Saturday, June 15, 2019

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကျင်းပသည့် မဏ္ဍိုင်(၄)ရပ် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ
Image may contain: 2 people, people sitting, wedding, table and indoor
ရန်ကုန် ဇွန် ၁၄
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကျင်းပသည့် မဏ္ဍိုင်(၄)ရပ် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ Pullman Hotel ၌ ကျင်းပ သည်။
တက်ရောက်
မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်)က အမှာစကား ပြောကြားရာတွင် လွတ်လပ်သည့် မီဒီယာဆိုသည်မှာ ဒီမိုကရေစီစနစ်တွင် အရေးကြီးသည့် စတုတ္ထမဏ္ဍိုင် ဖြစ်သည်ကို ယနေ့က္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံအားလုံးက လက်ခံထားကြပြီဖြစ် ကြောင်း။
စတုတ္ထမဏ္ဍိုင်ခေါ်သည့် မီဒီယာများအနေဖြင့် နိုင်ငံတော်တွင်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးဆိုသည့် အဓိကမဏ္ဍိုင်ကြီး သုံးရပ် တည့်မတ်အောင် တစ်ဖက်တစ်လမ်းမှ ထိန်းကျောင်းပေး ရသည့်တာဝန်ကို ပြည်သူတို့ကိုယ်စား ထမ်းဆောင်ပေးကြရကြောင်း။
သတင်းမီဒီယာအားလုံးသည် ပြည်သူများအတွက် သိသင့်သိအပ်သည့် သတင်းအချက်အလက်များအပြင် မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်တင် မြှောက်လိုက်ကြသည့် ၎င်းတို့၏ ကိုယ်စားလှယ် လွှတ်တော်အမတ်များနှင့် အစိုးရအဖွဲ့များက ၎င်းတို့ ပြည်သူများအတွက် အကျိုးပြုကောင်းကျိုးဆောင် တိုင်းကျိုးပြည်ပြု သတင်းအချက်အလက်များကိုပါ အသိပေးဖော်ပြကြရသည့် တာဝန်များကိုပါ အချိန်နှင့်အမျှ ဖော်ဆောင်ပေးကြရကြောင်း။
မကြာခဏ ထိရှပွတ်တိုက်မှုများဖြစ်ပေါ်
ယခုကဲ့သို့ ပြည်သူများသိလိုကြသည့် သိသင့်သိအပ်သည့် သတင်းအချက် အလက်များကို သတင်းမီဒီယာသမားများ တင်ပြကြသည့်နေရာတွင် နိုင်ငံတော် ၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ်နှင့် မကြာခဏ ထိရှပွတ်တိုက်မှုများ ဖြစ်ပေါ်ကြ ရကြောင်း။
ယနေ့ခေတ် နိုင်ငံတော်၏တာဝန်ကိုရယူပြီး အကျိုးပြုဖော်ဆောင်နေကြ သည့် အဓိကမဏ္ဍိုင်ကြီးသုံးရပ်နှင့် သတင်းမီဒီယာသမားများ ထိရှပွတ်တိုက် မှုများ လျော့ပါးကြရန်၊ အားနည်းမှေးမှိန် ပျောက်ကွယ်သွားရန် ယနေ့ကျင်းပ သည့် မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲက အကောင်းဆုံးအဖြေရှာ ဖော်ထုတ်ပေးနိုင် လိမ့်မည်ဟု ပြောကြားလိုပါကြောင်း။
သတင်းမီဒီယာသမား၊ သတင်းထောက်များသည် သတင်းများကိုရေးသား ဖော်ဆောင်သည့်နေရာတွင် စည်းနှင့်ကမ်းနှင့် တိတိကျကျ၊ မှန်မှန်ကန်ကန် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရေးသားဖော်ပြကြရန် တိကျစွာလိုက်နာကြရမည့် တာဝန်နှင့်ကျင့်ဝတ်များ၊ ဥပဒေစည်းမျဉ်း စည်းကမ်းများကို တိတိကျကျ ခိုင်ခိုင်မာမာ နိုင်ငံတော်ကသတ်မှတ်ပြဋ္ဌာန်းပေးထားပါကြောင်း၊ ထို့အပြင် ထိန်းကျောင်းကြပ်မတ်ပေးရန်အတွက်လည်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို နိုင်ငံတော်ကဥပဒေအရ ခန့်အပ်ဖွဲ့စည်းခဲ့ပါကြောင်း။
ဒီမိုကရေစီအနှစ်သာရပြည့်ဝ
သတင်းမီဒီယာသမားများ သတင်းအချက်အလက်တောင်းယူကြရာတွင် အဆင်မပြေရှိကြသည့်အတွက် သတင်းအမှားများ၊ မတိကျမခိုင်မာသည့်သတင်း များ၊ မပြည့်စုံသည့် သတင်းများဖော်ပြကြရာမှ ပြဿနာများ စတင်ဖြစ်ကြရ ကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေဖြင့် ကြားဝင်ဖျန်ဖြေစေ့စပ် ညှိနှိုင်းပေးခဲ့ရကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် အဓိကမဏ္ဍိုင်ကြီးသုံးရပ်နှင့် စတုတ္ထမဏ္ဍိုင်တို့သည် ယခုကဲ့သို့ အချင်းချင်း ဒီမိုကရေစီ အနှစ်သာရပြည့်ဝစွာ တွေ့ဆုံညှိနှိုင်းကြပြီး မဏ္ဍိုင်လေးရပ်အကြားရှိနေသည့် အခက်အခဲ စိန်ခေါ်မှု များကို အကျေအလည် ဖြေရှင်းဆောင်ရွက်ရန်အတွက် ယနေ့မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်ခု၏ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံ တစ်ခု၏ တိုးတက်မှု၊ နိုင်ငံတစ်ခု၏ အရှည်တည်တံ့ခိုင်မြဲပြီး အချုပ်အခြာ အာဏာအထိ အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ သို့ပါ၍ မဏ္ဍိုင်ကြီးသုံးရပ်ရှိနေရာမှ စတုတ္ထမဏ္ဍိုင်အဖြစ် သတင်းမီဒီယာကိုထည့်သွင်း ပြီး ဆောင်ရွက်လာကြသည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဆောင်ရွက်နေသည့်ကဏ္ဍများတွင် လူထုနှင့် ဆက်သွယ်နိုင်ရန် အတွက် သတင်းမီဒီယာလိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေးတို့က အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌ (၁) ဒေါက်တာမျိုးသန့်တင်က သတင်းမီဒီ ယာကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ သည်။
ဆွေးနွေး
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ¸၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာ သမားများ ဆွေးနွေးကြရာတွင် သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်၊ သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်တို့က သဘာပတိ အဖြစ် ဆောင်ရွက်ကြသည်။
ဆွေးနွေးပွဲတွင် သတင်းထောက်များ တွေ့ကြုံနေရသည့် သတင်းရယူခွင့် ဆိုင်ရာ အခက်အခဲများ၊ အခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ လွှတ်တော် တွင်းသတင်းရယူခွင့်ဆိုင်ရာများ၊ တရားရုံးများတွင် သတင်းရယူခွင့်ဆိုင်ရာများ၊ အစိုးရဌာနများတွင် Contact Person များထားရှိနိုင်ရေး၊ မီဒီယာတွေ့ဆုံမှုများ ပြုလုပ်ပေးနိုင်ရေး၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ပေးနိုင်ရေးစသည်တို့ကို တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ(၂) ဦးကျော်နိုင်(ထက်မြက်)က နိဂုံးချုပ်စကား ပြောကြားသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေး ပွဲများကို နေပြည်တော်တွင် သုံးကြိမ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုးခုတွင် ကိုးကြိမ်ကျင်းပခဲ့ပြီး ယခုကျင်းပသည့် ဆွေးနွေးပွဲသည် (၁၃)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment