့် ပထမပြန်၊ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုရေးများအပါအဝင် ပညာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လည်း ကောင်း၊ သာသနာတော်သန့်ရှင်းရေးအတွက် ဝိနိစ္ဆယရေးရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း များစွာသောအထောက်အပံ့များ ရရှိမည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ဝါဆိုသံဃာစာရင်းများ ကောက်ယူရေးဆိုင်ရာ ညွှန်ကြားလွှာ လုပ်ထုံးလုပ်နည်းများ ရှိပြီးဖြစ်သဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့က လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပေးရေး ထပ်မံ ညွှန်ကြားသင့်သည်ဟု လျှောက်ထားအပ်ပါကြောင်း။
ဓမ္မဝိနယဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်
ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ မြို့နယ်အသီးသီးတွင် သမဏသာရုပ္ပဂုဏ်ကို မဆောင်သည့် ကိုယ်တိုင်ကားမောင်းခြင်း၊ ကိုယ်တိုင် ဆိုင်ကယ်မောင်းခြင်း၊ ရထားဘူတာရုံ၊ အဝေးပြေးကားဂိတ်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် အချိန်အခါမဲ့ အလှူခံခြင်းတို့ကို ဣနြေ္ဒကင်းမဲ့စွာ ပြုလုပ်နေသော ရဟန်းသာမဏေ၊ သီလရှင်များ တစ်စတစ်စ တိုးပွားလာနေ သည်ဟု ကြားသိနေရပါကြောင်း၊ အဆိုပါ ရဟန်းသာမဏေ၊ သီလရှင်များကို ကြိုတင်ဟန့်တားမှု မပြုနိုင်ပါက ''အလဇ္ဇီတစ်ပါးသည် အလဇ္ဇီတစ်ရာကို ပြုနိုင်၏'' ဟူသော အဋ္ဌကထာဆရာ၏ မိန့်မှာချက်နှင့်အညီ သမဏသာရုပ္ပဂုဏ် ကို မဆောင်သော ရဟန်းသာမဏေတစ်ပါးမှ သမဏသာရုပ္ပဂုဏ်ကို မဆောင် သော ပုဂ္ဂိုလ်အစုလိုက် အဆမတန်တိုးပွားများပြားလာနိုင်ပါကြောင်း၊ ထိုအခါ ''အပ်ဖြင့် ထွင်းရမည့်အရာကို ပုဆိန်ဖြင့် ပေါက်ရသကဲ့သို့'' ဖြစ်လာနိုင်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ သမဏသာရုပ္ပဂုဏ်ကိုမဆောင်သည့် စောင့်စည်းမှုကင်းမဲ့ သော ရဟန်းသာမဏေများကို ဓမ္မဝိနယဥပဒေများနှင့်အညီ အရှိန်အဟုန်မြှင့် ၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့များထံ ထပ်မံညွှန်ကြားသင့်ပါကြောင်း။
လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထား
မြန်မာနိုင်ငံတစ်ဝန်း မြို့အနှံ့၊ ရွာအနှံ့ တရားပွဲများကျင်းပပြီး တရားဟော ဓမ္မကထိကများက တရားရေအေး အမြိုက်ဆေးတိုက်ကျွေးလျက်ရှိရာ အလွန် ပင် ဝမ်းမြောက်ဖွယ်ဖြစ်ပြီး အားပေးချီးမြှောက်ထိုက်ပါကြောင်း၊ တစ်ချိန်တည်း တွင် ဗုဒ္ဓဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို ဟောကြား ပြသရာ အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အနေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်သံဃနာယကအဖွဲ့များ အနေဖြင့်လည်းကောင်း၊ ရိပ်သာတရားပြဆရာတော်များ၊ တရားဟောဓမ္မ ကထိကဆရာတော်များအား အချိန်အခါအားလျော်စွာ တွေ့ဆုံမှုများပြုလုပ်ပြီး လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်သင့်ပါကြောင်းကိုလည်း အကြံပြု လျှောက်ထားလိုပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄ အရ ဘာသာအသီးသီးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသည်နှင့်အညီ နိုင်ငံအတွင်းဘာသာရေးကို အခြေခံသည့် ပဋိပက္ခများမဖြစ်ပွားရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးရရှိရန်မှာ အလွန်အရေးကြီးပါကြောင်း၊ ၈-၈-၂ဝ၁၈ ရက်နေ့တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ ၁၂၉ ဖွဲ့ကိုလည်း ၂ဝ၁ဝ ပြည့်နှစ် ကာလများကတည်းက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့များက တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဖြစ်ပွားခဲ့သော သဘောမတူသောသူများ၏ လူမှုရေးကိုအခြေခံသည့် အငြင်းပွားမှုများ၊ ပဋိပက္ခအများအပြားကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အကျယ်အကျယ် မငြိမ်းဖွယ်များ မဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း။
ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိလိုက်နာပြီး ကိုယ်ကျင့်သီလ ပိုမိုစောင့်ထိန်းလာနိုင်စေရန်အတွက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ ချုပ်နှင့် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းကြီးအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင်လည်း အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အကြိမ်ပေါင်း ၁၇၈ဝ၊ သင်တန်းသား သင်တန်းသူ ၁၃၃ဝဝဝဝ ကျော်ရှိခဲ့ပြီး ဖြစ်ပါ ကြောင်း။
ဟန်ချက်ညီစွာဆောင်ရွက်
သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဟူသော မဏ္ဍိုင်သုံးရပ်ကို အခြေခံကာ ဓမ္မဝိနယ နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်းဒေသကြီး၊ ပြည်နယ်သံဃနာယကအဖွဲ့များ၏ ကြီးကြပ်မှု၊ မြို့နယ်၊ ရပ်/ကျေးသံဃနာယကအဖွဲ့များ၏ အနီးကပ် ထိန်းကျောင်းဆောင်ရွက်မှု တို့ဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက်ပါလျှင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးသည် ပြည်တွင်းသာမက ပြည်ပသို့တိုင် ထွန်းကားပြန့်ပွားမည်မှာ မလွဲဧကန်ဖြစ်ပါ ကြောင်း လျှောက်ထားသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(တတိယ အဖွဲ့ခွဲ)၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင် ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာစာရာဘိဝံသက လည်းကောင်း၊ ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းနှင့် သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယ ဆိုင်ရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို အဖွဲ့ဝင် ဆရာတော်ကြီးများက လည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားပြီး တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြကာ အစည်းအဝေးကို မွန်းလွဲ ပိုင်းတွင် ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများအား နေ့ဆွမ်းအလှူရှင်များအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)နှင့် ဒေါ်ကြိုင်ကြိုင်မိသားစု၊ ဒုတိယဗိုလ်ချုပ် မှူးကြီးမောင်အေး(ငြိမ်း)နှင့် ဒေါ်မြမြစန်း မိသားစု၊ မဟာသရေစည်သူ (ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး)နှင့် ဒေါ်ခင်သန်းနွဲ့ မိသားစု၊ အဂ္ဂမဟာသရေ စည်သူ ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ဒေါ်ခင် ခင်ဝင်းမိသားစု၊ မဟာသရေစည်သူ (ဗိုလ်ချုပ်ကြီးစိုးဝင်း)နှင့် ဒေါ်သန်းသန်းနွဲ့ မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း)နှင့် (ဒေါ်ကြည်ကြည်အုန်း) မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ်တင်ငွေ(ငြိမ်း)နှင့် ဒေါ်နန်းခင်လှဝင်းမိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း (ငြိမ်း)နှင့် ဒေါ်မာလာတင့်မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး(ငြိမ်း)နှင့် ဒေါ်ခင်နှင်းဝေမိသားစု၊ မဟာသရေစည်သူ (ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို-ငြိမ်း)နှင့် ဒေါ်ခင်လေးမြင့်မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်း(ငြိမ်း)နှင့်(ဒေါ်စမ်းစမ်းရီ)မိသားစု၊ မဟာသရေ စည်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်(ငြိမ်း)နှင့်ဒေါက်တာတင်လင်းမြင့် မိသားစု တို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အရုဏ်ဆွမ်းအလှူရှင်အဖြစ် လမ်းမတော်မြို့နယ် ၁၅ လမ်းနေ ကွယ်လွန် သူ ဦးဝင်းလှိုင်အားရည်စူး၍ ဒေါ်ဝင်းဝင်းအေးမိသားစုတို့က ဆက်ကပ်လှူဒါန်း ကြသည်။
သတင်းစဉ်

No comments:

Post a Comment