Saturday, June 15, 2019

ထိုင်းဘတ်ငွေ တန်ဖိုးမြင့်လာမှုကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ က္ဘာလှည့်ခရီးသွားများ ပိုမိုလည်ပတ်နိုင်
Image may contain: 1 person, smiling, mountain, sky, outdoor, nature and water
ဗန်ကောက် ဇွန် ၁၄
ထိုင်းဘတ်ငွေ တန်ဖိုးမြင့်နေပြီး ထိုင်းနိုင်ငံသို့ လာရောက် သည့် က္ဘာလှည့်ခရီးသွားများမှာ ကုန်ကျစရိတ် မြင့်တက် လာသောကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် လည်ပတ်နိုင်ကြောင်း ထိုင်း၊ မြန်မာ၊ က္ဘောဒီးယားနှင့် လာအိုနိုင်ငံများရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်များအရ သိရသည်။
ပိုမိုဆွဲဆောင်လာ
"ပြီးခဲ့တဲ့လေးလအတွင်း ထိုင်းဘတ်ငွေက ခိုင်မာ အားကောင်းခဲ့လို့ ထိုင်းနိုင်ငံကို လာရောက်တဲ့ က္ဘာလှည့် ခရီးသွားတွေ ကုန်ကျစရိတ်တွေ များလာပါတယ်။ နိုင်ငံတကာခရီးသွားတွေက ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်မှု ရှောင်ကြဉ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်လာပါလိမ့်မယ်"ဟု လာအိုနိုင်ငံ လွမ်ပရာဘန် နှင့် ထိုင်းနိုင်ငံ ဗန်ကောက်အခြေစိုက် အမှုဆောင်ဈေးကွက် အတိုင်ပင်ခံ ပါဒက်ဂျ်ဂျန်တာရာဆွန်က အွန်လိုင်းခရီးသွား ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် TTG Asia သို့ ပြောကြားခဲ့ သည်။ ပြီးခဲ့သော သုံးလ သို့မဟုတ် လေးလအတွင်း နှိုင်းယှဉ်ကြည့်ပါက ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ် သော ဥရောပတိုက်သားများအတွက် လေယာဉ်ခ၊ ဟိုတယ်နှင့် အစားအသောက်များအပါအဝင် စုစုပေါင်း ပျမ်းမျှကုန်ကျစရိတ်မှာ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ် ခြင်းထက် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အကုန်အကျ သက်သာသည်။ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိနှင့် လာအို နိုင်ငံ လွမ်ပရာဘန်သို့ သွားရောက်လည်ပတ်သည့် ကုန်ကျ စရိတ်မှာ အပြောင်းအလဲမရှိသော်လည်း ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် ကုန်ကျစရိတ်များမှာ မြင့်တက်လာသောကြောင့် ထိုဒေသနှစ်ခုမှာ ကမ္ဘာလှည့် ခရီးသွားများကို ပိုမိုဆွဲဆောင်လာခဲ့သည်။
သွားရောက်လည်ပတ်ဖွယ်ရှိ
ယခုနှစ်အတွင်း အကုန်အကျသက်သာမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံသို့ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက် လာခဲ့ကြောင်း Charming Cambodia Tours ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် အွမ်ဖာရင်က ပြောကြားသည်။ "ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံရေးအခြေအနေ တည်ငြိမ်တဲ့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်ကြပါတယ်"ဟု ၎င်းက ပြောသည်။
အရှေ့တောင်အာရှဒေသရှိ လူကြိုက်အများဆုံး နာမည်ကျော် ခရီးသွားနယ်မြေများသို့ သွားရောက် လည်ပတ်သည့် ကုန်ကျစရိတ်မှာ ဆက်လက်မြင့်တက် နေသောကြောင့် မြန်မာနိုင်ငံက ထိုအချက်ကို အားသာ ချက်ရယူကာ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဒေါ်ခိုင်ခင်သာက ပြောကြား သည်။ "ထိုင်းဘတ်ငွေ အားကောင်းနေမှုနဲ့ ခရီးသွား ကုန်ကျစရိတ် ပိုမိုမြင့်တက်လာမှုကြောင့် က္ဘာလှည့် ခရီးသွားအများအပြားက မြန်မာနိုင်ငံကိုသာမက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကိုပါ သွားရောက်လည်ပတ်ဖွယ် ရှိပါတယ်"ဟု သူက ဆိုသည်။
ကုန်ကျစရိတ်ပိုမိုကြီးမြင့်
ခရီးသွားကုန်ကျစရိတ် မြင့်တက်လာသော်လည်း ဥရောပခရီးသွားအများစုမှာ ထိုင်းနိုင်ငံနှင့် အရှေ့တောင် အာရှဒေသသို့ ဆက်လက်သွားရောက်နေမည်ဖြစ် ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန် သို့မဟုတ် ဥရောပတိုက်အတွင်း သွားရောက်လည်ပတ်သည့် ကုန်ကျ စရိတ်က ပိုမိုကြီးမြင့်သောကြောင့်ဖြစ်ကြောင်း ဗြိတိန်ရှိ Wayfairer Travel မှ ဈေးကွက်ကျွမ်းကျင်သူ အေမီ ပူလ်တန်က ပြောသည်။ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ် သည့် ပြည်ပခရီးသွားအရေအတွက် ကျဆင်းမှုက အိမ်နီးချင်းတိုင်းပြည်များရှိ ခရီးသွားလုပ်ငန်းများကို အကျိုးသက်ရောက်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာလှည့်ခရီးသည်အများစုမှာ ဒေသတွင်းသို့ လာရောက် ရာတွင် ထိုင်းနိုင်ငံမှ အစပြုကြောင်း ပါဒက်ဂျ်က ထောက်ပြ ခဲ့သည်။ ဘတ်ငွေအားမကောင်းမီက ထိုင်းခရီးသွား လုပ်ငန်းမှာ မီးခိုးမြူပြဿနာကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။
ထိုင်းနိုင်ငံသို့ ယခုနှစ် ပထမလေးလအတွင်း ပြည်ပ ခရီးသွား ၁၃ ဒသမ ၉ သန်း လာရောက်လည်ပတ်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကိုးကား- TTG Asia ၊ ဘာသာပြန်- ကျော်ထိုက်စိုး

No comments:

Post a Comment