Tuesday, March 1, 2016

သုံးထပ်တိုက်အဆောက်အအုံသစ်၏ လသာဆောင်ပြိုကျ

The Mirror Daily's photo.
ကလေး ဖေဖော်ဝါရီ ၂၉
ကလေးမြို့ လမ်းဆုံအရှေ့ဘက် ဗိုလ်ချုပ်လမ်းမ ဘေးရှိ ပေါ်ဦးဖိနပ်ဆိုင်နှင့် နေခြည်ဦးအထည်၊ ဖိနပ်နှင့် အားကစားပစ္စည်း ရောင်းဝယ်ရေးဆိုင်ကြားရှိ ဆောက်လုပ်ဆဲ သုံးထပ်တိုက် ဧကရီဖိနပ်ဆိုင်၏ Steel Structure အဖီထုတ်လသာဆောင် ခန့်မှန်းအလျား ပေ ၂ဝ၊ အနံ ၁၂ ပေ၊ အမြင့် ၁၂ ပေ သံကူကွန်ကရစ်လောင်းသည့်နေရာကို ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်က ပြိုကျမှု ဖြစ်ပွားခဲ့သည်။
ယင်းသုံးထပ်တိုက်၏ အဖီလသာဆောင်ပြိုကျမှုတွင် အိမ်ပိုင်ရှင် ဦးဌေးအောင်နှင့် တူဖြစ်သူ ဦးစည်သူတို့သည် အဖီလသာဆောင်ပြိုကျသည့်နေရာတွင် ပိကျပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးပြုလုပ်ကာ ကလေးမြို့ ပြည်သူ့ဆေးရုံသို့ အချိန်မီပို့ခဲ့ကြသော်လည်း ပြည်သူ့ ဆေးရုံကြီးတွင် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လသာဆောင်ပြိုကျရာနေရာတွင် စက်မှု လယ်ယာဦးစီးဌာန၏ မြေကော်စက်နှစ်စီး၊ မီးသတ်ယာဉ် နှစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုကော်မတီဝင်များ၏ စီမံ ကွပ်ကဲမှုဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ကလေးမြို့လမ်းဆုံတွင် ပြည်သူများ သွားလာရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးအတွက်လည်း မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှလမ်းဦးစီးဌာနတို့၏ မြေသယ်မော်တော်ယာဉ်များကို အသုံးပြုလျက် အဖီလသာဆောင်ပြိုကျမှု ရှင်းလင်း ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

ဒို့ကျေးရွာဂျာနယ် ဝတ္ထုတိုပြိုင်ပွဲနှင့် ဒို့ကျေးရွာအလှ ရှုမဝ ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်

The Mirror Daily's photo.
ရန်ကုန် ဖေဖော်ဝါရီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကကြီးမှူးကျင်းပသည့် ''ဒို့ကျေး ရွာဂျာနယ် ဝတ္ထုတိုပြိုင်ပွဲ''နှင့် ''ဒို့ကျေး ရွာအလှရှုမဝ'' ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ စင်ထရယ်ဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်သိမ်း တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်သိမ်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်၊ ဆုရွေး ချယ်ရေး အကဲဖြတ်အဖွဲ့ဝင်များဖြစ်ကြသော မြန်မာနိုင်ငံစာရေးဆရာ အသင်းမှ မြင်းမူမောင်နိုင်မိုးနှင့် ဒေါ်ချိုချိုတင်(မစန္ဒာ)၊ ဓာတ်ပုံအကဲ ဖြတ်အဖွဲ့ဝင်များဖြစ်ကြသော ဓာတ်ပုံ ပညာရှင် ပန်းချီစိုးမိုးနှင့် ဓာတ်ပုံ ပညာရှင် ဦးမြင့်သိန်းဖေတို့က ဆုရရှိ ကြသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ဆုရရှိကြသူများ ကိုယ်စား ဒေါ်ခင်အေးမူ (ခင်လပြည့်ဝန်း)က ကျေးဇူးတင်စကားပြောကြားသည်။
''ဒို့ကျေးရွာဂျာနယ် ဝတ္ထုတိုပြိုင်ပွဲ''တွင် ပထမဆုကို ဦးစံရွှေမင်း (ကျော် ဖြိုးလွင်)၊ ဒုတိယဆုကို ဒေါ်ခင်အေးမူ (ခင်လပြည့်ဝန်း)၊ တတိယဆုကို ဦးစိန်ဝင်း(အိမ်မဲဦးစိန်ဝင်း)၊ အထူးဆု (၁)ကို ဒေါ်ခင်မာကြည်(မလေးခင်-ဟင်္သာရွှေမြေ)၊ အထူးဆု(၂)ကို နော်လယ်မူဖော(ရို့စ်)၊ အထူးဆု(၃)ကို ဒေါ်ဝင်းကြည်(မကျေးဥ)၊ အထူး ဆု(၄)ကို ဒေါ်မြင့်မြင့်သန်း(မေကျော်- ပြန်/ဆက်)နှင့် အထူးဆု(၅)ကို ဒေါ်ဟေမာကြည်စိုး(ချစ်ဆုပန်)တို့က ရရှိကြသည်။
''ဒို့ကျေးရွာအလှ ရှုမဝ''ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ(ဌာနတွင်း)တွင် ပထမဆုကို ဦးဝေဖြိုးအောင်(ချမ်းမြသာ စည်မြို့နယ်ရုံး)၊ ဒုတိယဆုကို ဦးဇော် ဝင်းအောင် (ရမည်းသင်းခရိုင်ရုံး)၊ တတိယဆုကို ဦးရဲသူရအောင်(ညောင် ဦးခရိုင်ရုံး)၊ အထူးဆု(၁)ကို ဦးနန်ရှင်း ခိုင်(ရုံးချုပ်)၊ အထူးဆု(၂)ကို ဦးကျော် သန်း(ပေါက်တောမြို့နယ်ရုံး)၊ အထူး ဆု(၃)ကို ဦးနန်ရှင်းခိုင်(ရုံးချုပ်)၊ အထူး ဆု(၄)ကို ဦးသန်းနိုင်ဦး (ငဖဲမြို့နယ်ရုံး) နှင့် အထူးဆု(၅)ကို ဦးရန်နိုင်ထွန်း (ကျွန်းစုမြို့နယ်ရုံး)တို့က ရရှိကြသည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓါတ်ပုံ - ဇော်မင်းလတ

နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

The Mirror Daily's photo.
နေပြည်တော် ဖေဖော်ဝါရီ ၂၉
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာလျူဘိုမီယာ ဇာအိုရာလက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
(သတင်းစဉ်)

ရုရှား၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွား မြေအောက်၌ ပိတ်မိနေသောလုပ်သားများ သေဆုံး

The Mirror Daily's photo.
မော်စကို ဖေဖော်ဝါရီ ၂၉
ရုရှားနိုင်ငံမြောက်ပိုင်း ကိုမီဒေသ၌ ဖေဖော်ဝါရီ ၂၅ ရက်က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မြေအောက်၌ပိတ်မိနေသော ကျောက်မီးသွေးတွင်းလုပ်သား ၂၆ ဦးကို ကယ်တင်နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ သို့ရာတွင် ၄င်းတို့အသက်ရှင်နိုင်မည်ဟု မျှော်လင့် နိုင်ခြင်းမရှိကြောင်း အရေးပေါ်အခြေအနေများဆိုင်ရာဝန်ကြီးဌာန၏ပြောကြားချက်ကို ကိုးကားလျက် ဒေသဆိုင်ရာသတင်းဌာနများက ဖေဖော်ဝါရီ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ဆီဗာနာယာ ကျောက်မီးသွေးတွင်း၏မြေအောက်ထပ်၌ ပိတ်မိနေသူများသည် အသက်ရှင် လွတ်မြောက်ရန် အခွင့်အလမ်းမရှိနိုင်ဟု ခန့်မှန်းရကြောင်း အဆိုပါကျောက်မီးသွေးတွင်းကို လုပ်ကိုင်နေသော ဗော်ကူတော်ဂို သတ္တုတွင်းလုပ်ငန်းကော်ပိုရေးရှင်း၏ နည်းပညာဆိုင်ရာ ညွှန်ကြားရေးမှူး ဒန်းနစ်ဝိုင်ကင်က သတင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ဆီဗာနာယာ ကျောက်မီးသွေးတွင်း၌ မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားများ ပိတ်မိနေခဲ့သည်။ အဆိုပါကျောက်မီးသွေးတွင်းသည် မြို့တော်မော်စကို အရှေ့မြောက်ဘက် ကီလိုမီတာ ၁၉ဝဝ ခန့်အကွာ အာတိတ်ဒေသမြို့ကြီးတစ်မြို့ဖြစ်သော ဗော်ကူတာမြို့၌ တည်ရှိသည်။
မြေအောက်၌ အလုပ်လုပ်ကိုင်နေသော လုပ်သား ၁၁၁ ဦးအနက် ပထမအကြိမ် ပေါက်ကွဲမှုကြောင့် လေးဦးသေဆုံးခဲ့သည်။ တတိယအကြိမ်ပေါက်ကွဲမှုကြောင့် ကယ်ဆယ်ရေး လုပ်သားငါးဦးနှင့် မိုင်းလုပ်သားတစ်ဦးတို့ သေဆုံးခဲ့ရသည်။
ဆင်ဟွာ။

အိန္ဒိယတွင် တောဆင်ရိုင်းများသောင်းကျန်း

The Mirror Daily's photo.
နယူးဒေလီ ဖေဖော်ဝါရီ ၂၉
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ရိုးရာပွဲတော်တစ်ခုကျင်းပနေစဉ် တောင်ဆင်ရိုင်းတစ်ကောင် ဒေါသတကြီးဝင်ရောက်သောင်းကျန်းသွားခဲ့ပြီး အနီးအနားတွင် ရပ်နားထားသည့် ကားအစီး ၂ဝ ကျော်ကို တိုက်ခိုက်ဖျက်ဆီးသွားခဲ့သည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း ကီရာလာပြည်နယ်တွင် ဟိန္ဒူရိုးရာပွဲတော်တစ်ခုအတွင်း ဆင်ငါးကောင် ဝင်ရောက်လာခဲ့ပြီး ဆင်တစ်ကောင်သည် ရုတ်တရက်ဒေါသပေါက်ကွဲကာ ရပ်နားထားသည့် မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးဆိုင်ကယ်များကို နင်းခြေဖျက်ဆီး သွားခဲ့သည်။ သို့သော် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်အနာတရ မဖြစ်ခဲ့ပေ။
အိန္ဒိယနိုင်ငံတွင် ယခုလအစောပိုင်းတွင်လည်း အလားတူဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလား ပြည်နယ်တွင် တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်သောင်းကျန်းသွား ခဲ့ပြီး အဆောက်အအုံ ၁ဝဝ ကျော် ပျက်စီးသွားခဲ့သည်။ ယခုလ အစောပိုင်းတွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် တောဆင်ရိုင်းတစ်ကောင် သောင်းကျန်းမှုကြောင့် ကား ၁၅ စီး ပျက်စီး သွားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

ဘဂ္ဂဒက်အရှေ့ပိုင်း၌ ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွား

The Mirror Daily's photo.
ဘဂ္ဂဒက် ဖေဖော်ဝါရီ ၂၉
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်အရှေ့ပိုင်း၌ ဗုံးခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ၇၃ ဦးထက် မနည်းသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိ ကြောင်း၊ ယင်းတိုက်ခိုက်မှုများမှာ မိမိတို့၏ လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ကြေညာကြောင်း ဒေသဆိုင်ရာသတင်း ဌာနများက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၈ ရက်က ဘဂ္ဂဒက်အရှေ့ပိုင်း ဆာဒါးစီတီးရှိ ရှီးယိုက်တို့နေထိုင်ရာ ရပ်ကွက်၌ တည်ရှိသော ဈေးတစ်ဈေးတွင် အသေခံဗုံးခွဲသူ နှစ်ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့ အစောပိုင်းက မရီဒီအမည်ရှိ ဈေး၌ မော်တော်ဆိုင်ကယ်တစ်စီးကို အသုံးပြု၍ ဗုံးထောင်ကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ပထမဗုံးပေါက်ကွဲမှုအပြီး အသေခံဗုံးခွဲတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ဆင်ဟွာ။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက်(၁/၂ဝ၁၆)






ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ 
သတင်းထုတ်ပြန်ချက်(၁/၂ဝ၁၆)
၁၃၇၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် 
(၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်)


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့အတွက် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေး ဖော်ဆောင်နေချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ရှမ်းပြည်နယ်မြောက်ပိုင်း ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ထိန်းချုပ်ဒေသဖြစ်သည့် မုန်းဘော်၊ မုန်းကိုးနှင့် ဖောင်းဆိုင်နယ်မြေသုံးခုတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၆) ကို ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တရားဝင်တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

၂။ ယခုကဲ့သို့ တပ်မဟာ (၆) ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ခြင်းသည် နိုင်ငံတော်အစိုးရမှ ဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အသိအမှတ်မပြု၊ ဆန့်ကျင်ရာရောက်သည့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ သက်ရောက်စေမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၆) တိုးချဲ့ဖွဲ့စည်းခြင်းအား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ