Sunday, June 9, 2019


ကိုလံဘီယာနှင့်ထိစပ်နေသည့် နယ်စပ်ဂိတ်ပြန်ဖွင့်ရန် ဗင်နီဇွဲလားသမ္မတ အမိန့်ပေး
Image may contain: 1 person, standing and suit
ကာရာကတ်စ် ဇွန် ၈
နိုင်ငံတကာမှ ပေးပို့သည့် အကူအညီ များစုဆောင်းထားရာ ဗင်နီဇွဲလား နိုင်ငံအနောက်ပိုင်း တာချီရာပြည်နယ် ရှိ ကိုလံဘီယာနိုင်ငံနှင့် ထိစပ်နေ သည့် နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ရန် သမ္မတ နီကိုးလပ်မာဒူရိုက ဇွန် ၇ ရက်တွင် အမိန့်ပေးခဲ့သည်။
သမ္မတ မာဒူရိုနှင့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုထားသည့် အတိုက် အခံခေါင်းဆောင် ဂွာအီဒိုတို့အကြား အာဏာလွန်ဆွဲပွဲဖြစ်ပွားနေချိန် ဗင်နီ ဇွဲလားနိုင်ငံမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရ သည်။ သံသယဖြစ်ဖွယ်ရာ မှောင်ခို သမားများ၏ တိုက်ခိုက်မှုကြောင့် ဗင်နီဇွဲလားစစ်သည်နှစ်ဦး ဒဏ်ရာ ရရှိပြီးနောက် ၂၀၁၅ ခုနှစ် သြဂုတ် လကတည်းက ပိတ်ထားခဲ့သည့် အရေးပါသော နယ်စပ်တံတားများ ပြန်လည်ဖွင့်လှစ်ခြင်း ရှိ၊ မရှိ ကိုမူ မာဒူရိုက ပြောကြားခဲ့ခြင်းမရှိပေ။
ဘရာဇီး၊ ကိုလံဘီယာနှင့် ထိစပ်နေ သည့် ကုန်းမြေနယ်နိမိတ်များအပြင် ရေကြောင်း၊ လေကြောင်းချိတ်ဆက် မှုများကို လုံးဝဥဿုံပိတ်ပစ်ရန် ပြီးခဲ့ သည့် ဖေဖော်ဝါရီလအတွင်း မာဒူရို က အမိန့်ပေးခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် ဂွာအီဒိုက တိုင်းပြည် အတွင်းသို့ အစားအသောက်နှင့် ဆေးဝါးများ တင်သွင်းလိုခဲ့သော် လည်း မာဒူရို ကျောထောက်နောက်ခံ ပြုထားသည့် စစ်ဘက်က နယ်စပ် တံတားများကို ပိတ်ပစ်ကာ ကုန်စည် များတင်သွင်းမှု ပိတ်ပင်ခဲ့သည်။ ဗင်နီဇွဲလားအစိုးရသည် မေလအတွင်း ဘရာဇီးနှင့်ထိစပ်နေသည့် ကုန်းမြေ နယ်နိမိတ်အပြင် ပင်လယ်ရေကြောင်း လမ်းအချို့ကို ပြန်လည်ဖွင့်လှစ်ခဲ့ သည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကွေးက ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂွာအီဒိုကို ထောက်ခံကြောင်း ကြေညာပြီးနောက် ကုန်းမြေ နယ်နိမိတ် ကီလိုမီတာ ၂၂၀ဝ (၁၃၈၀ မိုင်) ထိစပ်နေသည့် ဗင်နီဇွဲလားနှင့် ကိုလံဘီယာကြား ဆက်ဆံရေးမှာ ကျိုးပျက်သွားခဲ့သည်။
ကိုးကား--အေအက်ဖ်ပီ
ဘာသာပြန်-ကျော်ထိုက်စိုး

No comments:

Post a Comment