ကလေး ဖေဖော်ဝါရီ ၂၉
ကလေးမြို့ လမ်းဆုံအရှေ့ဘက် ဗိုလ်ချုပ်လမ်းမ ဘေးရှိ ပေါ်ဦးဖိနပ်ဆိုင်နှင့် နေခြည်ဦးအထည်၊ ဖိနပ်နှင့် အားကစားပစ္စည်း ရောင်းဝယ်ရေးဆိုင်ကြားရှိ ဆောက်လုပ်ဆဲ သုံးထပ်တိုက် ဧကရီဖိနပ်ဆိုင်၏ Steel Structure အဖီထုတ်လသာဆောင် ခန့်မှန်းအလျား ပေ ၂ဝ၊ အနံ ၁၂ ပေ၊ အမြင့် ၁၂ ပေ သံကူကွန်ကရစ်လောင်းသည့်နေရာကို ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်က ပြိုကျမှု ဖြစ်ပွားခဲ့သည်။
ယင်းသုံးထပ်တိုက်၏ အဖီလသာဆောင်ပြိုကျမှုတွင် အိမ်ပိုင်ရှင် ဦးဌေးအောင်နှင့် တူဖြစ်သူ ဦးစည်သူတို့သည် အဖီလသာဆောင်ပြိုကျသည့်နေရာတွင် ပိကျပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးပြုလုပ်ကာ ကလေးမြို့ ပြည်သူ့ဆေးရုံသို့ အချိန်မီပို့ခဲ့ကြသော်လည်း ပြည်သူ့ ဆေးရုံကြီးတွင် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လသာဆောင်ပြိုကျရာနေရာတွင် စက်မှု လယ်ယာဦးစီးဌာန၏ မြေကော်စက်နှစ်စီး၊ မီးသတ်ယာဉ် နှစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုကော်မတီဝင်များ၏ စီမံ ကွပ်ကဲမှုဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ကလေးမြို့လမ်းဆုံတွင် ပြည်သူများ သွားလာရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးအတွက်လည်း မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှလမ်းဦးစီးဌာနတို့၏ မြေသယ်မော်တော်ယာဉ်များကို အသုံးပြုလျက် အဖီလသာဆောင်ပြိုကျမှု ရှင်းလင်း ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment