Saturday, June 8, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇွန် ၇
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာကော်မတီဆောင် I- 20 ၌ ကျင်းပသည်။
နယ်မြေကွင်းဆင်းလေ့လာ
အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က ယခုအစည်းအဝေးသည် နေပြည်တော်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ တတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် သို့ ထပ်မံနယ်မြေကွင်းဆင်းလေ့လာသွားရန် ရှိပါကြောင်း။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ အနေဖြင့် ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် လက်နက်ကိုင်ပဋိပက္ခအခြေအနေများ ကို သုံးသပ်ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်သို့ ထပ်မံသွားရောက်မည့် ခရီးစဉ်နှင့် ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် အခြေအနေအရပ်ရပ် ကို ဆွေးနွေးတင်ပြကြစေလိုပါကြောင်း။
ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်
ယခုတစ်ကြိမ် ရခိုင်ပြည်နယ်သို့သွားရောက်သည့်အခါ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အတွေ့အကြုံရှိသူများ၊ ပါဝင်ပတ်သက်သူများနှင့် ဒေသခံများ၏ အကြံပြုသုံးသပ်ချက်များ၊ ဖြစ်စဉ်အကြောင်းအရာများကို ရယူသွားမည်ဖြစ်ပါကြောင်း၊ ယင်းအကြံပြုချက်၊ သုံးသပ်ချက်၊ ဖြစ်စဉ် အကြောင်းအရာများကို မှတ်တမ်းရယူ၍ အစီရင်ခံစာရေးသားရာတွင် အသုံးပြု သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရသို့ တင်သွင်းသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပြီးသတ်အစီရင်ခံစာ ရေးသားတင်ပြနိုင်ရေး အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များကိုလည်း ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေးတင်ပြ
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အတွင်းရေးမှူး ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း နှင့် ဦးဦးသန်းနိုင်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ဒေါက်တာညီလှငယ် တို့က ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ၊ တိုက်ခိုက်မှုများ၊ လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်နှင့် ထပ်မံကွင်းဆင်းလေ့လာဆောင်ရွက်သွားမည့်အခြေအနေ၊ နှစ်ဖက်အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေး၊ ဒေသခံများ၊ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ အကြံပြုချက်၊ သုံးသပ်ချက်များ ရယူဆောင်ရွက်သွားရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းသွားရေး အတွက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြ သည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment