Monday, June 10, 2019

စေတနာသည် ကံဖြစ်သည်



ဒေါက်တာနီလာသိန်း
(လင်းရောင်သစ်)

စေတနာဆိုတာ  စိတ်နဲ့အတူယှဉ်တွဲပြီး  ဖြစ်ပေါ်လာတဲ့ စေတသိက်တစ်ခု ဖြစ်ပါတယ်။ သက်ရောက်မှုသဘော၊ ရည်ရွယ်တဲ့သဘော၊   စေ့ဆော်တိုက်တွန်းတဲ့သဘော လည်းဖြစ်ပါတယ်။ ဒါကြောင့်  စေတနာဟာ  ကိုယ်မှု၊ နှုတ်မှု၊   စိတ်မှုများကို      ဖြစ်အောင်လှုံ့ဆော်တတ်တဲ့ "အမှုသည်၊ လက်သည်" ပဲ ဖြစ်ပါတယ်။    စေတနာ စေ့ဆော်တိုက်တွန်းသည့်အလျောက် ပြုအပ်တဲ့ အလုပ် ဟူသမျှ ထိုက်သည့်အားလျော်စွာ အကျိုးပေးပါတယ်။
လောကမှာရှိတဲ့လူသားတိုင်း   ကံ၊ ကံ၏အကျိုး ဆိုတာကို လက်ခံကြပါတယ်။ မိမိပြုသော  ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင်     မိမိနောက်သို့လိုက်သော ကိုယ်ပိုင်ဥစ္စာပဲ ဖြစ်ပါတယ်။
တစ်ခါတလေ    ကျွန်မ  စဉ်းစားမိတယ်။ မျက်စိ ဆရာဝန်တစ်ယောက်ဖြစ်နေတော့ ကျွန်မတွေ့ကြုံရသမျှ  မျက်စိဝေဒနာရှင်တွေကိုကြည့်ပြီး အတွေးနယ်ချဲ့ ဖြစ်ခဲ့ တယ်။ ဥပမာ အတွင်းတိမ်လူနာတစ်ယောက်ကို ခွဲစိတ် တော့မယ်ဆိုပါစို့။ ဒီနေရာမှာလည်း လူနာရဲ့ကံ၊ ခွဲစိတ်သူ ဆရာဝန်ရဲ့ကံ ဒီနှစ်ခု ကိုက်ညီတိုက်ဆိုင်ကောင်းမွန်မှ ရလဒ်ကောင်းရမယ်လို့ ယုံကြည်ထားပါတယ်။
လူနာဘက်ကလည်း မိမိကိုခွဲစိတ်ပေးမည့် ဆရာဝန် အပေါ်ယုံကြည်အားကိုးရပါမယ်။    ဆရာဝန်ကလည်း လူနာအပေါ်မှာ     တကယ့်ကို     မြင်စေလိုသောစိတ်၊ ကောင်းစေလိုသောစိတ်နဲ့ နှလုံးသားထဲမှာ ပြင်းပြတဲ့ဆန္ဒ ရှိရမယ်။ ရိုးသားရမယ်။ ရိုးသားရမယ်ဆိုတာက လူနာရဲ့ ရောဂါနဲ့ပတ်သက်ပြီး    အပို၊ အလျော့မရှိစေဘဲ  အမှန် အတိုင်း ပွင့်လင်းမြင်သာစွာ ပြောဆိုရမယ်။ ရောဂါနဲ့ ပတ်သက်ပြီး    လူနာနားလည်အောင်      စိတ်ရှည်စွာနဲ့ အသေအချာ    ရှင်းလင်းပြောပြပေးရမယ်။ ကိုယ်တကယ် ကုသပေးနိုင်မှ    တာဝန်ယူရမယ်။   မျက်စိဆိုတာက လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ စက္ခုအာရုံကို ပေးစွမ်း နိုင်တဲ့ မရှိမဖြစ်အပိုင်းဆိုတော့  နည်းနည်းလေးမှ အလွဲ အမှားမခံပါဘူး။
ဒါကြောင့် မျက်စိဝေဒနာရှင်ပေါင်းများစွာ ခွဲစိတ်  ကုသပေးတဲ့၊ အတွေ့အကြုံတွေများလှတဲ့   ကျွန်မတို့ရဲ့ ဆရာကြီး ဆရာမကြီးတွေကတောင် "လူနာတစ်ယောက် ခွဲစိတ်ရင်  သင်ခန်းစာတစ်ခုရတယ်" လို့ နှုတ်က တဖွဖွ    ပြောနေကြတာဖြစ်ပါတယ်။
သမားရိုးကျ အတွင်းတိမ်လူနာကို ခွဲစိတ်ထားပေ မယ့် အခန့်မသင့်ရင် အခက်အခဲတွေနဲ့ ကြုံရတတ်သလို အင်မတန်ခက်ခဲမယ်ထင်တဲ့ လူနာမျိုးက လွယ်ကူနေ တတ်တာလည်း ရှိပါတယ်။ လူနာက ရေဖိအားလည်း မတက်၊ ဆီးချို၊ သွေးတိုးလည်းမရှိ၊ အခြားဘာရောဂါ ပြဿနာမှ ထွေထွေထူးထူး မရှိ၊ သာမန်အတွင်းတိမ်မျှသာ ဖြစ်ပေမယ့် အဆင်မပြေချင်ဘူးဆိုရင် ခွဲနေရင်းနဲ့ ရေတိမ် တွေ တက်လာနေတာ၊   ထုံဆေး မတိုးတာ၊   လူနာက အကြားအာရုံချို့တဲသူဖြစ်ရင် ပြောသလိုမနေတာ၊ တချို့ လူနာကျပြန်တော့ အားလုံးအဆင်ပြေနေခဲ့ပြီးမှ ခွဲနေစဉ် မှာ   ရုတ်တရက်  ချောင်းဆိုးလိုက်၊  နှာချေလိုက်တာ၊ မျက်လုံးကို အတင်းညှစ်ချလိုက်တာ၊ ခေါင်းယမ်းလိုက် တာနဲ့  မလိုလားအပ်တဲ့  နောက်ဆက်တွဲပြဿနာတွေ ဝင်လာရတော့တာပါပဲ။
တစ်ခါတစ်ရံကျတော့လည်း   သူငယ်ပြန်နေမှန်း ကြိုမသိထားတဲ့ အသက်ကြီးတဲ့ အမေကြီး၊ အဘကြီးတွေ ဆိုရင် ၁၀ မိနစ်လောက်နဲ့ ပြီးစီးမယ့်အရေးကို မိနစ် ၄၀ လောက်ကြာအောင် အော်ရင်းဟစ်ရင်း၊ ရုန်းရင်းကန်ရင်း၊ ကိုယ်ကခွဲလိုက်၊ သူကညှစ်လိုက်၊ မေးစေ့ကိုကိုင် ခေါင်းကို ချုပ်ထားပြီး ခွဲစိတ်ရတာဆိုတော့ ဆရာဝန်၊ ဆရာမ ဝန်ထမ်းတွေရဲ့အသံက   ခွဲစိတ်ခန်းထဲမှာ ကျွက်ကျွက်ညံ လို့ပေါ့။
"အမေကြီး အောက်ကြည့်" လို့ ပြောမိပါတယ်။ "အောက်ကိုမမြင်ရဘူး" လို့ ပြန်အော်တာမျိုး၊ မျက်လုံး က အောက်ကိုမကြည့်တော့ "မဟုတ်ဘူးလေ၊ အမေကြီး ခြေထောက်ဘက်ကိုကြည့်"လည်းဆိုရော     ဝုန်းခနဲ ကုန်းထပြီး    သူ့ခြေထောက်ကိုကြည့်ဖို့ကြိုးစားတော့ အပေါ်ကမိုက်ခရိုစကုပ်နဲ့ လူနာရဲ့မျက်နှာတိုက်မိတော့ မလိုဖြစ်ရ၊ ဪ ဒုက္ခ ဒုက္ခ ငါကိုယ်က   လျှာရှည်မိသကိုး။ သူကတော့ ပြောရှာသား။
"အမေကြီးက အသက်ကြီးပါပြီ သမီးဆရာမရယ်။ မျက်မှန်လေး၊ မျက်စဉ်းလေးနဲ့ပဲ နေပါရစေ"   ဆိုတော့ အားပေးခဲ့တာက ဘယ်သူလဲ။
"အမေကြီး အတွင်းတိမ်က ရင့်မှည့်ဖြူဖွေးနေပြီ။ အခုအလင်းရောင်လေး မြင်ရတုန်းခွဲမှ အမြင်အားပြန်ရမှာ။ နောက်ကျသွားရင်   ရေတိမ်ဝင်လာပြီး   ခွဲလည်းပြန်မြင် အောင် လုပ်မပေးနိုင်တော့ဘူး"
" အမေကြီးရေ အသက်ကြီးလည်း အိပ်ရာထဲ ထိုင် နေဦးတော့ မျက်စိလေးမြင်မှဖြစ်မှာ။ မဟုတ်ရင် သားသမီး မြေးမြစ်တွေ အားကိုးနေရတာဆိုတော့ သူတို့တွေကလည်း သူတို့အလုပ်တွေနဲ့   သူတို့၊  ကိုယ့်မျက်စိလေးမြင်တော့ အမေကြီးအတွက်   ပိုပြီးအဆင်ပြေမယ်။   ကိုယ်စားမယ့် ထမင်းကို မြင်မယ်။   အပေါ့၊  အလေး သွားတော့လည်း သူများ အားမကိုးရတော့ဘူးပေါ့" လို့ အမြှုပ်ထွက်မတတ် ပြောခဲ့တာလည်း ကျွန်မပါပဲ။
တစ်ခါတလေ  လူနာက  ဗမာစကားနားမလည်၊ ခွဲစိတ်ခုတင်ပေါ်ကနေ ရုန်းကန်ထနေလို့ ဝိုင်းချုပ်ထားပြီး ခွဲရပြန်တော့ ဪ ဘယ်ဘ၀က ဝဋ်တွေပါလိမ့်။ သူတို့ အကြွေးတွေ ကိုယ်က ယူထားမိလို့ ပြန်ဆပ်နေရတာလား။ လောကီကြွေးတွေ များလားဆိုတဲ့ မဟုတ်မဟတ် အတွေး တွေက ဟိုရောက် သည်ရောက်ပေါ်လာပြန်ရော။
အဲဒီအချိန်  အပေါ်က ခွဲစိတ်နေတဲ့ဆရာဝန်ခမျာ မျက်နှာလေးငယ်ငယ်၊   အဲကွန်းအခန်းထဲမှာ   ဇောချွေး ပြန်ပြီး  ဘယ်လောက်များ ရင်တုန်မောပန်းစိတ်ဖိစီးခဲ့ရသလဲဆိုတာများ။ ဒီတော့လည်း လူနာတစ်ယောက်ခွဲတိုင်း အတွေ့အကြုံသစ်တစ်ခုရမြဲဆိုတဲ့စကားလုံးကို ကိုယ်တိုင် ခံစားနားလည်လာပါတော့တယ်။
ဒါကြောင့် မိမိက အတွေ့အကြုံ ဘယ်လောက်ပဲရှိရှိ၊ ဘယ်လိုပဲကြိုးစားပမ်းစား  စေတနာထား  ခွဲစိတ်ပေမယ့် လူနာရဲ့ အတိတ်ကံ အကျိုးပေး၊ ဆရာဝန်ရဲ့ ကံလည်း ပါပါ တယ်။ မတိုက်ဆိုင်ခဲ့ရင် ရလဒ်မကောင်းတတ်ဘူးရယ်လို့ အားအားရှိတိုင်း ကံကိုပဲ ပုံချတယ်ဆိုဆို ကျွန်မကတော့ ယုံကြည်နေမိတော့တာပါပဲ။ ဒီအဆိုကို လူတိုင်းလက်ခံ ချင်မှ လက်ခံကြမယ်။  ကျွန်မကတော့   မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့
"ကမ္မသတ္တေ ဝိသဇ္ဇတိ"    
" ကံသည်  သတ္တဝါတို့ကို  ခွဲခြမ်းသည်  ကွဲပြားစေ သည် " ဆိုတဲ့အဆုံးအမကို ခံယူထားမိတာပါပဲ။
မျက်စိဆေးရုံ အရေးပေါ်ဌာနမှာ တာဝန်ကျတော့ မျက်စိကို  ဗျိုင်းဆိတ်လို့၊  ကြက်ဆိတ်လို့ရောက်လာတဲ့ ကလေးလူနာ၊ မျက်လုံးအိမ်တည့်တည့်ကို လောက်စာလုံး မှန်ပြီး မျက်လုံးထဲမှာ မျက်စိမရှိတော့ဘဲ ပေါက်ထွက်ပြီး လောက်စာလုံးတစ်လုံးလုံးဝင်သွားတဲ့လူနာတွေနဲ့ ၊ အချင်းချင်း ရန်ဖြစ်ကြ၊ ရိုက်နှက်ကြရင်း မျက်လုံးအိမ်ကွဲထွက်သွားလို့ မျက်စိထုတ်ပစ်လိုက်ရတဲ့လူနာမျိုးတွေကို   တွေ့ ရတဲ့အခါ လူနာနဲ့  ထပ်တူခံစားမိပြီး  ဆုံးရှုံးသွားတဲ့  သူတို့ရဲ့မျက်စိ အတွက်  ယူကျုံးမရဖြစ်မိပါတယ်။   အဲဒီလိုအခါမျိုးမှာ ကျွန်မတို့ငယ်စဉ်က  ကျွန်မရဲ့ဖေဖေ  အမြဲပြောပြခဲ့တဲ့ ပုံဝတ္ထုလေးတွေကို ပြန်လည်ကြားယောင်မိတယ်။
မြတ်စွာဘုရား  ဇေတဝန်ကျောင်းမှာ  တရားဟော နေတုန်း  ထူးခြားတဲ့အဖြစ်အပျက်သုံးခု  တစ်ပြိုင်နက် ဖြစ်ခဲ့တဲ့အကြောင်းပါ။
သာဝတ္ထိပြည်ရဲ့    ရွာတစ်ရွာကို  မီးလောင်တော့ မီးကွင်းတစ်ခုဟာ အထက်ကိုလွင့်စဉ်တက်သွားခိုက်မှာ ပျံသန်းလာတဲ့ ကျီးတစ်ကောင်ရဲ့ လည်ပင်းကို စွပ်မိပြီး အဲဒီကျီးဟာ မီးလောင်ပြုတ်ကျသေခဲ့ရပါတယ်။
နောက် သာဓကတစ်ခုက ရဟန်းတော်ခုနစ်ပါးဟာ တောင်ခြေရင်းမှာရှိတဲ့ လိုဏ်ဂူအတွင်းရှိနေတုန်း တောင် ပြိုကျပြီး လိုဏ်ဂူပိတ်မိသွားလို့ ခုနစ်ရက်တိတိအစာရေစာ ငတ်မွတ်ခဲ့ရတယ်။ နောက်တစ်ခုကတော့  မဟာသမုဒ္ဒရာ အတွင်းမှာ သင်္ဘောတစ်စင်းဟာ ခရီးဆက်မသွားနိုင်ဘဲ ရပ်တန့်နေလို့ သင်္ဘောပေါ်မှာ သူယုတ်မာတစ်ဦးပါရှိနေလို့ ဖြစ်ရတာပဲလို့  ဆုံးဖြတ်ပြီး  မဲချပါတယ်။   သုံးကြိမ်တိတိ မဲချတဲ့အခါ သင်္ဘောသူကြီးရဲ့ဇနီးကပဲ မဲပေါက်တာကြောင့်   သူမရဲ့လည်ပင်းကို သဲအိုးဖွဲ့ချည်ပြီး  သမုဒ္ဒရာထဲကို ပစ်ချ စေခဲ့မှ သင်္ဘောဟာ တစ်ဟုန်ထိုးထွက်ခွာပါတော့တယ် ဆိုတဲ့ ဇာတ်ကြောင်းတွေပါ။
ဒီဇာတ်ကြောင်းတွေက အကြောင်းမဲ့ဖြစ်ပေါ်လာတာ မဟုတ်ကြပါဘူး။  ကျီးဟာ  အတိတ်ဘ၀ လယ်သမား ဖြစ်တုန်းက  ခိုင်းမရတဲ့  နွားဆိုးတစ်ကောင်ကို   လည်ပင်း ကောက်ရိုးပတ်ပြီး မီးရှို့သတ်ခဲ့လို့ပါ။
ရဟန်းတော် ခုနစ်ပါးကတော့ အတိတ်ဘ၀က နွား ကျောင်းသားသူငယ်ချင်း     ခုနစ်ယောက်ဖြစ်တုန်းက ဖွတ်တစ်ကောင်နေတဲ့   တောင်ပို့ကို   ခုနစ်ရက်တိတိ ပိတ်ထားခဲ့ကြလို့ပါ။
သင်္ဘောသူကြီးရဲ့ဇနီးကတော့    အတိတ်ဘ၀က သူဌေးကတော်ဖြစ်တုန်းက မိမိနောက် တကောက်ကောက် လိုက်နေတဲ့ ခွေးလေးကို လည်ပင်းသဲအိုးဆွဲပြီး ရေထဲပစ်ချ သတ်မိခဲ့တဲ့အတွက်ကြောင့်ပါပဲ။
ဒါတွေဟာ        အတိတ်ဘ၀တွေက      ပြုခဲ့တဲ့ အကုသိုလ်ကံအကျိုးပေးအလှည့်ကြုံလို့သာ လက်ရှိ ပစ္စက္ခ ဘ၀မှာခံစားရခြင်း  ဖြစ်ပါတယ်။  အတိတ်က  ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံက အရိပ်လိုလိုက်ပါနေခဲ့တာလို့ ဆိုရပါမယ်။
ဒါပေမယ့် မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ "ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက အရိပ်ပမာ နောက်က လိုက်တယ်ဆိုတာ နည်းနည်းမှားနေပါတယ်တဲ့။ ရုပ်အစု၊ နာမ်အစုတွေဟာ ဖြစ်ပြီးရင် ပျက်ကုန်တာမို့ ဘာတစ်ခုမျှ မကျန်တော့လို့    လိုက်စရာမရှိပါဘူး။   ဒါပေမယ့် အကျိုးပေးဖို့ရာ  သတ္တိလေးတော့ ကျန်ရစ်ပါတယ်တဲ့။ အဲဒီအရှိန်အဝါ သတ္တိလေးတွေက အကျိုးပေးတာလို့ မိန့်ဆိုထားပါတယ်"
သတ္တဝါတွေဆိုတာ ရှေးကံစီမံတဲ့အတိုင်း အမျိုး၊ စည်းစိမ်၊ ရုပ်ဆင်းအင်္ဂါ၊ ကျန်းမာခြင်း၊ ဂုဏ်သတင်း စတဲ့ အရာတွေဟာ စေတနာအလျောက် ပေါ်ပေါက်လာကြ ရတယ်။ ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ရပြီး ဖြစ်တာမို့ လူတစ်ယောက်မှာဆိုရင်   ကောင်းကံ၊  ဆိုးကံတွေက အမြောက်အမြား     ဒွန်တွဲရှိနေကြပါတယ်။    အဲဒီလို ကောင်းကံ၊     ဆိုးကံတွေ    ရောနှောနေခဲ့တာကြောင့် ကုသိုလ်၊ အကုသိုလ်တွေ ဒွန်တွဲရှိနေခဲ့လို့ ယခုလက်ရှိ လူ့ဘ၀ကို   ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ကောင်းကံတွေ ချည်းသာရှိနေခဲ့ရင် အထက်ဗြဟ္မာ့ပြည်ကို ရောက်နေမှာ ဖြစ်ပြီး  ဆိုးကံတွေချည်း ရှိခဲ့ရင်လည်း ငရဲဘုံကိုသွားကြရ ပါတယ်။ အတိတ်ကံဟောင်းတွေမှာ   အကျိုးပေးမယ့်   ဘ၀တစ်ခုခုက ကောင်းကံ၊ ဆိုးကံတွေဟာ မုချဧကန် ရှိခဲ့တာပဲဖြစ်ပါတယ်။
အဲဒီကောင်းကံ၊ ဆိုးကံတွေက အခုလက်ရှိဘ၀မရမီ မိမိတို့မမှတ်မိခဲ့တဲ့ အချို့ဘ၀တွေမှာ အကျိုးပေးပြီးသွားတဲ့ ကံတွေရှိခဲ့သလို   အကျိုးမပေးရသေးတဲ့   ကံကြွင်း ကံဟောင်းများလည်း  ကျန်ရှိနေဦးမှာပဲ  ဖြစ်ပါတယ်။ အကျိုးပေးခွင့်သာတဲ့ကံတွေက   အကျိုးပေးမှာဖြစ်ပြီး အကျိုးပေးခွင့်မသာသေးတဲ့ကံတွေက       ဘ၀တစ်ခုမှာ အကျိုးပေးနိုင်ဖို့     ဆက်လက်ကြွင်းကျန်ရှိနေမှာပဲ ဖြစ်ပါတယ်။
အခုလက်ရှိဘ၀မှာ အတိတ်ကပြုခဲ့တဲ့ ကောင်းကံ တွေ အကျိုးပေးခွင့်  မြန်မြန်ရချင်ရင်  ပစ္စုပ္ပန်ဘ၀ရဲ့ ကောင်းသောကံ ကောင်းသောအလုပ်များနဲ့ ချူယူတတ် ဖို့ လိုပါတယ်။
ဒါကြောင့်လည်း ကျွန်မတွေးမိပါတယ်။ အတိတ် မပြောနဲ့။ လက်ရှိဘ၀မှာ ငယ်စဉ်က စာကလေးတွေ၊ ငှက်ကလေးတွေကို လောက်စာလုံးနဲ့ထုတာ၊ တိရ္ဆာန် လေးတွေရဲ့ ခြေလက်တွေချိုးပြီး နှိပ်စက်ညှဉ်းပန်းတာ တွေက အခုဘ၀မှာပဲ ချက်ချင်းပြန်လည်ပေးဆပ်ကြရ ပါတယ်။ တချို့ကံတွေက နောက်ဘ၀အထိတောင် မစောင့်ပါဘူး။ ဗျိုင်းဆိတ်ခံရတဲ့ ကလေးကိုပဲကြည့်ပါ။ ကလေးဖခင်က ဗျိုင်းကိုဖမ်းလာပြီး ခြင်းအုပ်ဆောင်းနဲ့ အုပ်ထားတယ်။ သားဖြစ်တဲ့ကလေးက ခြင်းကြားပေါက် ထဲကနေ ဗျိုင်းကို ချောင်းကြည့်တယ်။ ခြင်းကြားထဲမှာ လှောင်ခံထားရလို့ စိတ်ဆိုးနေတဲ့  ဗျိုင်းက  ကလေးရဲ့ မျက်လုံးလက်လက်ပြောင်ပြောင်လေးကို ထိုးဆိတ်ချ လိုက်တာပါပဲ။ ကလေးရဲ့ အတိတ်ကံအကုသိုလ်နဲ့အတူ ဖခင်ရဲ့ အကုသိုလ်က    ကလေးကို    ရိုက်ခတ်သွားတဲ့  သာဓကပါပဲ။
ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ နံနက်ခင်း ဩဝါဒတစ်ခုမှာ ကိုရင်ကလေးတွေကို ဆုံးမပါတယ်။ ကိုရင်ငယ်လေးတွေက ခွေးတွေကိုသိပ်ရိုက်တော့ "သိပ် မရိုက်ကြနဲ့ကွယ် ကြောက်ရုံ၊ လန့်ရုံ၊ မာန်ရုံ၊ ခြောက် လည်း ပြေးတာပါပဲ၊ ကံက ပြန်အကျိုးပေးရင် မင်းတို့ ပြန်ပြီး အရိုက်ခံနေရမယ်နော်၊ မင်းတို့လူ့ဘ၀ပြန်ရောက် သည်အထိ အဲဒီခွေးလေးတွေကို ရိုက်တဲ့ ကံအရှိန်မကုန် သေးဘူးဆိုရင်လေ    ထန်းပလက်ပြားကြီးနဲ့    နာနာဆော် တဲ့ တောဘုန်းကြီးထံ ရောက်သွားမယ်၊ ဝဋ်ကြွေးဆိုတာ လည်တတ်တယ်"လို့ ဆုံးမခဲ့ဖူးပါတယ်။
ဒါကြောင့် ကျွန်မကတော့  လူတိုင်း လူတိုင်း ကုသိုလ်ကံရဲ့ အကျိုးနဲ့ အကုသိုလ်ကံရဲ့ ဆိုးပြစ်တွေကို သိနားလည်ပြီး မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရား တွေနဲ့ ထုံမွမ်းနေတဲ့လောကကြီးမှာ  လူဖြစ်ရကျိုးနပ် ချင်မိတော့တာပါပဲ။     

No comments:

Post a Comment