မော်စကို ဖေဖော်ဝါရီ ၂၉
ရုရှားနိုင်ငံမြောက်ပိုင်း ကိုမီဒေသ၌ ဖေဖော်ဝါရီ ၂၅ ရက်က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မြေအောက်၌ပိတ်မိနေသော ကျောက်မီးသွေးတွင်းလုပ်သား ၂၆ ဦးကို ကယ်တင်နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ သို့ရာတွင် ၄င်းတို့အသက်ရှင်နိုင်မည်ဟု မျှော်လင့် နိုင်ခြင်းမရှိကြောင်း အရေးပေါ်အခြေအနေများဆိုင်ရာဝန်ကြီးဌာန၏ပြောကြားချက်ကို ကိုးကားလျက် ဒေသဆိုင်ရာသတင်းဌာနများက ဖေဖော်ဝါရီ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ဆီဗာနာယာ ကျောက်မီးသွေးတွင်း၏မြေအောက်ထပ်၌ ပိတ်မိနေသူများသည် အသက်ရှင် လွတ်မြောက်ရန် အခွင့်အလမ်းမရှိနိုင်ဟု ခန့်မှန်းရကြောင်း အဆိုပါကျောက်မီးသွေးတွင်းကို လုပ်ကိုင်နေသော ဗော်ကူတော်ဂို သတ္တုတွင်းလုပ်ငန်းကော်ပိုရေးရှင်း၏ နည်းပညာဆိုင်ရာ ညွှန်ကြားရေးမှူး ဒန်းနစ်ဝိုင်ကင်က သတင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ဆီဗာနာယာ ကျောက်မီးသွေးတွင်း၌ မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားများ ပိတ်မိနေခဲ့သည်။ အဆိုပါကျောက်မီးသွေးတွင်းသည် မြို့တော်မော်စကို အရှေ့မြောက်ဘက် ကီလိုမီတာ ၁၉ဝဝ ခန့်အကွာ အာတိတ်ဒေသမြို့ကြီးတစ်မြို့ဖြစ်သော ဗော်ကူတာမြို့၌ တည်ရှိသည်။
မြေအောက်၌ အလုပ်လုပ်ကိုင်နေသော လုပ်သား ၁၁၁ ဦးအနက် ပထမအကြိမ် ပေါက်ကွဲမှုကြောင့် လေးဦးသေဆုံးခဲ့သည်။ တတိယအကြိမ်ပေါက်ကွဲမှုကြောင့် ကယ်ဆယ်ရေး လုပ်သားငါးဦးနှင့် မိုင်းလုပ်သားတစ်ဦးတို့ သေဆုံးခဲ့ရသည်။
ဆင်ဟွာ။
No comments:
Post a Comment