Tuesday, June 11, 2019

အက်စ်-၄၀ဝ အမျိုးအစား ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူရန်စီစဉ်ထားခြင်း မရှိဟု အီရန်ငြင်းဆို
Image may contain: one or more people and outdoor
တီဟီရန် ဇွန် ၁၀
အီရန်နိုင်ငံက ရုရှားထံမှ အက်စ်-၄၀ဝ အမျိုးအစား ဒုံးကျည်ကာကွယ်ရေးစနစ်အား ဝယ်ယူရန် အစီအစဉ် ရှိသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၁၀ ရက်တွင် ငြင်းဆိုခဲ့သည်။
ရုရှားထံမှ အက်စ်-၄၀ဝ အမျိုးအစား ဒုံးကျည် ကာကွယ်ရေးစနစ်အားဝယ်ယူရန် အီရန်နိုင်ငံက မည်သည့်အဆိုပြုမှုမျှမပြုလုပ်ခဲ့ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာဘတ်စ် မူဆာဗီက ဇွန် ၁၀ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အီရန်နိုင်ငံပြည်တွင်းမှ ထုတ်လုပ်သည့် ဒုံးကျည် ကာကွယ်ရေးစနစ်သည် နိုင်ငံတော်အတွက် ယုံကြည် အားထားရခြင်းကြောင့် အီရန်နိုင်ငံအတွက် အက်စ်-၄၀ဝ အမျိုးအစား ဒုံးကျည်ကာကွယ်ရေးစနစ်များ မလိုအပ် ကြောင်း ၎င်းက ပြောကြားသည်။
အီရန်နိုင်ငံသည် ရုရှားထံမှ အက်စ်-၃၀ဝ အမျိုး အစား မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ကာကွယ်ရေးစနစ် အား ဝယ်ယူခဲ့ပြီးဖြစ်သည်။
အီရန်နိုင်ငံက အက်စ်-၃၀ဝ အမျိုးအစား ဒုံးကျည် ကာကွယ်ရေးစနစ်ထက် ပိုမိုခေတ်မီသည့် ဒုံးကျည် ကာကွယ်ရေးစနစ်ကို ပုံစံထုတ်လုပ် တည်ဆောက်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဘာဗာ-၃၇၃ ဟု အမည်ပေးထားသည့် အီရန်ပြည်တွင်းလုပ် ဒုံးကျည် ကာကွယ်ရေးစနစ်သည် ရုရှား၏ အက်စ်-၃၀ဝ အမျိုး အစား ဒုံးကျည်ကာကွယ်ရေးစနစ်ထက် နည်းပညာအရ ပိုမိုခေတ်မီဆန်းသစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြသည်။
အီရန်ပြည်တွင်း၌ ထုတ်လုပ်သည့် ခိုဒတ်-၁၅ အမည် ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုကို ဇွန် ၉ ရက်က ထုတ်ဖော်ပြသခဲ့သည်။ ယင်းဒုံးကျည်စနစ်သည် ဝင်ရောက်လာသည့် ပစ်မှတ်ခြောက်ခုကို ပစ်ခတ်နိုင်စွမ်း ရှိသည်။ ယင်းဒုံးကျည်ကာကွယ်ရေးစနစ်မှ ကျူးကျော်ရန်စ လာသည့် ရန်သူ့ဂျက်တိုက်လေယာဉ်နှင့် မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်များကို ကီလိုမီတာ ၁၅၀ အကွာတွင် ထောက်လှမ်းနိုင်ပြီး ကီလိုမီတာ ၁၂၀ အကွာတွင် ယင်းတို့၏ လမ်းကြောင်းကိုရေဒါဖြင့် ရှာဖွေနိုင် စွမ်း ရှိသည်။ ဆင်ဟွာ

No comments:

Post a Comment