Sunday, June 9, 2019

ကိုရီးယားSMEs လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် များစွာစိတ်ဝင်စားလျက်ရှိ
Image may contain: 1 person, text
မောင်သစ္စာ (ရန်ကင်း)
ကမ္ဘာ့စီးပွားရေးမှာ အဆင့် ၁၁ နေရာမှာရှိပြီး အာရှ စီးပွားရေးမှာ အဆင့် ၄ နေရာဖြင့် ဦးဆောင်ထားတဲ့ ကိုရီးယားသမ္မတနိုင်ငံဟာ အရှေ့အာရှမှာတည်ရှိပြီး တရုတ်၊ ရုရှား၊ ဂျပန်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါ တယ်။ အဓိကပို့ကုန်များအနေနဲ့ ကိုရီးယားနိုင်ငံမှ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်း၊ သင်္ဘောနှင့် ရေယာဉ်ပစ္စည်း၊ ဆက်သွယ်ရေး၊ အီလက်ထရွန်နစ်၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို တရုတ်၊ အမေ ရိကန်၊ ဗီယက်နမ်၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့လျက်ရှိပါတယ်။ သွင်းကုန်အနေနဲ့ အထည်အလိပ်၊ ဓာတုပစ္စည်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် ရေနံထွက်ပစ္စည်းများကို တရုတ်၊ ဂျပန်၊ အမေရိကန်၊ ဂျာမနီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ တင်သွင်း လျက်ရှိပါတယ်။ လက်ရှိမှာလည်း ကိုရီးယားနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး အနေအထားရှိ တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ရဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ်မှစတင်၍ ထူထောင်ခဲ့ပြီး နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက် ခြင်း၊ အကူအညီနှင့် ချေးငွေအထောက်အပံ့များ ပေးအပ် ခြင်း၊ ပညာသင်ထောက်ပံ့ပေးခြင်းတို့တွင် မြန်မာနိုင်ငံနဲ့ တက်တက်ကြွကြွက ပူးတွဲဆောင်ရွက် လျက်ရှိပါတယ်။ကုန်သွယ်ရေးစာရင်းများအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ် အောက်တိုဘာလမှ ဇန်နဝါရီလအထိ ကိုရီးယား နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ၅၄ သန်းတင်ပို့ခဲ့ပြီး ၁၅၂ ဒသမ ၂၂ သန်း တင်သွင်းခဲ့ပါ တယ်။ ဒါကြောင့် ကုန်သွယ်မှုပမာဏအနေနဲ့ အမေရိ ကန်ဒေါ်လာ ၃၁၆ ဒသမ ၇၆ သန်းဖြစ်ပြီး ယခင်နှစ်ထက် ၃၅ ဒသမ ၉၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ချုပ်ပြီး အထည်၊ ဖိနပ်၊ ရော်ဘာစိမ်း၊ ပဲ၊ နှမ်း အများဆုံးတင်ပို့ခဲ့ ပြီး စက်နှင့်စက်ပစ္စည်း၊ သတ္တုနှင့် လျှပ်စစ်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးပစ္စည်းများကို တင်သွင်းလျက်ရှိပါ တယ်။ ရင်းနှီးမြှုပ်နှံမှု စာရင်းများအရ မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအဆင့်မှာ နံပါတ် ၆ နေရာတွင် ရှိပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ ကိုရီးယားနိုင်ငံမှ လုပ်ငန်း ၁၇၀ လာရောက်ရင်းနှီးမြှုပ်နှံ လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ မြှုပ်နှံထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကဆောင်ရွက် လျက်ရှိတာကို တွေ့ရမှာဖြစ်ပါ တယ်။
ကိုရီးယား SMEs လုပ်ငန်းများအနေဖြင့် ယခင်က တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့တွင် အများဆုံး သွားရောက်ဆောင်ရွက်ကြပြီး ယခုအခါ အဆိုပါနိုင်ငံများ၌ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန် အလားအလာနည်းပါး လာတဲ့အတွက် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံစတဲ့ အရှေ့တောင်အာရှနိုင်ငံများသို့ ဝင်ရောက်ရန်ကြိုးပမ်းလျက်ရှိပါတယ်။ ကိုရီးယားအစိုးရ အနေဖြင့်လည်း ၎င်းတို့၏ SMEs များ အင်ဒိုချိုင်းနား နိုင်ငံများသို့ ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် New Southern Policy မူဝါဒတစ်ရပ်ချမှတ်၍ ချဉ်းကပ်ကြိုးပမ်း နေချိန်ဖြစ်ရာ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်၊ ကိုရီးယား SMEs လုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ၍ နိုင်ငံသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အချိန်အခါကောင်း တစ်ရပ်လည်း ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။
ယခုလိုအချိန်အခါကောင်းမှာ ကိုရီးယားနိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖို့အကြောင်း ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ Industrial Bank h of Korea (IBK) နဲ့ ကိုရီးယားနိုင်ငံအစိုးရတို့က ဖိတ်ကြားချက်အရ ဆိုးလ်မြို့မှာ၂၀၁၉ ခုနှစ် မေလ၂၂ ရက်နေ့မှ၂၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Myanmar Investment Seminar for Korean SMEs နှင့် Korea Fintech Week 2019 ဖွင့်ပွဲအခမ်းအနားကို မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ခရီးစဉ်ကိုတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌက ဦးဆောင် သွားရောက်ခဲ့တာဖြစ်ပါတယ်။ ကိုရီးယားခရီးစဉ်သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနဲ့ အသင်းအဖွဲ့ ကိုယ်စားလှယ်များလည်း ပါဝင်တက် ရောက်ကြသည့် အတွက် အစိုးရသာမက ပုဂ္ဂလိကကဏ္ဍ၏ တက်ရောက်မှု ကိုလည်း အားရဖွယ် တွေ့ရှိရပါတယ်။
မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုဆိုင်ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ၂၈၀ ကျော် တက်ရောက်ခဲ့ကြပါ တယ်။ ဆွေးနွေးပွဲကျင်းပတဲ့ Korea Chamber of Commerce and Industry-KCCI ၏ ကွန်ဖရင့် ခန်းမ၌လည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ များကို သိရှိလို၍ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သူများ နှင့် ပြည့်ကျပ်နေသည်ကို တွေ့ခဲ့ရပါတယ်။ တက်ရောက်သူ များအားလုံးအတွက် အစစအရာရာ မလစ်ဟင်းစေဖို့ YIBK က တာဝန်ယူ၍ စနစ်တကျပြင်ဆင်ထားတာကို လည်း နမူနာယူဖွယ်တွေ့ခဲ့ရပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီ များဥပဒေ၏ ပွင့်လင်းမြင်သာတဲ့ ပြဋ္ဌာန်းချက်၊ လုပ်ထုံး လုပ်နည်းမူဝါဒများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးစီမံချက် (MIPP) နဲ့ မြန်မာ့ရေရှည်ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း (MSDP )ပါ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ကို ကြိုဆိုအားပေးလျက်ရှိကြောင်း အသိပေးပြောကြား ခဲ့ပါတယ်။
မြန်မာနိုင်ငံ၌ ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာ
လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကြောင့် အနောက်ဘက်မှရင်းနှီးမြှုပ်နှံမှုများကို အားပြု၍မရနိုင်သေးသည့်အနေအထားမှာ အရှေ့ဘက် နဲ့ အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဖိတ် ခေါ်သွားဖို့ လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၌ ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၆ ဖြစ်ပြီး မကြာမီမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရင်းနှီးမြှုပ်နှံ မည့် အစီအစဉ်များလည်း ရှိနေသည့်အတွက် မြန်မာ နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍမှာ ကိုရီးယား နိုင်ငံဟာ ပိုမိုအရေးပါလာမည့် နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံမှ Land and Housing Corporation ပါဝင်တဲ့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြင့် KMIC Development Co.,Ltd. မှ အဆင့်မြင့် စက်မှုဇုန် (Industrial Complex) စီမံကိန်းကို ဖော်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားတာကို ကြည့်မယ်ဆိုရင် လည်း မကြာမီကာလများအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ ၌ ကိုရီးယား SMEs လုပ်ငန်းအများအပြား ဝင်ရောက် လာတော့မှာကို ခန့်မှန်းနိုင်ပါတယ်။ မြန်မာကိုယ်စား လှယ်အဖွဲ့ရဲ့ ကိုရီးယားနိုင်ငံသို့ အချိန်အခါကောင်းမှာ သွားရောက်ခဲ့ရသည့် ခရီးစဉ်မှတစ်ဆင့် ကိုရီးယား အသေးစားနှင့် အလတ်စား ကုမ္ပဏီများ စိတ်ဝင်စားကြပြီး အနာဂတ်ကာလ၌ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဝင်ရောက်လာ စေရေးတို့အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ် စေမည်ဟု ယုံကြည်မိပါသည်။

No comments:

Post a Comment