Monday, June 17, 2019

တန်းတူညီမျှရေး စွမ်းဆောင်ပေး

Image may contain: text

ယနေ့ကမ္ဘာပေါ်ရှိ လူသားများအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရေးကို အလေးထားဆောင်ရွက်နေကြပါသည်။     တန်းတူညီမျှအခွင့်အရေး ဆိုခြင်းသည် လူ့ဘောင်လောကတွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ ရှိနေသောကြောင့်ဖြစ်သည်။  အမှန်တကယ်တွင်  လူလူချင်းအတူတူပင် ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အနေအထား၊ အဆင့်အတန်းမတူမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံနေကြခြင်း ဖြစ်သည်။

ရှေးအတီတေကာလများကတည်းက  ဘ၀အခြေအနေမတူညီမှု များကို အကြောင်းပြု၍ လူတန်းစားခွဲခြားမှု၊ ဇာတ်စနစ်ခွဲခြားမှုများရှိရာ တစ်ဦးနှင့်တစ်ဦး အကျည်းတန်အရုပ်ဆိုးဖွယ် နှိမ့်ချဆက်ဆံမှုများရှိခဲ့သည်။ ထိုခွဲခြားဆက်ဆံမှုများမှာ လူ့ဘောင်အသိုက်အဝန်းများတွင် ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။   ဆင်းရဲ၊ ချမ်းသာခွဲခြားမှု၊  ကျား၊ မ တန်းမတူ ခွဲခြားမှု၊ မသန်စွမ်းသူ ခွဲခြားမှု စသည်ဖြင့် ခွဲခြားမှုမျိုးစုံရှိနေဆဲဖြစ်သည်။

ယင်းသို့ ခွဲခြားဆက်ဆံခြင်းခံရသူများတွင် ပညာသင်ကြားရေးနှင့်  အလုပ်လုပ်ကိုင်ရေးတို့တွင် ခွဲခြားဆက်ဆံခြင်းခံရသူများမှာ မသန်စွမ်း သူများ အများဆုံးဖြစ်နေသည်ဟု သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းပြီး  ဥပဒေ၊  နည်းဥပဒေပါ အခွင့်အရေးများကို ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိသည်။

မသန်စွမ်းသူဆိုသည်မှာ    ကိုယ်လက်အင်္ဂါ တစ်ခုခုချို့ယွင်းခြင်း (ပကတိအခြေအနေမှ ယုတ်လျော့ပျက်ယွင်းခြင်း)ဖြစ်သည်။ ဘ၀ကံ အကျိုးပေးကြောင့် ချို့ယွင်းသွားခြင်းဖြစ်သည်။ ထိုသို့ချို့ယွင်းခြင်းကြောင့် လူ့အသိုက်အဝန်းမှ  ပစ်ပယ်ခြင်းသည် စာနာထောက်ထားမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်းသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ  မသန်စွမ်းသူလည်း လူသာလျှင်ဖြစ်သည်။ မစွမ်းမသန်သူသည်ပင် ၎င်း၏ချို့ယွင်းမှုအတွက် ဘ၀ကိုအရှုံးမပေးဘဲ တတ်နိုင်သည့်ဘက်မှ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ကြသဖြင့် သန်စွမ်းသူထက်ပင် စွမ်းဆောင်နိုင်ကြရာ မသန်သော်လည်း စွမ်းနိုင်သူများဟု ဆိုကြပါသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၏ မဏ္ဍိုင်(၃) ပြည်သူများနှင့် ကမ္ဘာမြေမှ ပန်းတိုင်(၄) ၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် လူ့စွမ်းအား အရင်းအမြစ်များနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးတွင် မသန်စွမ်းသူများဘ၀ မြှင့်တင်ရေးကဏ္ဍများကို ထည့်သွင်းထားသည်။ မသန်စွမ်းသူများ ပညာ သင်ကြားရေး၊ မသန်စွမ်းသူများအား ပိုမိုထိရောက်သည့် နည်းပညာနှင့် အသက်မွေးပညာဆိုင်ရာများ   ဆုံးခန်းတိုင်သည်အထိ   အောင်မြင် တတ်မြောက်ရေးကို စီစဉ်ထားသည်။

သဟဇာတဖြစ်ပြီး စနစ်တကျရှိသော လူမှုအသိုက်အဝန်းလုံခြုံမှုနှင့် ဘ၀သက်တမ်းတစ်လျှောက် လူမှုဘ၀အကာအကွယ်ပေးရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး မဟာဗျူဟာအစီအစဉ်တွင် မသန်စွမ်း သူများအား ငွေကြေးထောက်ပံ့မှုပေးရေး၊ မသန်စွမ်းသူများနှင့်အလုပ် လက်မဲ့များအတွက် ထောက်ပံ့ကြေးများပေးသည့်စနစ်ကို စီစဉ်ထားသည်။ ထိုမဟာဗျူဟာစီမံကိန်းများနှင့်အညီ  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက  ကော်မတီအလိုက်  အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

မသန်စွမ်းသူများသည် လူမှုဘ၀မညီမျှမှုအခြေအနေများကြောင့် အခွင့်အလမ်းများ ရရှိနိုင်မှုအခြေအနေများ အားနည်းလျက်ရှိပြီး ဆင်းရဲ နွမ်းပါးမှုဒဏ်ကို ပိုမိုခံစားရနိုင်ခြေများသဖြင့် နိုင်ငံတော်က မသန်စွမ်းသူ ဥပဒေ၊   နည်းဥပဒေများနှင့်အညီ  ကူညီထောက်ပံ့ဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ မသန်စွမ်းသူများကလည်း မိမိတို့ ဘ၀ကို အရှုံးမပေးဘဲ   ကြိုးပမ်းအားထုတ်ကြသဖြင့်  မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာတစ်ခုအထိ ရရှိလာပြီဖြစ်သည်။

သို့ဖြစ်ရာ မသန်စွမ်းသူများအား ခွဲခြားဆက်ဆံမှုကင်းသော လူ့အဖွဲ့ အစည်းတစ်ရပ် ဖန်တီးဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများ၏ဘ၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နိုင် သော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း။     ။

No comments:

Post a Comment