ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့မှ
၇ ရက်နေ့အထိ ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သို့ အလုပ်သဘောခရီးသွားရောက်
ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် ချစ်ကြည် ရင်းနှီးသောဆက်ဆံရေး၊
ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ထိတွေ့ဆက်ဆံရေး စသည့်
ကဏ္ဍပေါင်းစုံမြှင့်တင် ဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့သည်။
ဥရောပတိုက်မှ ချက်သမ္မတနိုင်ငံနှင့်
ဟန်ဂေရီနိုင်ငံတို့သည် မြန်မာ နိုင်ငံနှင့် ရှေးအစဉ်အဆက် ရင်းနှီးဆက်ဆံမှုများရှိခဲ့ပြီးဖြစ်သည်။
မြန်မာ နိုင်ငံသည် နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံရာ၌ အနောက်နိုင်ငံများနှင့် ပတ်သက်၍ စိန်ခေါ်မှုများစွာရှိခဲ့သည်။
အထူးသဖြင့် ၂၀၁၂ ခုနှစ်က စတင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍
နိုင်ငံတကာ၏ အာရုံစိုက်ခြင်းခံခဲ့ရသည်။ ရခိုင်ပြည်နယ်အရေးတစ်ခုတည်းကို ဇောင်းပေး၍ ဖိအားအမျိုးမျိုးပေးခဲ့ကြသည်။ မြန်မာပြည်သူများ ရာစုနှစ်တစ်ဝက် ကျော်ကြာ မျှော်လင့်ချက်များ၊ လိုအပ်ချက်များကိုမူ
စိတ်ဝင်စားမှု နည်းပါး ခဲ့သည်။
ထို့ကြောင့် ပြည်သူ့အစိုးရအနေဖြင့်
ရခိုင်ပြည်နယ်အရေးကိစ္စကိုဦးစားပေးဆောင်ရွက်ပေးနေသလို ပြည်ထောင်စုတစ်ဝန်းလုံးရှိ ပြည်သူ
လူထု၏လိုအပ်ချက်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍
မည်သို့ပင်ရှိသည်ဖြစ်စေ ပြည်သူ့အစိုးရက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊
နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံနေရာချထားရေးတို့ကို တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိရာ
မြန်မာနိုင်ငံ၏ မှန်ကန်သောဆောင်ရွက်ချက် များကို
နိုင်ငံအများစုအနေဖြင့် နားလည်သဘောပေါက်လာကြပြီ
ဖြစ်သည်။
မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုပိုများခဲ့သော နိုင်ငံများအနက် ဥရောပနိုင်ငံများမှာ မြန်မာနိုင်ငံအပေါ်
နားလည်မှုရှိပြီဖြစ်၍ ပူးပေါင်း ဆောင်ရွက်မှုများ၊ ကူညီဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ
တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာသည်ကိုတွေ့ရသည်။ ယခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏
အလုပ်သဘောခရီးသွားရောက်ခဲ့သည့် ချက်သမ္မတ နိုင်ငံနှင့် ဟန်ဂေရီခရီးစဉ်တွင် မူလရှိပြီးဖြစ်သော
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ
ပြန်လည်အသက်ဝင် ကာ ရှေ့ဆက်၍ လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။
ကမ္ဘာ့စီးပွားရေးတွင် အဓိကကျသည့်
ဥရောပနိုင်ငံများသည် မြန်မာ နိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးချဲ့လာသည်။ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၁၆-၂၀၁၇
ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံရှိရာမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ
၂ ဒသမ ၀၇ ဘီလီယံဖြစ်လာပြီး မြန်မာနိုင်ငံတွင် ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ
၆ ဒသမ ၈၇ ဘီလီယံရှိနေပြီဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏
ဥရောပခရီးစဉ်အတွင်း မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် ပြည်သူ့အစိုးရ၏ ပြုပြင် ပြောင်းလဲဆောင်ရွက်နေမှုအခြေအနေများကို
အသိပေးရှင်းလင်းပြော ကြားခဲ့ပြီး ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့၌ မြန်မာနိုင်ငံသံရုံးကို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဖွင့်လှစ်ပေးနိုင်မှုတို့သည် နှစ်နိုင်ငံ
ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆက်ဆံရေးကို ပိုမိုတိုးတက်မြှင့်တင်ခိုင်မာစေမည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့သည့် အဆိုပါခရီးစဉ်များသည် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူများ
ထိတွေ့ဆက်ဆံရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်ရာ
မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများ
ပိုမိုတိုးတက်ရရှိ၍ အောင်မြင်မှုများသို့
ပိုမိုတက်လှမ်းနိုင်မည့် ခရီးစဉ်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment