Saturday, June 15, 2019

အာဖဂန်အရှေ့ပိုင်းရှိ ဂျာလာလာဘတ်မြို့တွင်အသေခံဗုံးခွဲတိုက်ခိုက်၊ လူ ၁၁ ဦးထက် မနည်းသေဆုံး
Image may contain: 4 people, people standing and outdoor
ကဘူး ဇွန် ၁၄
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ ဂျာလာလာဘတ်မြို့တွင် အသေခံဗုံးခွဲသမားတစ်ဦးက ဇွန် ၁၃ ရက်၌ ရဲတပ်ဖွဲ့ စစ်ဆေးရေးစခန်းတစ်ခုအား ပစ်မှတ်ထား၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းအသေခံ ဗုံးဖောက်ခွဲတိုက်ခိုက်မှုကို ၎င်းတို့ ပြုလုပ်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ လက်နက်ကိုင်အုပ်စုတစ်ခုဖြစ်သည့် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့(အိုင်အက်စ်)က ကြေညာခဲ့ပြီး အသေခံဗုံးဖောက်ခွဲရေးသမားသည် ရဲတပ်ဖွဲ့စစ်ဆေးရေး စခန်းသို့ လမ်းလျှောက်လာကာ ဖောက်ခွဲမှုပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦးပါဝင်ပြီး အခြားကလေး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ နန်ဂါဟာ ပြည်နယ် မြို့တော်ဂျာလာလာဘတ်မြို့၏ဝန်းကျင်ဒေသသည် တာလီဘန်အကြမ်းဖက်အဖွဲ့နှင့် အာဖဂန်နစ္စတန်ရှိ အိုင်အက်စ်တိုက်ခိုက်ရေးသမားတို့၏ ဇာတိနယ်မြေ ဖြစ်သည်။
လွန်ခဲ့သည့်လအတွင်းက ဂျာလာလာဘတ် မြို့လယ်တွင် ပေါက်ကွဲမှုသုံးခု ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး အခြားလူ ၂၀ ထိခိုက်ဒဏ်ရာရခဲ့သည်။
ယင်းပေါက်ကွဲမှုများ ဖြစ်ပွားချိန်မတိုင်မီအထိ ပါကစ္စတန်နယ်ခြားဒေသအနီး၌ တည်ရှိသော ဂျာလာ လာဘတ်မြို့အနီးတွင် အိုင်အက်စ်စစ်သွေးကြွများနှင့် အဓိကဖြစ်သော ကြီးမားသည့်တိုက်ခိုက်မှုများ ရှောင်လွှဲ နိုင်ခဲ့ပြီး အိုင်အက်စ်တိုက်ခိုက်ရေးသမားများသည် အနီး ဝန်းကျင်ရှိ ပြည်နယ်များ၌သာ ဖြန့်ကြက်တည်ရှိနေခဲ့သည်။
သို့သော်ငြားလည်း ယခုနှစ် မတ်လအတွင်း၌ ဂျာလာလာဘတ်မြို့ လေဆိပ်အနီးတွင်ရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို သေနတ်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အရပ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ ရသည်။ ယင်းပစ်ခတ်တိုက်ခိုက်မှုနှင့် အသေခံဗုံးဖောက် ခွဲမှုတို့ နောက်ကွယ်၌ မိမိတို့မရှိကြောင်း တာလီဘန် စစ်သွေးကြွအဖွဲ့က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း အာဖဂန် နစ္စတန်နိုင်ငံတစ်ဝန်းလုံးတွင် လူအသေအပျောက်ရှိသည့် တိုက်ခိုက်မှုများ အနှံ့အပြားဖြစ်ပွားခဲ့ရာ အရပ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒါဇင်များစွာ သေဆုံးခဲ့ ရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment